Tuesday, December 3, 2013

ကန္တာ. . .

ကန္တာ. . .

၅၅၀ ထဲ မတော့. . .
အဲဒီည. . .
ကန္တာထဲ
ပျော်ပွဲကျင်းပနေလိုက်ပုံက
ရှိရှိသမျှ
မသောက်ရက် မသုံးရက် ရေတွေ. . .
ချိုးသူချိုး
သောက်သူသောက်
သွန်မှောက်ပစ်လိုက်တဲ့ သူတွေလည်း ရှိရဲ့
လေး. . လို့ . . .တဲ့။

အဲဒီ ခေါင်းဆောင်တွေပေါ့
တလျှောက်လုံး အနစ်နာခံခဲ့ကြ
တလျှောက်လုံး ရှေ့တန်းက နေခဲ့ကြ
ငါတို့ သူတို့ကို ယုံတယ်. . .
သူတို့ကို ယုံတယ်. . .
ဒို့မေကြီး ကို ဒို့ယုံတယ်
ဒို့ကိုကြီး ကို ဒို့ယုံတယ်. . .
ဒါ ဒို့နိုင်ငံရေးပဲ၊ ဒါပဲ တဲ့. . .

သွားလေရာ ရောက်လေရာ
မမြင်ဖူး
မကြုံဖူး သူတွေက
ဟစ်တီးရီးရပ်စ်တွေဖြစ်ကြ
ဒို့ခေါင်းဆောင်မှ ဒို့ခေါင်းဆောင်
မိုက်ကယ်ဂျက်ဆင် လာလို့ ငိုယိုကြိုဆိုတဲ့
ပရိတ်သတ်တွေကိုသာ သတိပြေးရမိတော့တယ်. . .
သြော် ပရိတ်သတ်တို့. . .
တန်ရာ တန်ရာပဲ ရလေရဲ့. . .။

မကြာခင်
မြင်ရမယ့် ရေကန်ကြီးကို ရောက်ဖို့ ရဖို့
ရေကန်ပိုင်ရှင်တွေနဲ့ ညီညွတ်ဖို့ လိုပါသတဲ့. . .
အသုံးချခံပါ့မယ် တဲ့
အားလုံးပါဝင်ဖို့ လိုတယ်တဲ့. . .

ဟောဟို မြောက်ဖျားမှာ
လူတချို့အစားခံရ
ဟောဟို အလယ်ပိုင်းမှာ
လူတချို့ ဘ၀တွေပျက်ကြ
အိုးပျောက်
အိမ်ပျောက်
လယ်ပျောက်
တောင်ပျောက်
ဘ၀တွေ ပျောက်ကျရရုံသာမက
ကိုးကွယ်တဲ့ စေတီပုထိုးတွေတောင် အဖြိုအဖျက်ခံရ
တလျှောက်လုံးမြဲမြံတွဲခဲ့တဲ့
ဘာသာခြားလူနည်းစုတွေလည်း စိတ်ဝမ်းတွေကွဲ
အိမ်ဖြိုကျောင်းဖျက်
ကလေးရွယ်အိုမရှောင်
သင်္ကန်းဝတ်ဘီလူးစီး
ဘေးဒုက္ခတွေ ကြုံကျရတွေ့ကြရ. ..
သေသူသေ
ကြေသူကြေ
အရှင်လတ်လတ် မီးရှို့ခံရတာတောင် ရှိသေး
ဒါလဲ
ထိုခေါင်းဆောင်တွေက
တုပ်တုပ်မလှုပ်
ရေငုံနှုတ်ပိတ်နေလိုက်ကျပုံများက
"ရောက်တဲ့နေရာထက်
ကျင့်တဲ့ တရားအရေးကြီးတယ်" ဆိုတာ
ဝစီပိတ်တရား ပါလား. ..
သြောချရင်းမက သြောချရ. . .
တောထဲက လူတွေက မြို့ပေါ်တက်
တော်လှန်ရေးအတွက်
ထောက်ပံ့ကြေးယူရပါသတဲ့
တော်လှန်မယ့်သူတွေဆီက လက်ဖြန့်လို့
ကားပါမစ်တွေနဲ့ ပြန်သွားကြတဲ့
တော်လှန်ရေးသမားကြီးတွေကလည်း ရှိသေး. . .
သြော် ယိုသူမရှက် မြင်သူရှက်ရတဲ့
ငါတို့ သမိုင်းကြီးပါလား. . .။

သုံ့ပန်းဖြစ်ဖူးရုံနဲ့ သူရဲကောင်းဖြစ်
သူရဲကောင်းဖြစ်ဖူးတဲ့သူတွေက
ရွှေပြည်အေး သမားလိုလို
ငြိမ်းချမ်းရေးသမားလိုလို
စာရေးဆရာဖြစ်
ပြဇာတ်ဆရာဖြစ်
နယ်လှည့်တရားဟောဆရာဖြစ်
ဘာမဆို လက်ညှိုးညွှန်ရာ ရေ ဖြစ်. . .
အကုန်သိ
အကုန်တတ်
အကုန်မှန်
ဘာပြောပြော အတုယူစရာ
မှတ်သားစရာ ဖြစ်
ဖြစ်မှန်းမသိ ဖြစ်နေတာ က
ဟိုလိုလို ဒီလိုလို
နောက်ဆုံးတော့ ကြိုးဆွဲခံနေရတဲ့
ထောက်ပံ့ကြေးဝ ရုပ်သေးရုပ်ကြီးတွေကိုဖြစ်
ရောက်လေရာ ကော်ဇောခင်း ပွဲတွေမှာ
လက်နောက်ပစ် မိန့်ခွန်းချွေ
အလို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က
ငါတို့မုန်းခဲ့တဲ့ တိုက်ပုံဝတ်မဆလကြီးတွေလိုပါပဲလား
ဘီလူးသတ်ပြီး ဘီလူးဖြစ်သွားကြတဲ့ သူတွေ. . .

ရာထူး မှ အာဏာမဟုတ်
လူထောက်ခံခံချင်တာလည်း အာဏာ
အဲဒီ အာဏာယစ်မူးစိတ်နဲ့
မတရားတာလည်း မပြောရဲ
လူနည်းစု ကို လူများစု အနိုင်ကျင့်လည်း မြုံ
လူနည်းစု ရှေ့က ရပ်တည်သူတွေကိုလည်း ကြဉ် နဲ့. . .
ဒီမိုကရေစီ ရ မရ ထက်
ပြည်သူလူထု လွတ်မြောက် မမြောက်ထက်
ဖဲကြိုးဖြတ်ဒုသမ္မတတွေ ပေါ်လာချေဦးမယ်. . .

ဟုတ်ပါရဲ့
အလကားကောင်တွေ က
မျက်ထောင့်နီသလေး
ဖနောင့်တိုသလေး ၀င်ပြောတာ
နေရာလိုချင်လို့
နာမည် လိုချင်လို့ ဆိုပဲ. . .

ဒီလိုနဲ့. . .
ဘယ်သူမှလည်း အပြစ်မတင်ရဲ
ဘယ်သူမှလည်း မဝေဖန်ရဲ
ဒို့မေကြီး
ဒို့ကိုကြီးတို့ ဦးဆောင်တဲ့ပွဲ. . .
ကန္တာထဲ. . .
ကျင်းပ နေကြ. .
အို ဒေ၀ဒတ် နဲ့ လှည်းသားငါးရာ တို့. . . ။ ။

ချိုတူးဇော်

ကျနော် နေကောင်း၊ ကျန်းမာ၊ ချမ်းသာ။
မေးမြန်းကြသော မိတ်ဆွေများအား ကျေးဇူးတင်၊ စိတ်ပျက်စက်ဆုပ်သောကြောင့်သာစတေးရှောင်နေတာ ဖြစ်ပါကြောင်း။

No comments: