Thursday, December 19, 2013

“ဒီမိုကရေစီအပြောင်းအလဲမှာ ၈၈ တို့ ဘယ်လဲ၊ ဘာလဲ”

တင်ဇာအောင်၊ ဖြူဖြူဇင်၊ Mizzima - Thursday, 19 December 2013

သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ရာ ယခင်အစိုးရလက်ထက်က နိုင်ငံရေးဆောင်ရွက်မှုကြောင့် နှစ်ရှည် ထောင်ဒဏ်များ ကျခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းကလည်း အပြောင်းအလဲများထဲမှ တစ်ခုဖြစ်သည်။

နာမည်ကျော် လူသိများသည့် ကျောင်းသားခေါင်းဆောင်များကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလက လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပြီး နောက်ပိုင်း ၈၈ မျိုးဆက်သစ် ကျောင်းသားများသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းကို ထူထောင်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ပိုမိုထင်ရှားခိုင်မာစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ကြသည်။ သို့သော် ၎င်းတို့သွားနေသည့် လမ်းကြောင်းနှင့် ပတ်သက်ပြီး အားမလိုအားမရဖြစ်မှုများ၊ နားမလည်မှုများ ပိုမိုဖြစ်ပေါ်လာခဲ့ပြီး လက်ရှိအခြေအနေတွင် ၈၈ ကျောင်း သားများ “ဘာလုပ်နေသလဲ၊ ဘာလုပ်မှာလဲ” ဟူသောမေးခွန်းများ နိုင်ငံရေးနယ်ပယ်တွင် ပေါ်ထွက်လာ နေပြီ ဖြစ်သည်။



ယင်းကဲ့သို့ အားမလိုအားမရ ဖြစ်မှုများနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ငြိမ်းချမ်းရေးကဏ္ဍ တာဝန်ခံ ကိုမြအေးက “ပြည်သူလူထု အားမလို အားမရဖြစ်တာကို ကျွန် တော်တို့ ကောင်းကောင်း နားလည်တယ်။ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒက နှစ်ပေါင်းများစွာ ဖိထားရာမှ ဘွားကနဲ ပေါ်လာတော့ အကုန်လိုချင်နေကြတာ။ ကျွန်တော်တို့လည်း အကုန်လိုချင်နေကြတာ။ ဒါပေမဲ့ တကယ့် field ထဲကို ဖြတ်သန်းရတဲ့အခါကျမှ မြန်မြန်ဆန်ဆန် လှမ်းရမယ့် အချိန်မှာလည်း လှမ်းခဲ့ပြီးပြီ။ ဖြည်းဖြည်းနဲ့ မှန်မှန်လှမ်းရမယ့် အချိန်ကျတော့လည်း ဖြည်းဖြည်းနဲ့မှန်မှန် လျှောက်ရမယ်။ တချို့တချို့က တက်ကြွ လှုပ်ရှားမှုအပိုင်းမှာ ၈၈ ပါဝင်ပူးပေါင်း ဆောင်ရွက်မှု နည်းတယ်လို့ ပြောတယ်။

တချို့ဟာတွေကျတော့လည်း လူမမြင်တာ ရှိပါတယ်” ဟု အထိုက်အလျှောက် ရှင်းပြခဲ့ပါသည်။ ကိုမြ အေး၏ စကားထဲတွင် တချို့ဟာတွေက လူမမြင်တာ ရှိပါသည်ဆိုသောစကားမှာ စိတ်ဝင်စားဖို့ ကောင်း ပါသည်။

အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းစေရန် ဆောင်ရွက်မည်

ယင်းသို့ဝေဖန်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက အင်အားစုများအဖြစ် သတ်မှတ်ရာတွင် အမြဲတမ်း ပါဝင်လေ့ရှိသည့် ယင်းအဖွဲ့အစည်းအနေဖြင့် လက်ရှိ အပြောင်းအလဲကာလအတွင်း နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင် ဆောင်ရွက်ပေးနေပြီး ပြည်တွင်းတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ ခိုင်မာအားကောင်းစွာ ဖြစ် ပေါ်လာစေရန် ဆောင်ရွက်ပေးနေသည့်အပြင် အများပြည်သူအတွက် လိုအပ်သည့် အကူအညီ အချို့ကို လည်း ဆောင်ရွက်ပေးနေသည်ဟု ယင်းအဖွဲ့မှ ခေါင်းဆောင်ပိုင်းအချို့က ဆိုသည်။

