ဆောင်းဝင်းလတ်
လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ့် ရှစ်နှစ်က ဌာနဆိုင်ရာ တစ်ခု လက်အောက်ခံ သင်္ဘောငယ် တစ်စီး၏ စက်ဆရာ အနေဖြင့် မျက်ဝါးထင်ထင် သူမြင်ခဲ့ ရသော ချင်းတွင်း မြစ်ရေပြင်နှင့် ယခု သည်နေ့ မြင်လိုက်ရသော ချင်းတွင်း မြစ်ရေပြင်က များစွာ ကွာဟ သွားပေပြီ။
ရှေးတုန်းကတော့ တကယ့် ကိုပင် ရင်ထဲမှာ အေးခနဲ ဖြစ်သွားစေသော ချင်းတွင်း။
“မြစ်ကွေ့က ဝေ့လည်လည် ရေကြည်တဲ့ ရှုခင်း ချင်းတွင်းရဲ့သည်ဒေသ လှပလေခြင်း” ဟုပင် သူ စိတ်ကူးစိတ်သန်း ဆန်းခဲ့မိသေးသည်။ ခုတော့ မြစ်ရေပြင်ကြီးက နောက်ကျိ ညစ်ထေးလို့ပါလား။ မုံရွာမှ တစ်ဆင့် သူစီးလာသော ခရီးသည်တင် အမြန်ရေယာဉ် ကလေးက တရွေ့ရွေ့ ဆန် တက်နေဆဲပင်။ ခရီးသွား ဖော်ချင်း တရင်းတနှီးဖြင့် သူ့မှာ စကားပြောဖော် ချစ်စဖွယ် ယဉ်ကျေးသိမ်မွေ့ သော မောင်နှမနှစ်ယောက်ရှိ နေ၍သာ ငြီးငွေ့ဖွယ်ရာ ကင်းပခဲ့သည်။ အစ်ကို ဖြစ်သူက ဆေးတက္ကသိုလ် ကျောင်းသားလေးဖြစ်ပြီး ညီမငယ်ဖြစ်သူက စီးပွားရေး တက္ကသိုလ် တက်နေဆဲဟု သိရသည်။ ရန်ကုန်မှ လာကြ သူများဖြစ်ပြီး သည်ခရီး လမ်းပန်းကို တစ်ခါမှ မကြုံ ဖူးသေးသူမျိုးဟုလည်း သိရသည်။ မိဘများ လုပ်ငန်း သွားရောက် လုပ်ကိုင်ရာ မော်လိုက်မြို့သို့ လိုက်လာကြခြင်းတဲ့။ ကလေးငယ် နှစ်ဦးအား သူက သူရောက်ခဲ့ဖူးသော မော်လိုက်မြို့အကြောင်းကို ပြောပြ နေမိသည်။
“သစ်တောကြီး ရှိတော့ အိမ်ကြီး အိမ်ကောင်းတွေ တော်တော်များတဲ့ မြို့ပေါ့။ တိုင်လုံးကြီးတွေနဲ့ ဆောက်ထားတဲ့ တချို့တိုက်ခံ အိမ်ကြီးတွေမှာဆိုရင် အင်္ဂလိပ် အစိုးရခေတ်က အရာရှိကြီးတွေ နေသွားကြတာ ဆိုတော့ အေးတဲ့ရာသီမှာ အနွေးဓာတ် ရအောင် မီးမွှေးတဲ့ မီးလင်းဖို အတွက် မီးခိုးခေါင်း တိုင်ကြီးတွေတောင် တွေ့ရတယ်။ ဒီမီးခိုး ခေါင်းတိုင်ကြီးတွေကို အင်္ဂလိပ်တွေက Chimney လို့ ခေါ်ကြတာပေါ့။ မြို့အကွက် အကွင်းကလည်း ကျယ်ဝန်းပြီး အတော် သန့်ရှင်း သပ်ရပ်တယ် လေ။ ရှေးခေတ်ဟောင်းက အစိုးရ ရုံးကြီးတွေကလည်း ရှိနေတုန်းပဲ” ဟု သူက ပြောပြနေမိသည်။ မြစ်ကို ဆန်တက်လာ လေလေ ကျောက်ဆောင် ကျောက်တောင် ကျောက်ကမ်းပါး ကြီးများ၊ တောင်တန်းကြီးများကို များများ မြင်တွေ့လာရလေ လေမို့ ကလေး နှစ်ယောက်က တအံ့တသြဖြင့် ဓာတ်ပုံရိုက်သူ ကရိုက်နှင့် ဟိုငေးသည်ငေး။
“ဦးလေး သိသလောက်တော့ မြစ်အစ မြစ်အဆုံး ဆိုရင် ခရီးက မိုင်ခြောက်ရာကျော်ရှည်တယ်။ မင်းတို့ ကြားဖူးမှာ ပေါ့။ ဟူးကောင်းေ တာင်တန်းကြီးဆိုတာ အဲဒီ့တောင်တန်းကြီးကစပြီး စီးဆင်းလာတဲ့ ဒီမြစ်ဟာ မြစ်ဖျားပိုင်းမှာတော့ တနိုင်ခလို့ ခေါ်ကြတယ်။ ဒီဘက် ရောက်လာတော့ ချင်းတွင်းပေါ့။ မြစ်လက်တက်တွေလည်း ရှိသေးတယ်။ ယူး၊ မြစ်သာနဲ့ ဥရုဆိုတာ မြစ်လက်တက် တွေပဲ။ ပခုက္ကူမြို့ အထက် နားရောက်မှ ဧရာဝတီနဲ့ သွားပေါင်းမိပြီး စီးဝင်သွားတယ်လေ။
ဧရာဝတီမှာတော့ ရေကြည်တဲ့ နေရာ ရှိရင်ရှိမယ်။ အခု ဒီမှာတော့ မင်းတို့ မြင်တဲ့အတိုင်းပဲ။ ရွှေကျင်တဲ့ လုပ်ငန်းရှင်တွေကြောင့် မြစ်ရေက မကြည်တော့ဘူးလေ။ ဦးလေး စက်ဆရာ အလုပ်လုပ်ရင်း သင်္ဘောနဲ့ ဒီနေရာတွေ လာခဲ့ဖူးတုန်းကတော့ ခုလောက် မြစ်ရေက မနောက်သေးဘူး။ ဟိုတုန်းက ရွှေကျင်တာက ရှေးရိုး ဆန်တာကိုး။ မြစ်ထဲ မှာ ရေစီးနဲ့ မျောလာတဲ့ မြေ အနည်အနှစ် သဲအနည်အနှစ် တွေကို သစ်သား ဇလားကြီးတွေနဲ့ ခံပြီး ငှက်ပျောပင်က ငှက်ပျောဖတ်တွေ ဂုန်နီအိတ်တွေနဲ့ စစ်ယူပြီး ရွှေမှုန်ရွှေစ လေးတွေကို ကျင်ယူကြတာ လေ။ အခု နောက်ပိုင်းကျ တော့ မင်းတို့တွေ့ပါလိမ့်မယ်။
လုပ်ငန်းရှင်တွေရဲ့ လုပ်ကွက်တွေက အရမ်း ကြီးမားလာတယ်။ သင်္ဘော ကြီးတွေ၊ ရေစုပ်ပန့်ကြီးတွေ၊ ဧရာမ ပိုက်လုံးကြီးတွေ၊ စက်ကိရိယာ ပစ္စည်းအကြီးစား တွေ၊ ဓာတုဗေဒ ပစ္စည်းတွေနဲ့ လုပ်ငန်းကြီးကျယ် လာတယ်။ မြေတွေ ပြိုတယ်။ အနည်အနှစ်တွေနဲ့ ရေပိုပြီး နောက်လာတယ်။ ရွှေကျင်တဲ့ လုပ်ကွက်များရင် များသလောက် ရွှေကို ကျင်ယူလို့ ရတာ များလာတယ်”
သူက ပြောပြနေမိ သည်။
“မော်လိုက်မြို့ကို မရောက်ခင် ဒီကြားထဲမှာ သမီးတို့ ဘယ်နေရာတွေကို ဖြတ်သွားရဦးမလဲ ဦးလေး”
သမီးငယ်လေးက မေး လာသဖြင့်-
“ဒီကြားထဲမှာတော့ ကနီရှိတယ်။ ချိုင်ရွာ၊ သရက် ပင်ရွာ၊ မင်းကင်းရှိမယ်။ ကလေးဝကလွန်ရင် မစိန်ရွာ ရှိလိမ့်မယ်”
ဟု စကားလက်စ မသတ်ရသေးခင်မှာပင် သင်္ဘောကလေးက ဇက်ကြိုး သတ်ခံလိုက်ရသော မြင်း တစ်ကောင်နှယ် တုံ့ခနဲ ငြိမ် သက်သွားသည်။
“ကဲ ကဲ ခရီးသည်တွေ ကျေးဇူးပြုပြီး ကလေးတွေက လွဲရင် အားလုံး ရေထဲ ခဏ ဆင်းပေးကြပါ။ ၀ိုင်း တွန်းချ ပေးကြ ပါဦးဗျာ။ အသက်ကြီးတဲ့ လူတွေနဲ့ ကိုယ်ဝန်ဆောင်တော့ မဆင်းနဲ့ပေါ့” တဲ့။ သင်္ဘော မာလိန်မှူးကြီး၏ အသံ။ သူ့စကား ပြောဖော် ကောင်လေးနှင့် ကောင်မလေးက ငေးကြောင်ကြောင် ဖြစ်သွားသည်။
“ဒီအရပ်မှာတော့ ဒီလို ပါပဲကွာ။ သင်္ဘော မောင်းနေရင်း သောင်တင်ရင် ခရီး သည်တွေ ရေထဲ ဆင်းတွန်း ကြတာ ထုံးစံပဲပေါ့”
ဟု ဆိုကာ သူကိုယ် တိုင်လည်း ရေထဲလျှောဆင်း လိုက်ရသည်။ အေးခနဲ စိမ့် ခနဲ ဖြစ်သွားသည်။ ရေက ခါးလောက်အထိ ရှိနေသည့် ခန္ဓာကိုယ်တစ်ဝက်ကို စိုရွှဲ ကာ အားလုံး ညာသံပေး၍ ဆင်းတွန်းကြရပြီ။ အင်ဂျင် စက်သံကလည်း ညံစီလို့။ မီးခိုးတွေက မှောင်ခနဲ မည်းခနဲ။ သင်္ဘောအင်ဂျင်စက် ကလည်း ရုန်းကန် ရသလို လူ အင်အားနှင့်လည်း တွန်းချနေ ရဆဲ။ ချင်းတွင်းရေကြောင်း ကျဉ်းသထက် ကျဉ်းလာပါ ပေါ့လား။ လူတွေက စိတ် ညစ်ဖို့ထက် သောင်ပေါ်က မြန်မြန် ကျဖို့သာ အာရုံစိုက်ပြီး မညည်းမညူ ၀ိုင်းကူ တွန်းချ နေကြသည်။
“ဟေး...”
ကလေးတွေလိုပါပဲ။ အပျော်ဓာတ်လေးတွေ ပေါင်းကူးကာ အော်သူကအော်။ ခဏအကြာမှာတော့ အိခနဲ၊ ငြိမ့်ခနဲ၊ သိမ့်ခနဲနှင့်ပင် သင်္ဘောကလေးက သောင်မှ လွတ်သွားသည်။ ရေစိုလုံချည်၊ ဘောင်းဘီတွေဖြင့် တွယ်၍တက်ကြ။ ဆွဲ၍ တင်ကြနှင့် တကယ့်ကို ၀ရုန်း သုန်းကား။
“တော်ပါသေးရဲ့ သမီး တို့ကို ရေထဲက ငါးတွေ လာမကိုက်လို့”
ရန်ကုန်သူ သမီးငယ် လေးက စိုးရိမ်စိတ်လေး တနွေးနွေးဖြင့် ဖွင့်ဟလာ တော့ သူ ပြုံးမိသည်။
“သောင်တွေ ထွန်းပြီး မြစ်ရေကလည်း နောက်ကျိ နေတော့ ငါးတွေတောင် နေရာပြောင်းပြောင်းပြီး နေကြ ရတာလေ။ ရေပျော် ငှက်တွေလည်း အသိုက်ရွှေ့ကုန်ပြီ။ ဟိုတုန်းကဆိုရင် ဦးလေးတို့ ငါးများများ၊ ငှက်များများ ဒီနေရာမှာ တွေ့ရတတ်တယ်။ ခုတော့ ဘာမှ မစိုးရိမ်နဲ့။ ငါးတွေ ဝေးဝေး ပြေးကုန် ပြီ”
ဟု သူအားပေးလိုက်ရသည်။
“သောင်တင်တာထက် စာရင် တခြား အန္တရာယ်တွေ နဲ့ မတွေ့ဖို့က ပိုအရေးကြီး တယ်။ ဒီမြစ်ထဲမှာ ရေ၀ဲက တော့ အကြီးစားကြီးတွေ ရှိ တယ်။ ရွှေစာရေးဝဲတို့၊ ၀က်သိုက်ဝဲတို့၊ ပေ၀ဲတို့၊ လောင်းကတိတ်ဝဲတို့၊ ၀ါး ကြိတ်လိမ်ဝဲတို့၊ ကတိုးဝဲတို့ က ဒီမြစ်ကြောင်းမှာ တကယ့် ကို ဆိုးဆိုးဝါးဝါး နာမည်ကြီး တဲ့ ၀ဲတွေပေါ့။ နောက်ပြီး တော့ တံစုန်းဆိုတာ ရှိသေး တယ်။ ဦးလေးတို့ သင်္ဘော သား လောကမှာတော့ တံစုန်းတွေကို အင်္ဂလိပ်လို Submerged tree trunk လို့ ခေါ်တယ်။ တောင်ကျရေစီးနဲ့ မျောပါလာတဲ့ သစ်ငုတ်ဝါး ငုတ်ချွန်ကြီးတွေက ရေအောက် မှာ ထိုးထိုးထောင်ထောင်နဲ့ စိုက်နေတာ တံစုန်းလို့ ခေါ် တယ်။ ရေအောက်ရန်သူတွေ ပေါ့။ သစ်ဖောင်၊ ၀ါးဖောင် တွေ၊ လှေတွေ၊ သင်္ဘောတွေ ကို ဘ၀ပျက်အောင် ထိုးခွဲပြီး မြှုပ်ပစ်တဲ့ထဲမှာ တံစုန်းတွေ လည်းပါတာပေါ့။ ပြီးတော့ မြစ်ကျဉ်းတွေကို ဖြတ်ရင် လည်း ကျောက်ဆောင်နဲ့ မတိုက်မိအောင် သတိထားရ တယ်။ ဦးလေးဆိုရင် ဟို တုန်းက လင်းဖားမြစ်ကျဉ်း ကိုအဖြတ်မှာ ကံကောင်းလို့ သင်္ဘောမနစ်ခဲ့တာ”
ဟုလည်း သတိပေးရ သေးသည်။
“ကျွန်တော်တို့ အဲဒီ မြစ်ကျဉ်းကို ဖြတ်ရဦးမှာလား ဦးလေး”
“သားတို့က မော်လိုက် ရောက်ရင်ဆင်းပြီး ကျန်ရစ် ခဲ့ကြတော့မှာဆိုတော့ လင်းဖားအထိ မရောက်တော့ပါဘူး။ ဦးလေးကတော့ ဖြတ် ရဦးမှာပဲ။ ဦးလေးက ခန္တီး အထိ သွားမှာလေ”
စောစောတုန်းက ရေထဲ ဆင်းခဲ့ကြရသော ခရီးသည်များ အားလုံး လိုလိုပင် ရေစို လုံချည်ဘောင်းဘီတွေနှင့် အ၀တ် ခြောက်သွေ့သွေ့တွေ ကို လှဲလှယ် ၀တ်ဆင်နေကြ သည်ကို သူလှမ်းကြည့်မိသည်။ ခရီးသည် အဘွားကြီးတစ် ယောက်နှင့် သူ့မြေးဖြစ်ဟန် တူသော မိန်းကလေးတစ် ယောက်ကတော့ သင်္ဘော သားလေးကို လှမ်းအော်ပြော နေသည်။ သူတို့ဆင်းရမည့် မြစ်ကွေ့ကို ကြိုတင် ပြောပြ နေခြင်းဖြစ်သည်။ သူတို့ မြေး အဘွားဆင်းရမည့် ကမ်းခြေ ရောက်တော့ သင်္ဘောက စက် ရှိန် လျှော့ချလိုက်သည်။ ကမ်းခြေကို ဦးတည်ကာ အရှိန်နှေးနှေးနှင့် မောင်းလာရင်း မလှမ်းမကမ်း အရောက် မှာတော့ စက်လုံးဝ ရပ်ပစ် လိုက်သည်။ သင်္ဘောဦးမှ နေ၍ သင်္ဘောသား တစ်ယောက်က ကမ်းခြေကို ထိုးဝါးနှင့် လှမ်းထောက်ထားလိုက်သည်။
“ဆင်းကြ ဆင်းကြ”
သင်္ဘောသားလေးက လူတွေကို အရင် ဆင်းခိုင်းသည်။ ကမ်းခြေပေါ်သို့ သစ်သားပြား ကုန်းပေါင်ခင်းပြီး သက်သောင့်သက်သာ ဆင်း ကြရသည်တော့ မဟုတ်။ ကမ်းခြေသောင်စပ်နှင့် ဝေး ရာမှာ သင်္ဘော ရပ်ပေးထား သည်မို့ အဘွားကြီးတို့ မြေးအဘွား သင်္ဘောဘေးမှ အသာလေး လျှောဆင်းလိုက် ကြရသည်။ ရေက ခါးစောင်းသာသာ။ သူတို့ ရေထဲ ရောက်သွားတော့မှ သင်္ဘော သားလေးက သူတို့ပါလာ သော အထုပ်အပိုး ၀န်စည် စလယ်များကို လှမ်းပေးသည်။ တောင်းကို ခေါင်း ပေါ်ရွက်၍ အဘွားကြီးက ရှေ့မှ တရွေ့ရွေ့သွားရင်း ခန္ဓာကိုယ် တစ်ပိုင်းရေစိုကြီး နှင့် ကုန်းပေါ် ရောက်သွားသည်။ မြေးမလေးကလည်း အထုပ်ကြီးတစ်ထုပ်ကို ခေါင်း ပေါ်မှာ ရွက်ကာ ခရီးဆောင် အိတ်ကို သိုင်းလွယ်ရင်း နောက်က တရွေ့ရွေ့ လှမ်း တက်သွားသည်။ သူတို့ ဆင်းကျန်ရစ်ခဲ့သည့် သောင် ပြင်ကြီးက တစ်မျှော်တစ် ခေါ်။ ဟိုးအဝေးမှာမှ သူတို့ ရွာလေး ရှိဟန်တူ၏။ ရွာရိပ် ၀န်းကျင်နှင့် သဲသောင်ပြင် စပ်ကြားတွင် ခင်တန်းစိမ်း စိမ်းလေးက စည်းသဖွယ် ကာခြားလို့ပါလား။ သူတို့ကို ထားရစ်ကာ သင်္ဘောကလေးက ဆက်ထွက် လာခဲ့သည်။
တိမ်ညိုဆိုင်းကာ မှိုင်း ဝေေ၀လေးမို့ နေရောင်စူးရှရှ ပျို့အန်မကျဘဲ မွန်းလွဲပိုင်းမှာ ပင် စိမ့်စိမ့်လေးအေးချင် သလိုလို။ သားမွေးဂျာကင် အင်္ကျီမ၀တ်တော့ဘဲ ဆွယ် တာမီးခိုးရောင်ကို ၀တ်ကာ သင်္ဘောဦးပိုင်းမှာ သူလာထိုင် နေမိသည်။ ရေလွှာရေမြွှာများကို ထိုးခွင်းရင်း သင်္ဘော ၏ အရှိန်က ပြင်းထန်နေဆဲ။ ဟိုးအဝေးဆီမှာ မြင့်မားဝေသီ သော တောင်ညိုတောင်ပြာ မှိုင်းညို့ညို့ကြီးတွေက ကာ ဆီးလို့။ မြစ်ကမ်းတစ်ဖက် တစ်ချက်မှာတော့ ကျောက် ကမ်းပါးနံရံကြီးတွေက ၀န်းရံ ထားပြန်သည်။ ကျောက်နံရံ တချို့မှာ အခေါင်းပေါက်ကြီး တွေရှိကာ ငှက်သိုက်တွေ ဖြစ်နေတာမြင်ရ၏။ သင်္ဘော စက်သံကြောင့် ထင်၏၊ ငှက် တချို့ ၀ှီးခနဲ ပျံထွက် သွားသည်ကို မြင်လိုက်ရ၏။ မြစ် ကွေ့တစ်နေရာ အရောက် သောင်ပြင်ဖွေးဖွေးနား ဘေး ချင်းယှဉ်ကာ ဆိုက်ကပ်ထား ကြသော ဖောင်အိမ်ကလေး တွေကို လှမ်းမြင်ရပြီ။ ဖောင် ပေါ်မှာ သက်ကယ်မိုး၊ ထရံ ကာနှင့် နေချင့်စဖွယ် ရေမျောကမ္ဘာငယ်လေးများ တည်ဖွဲ့ ထားကြခြင်းပါ။
ကလေး တချို့က သောင်ပြင်ပေါ်မှာ ပြေးလွှား ဆော့ကစားနေကြ သည်။ အမျိုးသမီးနှစ် ယောက်က သောင်ပြင်ပေါ် မှာပင် ဖိုခနောက်ဆိုင် ထင်း မီးဖိုကာ ဘာတွေများ ချက် ပြုတ်နေကြပါလိမ့်။ ဟိုးလွန် ခဲ့သော သုံးဆယ့်ရှစ်နှစ် ကာလကတော့ အဲသည့် ဖောင်အိမ်လေးတွေနှင့် နီးနီး ကပ်ကပ် ရင်းနှီးခဲ့ဖူးသည်။ သူတို့လေးတွေ မီးခွက်ထွန်းဖို့၊ သူ့သင်္ဘောငယ်ဆီက ပိုလျှံ သမျှ ဒီဇယ်ဆီကို မျှဝေပေးခဲ့ဖူးသည်က မှတ်မှတ်ရရ။ ဟိုးတုန်းကတော့ သည် ရေပြင် တစ်ကြောမှာ ခုနေခါ နှယ် အင်နှင့်အားနှင့် လုပ်ကွက်များ ချဲ့ထွင်ရွှေကျင် သူတွေ မများကြသေးသည်မို့ မကြည့်တကြည် သည်ရေလွှာမှာ ဖောင်အိမ်လေးတွေက ငါးရှာကြပါသေးသည်။ ငါးခြောက်လှန်းခဲ့ကြပါသေးသည်။ ဟောသည့် တ၀ိုက်က သစ်တောကြီးထဲမှာ သူတို့တတွေ ထင်းရှာကြ၊ ပျားဖွပ်ကြ၊ ငှက်ထောင်ကြ၊ အမဲလိုက်သူ၊ ယုန်ဖမ်းသူက ဖမ်းကြနှင့် နေချင့်စဖွယ် ကမ္ဘာငယ်လေးအလား အာရုံ ၀င်စားခဲ့ကြသေးသည်။ တစ်ခါတစ်ရံ သောင်ယံမှာ ပင် ကျောက်မီးသွေး ငုပ်သူ က ငုပ်ကြသေးသည်။ ဟို တုန်းက သစ်တောကြီးတွေ ကလည်း ခုလောက် ဟိုနေရာ ပြုန်းတီး သည်နေရာ ပြုန်း တီး တောင်ခေါင်တုံးကြီး တွေနှယ် အရောင် မပြယ်သေး တော့ သောင်ပြင်တစ်ခွင်၏ အနားသတ်မျဉ်းမှာ မှိုင်းလို့ ဝေလို့၊ စိမ်းမြအေးစိမ့်လို့။
တကယ့်ကို စိမ့်ကြီးမြိုင် ကြီး။ ပျဉ်းကတိုး၊ ကျွန်း၊ ပိတောက်၊ တောရှောက်၊ ယူကလစ်၊ ကသစ်၊ ညောင် ပင်၊ ညောင်ချဉ်၊ ပုန်းညက်၊ သရက်၊ ထင်းရှူး၊ ဆိတ် ဖလူး၊ ယင်းမာ၊ ကန္တာရ၊ မန်ကျည်း၊ ၀က်မတိုး၊ မရိုး၊ ဂွေးပင်၊ ဂွေးကြီး၊ ရှဥ့် မတက်၊ သပျက်၊ ကုက္ကို၊ ပြည်ပန်းညို၊ ဖက်သန်း၊ ပုလဲ ပန်း၊ ဆီးဖြူ၊ ပန်းစက္ကူ၊ ကျောက်သပြေ၊ ဆင်သမ နွယ်၊ သဖန်း၊ စိန်ပန်း၊ တန် ဇောင်း၊ ထနောင်း၊ သစ်မင်း၊ မဟော်ဂနီ၊ သရဖီ၊ အင်ကြင်း စသဖြင့် သည်တောအုပ်ကြီး တွေအတွင်း ဖောင်အိမ်က လေးထဲက မိသားစု။ တချို့ ချင်းနင်း ၀င်ရောက်လျက် မွှေ နှောက်ကာ ၀မ်းစာရှာခဲ့ကြ သည်။ ရှားပါးလှစွာသော သစ်မွှေးကို ရသူတွေ ရှိခဲ့ဖူးသည်။ သဘာဝ ရေနံစိမ်းတွင်း ကို ဘွားခနဲ သွားတွေ့သူ တချို့လည်း ရှိခဲ့ကြဖူးသည်။
အဲသည့် ကာလတွေ တုန်းက အဲသည့် ဖောင်အိမ် ကလေးတွေနှင့် မလှမ်း မကမ်း တစ်ဖက်ကမ်းရှိ မစိန် ရွာကြီးမှာ သူ အလုပ်လုပ် သည့် သင်္ဘောကလေး ဆိုက် ကပ်နားနေခဲ့ဖူးသည်ကို ပြန် တွေးနေမိသည်။ တောင်တန်း မြင့် မြင့်မားမားကြီးအောက် ကရွာကြီးတစ်ရွာပါ။ တောင် ပေါ် ဘုန်းကြီးကျောင်းနှင့် တောင်ပေါ်စေတီကိုလည်း ကွေ့ကာဝိုက်ကာ တက်ရောက် ဖူးမြော်ခဲ့ရဖူး၏။ နားခို ခဲ့ရဖူး၏။ ဆရာတော် ရွတ် ဆိုပြသော မစိန်ရွာကြီးနှင့် ပတ်သက်သည့် သာချင်းကို ခုနေခါမှာ ပြန်လည်နားစွင့်နေ ချင်မိသေးတော့သည်။
“ဇေယျရန္တမိတ်၊ ပဏ္ဍိတ်ထင်ပေါ်၊ ပြည်တိုင်း ကျော်သည်၊ စာတော်ဆိုလျှင် မစိန်မြို့သို့ နတ်ပို့ရောက်သနှင့် လေးတန့်စက်နေ ရွှေသမင်တောင် ဝေမှောင်ခြိမ့်”တဲ့။
“ဒါက ဥတေနသာချင်းပါ ဒကာလေး။ တောင်ငူခေတ်မှာ မင်းဇေယျရန္တ မိတ်ရေးခဲ့တဲ့ ဥတေနသာချင်း ပေါ့။ တကယ်တော့ ဘုန်း ကြီးတို့ ရွာကို ရှေးလူကြီး တွေက မစိန်မြို့လို့ ခေါ်ခဲ့တာ သာချင်းထဲမှာ အထင်အရှား ပဲလေ”
ဟု ဘုန်းဘုရားက မိန့် ကြားခဲ့ဖူးသည်။
လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ဆိုတော့ မစိန်သည် မဖွံ့ဖြိုးသေးသည့် ကာလဟောင်းထဲက မြစ် ကမ်းပါး ရွာတစ်ရွာရယ်ပါ။ မှတ်မှတ်ရရ အဲသည့် ရွာမှာ လာပြီး ဆေးခန်းကလေးဖွင့် ထားသော ဆရာဝန်ကလေး နှင့် ခင်ခဲ့ရဖူးသည်။ မန္တလေး ဆေးတက္ကသိုလ်က ဘွဲ့ရလာ သည့် ဆရာဝန်ကလေးပါ။ တစ်ရွာလုံး၏ တစ်ဦးတည်း သော ဆရာဝန်ကလေးပေါ့။ သူ့ကို အားကိုးအားထားပြု သူတွေမှာ ဖောင်အိမ်ကလေး တွေလည်း အပါအ၀င်ပင်။ မှတ်မှတ်ရရ ညညဆိုလျှင် ဖောင်အိမ်လေးတွေဆီက လှမ်းလှမ်းပြီး အချက်ပြတတ် သည့် လက်နှိပ် ဓာတ်မီးရောင်ကို သင်္ဘောငယ်မှ သင်္ဘော သားများက သတိထား ကြည့်ကြရသေးသည်။ အမြဲ တမ်းတော့ မဟုတ်။ တစ်ခါတစ်ရံ အရေးပေါ်မှ ညရေး ညတာ သူတို့ အကူအညီ တောင်းခြင်းပင်။
တစ်ည ငွေလရောင်လေးကတော့ ခပ်ဖွေးဖွေးရယ်။ လဆန်း ရက်လေး မြစ်ပြင်မှာ ငွေသင်ဖြူး ခင်းလို့ပေါ့။ သို့ပေ မင့် ဖောင်အိမ်လေးတွေဆီက အချက်ပြနေသည့် လက်နှိပ် ဓာတ်မီးရောင်ကို မြင်လိုက်ကြရ သည်။ အရေးပေါ်ပြီ။ သူတို့ကို သင်္ဘောနှင့် လာခေါ် ပေးပါဟု အကူအညီ တောင်းနေကြခြင်းသာ။ ဟုတ်ပါရဲ့။ သူတို့ခမျာ ဘယ်မှာလဲ တယ် လီဖုန်း။ သည်လို အရေး ပေါ်လာလျှင်လည်း လူမှုရေး စေတသိက်အရ သူတို့ သင်္ဘောလေးက သွားခေါ် ပေးနေကျပါ။ ထိုညက လည်း ကောက်ကာငင်ကာ စက်နှိုးပြီး ထွက်လာခဲ့သော် ငြား သူတို့ရှိရာကို တန်း တန်းဖြောင့်ဖြောင့် သင်္ဘော မောင်း၍ မရ။ ရေကို ခဏ ဆန်တက်ရသေးသည်။ မြစ်လယ် က သောင်တွေကို ရှောင်မောင်းနေရသေးသည်။ လိုရင်းကို တော်တော်နှင့် မရောက်။ သည်လိုနှင့် ခရီးဖင့်ပေါင်း များပြီ။ အတန်ကြာ မှ ဖောင်အိမ်လေးတွေဆီ ရောက်သွားကြသည်။ ရုတ်တရက် အရေးပေါ်လေဖြတ် သွား သော အမျိုးသား လူနာ တစ်ဦးပါလား။ မျက်လုံးတွေ စွေစောင်းပြီး ပါးရွဲ့ကာ တစ်ကိုယ်လုံး အေးစက်လျက်။
“ဆရာလေးဆီ ပို့ပေး ပါရှင်။ ဆရာလေးဆီ ပို့ပေးကြပါ”
တစာစာအော်ကာ ငိုရှိုက်နေသော လူနာရှင် မိန်းမသားတစ်ဦး။ လူနာကို ပွေ့ ထူချီမကာ သင်္ဘောလေးပေါ် တင်ပြီး မောင်းလာခဲ့ကြ သည်။ ဆရာဝန်လေးဆီကို ရောက်ဖို့ ခရီးက ကြန့်ကြာ လွန်းနေဆဲမှာပင်။ လမ်းခုလတ်မှာ လူနာက ဖျတ်ခနဲ ကံကုန်သွားခဲ့ပြီ။
ရေးရေးဝေးဝေး မျှော်ငေးမိမှုန်ဝေေ၀မှာပင် အမြန် ရေယာဉ်ကလေးက မစိန်ရွာ ကမ်းခြေမှာ ကုန်းပေါင်ထိုး ကာ ရပ်နားပေးပါသည်။ ခရီးသည် အဆင်းအတက်ရှိ သည်။ “ကျွန်တော် ထမင်း တက်ဝယ်ချင်လို့ ဆရာတို့ အချိန်ပေးနိုင်မလား” ဟု အမြန်ရေယာဉ် မာလိန်မှူးကြီးအား စကားစ ကြည့်တော့-
“နာရီဝက် ရပါတယ်” တဲ့။ ရွာက သောင်ပြင်နှင့် ခပ်လှမ်းလှမ်းမှာ။ ရွာထိပ် ထမင်းဆိုင်မှာ ရရာဟင်းနှင့် ထမင်းထုပ်ဝယ်လိုက်သည်။ ကြုံကြိုက်တုန်းမှာ ရွာလယ် လမ်းကလေးအတိုင်း ခပ် သွက်သွက်လျှောက်လာခဲ့ သည်။ ဒီနေရာသည် ဟိုတုန်း က ဆရာဝန်ကလေး ဆေး ခန်းဖွင့်သွားသည့် နေရာပဲ ထင်ရဲ့။ သူ မှန်းဆကြည့်မိ သည်။ အိမ်ပုံစံ တချို့ပြောင်း လဲမှုရှိသည်ကို ဂရုမူမိသည်။ သူတွေ့ချင်သော စေတနာရှင် သမားအိုကို မတွေ့ခဲ့ရ။ ဟုတ်ကဲ့။ ခုနေခါ သူ့နှယ်ပင် သက်ရှိထင်ရှား ရှိနေသေး သည် ဆိုပါက စေတနာရှင် ဆရာဝန်ကလေးသည်လည်း သမားအိုပင်ဖြစ်နေပေတော့မည်။ ဟိုငေးသည်ငေးနှင့်ပင် လာရာလမ်းအတိုင်း ကမ်းနားသို့ ပြန်ဆင်းလာခဲ့သည်။ မြစ်တစ်ဖက်ကမ်း ဟိုတစ် ကွေ့ဆီ လှမ်းကြည့်လိုက် တော့ ထာဝရ ရှိနေသေးသည်က ဖောင်အိမ်ကလေး တွေ။
(ရွှေအမြုတေ မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၂)
http://shweamyutay.com
No comments:
Post a Comment