Tuesday, December 3, 2013

ရင်ကိုမှန်တဲ့စာတပုဒ်

* KIM အတွက် မြန်မာမ လေးရှာခိုင်းတဲ့ အန်ကယ်လ် * **************************************** အက်(စ)တာရေ ငါ့ကိုမြန်မာမလေးတယောက် ရှာပေးနော် လို့ တရက်အန်ကယ်လ်ကပြောလာပါတယ်။ ကျွန်မက ဘာလုပ်မလို့လဲလို့မေးတော့ KIM နဲ့ပေးစားမလို့တဲ့ ။ မေမေစုနဲ့ ယှဉ်ပြီး အန်ကယ်လ်ရဲ့စိတ်ထဲမှာ မြန်မာအမျိုးသမီးတိုင်း လိမ္မာတယ် တော်တယ် ထက်မြက်တယ် သတ္တိရှိတယ်လို့ အန်ကယ်လ်က အမြဲယူဆ ထားပါတယ်။ ( မြန်မာအမျိုးသမီးတွေကို အမြဲ ချီးမွမ်းခန်းဖွင့်လို့လဲ အန်ကယ်လ်ရဲ့အိမ်ကိုလာလည်တဲ့ မြန်မာအမျိုးသားတွေက အက်(စ)တာရေ နင်တို့ဆီကိုလာရင် ငါတို့လဲ ပါတိတ်လုံချည်ဝတ်ခဲ့ရမယ်ထင်တယ်တဲ့။ ) အဲဒီလိုအန်ကယ်လ်ပြောတော့ ကျွန်မက ကင်း(မ)မယူရင်ရောလို့မေးတာပေါ့။ အန်ကယ်လ်က ကြိုးတုတ်ပြီးပေးစားမှာပေါ့တဲ့။ အဲဒီအချိန်မှာ ကင်း(မ)က ကျောင်းကပြန်လာချိန်နဲ့တိုးနေလို့ ကင်း(မ)က ငါကတော့မြန်မာမလေးမယူပါဘူးလို့ပြောပါတယ်။ နင်ကဘာလို့မယူချင်တာလဲလို့လဲမေးရော နင်တို့မြန်မာတွေက နိုင်ငံကိုအတော်ချစ်တာကိုး ။ယူပြီးတော့လဲ မြန်မာပြည်ကို ပြန်သွားကြမှာပဲလို့ပြောပါတယ်။ နင်လဲလိုက်သွားပေါ့လို့ကျွန်မကပြောတော့ ငါတို့မှ မြန်မာပြည်ကို လွယ်လွယ်ဝင်လို့မရတာ ငါ့ကိုမွေးတဲ့မေမေ အရင်းဆီသွားချင်ရင်တောင် ခွင့်မရတာ။ မလွယ်ပါဘူးလို့ပြောပြီး ထွက်သွားပါတော့တယ် ။ ကျွန်မသိလိုက်ပါတယ် အဲဒါကတော့ ကင်း(မ)ရဲ့စိတ်ထဲမှာ မေမေစုကိုတွေးနေတော့မှာပဲလို့ပေါ့။ အန်ကယ်လ်ကလဲ ကင်း(မ)ရဲ့နောက်ကျောကိုကြည့်ပြီး တွေးနေမှာပါပဲ ။ ကျွန်မလဲတိတ်တိတ်လေးနဲ့ ကျွန်မတို့တကယ်ပဲ ကိုယ့်နိုင်ငံကို ချစ်သလားပေါ့ ။ Esther Ohnmar ပြန်လည်မျှဝေပေးပါတယ်. လေးစားလျက် Martin Swe 03-12-2013

No comments: