by Lwin Aung Soe on Saturday, June 30, 2012 at 2:03am ·
နိုင်ငံရေးပါတီ၊ အာဏာနဲ့ အာဏာရူး အကြောင်း
နိုင်ငံရေး ပါတီတခုကို တည်ထောင် လှုပ်ရှားရတဲ့ ရည်ရွယ်ချက်ဟာ ယုံကြည်ချက် တူညီကြသူတွေ စုပေါင်းပြီး ခွင့်ပြုချက်တွေနဲ့အညီ တရားဝင် နိုင်ငံရေးလုပ်ချင်လို့ ဖြစ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံ တိုးတက် ဖွံ့ဖြိုးအောင်၊ ပြည်သူတွေ ကောင်းစားအောင် နိုင်ငံရေးပါတီရဲ့ နည်းလမ်းတွေနဲ့ ကြိုးစားပေးဖို့ ဖြစ်ပါတယ်။
ရည်မှန်းချက် တူကြပေမယ့် ယုံကြည်ချက်နဲ့ နည်းလမ်းတွေဟာ နည်းနည်းစီ ကွဲပြားသွားတဲ့အပေါ် မူတည်ပြီး နိုင်ငံရေးပါတီတွေ အသီးသီး ဖြစ်ပေါ်လာနိုင်ပါတယ်။ နိုင်ငံရေးပါတီ မထောင်ဘဲ တဦးချင်းကနေ မိမိယုံကြည်ရာ ရည်မှန်းချက်နဲ့ နည်းလမ်းတွေအတိုင်း နိုင်ငံရေးကို တရားဝင်လုပ်နိုင်တာလည်း ရှိပါတယ်။
နိုင်ငံရေးရည်မှန်းချက် ရှိတာကြောင့် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲတွေ ဝင်ပြိုင်ပြီး အနိုင်ရရှိဖို့ကို ကြိုးစားရပါတယ်။ ပြည်သူလူထုက ယုံကြည်အားကိုးစွာ ရွေးချယ်လိုက်တဲ့ အဆုံးအဖြတ်ကို ခံယူရပါတယ်။
နိုင်ငံရေးပါတီကို တည်ထောင်၊ ရွေးကောက်ပွဲ ဝင်ပြိုင်၊ ပြည်သူအများစုက တကယ်တမ်း နှစ်သက် သဘောကျလို့ ရွေးချယ် တင်မြှောက်ပေးလိုက်တဲ့အခါမှာ အစိုးရ ဖွဲ့ပိုင်ခွင့် (Right) ရလာပါတယ်။ တနည်းအားဖြင့် မိမိတို့ နိုင်ငံရေးပါတီရဲ့ ရည်မှန်းချက်နဲ့ နည်းလမ်းတွေအတိုင်း နိုင်ငံနဲ့ ပြည်သူတွေကို ကိုယ်စားပြု လုပ်ပိုင်ခွင့် (Legitimacy) ရလာပါတယ်။ ဒါဟာ ပြည်သူတွေက အပ်နှင်းလိုက်တဲ့ အာဏာ (Power) ဖြစ်ပါတယ်။
ဒီမိုကရေစီမှာ တကယ်တော့ အဲဒီ အာဏာ (Power) ဟာ ပြည်သူတွေဆီမှာပဲ ရှိနေရပါတယ်။ ပြည်သူတွေဟာ မိမိတို့ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ဖြစ်အောင်လုပ်ပေးနိုင်တဲ့ နိုင်ငံရေးပါတီကို ရွေးချယ်ပါတယ်။ ဒီမိုကရေစီ အစိုးရအဖြစ် တင်မြှောက်ပေးလိုက်ပါတယ်။ ဒီမိုကရေစီ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အကောင်အထည် ဖော်ပေးနိုင်ဖို့ စီမံရပါတယ်။
အစိုးရဖြစ်နေတဲ့ နိုင်ငံရေးပါတီဟာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လုပ်ပေးနိုင်စွမ်း မရှိဘဲ ဖြစ်နေရင် ပြည်သူတွေက တိုက်တွန်း ပြောဆိုရပါတယ်။ အစိုးရအနေနဲ့ ဘယ်လိုမှ လုပ်ပေးနိုင်စွမ်း မရှိတော့ဘူးဆိုရင် လုပ်ပေးနိုင်စွမ်း ပိုရှိတဲ့ နောက်ထပ် အစိုးရသစ်ကို ပြည်သူတွေက ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူက အမြဲတမ်း လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာ (Power) ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေဟာ အစိုးရဖွဲ့ခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ.. နိုင်ငံရေးသမားတွေ အနေနဲ့၊ နိုင်ငံရေးပါတီတွေ အနေနဲ့ အဓိက အလုပ်ကတော့ လူထုအကျိုးပြု နိုင်ငံရေးသာ ဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူလူထုက တစတစနဲ့ ယုံကြည် အားကိုး ထောက်ခံလာမှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရေးသမားမှ၊ ဘယ်နိုင်ငံရေးပါတီမှ လူထု ထောက်ခံမှု မရဘဲ မရပ်တည်နိုင်ပါဘူး။ တနည်းနည်းနဲ့ ရပ်တည်နိုင်တာတောင် ရေတိုရော ရေရှည်မှာပါ မအောင်မြင်နိုင်ပါဘူး။
ပြည်သူလူထုဟာ အာဏာကို ပိုင်ဆိုင်တဲ့အတိုင်း အစိုးရနဲ့ နိုင်ငံရေးပါတီတွေကို ထောက်ခံတယ်-မထောက်ခံဘူး ဆိုတဲ့ နည်းလမ်းနဲ့ နိုင်ငံရေးကို စိတ်တိုင်းကျ ထိန်းချုပ်ထားနိုင်ပါတယ်။ ပြည်သူတွေဟာ နိုင်ငံရေးစနစ်အရဖြစ်စေ၊ အစိုးရကဖြစ်စေ သြဇာလွှမ်းမိုး ထိန်းချုပ် နှိပ်ကွပ်ခံရခြင်းကနေ လွတ်လပ်နေရပါမယ်။ ပြည်သူလူထုကသာ နိုင်ငံရေးစနစ်ကို စိတ်ကြိုက် ရွေးချယ်ခွင့်၊ အစိုးရကို စိတ်ကြိုက် ရွေးချယ်ခွင့် ရှိနေရပါတယ်။ ဒါကြောင့် ပြည်သူတွေမှာ နိုင်ငံရေးကို လွတ်လပ်စွာ ရွေးချယ် ဆုံးဖြတ် လှုပ်ရှားပိုင်ခွင့် အမြဲတမ်း ရှိနေရမှာ ဖြစ်ပါတယ်။ လူထုအနေနဲ့ အဲဒီလို လုပ်ပိုင်ခွင့် မရှိဘူးဆိုရင် လူထုက အပ်နှင်းထားတဲ့ အာဏာ (Power) ဟာ အလွဲသုံးစား အလုပ်ခံရပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
“အာဏာရူးတယ်” လို့ ပြောဆိုကြတာတွေ ရှိပါတယ်။ ခိုင်မာတဲ့ အကြောင်းရင်း၊ သက်သေအထောက်အထား ရှိရင် ပိုင်ပိုင်နိုင်နိုင် ပြောရဲရပါမယ်။
- အထက်မှာ ဖြော်ပသလို မဟုတ်တဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်တွေအရ လုပ်ပိုင်ခွင့် (Legitimacy) ကို လူထုမကြိုက်ဘဲ မတရား ရယူကြိုးပမ်းရင်၊
- ရထားတဲ့ လုပ်ပိုင်ခွင့် (Legitimacy) ကို အာဏာ အလွဲသုံးစား လုပ်တာကြောင့် လူထုမကြိုက်လို့ ဖယ်ရှားပေးဖို့ တောင်းဆိုတာတောင် လက်မလွှတ်ချင်ဘဲ ဖြစ်နေရင် ….
လွင်အောင်စိုး
၃ဝ-၆-၂ဝ၁၂
No comments:
Post a Comment