၈၈ လက်ရှိသွားနေသည့် လမ်းကြောင်းနှင့် ပတ်သက်ပြီး လူထုဆက်ဆံရေးဌာန တာဝန်ခံကိုဂျင်မီက “ကျွန်တော်တို့ပြောရင် အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းဖို့ လိုတယ်။ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်တဲ့ကိစ္စတွေက ကျွန်တော်တို့ mission (ရည် မှန်းချက်)ပဲ။ ဒါကို ဦးစားပေး လုပ်တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအနေနဲ့ လုပ်တယ်” ဟု ဆိုသည်။

မတရား အလုပ်ခံရမှုများအတွက် အကူညီပေးနေ

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့်
လက်ရှိတွင် အနယ်နယ် အရပ်ရပ်မှ ပြည်သူများက ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများကို လာရောက်ဖြေရှင်းပေးရန် အကူအညီ တောင်းခံမှုများ ရှိနေသည်ဟုလည်း ကိုဂျင်မီက ဆိုပါသည်။

လက်ရှိတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအနေဖြင့် ရန်ကုန်မြို့ရှိ ရုံးခန်းအပြင် နယ်ဒေသ အနှံ့အပြားတွင် ဆက်ဆံရေးရုံးခွဲ ၆၀ ခန့် ကိုဖွင့်လှစ်ထားရာ အဆိုပါရုံးများသို့ လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ပြည်သူများက ၎င်းတို့၏ နစ်နာမှု၊ ဆုံးရှုံးမှုများ၊ မကျေနပ်ချက်များကို ကူညီဖြေရှင်းပေးရန် တောင်းဆိုမှုများရှိနေခြင်း ဖြစ်သည်။

ယင်းသို့ တိုင်ကြားမှုများ ဖြေရှင်းပေးမှုနှင့် ပတ်သက်ပြီး ကိုဂျင်မီက “နယ်တွေမှာ စာအိတ်တွေနဲ့ တစ်မျိုး၊ တယ်လီဖုန်းနဲ့ တစ်မျိုးပေါ့။ လူကိုယ်တိုင်လည်း လာကြတယ်။ ကျွန်တော်တို့ တကယ် အလုပ်လုပ်နိုင်တဲ့ လူဟောင်းတွေကို နယ်တွေမှာ ရှာနေတယ်။ နှစ်ပြီးလုပ်နိုင်တဲ့ လူဟောင်းတွေကို ရှာနေတယ်။ ဆက်ဆံ ရေးရုံး ဖွင့်မယ်။ တိုင်ကြားရေး လက်ခံမယ်။ ဘယ်လို တိုင်ကြားရတယ်။ ဘယ်လို ဖြေရှင်းရတယ်ဆိုတာ နယ်ရုံးတွေမှာ သင်တန်းတွေ ပေးမယ်” ဟု ပြောသည်။

ကူညီဆောင်ရွက်ပေးရန် တောင်းဆိုသူအများစုသည် ၎င်းတို့ရဲ့နစ်နာချက်များကို မည့်သည့်နေရာဌာနသို့ တိုင်ကြားရမည်ကို မသိရှိသောကြောင့် ယခုကဲ့သို့ လာရောက်တိုင်ကြားခြင်း ဖြစ်သည် ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ရုံးအဖွဲ့မှူး ဦးဇော်မင်းက ဆိုသည်။

လက်ရှိတွင် ၎င်းတို့အဖွဲ့အနေဖြင့် အကူအညီပေးမှုများတွင် ဥပဒေပိုင်းဆိုင်ရာမှာ အကူအညီပေးခြင်း အပြင် အမှန်တကယ် နစ်နာထင်ရှားသည်ဆိုပါက ရုံးအနေဖြင့် စာထုတ်ပေးပြီးတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနဖြစ်စေ၊ တာဝန်ရှိသူများထံ အကြောင်းကြားပေးခြင်း၊ အကြံပေးစာရေးပေး၊ စာတင်ပေးခြင်း များကို လုပ်ဆောင်ပေးသည်ဟုလည်း ဦးဇော်မင်းက ဆိုသည်။

လာရောက် အကူအညီ တောင်းခံတိုင်ကြားမှုများတွင် မြေယာပြဿနာများကို အများဆုံးလာရောက် တိုင်ကြားကြပြီး ဒုတိယအများဆုံးသည် ၎င်းတို့၏ နစ်နာမှုများကို အုပ်ချုပ်ရေးအာဏာပိုင်များက လျစ် လျူရှုခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း မရှိဟုယူဆပြီး တိုင်ကြားသူများဖြစ်ကာ တတိယအများဆုံး လာ ရောက်တိုင်ကြားသူများမှာ တရားရုံးများက စီရင်ဆောင်ရွက်ပုံများကို မကျေနပ်မှုများ ဖြစ်သည်ဟုလည်း ဦးဇော်မင်းက ဆိုသည်။

ယခုကဲ့သို့ လာရောက်အကူအညီ တောင်းခံသူများသည် ၈၈ မျိုးဆက်များ ရုံးခန်းဖွင့်လှစ်ကတည်းက လာရောက်ကြခြင်းဖြစ်ပြီး တစ်နေ့လျှင် ငါးဦးဆယ်ဦးခန့် ရှိသည့်နေ့ရှိသကဲ့သို့ သည့်ထက်ပိုပြီး အများအပြား လာရောက်သည့်နေ့များ လည်းရှိသည်ဟု ၎င်းက ဆိုသည်။

“ရုံးဖွင့်ကတည်းက အလိုလိုနေရင်း complain center ဖြစ်ပြီးတော့ လာကြတာပဲ” ဟု ဆိုသည်။ကူညီ ဆောင်ရွက်ပေးရာတွင် ဥပဒေပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး မဏ္ဍိုင်ဥပဒေ အကယ်ဒမီအဖွဲ့ကလည်း ကူညီပေးကာ တနင်္လာနေ့မှ သောကြာနေ့အထိ ဥပဒေပညာရှင် လေးယောက်ခန့် ၈၈ ရုံးခန်းတွင် ရုံးထိုင် ပြီး ဥပဒေရေးရာများနှင့် ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးနေသည်။

တာဝန်ယူဆောင်ရွက်ပေးနေသည့် ဖြစ်စဉ်များရှိသော်လည်း လာရောက် ကူညီတောင်းခံသည့်ကိစ္စများ၏ သုံးပုံ တစ်ပုံခန့်သာ အောင်မြင်သည်ဟုလည်း ရုံးအဖွဲ့မှူးက ဆိုသည်။

လက်ရှိတွင် နယ်ဒေသများ၌ ရုံးခွဲများ ဖွင့်လှစ်ထားပြီး နောက်ပိုင်းတွင် စနစ်တကျ ဖွဲ့စည်းသွားမည် ဖြစ် ကာ လုပ်ကိုင်လိုသူများကို သင်တန်းများပေးမည်ဖြစ်ပြီး အကျင့်ပျက်ခြစားမှုများ၊ အခါအားလျှော်စွာရှိလာ မည့် ရွေးကောက်ပွဲစသည့် ကိစ္စရပ်များတွင်လည်း စောင့်ကြည့်သွားနိုင်ရန် လုပ်ဆောင်သွားမည်ဟုလည်း ကိုဂျင်မီက ဆိုသည်။

၈၈ ငြိမ်းပွင့် ဘာနဲ့ရပ်တည်သလဲ

ယင်းသို့ ဆောင်ရွက်ပေးမှုများ ရှိနေသည့် ၎င်းတို့အနေဖြင့် ရုံးခန်းဖွင့်လှစ်ရာတွင် ကုန်ကျသည့် ၀င်ငွေ အပါအ၀င် အဖွဲ့ရန်ပုံငွေအတွက် အလှူခံခြင်း၊ နိုင်ငံခြားမှ ထောက်ပံ့ငွေယူထားခြင်း မရှိဟုလည်း ကိုဂျင်မီ က ဆိုသည်။

၎င်းတို့၏ ရပ်တည်မှုနှင့် ပတ်သက်ပြီး ကိုဂျင်မီက “ကျွန်တော်တို့ အလှူထွက်မခံဘူး။ လာလှူရင် လက်ခံ တယ်။ နိုင်ငံခြားပရောဂျက်မရှိဘူး။ အဲဒါကို အတိအလင်း ပြောတာပါ။ ကျွန်တော်တို့ကို ပုံမှန် လှူတဲ့သူ ရှိတယ်။ ပြည်ပက မြန်မာတွေကလည်း လှူတယ်။ ဥပမာ စင်ကာပူလို နေရာမျိုးကပေါ့” ဟု ဆိုသည်။

“ပြည်သူလူထုနဲ့ ရပ်တည်မယ်။ ပြည်သူထောက်ခံမှုရှိရင် ကျွန်တော်တို့ ရပ်တည်နိုင်မှာပဲ” ဟုလည်း ဆိုသည်။

ငြိမ်းပွင့်အနေနဲ့ ပါတီမထောင်ပါ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အချို့အနေဖြင့် တစ်သီးပုဂ္ဂလိကအနေဖြင့် သော်လည်းကောင်း၊ နှစ်သက်ရာ လမ်းစဉ်ဖြင့် လာမည့်၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများ ရှိသော်လည်း လက်ရှိဖွဲ့စည်းထားသည့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းအမည်ဖြင်
့ ပါတီထောင်ရန်မရှိဟု ခေါင်း ဆောင်ပိုင်းက အတိအလင်း ပြောကြားလိုက်သည်။

ကိုဂျင်မီက “၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းနာမည်နဲ့တော့ ပါတီထောင်ဖို့ မရှိဘူး။ လူတစ်ဦးချင်း တစ်ယောက်ချင်းစီအနေနဲ့တော့ အချိန်မရွေး လုပ်သွားနိုင်တာ ရှိပါတယ်” ဟု ဆိုသည်။

ကိုမြအေးကလည်း “ကျွန်တော်တို့ ၈၈ တစ်အုပ်စုလုံး အနေနဲ့တော့ ပါတီထောင်ဖို့မရှိဘူး။ အဲဒီ အထဲကမှ ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်ချင်တဲ့သူရှိရင် ရှိလိမ့်မယ်။ တစ်ဦးချင်းစီလည်း ဖြစ်ချင် ဖြစ်မယ်။ ရှိပြီးသား ပါတီနဲ့ ပူးပေါင်းတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါက တစ်ဦးချင်းစီ ဆုံးဖြတ်ချက်ပါ” ဟု ဆိုသည်။

ငွေရတု ကြေညာစာတမ်းကို အကောင်အထည်ဖော်မယ်

၎င်းတို့ရှေ့ဆက်သွာမည့် လမ်းစဉ်များတွင်၂၀၁၃ ခုနှစ်၊ သြဂုတ်လက ပြု လုပ်ခဲ့တဲ့ ၈၈ ငွေရတု အခမ်း အနားကနေ ချမှတ်ထားတဲ့ ငွေရတု ကြေညာစာတမ်းပါ အချက်တွေကို ယခု ဒီဇင်ဘာလထဲမှာပဲ စတင် အကောင်အထည် ဖော်မည်ဟု ကိုမြအေးက ဆိုသည်။

အဆိုပါ ကြေညာစာတမ်းတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် လိုအပ်သကဲ့သို့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရမည်ဟုလည်း ပါဝင်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန် အတွက် အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန်လိုအပ်သည်ဟု အလေး အနက်ခံယူသည်ဟု ကြေညာစာတမ်းတွင် ဆိုထားသည်။

လက်ရှိတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအနေဖြင့် လုပ်ကိုင်နေသည့် ကဏ္ဍ ပေါင်း ၁၂ ခု ရှိပြီး ယင်းတို့မှာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာ၊ လူထုဆက်ဆံရေး၊ သတင်းပြန်ကြားရေး၊ အမျိုးသမီးဥပဒေရေးရာ၊ လယ်ယာစီးပွားနှင့် တောင်သူလယ်သမား အလုပ်သမား၊ အိုင်တီ၊ ရုံးအဖွဲ့နှင့် ဘဏ္ဍရေးဌာန အစရှိသဖြင့် ကဏ္ဍများခွဲ၍ လုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ငြိမ်းပွင့်အပေါ် အများ၏ အမြင်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကို နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သည့် ဒေါက် တာ ရန်မျိုးသိမ်းက လက်ရှိလုပ်ကိုင်မှုများနှင့် ပတ်သက်ပြီး ပြည်သူလူထုက အားမရမှုများ ရှိနေသည်ဟု ဆိုလိုက်ပြီး “ပါတီထောင်ပြီး၊ ပါတီနိုင်ငံရေးကို ပွင့်ပွင့်လင်းလင်းလုပ်ရင် နိုင်ငံနဲ့လူမျိုးအတွက် ပိုအကျိုး ရှိမယ်” ဟု သူ၏အမြင်ကို ပြောကြားလိုက်သည်။

၎င်းက “လွှတ်တော်ပြင်ပ နိုင်ငံရေးကလည်း လူထုကို အကျိုးပြုနိုင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၅ နှစ် ကျော်က နိုင်ငံနဲ့ပြည်သူရဲ့ နိုင်ငံရေးအပြောင်းအလဲနဲ့ နိုင်ငံရေးရည်မှန်းချက်တွေအတွက်
လုပ်ခဲ့တာဆိုရင် တော့ ဒီနေ့ဒီအချိန် နိုင်ငံရေးအကျိုးအတွက် ဆက်လုပ်သင့်တယ်လို့ ထင်တယ်။ ဆိုလိုတာက နိုင်ငံရေး ပါတီထောင်၊ လွှတ်တော်နိုင်ငံရေးထဲ ၀င်ဖို့ပါ” ဟု တိုက်တွန်း ပြောဆိုလိုက်သည်။

ယင်းအပြင် ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ ကိုမောင်မောင်ကျော်ကလည်း ဒီဇင်ဘာ ၉ ရက် ထုတ် The Street View ဂျာနယ်တွင် ၈၈ မျိုးဆက်များသည် မြန်မာပြည်အတွက် စုစည်းသော နိုင်ငံရေး ပါတီအနေဖြင့် ရပ်တည်သင့်သည်ဟုလည်း သူ၏အမြင်ကို ပြောဆိုလိုက်သည်။

၈၈ မျိုးဆက်များအနေဖြင့် တစ်ဦးချင်း တစ်ယောက်ချင်း လုပ်နေသည်ထက် ထုနှင့်ထည်နှင့် လုပ်နိုင်မှ စနစ်တကျ တည်ဆောက်ထားသော အင်အားကြီး ဒီမိုကရေစီပါတီများကို ယှဉ်ပြိုင်နိုင်ပြီး တိုင်းပြု ပြည်ပြု အခွင့်အရေး ရရှိလိမ့်မည်ဟုလည်း ပြောဆိုလိုက်သည်။

လက်ရှိအနေအထားတွင် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းအနေဖြင့် ၎င်းတို့၏ မူလချမှတ်ထားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရေးကို အမျိုးသားနိုင်ငံရေး လမ်း ကြောင်းပေါ်မှသာ ဆက်လက် အကောင်အထည်ဖော်သွားမည့် သဘောရှိနေသည်ဟုသာ ပြောဆိုနိုင် မည် ဖြစ်သည်။

No comments: