Thursday, December 19, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အစီရင်ခံစာ ဒီဇင်ဘာ ၂၁ ရက်နောက်ပိုင်းတွင် လွှတ်တော်လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့မည်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အစီရင်ခံစာအား ရေးသားနေပြီး ဒီဇင်ဘာ ၂၁ ရက်နောက်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မူလက ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၊ ပြည်သူများထံမှ အကြံပြုချက် ပေးပို့ရမည့် နောက်ဆုံးရက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အစား ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပေးပို့ရန် ပြောင်းလဲခဲ့သဖြင့် NLD ပါတီမှလည်း ဟောပြောပွဲများ ဆက်လက်ပြုလုပ်ခဲ့ပြီး ယခုမှသာ အစီရင်ခံစာအား ရေးသားနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အစီရင်ခံစာ တင်သွင်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြင်ဆင်လိုသည့် မည်သည့်အချက်များ ပါဝင်သည် (သို့မဟုတ်) မည်သည့်အကြောင်းအရာများ ပါဝင်သည်ကိုမူ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

"ထုတ်ပြန်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ Report ကို အပြင်ထုတ်လို့ ဘယ်ဖြစ်မလဲ။ ပြောလို့မရဘူး။ သုံးသပ်ရေး ကော်မတီက လုပ်မယ့်အလုပ်ကို ကျွန်တော်တို့ အပြင်ကပြောတော့ ဖိအားပေးသလို ဖြစ်နေမှာပေါ့" ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော်ရှိကြောင်းနှင့် လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဖြစ်နေသည့်အတွက် အတိအကျ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ပြောကြားထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် စက်တင်ဘာလအတွင်းက တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးရာတွင် ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအား တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိသဖြင့် ပြည်သူ့ဆန္ဒ သဘောထားရယူရန် ဆုံးဖြတ်ခဲ့ပြီးနောက် အဖွဲ့ခုနစ်ဖွဲ့ခွဲ ကာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်အဆင့်များအား ရှင်းလင်းဟောပြောမှုများ လိုက်လံလုပ်ဆောင်ခဲ့ပြီး ပြည်သူ့သဘောထား ရယူရာတွင် ၉၀ ရာခိုင်နှုန်းမှာ ပြင်ဆင်ရေးလမ်းကြောင်းကို ဆန္ဒပြုကြခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထားမှတ်ချက် ပြန်လည်ပေးခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးပွဲအား မလိုလား၍သာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပြီး အကယ်၍သာ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်ထိ လေးပွင့်ဆိုင်တွေ့ဆုံမှု မပြုလုပ်နိုင်ပါက လုပ်သင့်လုပ်ထိုက်သည်များ၊ လုပ်ဖို့လိုအပ်သည်များကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ၁၀၉ ဦးပါဝင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်ခုနစ်ဦးပါဝင်ကာ ကော်မတီအစည်းအဝေးကို လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၇ ရက်တွင် နေပြည်တော်၌ပြုလုပ်ရန် စီစဉ်ထားပြီး ပြင်ပမှပေးပို့လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် အကြံပြုစာများအား အသေးစိတ်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

(ဒီဇင်ဘာ ၁၅ ရက်က သာယာဝတီမြို့တွင် NLD ပါတီက ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲသို့ တက်ရောက်လာသူများအား တွေ့ရစဉ်)

EMG

ပြန်လည်မျှဝေပေးပါတယ်.
လေးစားလျက်
Martin Swe
19-12-2013

No comments: