မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
လေးပွင့်ဆိုင် တွေ့ဆုံမှု အချိန်ရွှေ့ဆိုင်းခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးစေမည် ဖြစ်ကြောင်း NLD ကြေညာချက်ထုတ်
Tuesday, December 3, 2013
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍
နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့
လေးပွင့်ဆိုင် တွေ့ဆုံမှု အချိန်ရွှေ့ဆိုင်းခြင်းသည် နိုင်ငံနှင့်
နိုင်ငံသားတို့အတွက် အကျိုးရလဒ် မရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို
နှောင့်နှေးစေမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီဇင်ဘာ ၂
ရက် ရက်စွဲဖြင့် ကြေညာထုတ်ပြန်ခဲ့သည်။
ထိုသို့တွေ့ဆုံရန်
အဆိုပြုရာတွင် လွှတ်တော်ပါဝင်ပြီး ဖြစ်သည့်အပြင် ပြည်ထောင်စု လွှတ်တော်မှ
ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး
ပူးပေါင်းကော်မတီ၏ လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန် ဖြစ်သောကြောင့်
ပြည်ထောင်စု လွှတ်တော်ကို ကျော်လွှားသည်ဟု ပြောဆိုရန် အကြောင်းမရှိကြောင်း၊
ထို့ကြောင့် အချိန်ရွှေ့ဆိုင်းစေရန် ရည်ရွယ်သည့် ပြောကြားချက်များဖြစ်၍
လက်မခံ နိုင်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။
ကြေညာချက်တွင်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲရန် လိုအပ်နေကြောင်း ပြည်သူများက
ဆန္ဒဖော်ထုတ် နေကြသည့်အပြင် အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီ များကလည်း
ပြုပြင်ပြောင်းလဲရေးကို လိုလားနေကြပါကြောင်း၊ ထိုသို့ အခြေအနေပေါ်
မူတည်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မေတ္တာရပ်ခံစာ
ပေးပို့ခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ အစိုးရ ပြောခွင့်ဆိုခွင့်ရှိသူ၏
တုံ့ပြန်ပြောကြားမှုမှာ အချိန်ရွှေ့ဆိုင်းရန် ရည်ညွှန်းပြောကြားခြင်း
ဖြစ်သည်ဟု ယူဆနိုင်ပါကြောင်း ထည့်သွင်း ဖော်ပြထားသည်။
ထို့အပြင်
အုပ်ချုပ်ရေးဘက်မှ တွေ့ဆုံရေးကို မလိုလားသော ပြောကြားချက်များအရ အစိုးရသည်
ဒီမိုကရေစီ အရေးနှင့် ပြုပြင်ပြောင်းလဲရေးကို မလိုလားဟု ယူဆစရာ
ဖြစ်နေကြောင်းလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၃ ရက်
ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် တွေ့ဆုံနိုင်ရန်
မေတ္တာရပ်ခံစာ ပေးပို့ပြီးနောက် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်မှ
ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင် တွေ့ဆုံမှုကို
စဉ်းစားဆောင်ရွက် သင့်ကြောင်း နိုင်ငံတော်သမ္မတ၏ သဘောထား ထွက်ရှိလာပြီးနောက်
ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သော NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင်
ထိုသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်
အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာခဏ သီးခြားတွေ့ဆုံမှုများ ရှိကြောင်း၊
ထို့ကြောင့် တွေ့ဆုံမှုကို သမ္မတအနေဖြင့် ငြင်းဆန်စရာ မရှိကြောင်း၊
သမ္မတအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အထူးအလေးထားပါကြောင်း၊
အခြေခံဥပဒေ ပြင်ဆင်ရေးသည် ဥပဒေပြုရေး မဏ္ဍိုင်၏ လုပ်ပိုင်ခွင့် ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေ
စိုးမိုးရေး ရှုထောင့်က ပြောကြားချက်များ အထူးအလေးထား သင့်သည်ဟု
ခံယူထားကြောင်း၊ ထို့ကြောင့် အစီရင်ခံစာထွက်ရှိပြီး စောင့်ဆိုင်းရန်
ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံနှင့် ပြည်သူအကျိုးအတွက်
ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု
လက်ခံယုံကြည်ထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးက
ပြောကြားသည်။
''သမ္မတကြီး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့
ငြင်းပယ်ခြင်း မဟုတ်ပါဘူး။ လက်ရှိအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး
ဆောင်ရွက်နေမှုတွေကို ခြုံငုံသုံးသပ်ပြီး ပြန်ကြားရခြင်းပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်က ပြည်ထောင်စု လွှတ်တော် ပါဝင်ပြီးဖြစ်အောင် အခြေခံဥပဒေ၊
လွှတ်တော် ဥပဒေတွေနဲ့အညီ ပြည်ထောင်စု လွှတ်တော်မှာ အဆိုတင်သွင်းပြီး
အတည်ပြုချက် ရယူသင့်တယ်ဆိုတဲ့ လက်ရှိလွှတ်တော် ကိုယ်စားလှယ် အချို့ရဲ့
ပြောကြားချက်တွေကိုလည်း အလေးထား ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာတွေ
ဖြစ်နေပါတယ်'' ဟု အဆိုပါ အရာရှိက ဆက်လက် ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment