Sunday, December 8, 2013

တပ်အင်အားပြုန်းတီးမှုနှင့် ယနေ့ မြန်မာ့တပ်မတော်၏ အနာဂတ်



မြန်မာ့တပ်မတော်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အင်အားတိုးချဲ့ရေးနဲ့ခေတ်မီရေးကို အပြင်းအထန် ဆောင်ရွက်ခဲ့ တဲ့အတွက် အရှေ့တောင်အာရှဒေသအတွင်းမှာ ဗီယက်နမ်ပြီးရင် ဒုတိယအင်အား အကြီးဆုံးစစ်တပ် ဖြစ်လာခဲ့ပါ တယ်။ နိုင်ငံရဲ့အဆီအနှစ်တွေကို ဆယ်စုနှစ်နှစ်ခုကျော် ၀ါးမြိုစားသုံးပြီး ခေတ်မီတပ်မတော် တည်ဆောက်ခဲ့ပေမဲ့ ထင်သလောက်ခရီးမပေါက်နိုင်ခဲ့ပါဘူး။ စစ်အာဏာရှင် တွေဟာ တပ်မတော်ကို လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့တာကြောင့် ပြည်သူလူထုနဲ့ဝေးကွာလာ ခဲ့သလို စစ်အင်အားကို ကြီးထွားလာအောင် အလောတကြီး တိုးချဲ့တာကြောင့် ကလေးစစ်သား ပြဿနာ၊ စစ်ပြေးပြဿနာ၊ ဖွဲ့စည်းပုံမပြည့်တဲ့တပ်တွေများပြားလာတဲ့ပြဿနာ အစရှိသော ဘေးထွက် ဆိုးကျိုးတွေ အများအပြား ရှိလာခဲ့ပါတယ်။ တပ်မတော်ရဲ့ခေါင်းဆောင်ပိုင်းက ရှေ့ကို အလောတကြီး တိုးနေပေမဲ့ ပြဿနာအထွေထွေတို့ကြောင့် ခေတ်မီရေးနဲ့ အင်အား တိုးချဲ့ရေးအတွက် အလျဉ်မမီနိုင်ပဲ ဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ Building the tatmadaw , Myanmar Arm Forces since from 1948 စာအုပ်ကိုရေးခဲ့တဲ့ ကိုအောင်မျိုးက မြန်မာ့တပ်မတော်ဟာ ခါချဉ်ကောင် မာန်ကြီးပေမဲ့ ခါးမသန်ဘူး လို့တင်စားပြောဆိုခဲ့ဖူးပါတယ်။ တပ်မတော်ရဲ့ခါးမသန်မှုတွေထဲက အကြောင်းအရာတစ်ခုကို ပြောရရင်တော့ တပ်မတော်က ထွက်ပြေးသူတွေ များပြားတိုးပွားလာရခြင်းပါပဲ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ပြေးလေးပြေးစာရင်းဆိုပြီး နယ်မြေအလိုက်ပြုစုတင်ပြရတဲ့ အစီရင်ခံစာတစ်ခု ရှိပါတယ်။ ပြေးလေးပြေးဆိုတာကတော့ တပ်ပြေး၊ ရဲပြေး၊ ၀ရမ်းပြေးနဲ့ ရဲဘက်ပြေး တို့ပါ။ အဲ့ဒီပြေးလေးပြေးထဲကလူတွေကို တွေ့ရင် ချက်ချင်းဖမ်းဆီးနိုင်ပါတယ်။ ပြောရရင်တော့ တပ်ကထွက်ပြေးတယ်ဆိုတာ ဥပဒေနဲ့ဆန့်ကျင်တဲ့လုပ်ရပ်ပါ။ ဥပဒေနဲ့မညီမှန်းသိပေမဲ့ ပြေးနေကြတုန်းပါပဲ။ စစ်တပ်က ထွက်ပြေးတယ်ဆိုတော့ စစ်တပ်မှာ နေချင်စိတ်မရှိတော့လို့ ပြေးကြ တာပေါ့။ ပြေးရတဲ့အကြောင်းရင်းတွေကလည်း အမျိုးမျိုးပါပဲ။ တချို့က အထက်အရာရှိတွေက ဖိနှိပ်လို့၊ ကိုယ်ထိ လက်ရောက် ဆက်ဆံတာတွေရှိလို့၊ မကျေနပ်ချက်တွေများလာလို့ ပြေးကြတယ်။ တချို့က လစာမလောက်ငှ၊ မိသားစုစားဝတ်နေရေးက မပြေလည်၊ စစ်တပ်ထဲမှာ ဆက်နေလည်း တိုးတက်လမ်းမရှိ၊ အကြောင်းမထူးတော့လို့ ပြေးကြတယ်။ တချို့ကလည်း ဦး/ရေး/ထောက် ပြဿနာတွေ မရှင်းနိုင်လို့ ပြေးကြတယ် စသဖြင့် အမျိုးမျိုးပါပဲ။ ရုံးသုံး စကားနဲ့ ပြောရရင်တော့ ခွင့်မဲ့ပျက်ကွက်၊ ခွင့်လွန်ပျက်ကွက်တွေပေါ့။ တရားဝင်ခွင့်ယူသွားပြီး ခွင့်ရက်စေ့လို့ တပ်ကိုပြန်မရောက်၊ သတင်းမပို့တဲ့သူတွေကို ခွင့်လွန်ပျက်ကွက်၊ တာဝန်ထမ်းဆောင်နေရင်း တပ်က ထွက်ပြေးတဲ့ သူတွေကို ခွင့်မဲ့ပျက်ကွက်လို့ ရုံးသုံးအနေနဲ့ သုံးပါတယ်။

စစ်တပ်ထဲမှာ မနေချင်တော့လို့ ထွက်ပြေးတဲ့သူတွေထဲမှာ အခြားအဆင့်တွေရှိသလို အရာရှိတွေလည်း ပြေးကြတာပါပဲ။ အရေအတွက်အရဆိုရင်တော့ အခြားအဆင့်တွေပြေးတာ ပိုများပါတယ်။ ပြေးတဲ့အရာရှိ အရေအတွက် နည်းတယ်ဆိုပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့ ၈၈ ခုနှစ်ကစလို့ အနှစ်(၂၀)ကျော်ကာလအတွင်းမှာ စာရင်းလုပ်ယူလို့ရသလောက် တပ်မတော်အရာရှိ (၄၀၀)ကျော်လောက် တပ်ပြေးဖြစ်သွားခဲ့တဲ့အတွက် မဆလခေတ်က တပ်ပြေးအရာရှိအရေအတွက်နဲ့ နှိုင်းယှဉ်ရင် များတယ်လို့ ပြောရပါမယ်။ နိုင်ငံတော်အာဏာကိုပါ စစ်တပ်ကသိမ်းယူထားတဲ့ လုပ်ပိုင်ခွင့်အရှိဆုံး စစ်တပ်ခေတ် အကောင်းဆုံးဆိုတဲ့အချိန်မှာ ဘယ်လိုပြဿနာတွေ အောက်ခြေတပ်တွင်းမှာ ရှိနေလဲဆိုတာ အင်မတန်စိတ်ဝင်စား စရာကောင်းတဲ့ကိစ္စတခုဖြစ်ပါလိမ့်မယ်။

လုပ်ပိုင်ခွင့်လည်းရှိ၊ နေရာလည်းရတဲ့ အရာရှိတွေပြေးတဲ့ မြောက်များစွာသောမှတ်တမ်းတွေထဲက စိတ်ဝင်စားစရာ ကောင်းတဲ့တချို့ကိုပြောရရင်တော့ ဆလအခွဲ (၉၆၄) က ဗိုလ်မှူးမန်ဇမုံ (ဗသက-၅၂)၊ တတက (၃) က ဗိုလ်မှူး ၀င်းကို (အလုပ်သင်-၈)၊ လေကြောင်းကာကွယ်ရေး အရာရှိချုပ်ရုံးက စစ်ဦးစီးမှူး (တ) ဗိုလ်ကြီးနိုင်ထွန်း (စတသ-၄၁)၊ ကက(ကြည်း)(တာဝန်)က စစ်ဦးစီးမှူး (တ) ဗိုလ်ကြီးနေမျိုးအောင် (ဗသက-၉၇)တို့လို အလားအလာကောင်းပြီး အဆင့်မြင့် တာဝန်ရရှိထားတဲ့ အရာရှိတွေ စစ်တပ်ကထွက်ပြေးခဲ့တာပါ။ နေပြည်တော်မှာလည်း ၂၀၁၀ ၀န်းကျင်လောက်က ကက(လျှပ်) လက်အောက်ခံ အလုပ်ရုံတပ်ခွဲတစ်ခုက တပ်မှူး ဗိုလ်မှူးတစ်ယောက် ဆေးရုံတက်ဖို့ အကြောင်းပြပြီးပြေးလို့ ပိတ်ဆို့ ဖမ်းဆီးခဲ့ရပါတယ်။

ဗိုလ်မှူးအဆင့် တပ်ပြေးတွေထဲက တခြားစိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တခုကတော့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးအဖြစ်တာဝန်ယူဖူးတဲ့ ဗိုလ်မှူးချုပ်ကျော်ညွန့်ရဲ့သမီး ကြည်း-၁၉၆၆၆၊ ဗိုလ်မှူးဒေါ်ထက်ထက်ညွန့် နိုင်ငံခြားမှာ ဘွဲ့လွန်သွားတက်ရင်း ပြန်မလာတော့လို့ စစ်ပြေးကြေညာခံရတာပါ။ အဲသည်လိုမျိုး နိုင်ငံခြားကို စေလွှတ်ပြီး ပြန်မလာတော့တဲ့ ဆေးတပ်က အလားတူအရာရှိ အမျိုးသမီးတွေလည်း ရှိဖူးပါတယ်။ တချို့ အရာရှိတွေ တပ်ကပြေးတာကတော့ အလုပ်နဲ့ပက်သက်တဲ့ကိစ္စတွေနဲ့ အခြားပြစ်မူမြောက်တဲ့ ပြဿနာတွေကြောင့်ပါ။ အလုပ်သင် (၁၀) ကဆင်းတဲ့ ကြည်း – ၁၈၀၅၈၊ ဗိုလ်ကြီးအောင်စိုးမြင့်ကတော့ အမှုတွေများပြီး မရှင်းနိုင်တော့လို့၊ အရေးယူ ထောင်ကျခံရမှာ ကြောက်ပြီး ထွက်ပြေးပါတယ်။ သူ့အမှုတွေကလည်း အတော်များပါတယ်။ ခမရ (၁၀၆) မှာ တာဝန်ထမ်းဆောင်တုန်း ကျေးသီးမြို့နယ်၊ ဟာဝမ်ရွာက ကျောင်းဆရာမလေး မနန်းအင်ကို အဓမ္မပြုကျင့်ဖို့ကြံစည်မှု၊ မူးယစ်မှု၊ သီပေါမြို့၊ မန်ပန်ရွာက ဦးပုကျန်တောင်ရဲ့ လက်စွပ်တစ်ကွင်းနဲ့ ရွှေနားတောင်းတစ်ဖက်ကို ခိုးမှုမှာ သက်သေခံပစ္စည်းကို အတုလုပ်ပြီးတင်ပြမှု၊ စစ်ပြေးမှု အစရှိတဲ့အမှုတွေကို စစ်နေတုန်းမှာပဲ ထွက်ပြေးသွားခဲ့ပါတယ်။ အဲသလို စစ်တပ်က ပြေးလို့ စစ်ပြေးကြေညာလိုက်တဲ့ အရာရှိတွေထဲမှာ ထူးထူးခြားခြား တစ်ယောက်ကတော့ ကက (ဆေး)မှာ စစ်ဦးစီးမှူး (တ) တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးနိုင်ဝင်းပါပဲ။ ထူးထူးခြားခြားဆိုတာတော့ သူက ရွှေပါရမီတောရဆရာတော် အရှင်စန္ဒာဓိကရဲ့ ညီ ဖြစ်နေလို့ပါ။ ဗိုလ်ကြီးနိုင်ဝင်းဟာ ကက(ဆေး)မှာ တာဝန်ထမ်းဆောင်နေစဉ် ၂၀၀၆ ခုနှစ်၊ ဖေဖော် ၀ါရီလအတွင်းမှာ ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ ပျဉ်းမနားကိုသွားရာကနေ ပြန်မရောက်လာတော့ပဲ ခွင့်မဲ့ပျက်ကွက်တာခဲ့မို့ တပ်ပြေးဖြစ်သွားခဲ့ပါတယ်။

တပ်ကပြေးကြတဲ့အရာရှိတွေထဲမှာ ရုရှားက မဟာဘွဲ့တွေသွားယူလာကြတဲ့ အရာရှိတွေလည်း ပါပါတယ်။ ရုရှားပြန် တပ်ပြေးအရာရှိတွေထဲက တိတိကျကျပြောရရင်တော့-

(၁) ကြည်း-၃၁၅၂၆၊ ဗိုလ်ကြီးထွန်းရဲအောင်၊ စတသအပတ်စဉ် (၄၁)၊ (ရုရှားမှ မဟာအင်ဂျင်နီယာနှင့်နည်းပညာဘွဲ့ရ)၊ စစ်တက္ကသိုလ်တာဝန်ထမ်းဆောင်စဉ် ပြေး၊

(၂) ကြည်း-၃၃၄၉၉၊ ဗိုလ်ကြီးဇော်ဇော်အောင်၊ တနတအပတ်စဉ် (၃)၊ (ရုရှမှ မဟာအင်ဂျင်နီယာနှင့်နည်းပညာဘွဲ့ရ)၊ တနတတွင်တာဝန်ထမ်းဆောင်စဉ် ထွက်ပြေး၊

(၃) ကြည်း-၃၄၈၄၉၊ ဗိုလ်ကြီးမြတ်စိုးခိုင်၊ တဆတအပတ်စဉ်(၃)၊ (ရုရှားမှ ကင်ဆာရောဂါကုသရေးဆိုင်ရာဘွဲ့ရ)၊ တဆရ(၂/၅၀၀) မှ ထွက်ပြေး၊

(၄) ကြည်း – ၃၄၇၆၄၊ ဗိုလ်ကြီးမျိုးသက်ထူး၊ တနတအပတ်စဉ်(၄)၊ (ရုရှမှ မဟာအင်ဂျင်နီယာ(စက်မှု/လျှပ်စစ်)ဘွဲ့ရ) တနတမှ ထွက်ပြေး၊

(၅) ရေ-၄၁၈၉၊ဗိုလ်နေအောင်လတ်၊ စတသအပတ်စဉ် (၄၅)၊ (ရုရှားမှာ ကျောင်းတက်နေစဉ်ထွက်ပြေး)

(၆) ကြည်း-၄၁၂၅၁၊ ဗိုလ်စည်သူထိုက်၊ စတသအပတ်စဉ်(၄၇) (ရုရှားတွင် စာမေးပွဲကျပြီး မြန်မာနိုင်ငံသို့ ပြန်လွှတ်)၊ ရန်ကုန်မြို့တွင် ပြေး၊ မိခင်တပ်ရင်း ခမရ (၆၀၆)၊

(၇) ကြည်း-၄၃၆၁၇၊ ဗိုလ်ဇော်မြင့်ထွန်း၊ စတသ(၄၈)၊ (ရုရှားတွင် ကျောင်းပြေး၊ စာမေးပွဲကျသဖြင့် ကျောင်းထုတ်ခံရ)၊ ရန်ကုန်မြို့သို့ ပြန်ရောက်လာပြီး ထွက်ပြေး၊

(၈) နောက်တစ်ယောက်ကတော့ တနတအပတ်စဉ် (၁) က ဆင်းတဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းပါ။ သူကတော့ နာမည်ကြီး အားလုံးသိပြီးသားမို့ အသေးစိတ်ပြောဖို့မလိုပါ။

လုပ်ပိုင်ခွင့်ရ၊ နေရာရကြတဲ့ အရာရှိတွေတောင် တပ်မှာ မနေချင်တော့တဲ့အခါ ထွက်ပြေးကြတာမို့ အခြားအဆင့်တွေ ဆိုရင်တော့ ပြောဖွယ်ရာမရှိတော့ပါဘူး။ ပြုစုထားတဲ့ တချို့ စာရင်းတွေအရဆိုရင် ၂၀၀၅ ခုနှစ် အတွင်းက တပ်ပြေး (၁၃၀၅၀) ဦး၊ ၂၀၀၆ ခုနှစ်၊ မေလနဲ့သြဂုတ်လ နှစ်လအတွင်းမှာ တပ်ပြေး (၉၄၉၇) ဦး၊ ၂၀၀၈ ခုနှစ် ဒုတိယလေးလပတ် အတွင်းမှာ တပ်ပြေး (၅၀၀၀) ကျော်ရှိခဲ့ပါတယ်။ အထောက်ထားမှတ်တမ်းလုပ်လို့ ရသလောက် ကိန်းဂဏန်းအပြင် စုဆောင်းမရနိုင်တဲ့ အချက်လက်တွေရှိနိုင်တာမို့ စစ်တပ်ရဲ့ ပြုန်းတီးအင်အားဟာ အခုဖေါ်ပြထားတဲ့ ကိန်းဂဏန်းထက် များနေဖို့သာ ရှိပါတယ်။ သည်ကိန်းဂဏန်းတွေကို ကြည့်တာနဲ့ တပ်တွင်းမှာ အောက်ခြေမကျေနပ်ချက် ပြဿနာတွေ များလှမယ်ဆိုတာကတော့ အင်မတန်စိတ်ဝင်တစား လေ့လာဖို့ ကောင်းတဲ့ကိစ္စတခုပါ။ တစ်နှစ်တစ်နှစ်မှာ ထောင်နဲ့ချီပြီး တပ်ပြေးတွေများနေပေမဲ့ တပ်သားသစ်တွေက ထင်သလောက်စုဆောင်းလို့မရတာမို့ ဖွဲ့စည်းပုံအင်အားပြည့်တဲ့ တပ်ရင်း/တပ်ဖွဲ့ဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့်မို့ တပ်နေပျော်ရေးဆိုတာ တပ်မှူးတိုင်းအတွက် အထူးအစီစဉ်နဲ့ မဖြစ်မနေဦးထိပ်တင်ထားရတဲ့ ခေါင်းပူယုံတင်မက နေရာထိုင်ခင်းပါပူလောက်၊ ထိုင်ခုံပျောက်လောက်တဲ့ကိစ္စတခု ဖြစ်နေတာပါ။ တပ်ရင်းတိုင်း တပ်ဖွဲ့တိုင်းက အထက်ကိုတင်ပြရတဲ့ မြောက်များလှစွာသောအစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ မိမိတို့တပ်မှာ တပ်နေပျော်ရေးကို ဘယ်လိုစီစဉ်ထားကြောင်းကို တခမ်းတနားတင်ပြနိုင်ဖို့က တပ်မှူးတိုင်းရဲ့ တို့အရေးတစ်ပါးပါပဲ။ မိမိတပ်မှာ တပ်ပြုန်းတီးအင်အား (တပ်ပြေး) အရေအတွက်များလာပြီဆိုရင် တပ်မှူးတွေအဖို့ နေမထိထိုင်မသာဖြစ်လာရတဲ့ သေရေးရှင်ရေး ကိစ္စတခုဖြစ်လာရပါတယ်။

မဆလခေတ်မှာ မြန်မာ့အသံအပါအ၀င် ၀ါဒဖြန့်ချီရေးတွေနဲ့ ၀ါဒဖြန့်ခဲ့တာတွေကြောင့် လူငယ်လူရွယ်တွေဟာ တိုင်းပြည်ကိုကာကွယ်ဖို့၊ ယောက်ျားဆန်ကြောင်းပြဖို့ စသဖြင့်အကြောင်းကြောင်းတွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ တပ်မတော်အတွင်းသို့ ၀င်ရောက်အမှုထမ်းသူတွေရှိခဲ့ပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း မှာတော့ ယုံကြည်ချက်အရ ၀င်ရောက်စစ်မှုထမ်းသူတွေ တော်တော်ရှားလာပါတယ်။ တနည်းဆိုရရင် လူထုကို ဖိနှိပ်မှုမှာအသုံးချခံခဲ့ရတဲ့အတွက် တပ်မတော်အပေါ် လူထုရဲ့ကြည်ညိုမှု၊ ယုံကြည်မှုလျော့သွားတာလို့လဲ ပြောလို့ရပါလိမ့်မယ်။ ခုနောက်ပိုင်းစစ်တပ်ထဲဝင်တယ်ဆိုတာမှာလည်း ယုံကြည်ချက်တွေ၊ ခံယူချက်တွေကြောင့် ၀င်လာတဲ့သူက အရေအတွက်နည်းပြီး အဆွယ်ကောင်းလို့၊ အတင်းစည်းရုံးခံရလို့၊ ဘာလုပ်ရမှန်းမသိလို့၊ အနေအစားချောင်မယ် ထင်လို့၊ အရပ်ထဲမှာနေမဖြစ်မယ့်ပြဿနာ ပြစ်မှုတစ်ခုခုရှိလို့စသဖြင့် အကြောင်းရင်းတွေနဲ့ ၀င်လာကြတာများပါတယ်။ စစ်တပ်ထဲ ရောက်လို့ ထင်သလိုမဖြစ်၊ အနေအစားမချောင်တဲ့အပြင် တပ်စိပ်မှူး၊ တပ်စုမှူးအစရှိတဲ့ အထက်က လူတွေရဲ့ အဆူအဆဲနဲ့ ကိုယ်ထိလက်ရောက် ထိုးတြိတ်တာတွေ၊ တရားလက်လွတ် အနိုင်ကျင့်ခံရတာတွေနဲ့ ကြုံရ၊ စစ်ဆင်ရေးတွေမှာ ငတ်ငတ်ပြတ်ပြတ် ပင်ပန်းတာတွေကြုံရ၊ စစ်ဆင်ရေးမရှိလည်း လယ်စိုက်ရ၊ မွေးမြူရေးလုပ်ရ၊ ဖက်ထိပ်လုပ်ရ၊ ရတဲ့လစာနဲ့သုံးတာနဲ့ မလောက်ငှတော့ ကြွေးတွေတင်၊ ကြာတော့ စိတ်ညစ်ပြီး တပ်ပြေးတွေ ဖြစ်ကုန်ကြပါတယ်။

အဓိကပြဿနာကတော့ အဆမတန်တိုးချဲ့လိုက်တဲ့ တပ်အင်အားကို အဆင့်တန်းမှီအောင် ကျွေးမွေးဖို့၊ လူလိုသူလိုနေရဖို့ ထောက်ပံ့နိုင်တဲ့ဖူလုံရေးအစီအစဉ် ညံ့ဖျင်းလွန်းမှုပါ။ တပ်ရိက္ခာတွေကလဲ မဆလခေတ်နဲ့ နှိုင်းယှဉ်လို့မရအောင် နည်းပါးလာတဲ့အပြင်၊ တပ်မတော်ကအစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ရဲဘော်ရဲဘက်စိတ်က တပ်မှူး၊ တပ်ရင်းမှူးတွေမှာ မရှိတော့တာက အောက်ခြေအခြားအဆင့်တွေ တပ်တွင်းမှာ နေလို့မဖြစ်အောင် အနေအစားကြပ်လာရတဲ့ ပြဿနာပါ။ အတုမြင်အတတ်သင်ဆိုသလို အဆင့်ဆင့် ကိုယ့်အိတ်ထဲပဲ ထည့်၊ ကိုယ်ကျိုးပဲရှာတတ်လာတဲ့ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှုကလည်း ရှိလာပါတယ်။ တပ်မှူးး၊တပ်ရင်းမှူးတွေဖက်က ကြည့်ရင်လည်း ချောင်လှတာတော့မဟုတ်ပါ။ အစဉ်အဆက်က တပ်မှူးတွေကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် စီမံခွင့်ရခဲ့တဲ့ တပ်ရင်းရန်ပုံငွေလိုကိစ္စမျိုး၊ လုပ်ပိုင်ခွင့်မျိုးတွေကို အထက်က ထိပ်တန်းအရာရှိတွေက စုပုံယူထားပြီး တပ်တွင်းပြဿနာတွေကိုတော့ ကိုယ်ဘာသာရှင်းနေရတာမို့ တပ်ကိုစေတနာထား၊ ကိုယ်ကျင့်တရားအတော်သင့် ကောင်းမွန်တဲ့ တပ်မှူးတွေဆိုရင်လည်း အတော်လေးခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်ရပါတယ်။ တပ်ဆောင်ပုဒ်အတိုင်း ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အထက်အမိန့်အရ မဖြစ်စလောက်တပ်ရန်ပုံငွေကိုသုံးပြီး တပ်နေပျော်ရေးကို ကိုယ်ထူကိုယ်ထ မဖြစ်နိုင်တာတွေလုပ်နေရတာပါ။ နောက်ဆုံးတော့ အရင်လူတွေလုပ်ခဲ့သလိုပဲ မိုးခါးရေကို ခါတော်မှီသောက်၊ ရနိုင်တဲ့နည်းနဲ့ငွေရှာတဲ့လမ်းကို လိုက်ရတော့တာနဲ့ပဲ အဆုံးသတ်ရပါတော့တယ်။ တပ်မှူးတော်တော်များများကလဲ တပ်ထဲဝင်တာ တပ်အတွက်ငွေရှာနေရတာမို့ ကုမ္ပဏီမန်နေဂျာနဲ့ပိုတူနေတာကို စိတ်ပျက်ကြပါတယ်။ တရားမ၀င်တဲ့ နည်းလမ်းနဲ့တပ်အတွက်ငွေရှာရင်း ကိုယ့်အတွက်ပါအပိုရှာ တတ်လာတာကတော့ မဆန်းလှပါဖူး။ နောက်ဆက်တွဲအနေနဲ့ကတော့ ငွေရနိုင်တဲ့လုပ်ငန်းတွေကို တပ်တွင်းမှာတင်မက တပ်ရင်းအခြေစိုက်တဲ့ ပတ်ဝန်းကျင်လူထုဆီကပါ မဖြစ်မနေရှာလာရတဲ့အတွက် လူထုကို နှိပ်စက်တဲ့တပ်ဖြစ်လာရ၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျ အကြည်ညိုပျက်ရတဲ့ အခြေအနေ ရောက်လာပါတော့တယ်။ သည်လိုနဲ့အကျိုးဆက်က တပ်သားသစ်စုဆောင်းရေးမှာ ခက်ခဲလာပြီး မုန့်လုံးစက္ကူကပ်တဲ့ တပ်အင်အားပြုန်းနီးမူဇာတ် တပတ်ပြန်လည်လာတာပါ။

တပ်အင်အား ပြုန်းတီးမူကိုလေ့လာရင် မြင်သာထင်သာရှိတဲ့ကိစ္စက တပ်ပြေးများတဲ့တပ်အမျိုးအစားတွေပါ။ တိုက်ရ ခိုက်ရနဲ့ ပင်ပန်းကြမ်းတမ်းတဲ့ ခြေလျင်/ခြေမြန်တပ်က ပြေးတဲ့သူတွေများပြီး အနေအစားချောင်ပြီး အောက်ဆိုက် ၀င်ငွေကောင်းတဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်လိုမျိုးကတော့ တပ်ပြေးနည်းပါတယ်။ အနေ အစား ချောင်တဲ့တပ်ဆိုပေမဲ့လည်း ပြေးတဲ့သူတွေ အနည်းနဲ့အများတော့ရှိပါတယ်။ တမြန်နှစ်က တပ်မတော်ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးရဲ့ လေးလပတ်အစည်းအဝေးမှာ ဆိုရင် ထပရ(၁၂၁) က တပ်ပြေး (၆၂) ယောက်၊ ထပရ (၄၂၄) က တပ်ပြေး (၃၃) ယောက်၊ ထပရ (၆၂၆) က တပ်ပြေး (၃၄) ယောက်၊ ထပရ (၇၂၇) က တပ်ပြေး (၄၁) ယောက်၊ ထပရ (၉၃၅) က တပ်ပြေး (၄၀)၊ ထပရ (၉၂၉) က တပ်ပြေး (၂၂) ယောက်၊ ထပရ (၉၃၂) က တပ်ပြေး (၁၂) ယောက် စတဲ့ စံချိန်တင်လောက်တဲ့ တပ်ပြေးစာရင်းတွေတက်လာလို့ တပ်မှူးတွေအကုန်လုံး စံချိန်တင်လောက်အောင် အဆဲခံလိုက်ရတယ်လို့ဆိုပါတယ်။

တပ်ရင်းတွေမှာ စစ်သားတွေ ထွက်ပြေးကြမှာစိုးလို့ အကြောင်းမရှိပဲ အပြင်ထွက်ခွင့်မပြုဖို့ တပ်ရင်းဂိတ်တွေမှာ စည်းကမ်းထုတ်ထားရပါတယ်။ ဒါတင်မက နေပြည်တော်စစ်ရုံး၊ တပ်ရင်းတစ်ခုမှာဆိုရင် တပ်ရင်း မိသားစုတွေအတွက် တစ်ပတ်နှစ်ကြိမ် ဈေးလိုက်ပို့ပေးတဲ့ ဈေးကားကို တပ်ရင်းမှူးကိုယ်တိုင်ပဲဖြစ်ဖြစ်၊ တပ်ရင်းမှူး မအားရင် အနည်းဆုံးတပ်ခွဲမှူးတွေ လိုက်လိုက်လာပြီး ရဲဘော်တွေနဲ့အတူ ဈေးကားလိုက်လေ့ရှိပါတယ်။ “သြော်၊ ဒီအရာရှိတွေက ရဲဘော်တွေကိုအတော်ဂရုစိုက်သားပဲ” လို့ အပြင်ဗန်းယူဆရပေမယ့် တကယ့်အကြောင်းရင်းက ဈေးကားနဲ့ဈေးလိုက်ဝယ်တဲ့ ရဲဘော်သုံးယောက်ပြေးတာက စပါတယ်။ နောက်ထပ်ပြေးရင် ယာယီတပ်ရင်းမှူး/ ဗိုလ်မှူးကနေ ဒုဗိုလ်မှူးကြီးဖြစ်ဖို့ ဆားဗစ်ထိမယ်လို့ အထက်ကကြိမ်းတာမို့ ဈေးကားလိုက်စောင့်ရတဲ့ တပ်မှူးတဦးဖြစ်လာတာပါ။ တပ်ပြင်ပမှာ လုံခြုံရေးဆောင်ရွက်ဖို့ စေလွှတ်ရင်း ထွက်ပြေးသွားတတ်တာမို့ အဲဒီ့တပ်မှူးဟာ သူ့တပ်က အပြင်လုံခြုံရေးယူရရင်တောင် ထွက်မပြေးဘူးယုံရလောက်တဲ့သူတွေ၊ သူ့ရဲ့အတွင်းလူတွေကိုသာ ရွေးချလွန်းလို့ သူ့နားကလူတွေလဲ အတော်ညည်းကြရပါတယ်။ အခြားအဆင့်တွေပဲ ပြေးတာမဟုတ်ပါဘူး။ ခမရ (၃၅၃) က ကြည်း-၅၆၀၈၆ ဗိုလ်မျိုးမင်းသိန်း၊ ကြည်း-၄၂၀၅၃ ဗိုလ်ကြီးချမ်းမြေ့အောင် တို့လို လုံခြုံရေးသွားယူရင်း၊ တပ်ပြင်ခဏထွက်သွားရင်း ထွက်ပြေးသွားတဲ့ အရာရှိတွေလည်း ရှိပါတယ်။ အဲဒါက တပ်ပြေးကိစ္စမှာ တပ်မှူးတွေရဲ့မသေးလှတဲ့ ပြသနာကို ပြောချင်တာပါ။

တပ်ပြေးကိစ္စနဲ့ပက်သက်လို့နေပြည်တော်မှာရှိတဲ့ ထူးခြားတဲ့ပြသနာတခုကတော့ တပ်ရင်းတစ်ခုကနေ စစ်သား (၂) ယောက် ထွတ်ပြေးပြီး တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီးဆီက ငွေပြန်ညှစ်တဲ့ဇာတ်လမ်းပါ။ ဖြစ်ခဲ့တာကတော့ ထောက်/ပို့လက်အောက်ခံတပ်တစ်ခုပါပဲ။ တပ်သားနှစ်ယောက်က ထွက်ပြေးပြီးမှ ပိုက်ဆံမရှိတော့လို့ တပ်ရင်းမှူးဆီ ဖုန်းဆက်ပြီး “ပိုက်ဆံ(၃) သိန်းလွှဲပေး၊ မပေးရင် ဗိုလ်မှူးတို့ ပိုက်ဆံတွေ ဘယ်လိုဘုံး နေလဲဆိုတာ နိုင်ငံခြား ရေဒီယိုတွေဆီ ဖုန်းဆက် ပြောပစ်လိုက်မယ်” လို့ခြိမ်းခြောက်လို့ ရဲတွေကို ပိုက်ဆံပေးပြီး တပ်ရင်းမှူးကိုယ်တိုင် ထောင်ချောက်ဆင် လိုက်ဖမ်းခိုင်းရတဲ့ အဖြစ်မျိုးရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ပြေးတဲ့သူတွေက တပ်တွင်းမှာရှိစဉ်က တပ်ရင်းမှူးရဲ့တိုးတိုးတိတ်တိတ်ငွေရှာကွက်တွေမှာ ခိုင်းဖူးတဲ့အနီးကပ်တပည့်တွေဖြစ်နေခဲ့တာကြောင့် အခုလို ဖြစ်ရတာလို့ အတွင်းစကားတွေကဆိုပါတယ်။ တပ်ရင်းအားလုံးရဲ့ထုံးစံအရတော့ တပ်က ထွက်ပြေးတဲ့ တပ်ပြေးတွေကို ဖမ်းမိလို့ စစ်ခုံရုံးတင်တဲ့အခါမှာ တပ်ကအရာရှိတွေရဲ့ ပေါ့လျော့မှု၊ တပ်တွင်းဆင်းရဲကျပ်တည်းမှုကြောင့် ပြေးရတာမဟုတ်ကြောင်း စစ်ခုံရုံးအစီရင်ခံစာမှာ ထည့်ရေးရပါတယ်။ ဒါမှ အရာရှိတွေကအင်မတန်တော်လျှက်နဲ့၊ တပ်ရင်းမှာလည်း အင်မတန် ပြည့်စုံအောင် တပ်နေပျော်ရေးအစီစဉ်တွေ စီစဉ်ပေးပါလျှက်နဲ့ တပ်ပြေးတွေက စိတ်ဓာတ်ပျော့ညံ့လို့ ပြေးရတာပါလို့ လူကြီးတွေ ဖတ်လို့ကောင်းအောင်၊ ကျန်တဲ့အရာရှိတွေဆီကို အပြစ်ပုံမကျအောင် ရေးရပါတယ်။

တပ်ပြေးနဲ့ပတ်သက်တဲ့ တပ်တွင်းစစ်တရားရုံးအစီရင်ခံစာကို ဖေါ်မြူလာအရ ပြန်ရေးရရင်-

(အမှတ်(-)ခြေမြန်တပ်ရင်းမှ ပြန်တမ်းဝင်အမှတ်၊ ကြည်း—ဗိုလ်ကြီး (တပ်ရေးဗိုလ်ကြီး/ တပ်ခွဲမှူးပေါ့) အား မှန်ကန်စွာထွက်ဆိုရန် သတိပေးပြီးနောက် ထွက်ဆိုသည်မှာ- ၎င်းစစ်သည်သည် (-)ရက်နေ့(-)နာရီ အချိန်ခန့်မှစ၍ အထက်အရာရှိတစ်ဦးဦး၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ မိမိသဘော ဆန္ဒအလျောက် ခွင့်မဲ့ပျက်ကွက်ခဲ့ရာ (၂၁)ရက်ကျော်လွန်သည် အထိ ပြန်လည် အဖမ်းခံခြင်း၊ ဖမ်းဆီးရမိခြင်း မရှိသဖြင့် (-) ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးခုံရုံး ထိုင်၍ တပ်ပြေးကြေညာခဲ့ပါသည်။ ကျွန်တော်တို့တပ်တွင် တပ်နေပျော်စေရေးစီမံချက်ပါအတိုင်း ဘောလုံးကွင်း၊ ကြက်တောင်ရိုက်ကွင်းများ၊ ဘိလိယက်ခုံများ၊ ဘော်လီဘောကစားကွင်းများ၊ ပိုက်ကျော်ခြင်းကွင်း၊ တပ်ရင်း သက်သာဆိုင်များ စီစဉ်ဆောင်ရွက်ပေးထားပြီး၊ လူပျိုစစ်သည်စားရိပ်သာတွင် စားသောက်ရေး အဆင်ပြေစေရန်အတွက် စားရိပ်သာကြီးကြပ်မှု ကော်မတီဖွဲ့စည်း၍ တစ်လလျှင်တစ်ကြိမ် အထူးနေ့လည်စာစားပွဲများ စီစဉ်ဆောင်ရွက် ပေးထားပါသည်။ ထိုသို့ စီစဉ်ဆောင်ရွက် ပေးထားသော်လည်း တပ်သား ———– သည် စည်းကမ်းနှင့် စနစ်တကျထားရှိမှုအပေါ် လိုက်နာနိုင်ခြင်းမရှိဘဲ စိတ်ဓါတ်ပျော့ညံ့ပြီး စစ်သားစိတ်လျော့ပါးကာ တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်းတို့ကြောင့် ခွင့်မဲ့ပျက်ကွက်ရခြင်းဖြစ်ပါသည်။”) လို့ အရာရှိတွေမှာ အပြစ်မရှိကြောင်း ပေါ်လွင်အောင် ရေးရပါတယ်။

တပ်ပြေးအများစုကတော့ လက်နက်မဲ့နဲ့ပြေးကြပေမဲ့ ရှေ့တန်းကနေ ပြေးကြရင်တော့ လက်နက်ပါယူပြီး ပြေးကြတာ များပါတယ်။ လက်နက်ပါယူပြေးရတဲ့အကြောင်းရင်းကတော့ လိုက်ဖမ်းတဲ့သူတွေ နောက်ကလိုက်လာရင် ပြန်အဖမ်း မခံရအောင် ကာကွယ်နိုင်ဖို့နဲ့ တပ်ကနေထွက်ပြေးပြီး နီးစပ်ရာရန်သူတွေဆီ ၀င်ရောက်ခိုလှုံတဲ့အခါ လက်နက်ပါ ပါ လာတော့ မျက်နှာပန်းလှတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ စစ်သားတစ်ယောက် လက်နက်ပါယူပြီး ရန်သူဆီ ခိုလှုံ သွားတယ်ဆိုရင် အဲ့ဒီတပ်က အရာရှိတွေလည်း မချောင်ပါဘူး။ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်နဲ့ ဆားဗစ်ထိနိုင်၊ စစ်တရား ရုံးရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ရှေ့တန်းမှာ ထွက်ပြေးတဲ့ တပ်ပြေးတွေကို လိုက်ဖမ်းရင် အသေရရ၊ အရှင်ရရ လက်နက်ပြန်ရရင်ပြီးရောဆိုပြီး ဒလန်မန်းကြမ်းလိုက်ဖမ်းကြတာမို့ ကိုယ့်တပ်ကလူတွေရဲ့ လက်ချက်နဲ့ပဲ အသက်ပျောက်ခဲ့ရတဲ့ စစ်သည်တွေ မနည်းလှပါဘူး။ တလောကတုန်း ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်း(မြောက်) တိုက်ပွဲတွေမှာလည်း တပ်ကထွက်ပြေးတဲ့ စစ်သည်တွေ အသတ်ခံရတဲ့ သတင်းတချို့ထွက်လာခဲ့ပါတယ်။

အဲသည်လို ကိုယ့်တပ်က လက်ချက်နဲ့ပဲ အသက်ပေးလိုက်ရတဲ့တပ်ပြေးဖြစ်စဉ်တွေအကြောင်းပြောရရင် ၂၀၀၄ ခုနှစ် တုန်းက ကရင်ပြည်နယ်စစ်ဆင်ရေးတစ်ခုမှာ တပ်ကနေထွက်ပြေးရင် နောက်ကလိုက်ဖမ်းသူတွေရဲ့ လက်ချက်နဲ့ သေကြေခဲ့ရတဲ့ တပ်ပြေးဖြစ်စဉ်တချို့ရှိခဲ့ပါတယ် ။ ၂၀၀၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှာ မာနယ်ပလော၊ မဲသဝေါ၊ မဲလနယ်မြေ၊ ပွိုင့်-၁၂၄၈ စစ်ဆင်ရေးခြေကုပ်စခန်းမှာ အခြေပြုထားတဲ့ ခမရ (၃၃၈)မှ ဗိုလ်ထင်ဇော်ဦးစီးတဲ့ ခွဲရုံး (၂) စု ကနေ စစ်သည် (၃) ယောက်ဟာ လက်နက်တွေယူပြီး ထွက်ပြေးသွားကြပါတယ်။ အဲဒီစစ်သည်တွေကတော့ (၁) ကိုယ်ပိုင်အမှတ်၊ ၄၉၃၉၄၈ တပ်ကြပ်ကြီး ခင်စိုး၊ အမ်-၇၉ (၁) လက်၊ သေနတ်နံပတ် (၁၁၅၈၃၆)၊ ၄ဝမမဗုံးသီး (၁၅)လုံး ဘီအေ(၉၁)လက်ပစ်ဗုံး (၁)လုံး။ (၂) ကိုယ်ပိုင်အမှတ်၊ ၉၇ဝ၈၅၇၊ တပ်ကြပ် ဦးတင်ချေ၊ အမ်ဂျီ-၃ စက်လက်(၁)လက်၊ သေနတ်နံပတ် (၄၁၂၄၈)၊ ကျည်ခါးပတ် (၅)ခု၊ ၇.၆၂ကျည် (၂၅ဝ)တောင့်၊ ဘီအေ (၉၁)လက်ပစ်ဗုံး (၁)လုံး။ (၃) ကိုယ်ပိုင်အမှတ်၊ တ-၂၅၈၆၈ဝ၊ တပ်သား ခင်မောင်လှိုင် အမ်အေ- ၁၁(၁)လက်၊ သေနတ်နံပတ်(အေ-၁ဝဝ ၃၃၅၁ ) ကျည်အိမ်(၂)ခု၊ ၅.၅၆ကျည် (၁ဝ၅)တောင့်၊ ဘီအေ(၉၁) လက်ပစ်ဗုံး(၁)လုံး တို့ပဲဖြစ်ပါတယ်။ အဲဒီ့စစ်သည်တွေကို လိုက်လံဖမ်းဆီးပေမဲ့ မမိခဲ့ပါဘူး။ ဒီတော့ ကိုယ့်လူကိုယ်နိုင်အောင်ထိန်းကြ၊ မထိန်းနိုင်လို့ လက်နက်နဲ့ တပ်ပြေးမှု (လက်နက်ဖြင့်ခွင့်မဲ့ပျက်ကွက်ပေါ့) ဖြစ်ရင် ဖြစ်တဲ့တပ်ကအရာရှိတွေနာမယ်လို့ တပ်မမှူး၊ ဗျူဟာမှူးတွေက ကြိမ်းမောင်း ပါတော့တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်တစ်နေ့မှာပဲ ရတခဒေသအတွင်းမှာပဲ လက်နက်နဲ့တပ်ပြေးမှု ထပ်ဖြစ်ခဲ့ပါတယ်။ ရတခ ကွပ်ကဲမှုအောက်မှ စစ်ဆင်ရေးဝင်နေတဲ့ ရှေ့တန်းတပ်မ (၇၇) လက်အောက်ခံ၊ ခမရ(၁၀၆) မှ စစ်ကြောင်း (၂) ဟာ ကော့ကော်၊ မဲပလဲ၊ ထီးချရားဒေသ (မပည အင်န်-၇၇၃၄၄၁ အနီး) မှာ အခြေပြုထားတုန်း ၂၀၀၄ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှာ တပ်ခွဲ (၂)က စစ်သည်နှစ်ဦး လက်နက်တွေယူဆောင်ပြီး တပ်က ထွက်ပြေးသွားခဲ့ပါတယ်။ ထွက်ပြေး သွားတဲ့ စစ်သည်တွေက ကိုယ်ပိုင်အမှတ်၊ တ/၂၃၇ဝ၆၇ တပ်သား အောင်ဆန်းဦး၊ အမ်အေ-၁ (၁)လက်(အက်ဖ်-ဝ၂၅၄၈၂)၊ ကျည်အိမ် (၃)ခု၊ ၅.၅၆ကျည်(၁၅ဝ) တောင့်နှင့် ကိုယ်ပိုင်အမှတ်၊ တ-၂၈၁၆၈၂ တပ်သား ဖြိုးမောင်မောင်၊ အမ်အေ-၁(၁)လက် (အက်ဖ်-ဝ၂၅ ၈၁၃) ကျည်အိမ်(၃)ခု၊ ၅.၅၆ကျည်(၂ဝဝ)တောင့်တို့ ဖြစ်ပါတယ်။

အဲ့ဒီတုန်းက ခမရ (၁၀၆) စစ်ကြောင်း(၂) ရဲ့ စစ်ကြောင်းမှူးက ဗိုလ်မှူးခင်မောင်သန်းဖြစ်ပြီး တပ်ခွဲမှူးကတော့ ဗိုလ်ကြီးလှမိုး (ဗသကအပတ်စဉ်-၈၇) ပါ။ အထက်က ကြိမ်းမောင်းထားပြီး နောက်နေ့ပြေးတာဆိုတော့ ဗျူဟာရုံးနဲ့ တပ်မကလည်း ဖိအားပေးလာတာကြောင့် နယ်မြေအတွင်း ကွက်ပြည့်နင်းပြီး တပ်ပြေးတွေကို တရကြမ်းလိုက်ရှာ ပါတော့တယ်။

အပြည့်အစုံ ဖတ်ရန် - http://www.burmavjmedia.net/2013/08/21/army-deseter-and-future/
— with Aung Moe Win and 49 others.

No comments: