(ကဗျာ)
December 1, 2013 at 3:22pm
မည်သို့ပင်
ပိတ်ဆို့တားဆီးစေကာမူ
ငါ့လမ်းကို
ငါဆက်လျှောက်မယ်။
ငါဟာ- လူ့လောကထဲကို
ခေတ္တရောက်လာတဲ့
ဧည့်သည်တယောက်၊
တချောင်းပဲပါတဲ့
အသက်သေသွားတော့လဲ
အလည်ခရီး
ပြီးဆုံးသွားတာပဲ။
ဒါကြောင့်- ငါ့အသက်ကို
သတ်ပစ်လိုက်မယ်လို့
မခြိမ်းချောက်ပါနဲ့ မိတ်ဆွေ၊
အသက်ရဲ့ မမြဲသော
သဘာဝကို ငါသိတယ်။
ငါ့ရုပ်ခန္ဓာဟာ
တနေ့နေ့တချိန်ချိန်မှာ
ပုပ်ပွဆွေးမြေ့သွားရမယ့်
ဖြစ်တည်မှုတခု၊
အပုပ်ကောင်ကို
အရုပ်ဆောင်ဖို့
အမွေးနံ့သာ
အ၀တ်တန်ဆာတွေနဲ့
လွှမ်းခြုံထားခြင်းသာ။
ခန္ဓာကိုယ်ပြင်ပမှာ
ဒဏ်ရာမရရင်တောင်
ခန္ဓာကိုယ်တွင်းက
အသည်းကလီစာတွေကတော့
တစထက်တစ
ဆွေးမြေ့ပျက်စီးသွားမှာပဲ။
ဒါကြောင့်- ငါ့ခန္ဓာကို
နှိပ်စက်ညှဉ်းပမ်းလိုက်မယ်၊
ချုပ်နှောင်ထားမယ်လို့
မခြိမ်းချောက်နဲ့ မိတ်ဆွေ၊
ရုပ်နဲ့နာမ်ကို
ငါခွဲခြားတတ်တယ်။
ငါ့ဘ၀ဟာ
လောကဓံတရားရဲ့
ထိန်းကျောင်းမှုအောက်မှာသာ၊
နိမ့်တုံ၊ မြင့်တုံ၊ ဖြစ်ပျက်စုံနဲ့
မလွဲမသွေ၊ ကြုံရဦးမှာပဲ။
ဒါကြောင့်- ငါ့ဘ၀ကို
ဖျက်ဆီးလိုက်မယ်လို့
မခြိမ်းချောက်နဲ့ မိတ်ဆွေ၊
လောကဓံတရားကို
ငါသိတယ်။
ငါ့ပညာဟာ
ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့
တည်ဆောက်ထားတဲ့အရာ၊
ပညာရဲ့ အနှစ်သာရဆိုတာ
လူ့လောကအကျိုး
ဆောင်ကျဉ်းဖို့ရန်သာ။
ဒါကြောင့်- ငါ့ပညာကို
ရွှေငွေဂုဏ် ပကာသန၊
ရာထူးစည်းစိမ်တွေနဲ့
ဝယ်ယူပစ်လိုက်မယ်လို့
မကြံစည်လေနဲ့ မိတ်ဆွေ၊
ပညာရဲ့ အနှစ်သာရကို
ငါနားလည်တယ်။
ငါ့အသက်နဲ့ ငါ့ခန္ဓာ
ငါယုံကြည်ရာအတွက်
လှူဒါန်းထားတယ်၊
ငါ့ဘ၀နဲ့ ငါ့ပညာ
လောကအကျိုးအတွက်
ပေးလှူထားတယ်။
မည်သို့ပင်
ပိတ်ဆို့တားဆီးစေကာမူ
ငါ့လမ်းကို ငါဆက်လျှောက်မယ်။
ခင်မမမျိုး (၂၀၁၃)
No comments:
Post a Comment