by အား မာန် on Monday, May 28, 2012 at 2:33pm ·
စိမ်းနုဝေရွက် မဂ္ဂဇင်း တိုက်သို့ ကျွန်တော် တယ်လီဖုန်း ဆက်လိုက်သော အခါ ကဗျာဆရာ အယ်ဒီတာက “ဟာ- အတော်ပဲ။
ကျွန်တော် ဘယ်လိုက်ရှာ ရမှန်း မသိဘူး။ အခုလက်မှတ် ရပြီ။ ဒီနေ့ဆင်းခဲ့ ပေတော့။ ကျွန်တော်တို့ စောင့်နေမယ်”ဟု ပြော၍ ကျွန်တော် ၀မ်းသာသွားသည်။
သူပြန်ပြော လိုက်သည့်အခါ ကျွန်တော်မှာ မိတ်ဆွေ သခင်ဖုန်းတင့် အိမ်တွင် ရောက်နေစဉ် ဖြစ်သည်။ ကိုဖုန်းတင့်က ကျွန်တော် ရန်ကုန် ရောက်နေခိုက် “စားရင်းသောက်ရင်း ပေါ့ဗျာ” ဟု ပြောပြီး ချိန်းလေ့ ရှိသည်။ ယခုလည်း နံနက်စာ သူ့အိမ်တွင် စားရန် ရောက်နေခိုက် ဖြစ်သည်။ ကျွန်တော်က ၂၁ ရက်နေ့တွင် လက်မှတ် လိုချင်သည်ဟု ပြောထားသော်လည်း ထိုနေ့က လိုရမည်ရ ဖုန်းဆက်ကြည့်ဦး မှပဲဟု စိတ်ကူးရ၍ စိမ်းနုဝေရွက် မဂ္ဂဇင်း တိုက်သို့ တယ်လီဖုန်း ဆက်လိုက်ခြင်း ဖြစ်သည်။ ကျွန်တော် ၂၁ ရက်နေ့ကို အစောဆုံး ထား၍ ၂၂-၂၃-၂၄ ရက် တစ်နေ့နေ့ ရလျှင် တော်ပါပြီဟု သူတို့အား ပြောထားခဲ့သည်။ ပြောထားသည့် ရက်ထက်ပင် တစ်ရက်စော၍ လက်မှတ်ရ သွားခြင်းဖြစ်သည်။ ဧပြီလ ရက် ၂၀။ ကျွန်တော့်မှာ နွေရက် တိုင်းတွင် ကမ္ဘောဇ ရဋ္ဌသာ မိုင်းခမ်းသို့ ထွက်ပြေး ဆုတ်ခွာ လေ့ရှိသည်။ ခါတိုင်း ဟေမာလေးက မီးရထားလက်မှတ် လုပ်ပေးလေ့ရှိသည်။
ဟေမာလေး သူငယ်ချင်းက လုပ်ပေးခြင်းဖြစ်သည်။ ဒီနှစ်တော့ ဟေမာလေးမှာ အလုပ်များနေ၍ ကျွန်တော် မပြောလိုက်။ စိမ်းနုဝေရွက် မဂ္ဂဇင်း တိုက်က ကဗျာ ဆရာက “ဟာ-ကျွန်တော် လုပ်ပေးပါမယ်” ဆို၍ သူက လက်မှတ်လုပ်ပေး ခြင်းဖြစ်သည်။ ဘူတာရုံသို့ ၁ နာရီခွဲ ရောက်မှ ဖြစ်မည်။
ယခု ၁၂ နာရီခန့် ရှိမည်။ ကျွန်တော်သည် ကမန်း ကတန်းပင် ငမိုးရိပ် ဆိပ်ကမ်းသာသို့ သွားရမည်။ သခင်ဖုန်းတင့် ဇနီး ဒေါ်ရင်ရင်မြက ကျွန်တော် ကြိုက်တတ်သော ငါးပုပ်ခြောက်နှင့် ဟင်းသီး ဟင်းရွက်စုံ ချဉ်ရည် ချက်ထားသည်။ ခါတိုင်း ကျွန်တော် ဇိမ်ဆွဲ၍ စားသောက်တတ်သည်။ ယခု မစားနိုင်။ သုတ်ခြေတင် စားရသည်။ တည်းခိုရာသို့ အမြန် သွားရမည်။ အထုပ် အပိုးများ ပြင်ရမည်။ ကားငှားရမည်။ ဘူတာကြီးသို့ ဆင်းရမည်။ သို့ဖြစ်ရာ စိတ်က လှုပ်ရှားနေ၍ ခါတိုင်းလို အေးအေးဆေးဆေး မစားနိုင်။ အမြန် စားသောက်ရသည်။ ချဉ်ရည်ဟင်းက ကျွန်တော့် အကြိုက်ပင်။ ကန်ပဲ့ရှိ သခင်ဖုန်းတင့် အိမ်မှတည်းရာ မြင်သာသို့ အတော်ကြာကြာ စောင့်၍ ကားငှားရသည်။ သခင်ဖုန်းတင့် အိမ်မှ နံနက်စာ စားပြီးလျှင် မြို့အစွန် မြောက်ဘက်ရှိ ဆွေမျိုးများ ရှိရာသို့ သွားရမည်။ ညနေဘက် အပြန်တွင် ချမ်းမြေ့ ရိပ်သာရှိ ၀တ္ထုရေး ဆရာမထံ သွားမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ရသည်။ ကားခ နှစ်ဆယ် ပေးရသည်။ မနည်းဆစ်၍ နှစ်ဆယ့်ပေးရ ခြင်းဖြစ်သည်။ ကမန်းကတန်း ထုပ်ပိုးပြီး ဘူတာရုံသို့ ပြေးရသည်။ ကားက အတော်စောင့် ငှားရသည်။ တက္ကစီ ခက မဆိုးပါ။ ၃၅ ကျပ် ပေးရသည်။
ဘူတာရုံသို့ ရောက်သောအခါ လက်မှတ်က မရ။ မောရသည်။ ဟာ ဘယ့်နှယ် ဖြစ်ပါလိမ့်။ သူတို့ကလည်း လက်မှတ် ၀ယ်နေကျလူ မဟုတ်။ ရမယ့်ရတော့ ပါမစ်က နှစ်စောင်တည်း။ သို့သော် ပထမ ကျွန်တော်၏ မိတ်ဆွေပိတောက် မဂ္ဂဇင်းမှ သီချင်းရေး ဆရာ အယ်ဒီတာ လုပ်ပေးသော ပါမစ်နှင့် သွား၍၀ယ်သည်။ ပါမစ်က ရှိနေသော်လည်း လက်မှတ်က ရောင်းကုန်ပြီ ဆို၍ လက်မှတ်က မရတော့။ ၁၀ နာရီခွဲ ၁၁ နာရီလောက်က သွား၍ ပါမစ်ကို ပြ၍ လက်မှတ် သွားဝယ်ခဲ့ သော်လည်း မရခဲ့။ နောက်ကျ သွားပြီတဲ့။ ဌာန အကြီးအကဲ များကို မေးကြည့်တော့ ပါမစ် ရသူများ ၂ နာရီခွဲ အထိ ၀ယ်နိုင်သည်ဟု သိရသည်။ ကျွန်တော်လည်း ဤကိစ္စ များကို မသိ၍ ကဗျာ ဆရာအား “ဟာ- ဘယ်တတ်နိုင်မှာ လဲဗျာ။ ရတဲ့နေ့ သွားရမှာပေါ့” ဟု ပြောလိုက်သည်။ သူ့တွင် ကျွန်တော့် မိတ်ဆွေ ကဗျာဆရာ အရာရှိကြီး တစ်ဦး လုပ်ပေးသော ပါမစ်တစ်ခု ကျန်သေးသည်။ ကျွန်တော်မှာ အထုပ်အပိုး တွေနှင့် တည်းခိုရာသို့ ပြန်ရသည်။
သို့သော် ယင်းပါမစ် ဖြင့်ပင် ၂၄ ရက်နေ့တွင် လက်မှတ်ရသည်။ ရမည့်ရတော့ အိပ်ခန်းပါ ရသည်။ ကျွန်တော် ကျေနပ် သွားရသည်။ ကျွန်တော်နှင့် အတူ ကျွန်တော့် တူမ၏ သမီးငယ်လေး ပါနေ၍ အိပ်စင် ရသည်ကိုပင် ကျေးဇူး တင်ရသည်။ ကဗျာ ဆရာများ လက်မှတ်ရောင်းသူ အားလုံးကိုပင် ကျေးဇူး တင်ရသေးသည်။ ကျေးဇူး မတင်၍ မဖြစ်။ ကျွန်တော်က အလကား အကောင်။ ဘာကောင်မျှ မဟုတ်။ သူတို့ လုပ်ပေးမှ ရသည်။ ကျွန်တော်က အရေး မကြီးဆုံး ပုဂ်္ဂိုလ်မဟုတ် ပါလား။
၂။
ပြေးလွှား၊ ပွတ်တိုက်ဆူညံ အော်ဟစ် ယှက်သန်းရှုပ် ထွေးသော ဘူတာရုံ မြင်ကွင်းကို ခံစားရင်း ကျွန်တော့်မှာ ဒေါက်တာ ဇီးဗားဂိုး ဇာတ်ကားကို စိတ်ကူးဖန်တီး လိုက်သည့် ဒေးဗစ်လင်းကို သတိရမိသည်။ သူ့ကို ကျွန်တော်ချီးကျူး မိသည်။ စိတ်ကူး ကောင်းသော အနု ပညာရှင်။ ဒီဇယ်ရထား ကြီးသည် ၃ နာရီ မီနစ် ၄၀ ခန့်တွင် ဥသြရှည် မှုတ်ကာ တုံ့ခနဲ တုံ့ခနဲ ရှေ့ထိုးနောက်ငင် ရွေ့လျားပြီး ထွက်ခွာလာ ခဲ့သည်။ ဘူတာရုံ အဆောက်အအုံ အမိုး အကာများ၊ ခုံးတံတား ကြီးများ၊ သစ်ပင်၊ အုတ်တိုင်များ ဘေးမှာ မှောင်တောင်တောင် နေသည်။
စောင့်စား နေရသော ဝေဒနာ မရှိတော့ပြီ။ ရထားသည် ပုဇွန်တောင် ဘူတာကို ဖြတ်၍ သုဝဏ္ဏကို ကျော်လာသော အခါ အလင်းရောင်သည် ပို၍ အခန်းထဲဝင် ရောက်လာသည်။ ကျွန်တော်တို့ လိုက်ပါလာသော လေးယောက်ခန်းတွင် အခန်းဖော်များ မနည်းလှ။ ခြောက်ယောက် ခန့်ရှိမည်။ အသက် ၇၀ ကျော် အဘွားကြီး တစ်ယောက်မှ လွဲ၍ ကျန်လူများမှာ အသက်ငယ်သော အမျိုးသမီး များသာ ဖြစ်သည်။ ကျွန်တော့်ထက် ၅၀ ခန့်ငယ်သူများ။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ပြောဆိုရယ်မော အော်ဟစ်ငြင်းခုံ နေကြ၍ အတော်ပင် စည်စည်ဝေေ၀ ဖြစ်နေကြသည်။ ကောင်မလေးတွေ ကတော့ ယနေ့ခေတ်ပေါ် ၀တ်စား ဆင်ယင်မှု၊ ဘလောက်စ် အင်္ကျီများနှင့် ပါတိတ် အပြောင်သားနှင့်၊ ဆံပင်အကြေ ကောက်နှင့်၊ ဟေမာနေ၀င်း ကေနှင့်၊ အင်္ကျီနှင့်၊ ဆင်တူရောင်စုံ ပလတ်စတစ် ညှပ်နားကပ် တွေနှင့်။ သူတို့ ပြောစကား များတွင် ယနေ့ခေတ်ပေါ် အဆောင် အယောင်တွေ အားလုံး ပါဝင်နေသည်။
တီဗီ အစီအစဉ်၊ ဗီဒီယို ဇာတ်လမ်း၊ အောင်ကြီးကိတ်မုန့်၊ ချိစ်၊ သံဘူးဘီယာ၊ ယိုးဒယားမှ လာသော ပလတ်စတစ်ဘူး အချိုရည်၊ ကိုကာကိုလာ၊ ပလတ်စတစ် တုတ်ချောင်းနှင့် လုပ်ထားသော စုတ်ပြားခေါ်သည့် သကြားလုံး၊ ယိုးဒယား ခေါက်ဆွဲခြောက်ထုပ်၊ ယိုးဒယား ရှောက်သီးဆေးပြား၊ ယိုးဒယား ဂျင်တန်၊ ယိုးဒယား ပူရှိန်း၊ ယိုးဒယား ပီကေ၊ စင်ကာပူမှ လာသည့် သံဘူး ဘီစကွတ်၊ ဂိုးဒ်ဒင်းပတ်ဖ် ဘူးကို လှမ်းကြည့်လိုက်သော အခါ စင်ကာပူ ဘက်မှ ၀င်သော အမျိုးအစား။ မြန်မာ ဖြစ်ဆို၍ အရီးတောင်း ပွဲထိုင်လက်ဖက် သုပ်နှင့် ပုသိမ် ဟာလ၀ါ။ သူတို့ နှုတ်ဖျားတွင် ဤယိုးဒယား စကားလုံး များသည် လေးယောက်ခန်းတွင် ပဲ့တင်ရိုက်ခတ် လျက်ရှိသည်။ သူတို့တွင် ပါလာသော ပစ္စည်း ပစ္စယ အသုံးအဆောင် များကလည်း အပျံစား ခေတ်ပေါ်သုံး သံမဏိ (စတီး) ထမင်းချိုင့်၊ သံမဏိ ရေခွက်၊ သံမဏိ ထမင်းစား ပန်းကန်ပြား၊ သံမဏိ ရေခွက်ကြီး၊ ကျွန်တော်သည်ပင် ယိုးဒယားနှင့် စင်ကာပူသို့ ရောက်သွားရ ပေသည်။
ရထားကြီးသည် တဂျုံးဂျုံးနှင့် တံတားကြီးကို ကျော်ဖြတ်သွားမှ ဌာနေ မြန်မာပြည်ကို ပြန်ရောက်သွားသည်။ ကျွန်တော့် တူမ၏ ကလေးငယ် ကတော့ ရထားကြီး တဂျုံးဂျုံး မြည်ကာဖြတ် သွားသည်ကို ငေးရင်း ဂျုံးဂျုံးဂျက်ဂျက်၊ ဂျုံးဂျုံး ဂျက်ဂျက်ဟု နှုတ်မှအသံ ခပ်တိုးတိုးနှင့် ရွတ်ဆိုနေသည်။ သူမသည်လည်း ဤပဲ့တင် ရိုက်ခတ်နေသော ယိုးဒယားနှင့် စင်ကာပူ ဝေါဟာရ စကားလုံး များကြောင့် အသံတိုး နေသည်ဟု ထင်ရစေသည်။
၃။
ရထားသည် ဂျုံးဂျုံးဂျက်ဂျက်၊ ဂျုံးဂျုံးဂျက်ဂျက် မြည်သံဖြင့် ခုတ်မောင်းလျက် ရှိသည်။ ဤရွင်လန်း တက်ကြွစွာ ပြောဆို သုံးနှုန်းနေသော စကားလုံးကို ကြည့်ခြင်းအားဖြင့် ခေတ်ပေါ် အလွှာသစ်များ လားဟု အကဲခတ် လိုက်ခြင်းဖြစ်သည်။ ကျွန်တော့်မှာ အင်္ဂလိပ် ကိုလိုနီ ခေတ်မှ စတင်၍ ကြီးပြင်း လာရသူ ဖြစ်သည်။ လွန်ခဲ့သော အနှစ် ၅၀ ကျော်က ဖျားပြီဆိုလျှင် ကျွန်တော်တို့ အိမ်က အင်္ဂလန်လုပ် ဂိုးလ်ဒင်းပတ်ဖ် ဘီစကွတ် တစ်ပုံးနှင့် ဟောလစ်၊ အိုဗာတင်းနှင့် ရောက်လာမြဲ။ အင်္ဂလိပ် ကိုလိုနီ လက်ထက်ဖြစ်၍ ဤနိုင်ငံခြား ပစ္စည်းများမှာ အဆန်းမဟုတ်။ နေရာတကာ ၀ယ်၍ရသည်။ ထိုအခါက ကျွန်တော်တို့သည် အင်္ဂလန်နှင့် ဂျာမနီ၊ ပြင်သစ်မှ လာသော ပစ္စည်းများကို အထင်ကြီးခဲ့သည်။ ဂျပန်ပစ္စည်း ဆိုလျှင်ပင် သိပ်ပြီး အထင်မကြီး။ ဂျပန် ပစ္စည်းသည် ပျက်လွယ်သည်ဟု ထင်ခဲ့ကြသည်။
ယခုတော့ ဂျပန်မှာ ကမ္ဘာပေါ်တွင် ပစ္စည်းကောင်းများ ထုတ်လုပ်သော တိုင်းပြည်အဖြစ် ထင်ရှားသည်။ ကမ္ဘာပေါ်ရှိ ဒီမို ကရေစီ စက်မှုနိုင်ငံ ၇ နိုင်ငံတွင် ဂျပန်ကလည်း တစ်နိုင်ငံ ပါဝင်နေပြီ ဖြစ်သည်။ ကိုလိုနီခေတ် ကမူ ယိုးဒယား ဆို၍ ယိုးဒယား ကနုတ်ပန်းနှင့် ယိုးဒယား သီချင်းကိုသာ သိသည်။
လွန်ခဲ့သော ၂၇ နှစ်က ကျွန်တော်သည် ဆွီဒင်ပြည်သို့ ရောက်သွားရာ အပြန်တွင် ဖီလစ် ရေဒီယို တစ်လုံး ၀ယ်ခဲ့သည်။ စစ်မဖြစ်ခင် ကလည်း ကျွန်တော်တို့ အိမ်တွင် ဖိလစ် ရေဒီယို ကိုပင်သုံးသည်။ ထိုအခါက ကမ္ဘာ ပေါ်တွင် အကောင်းဆုံး ရေဒီယိုဟု နားလည် ခဲ့ကြသည်။ ယခုကား ဖိလစ် ရေဒီယိုကို ရှာ၍ ပင်မရ။ ကျွန်တော်၏ အခန်းဖော် ကောင်မလေး များက နေရှင်နယ် ရေဒီယို အသေးစား ကလေးကို ဖွင့်သည်။ ရထားက လှုပ်နေ၍လား၊ ဘက်ထရီက အားလျော့ နေ၍လား မသိ။ အသံက မပီမသ။
ယနေ့ ခေတ်တွင်ကား အနောက် နိုင်ငံမှ အရင်းရှင် ကုမ္ပဏီ များသည် အာရှရှိ နိုင်ငံများတွင် အရင်း တင်ပို့ကာ လုပ်ငန်းများ ဖွင့်လှစ်ကြသည်။ ဤသို့ လုပ်ငန်းများ ဖွင့်လှစ် ကြခြင်းကြောင့် ကုန်ပစ္စည်း များကို ယခင်မူလ နာမည်ဖြင့်ပင် ရောင်းချလျက် ရှိကြသည်။ ဤသို့ဖြင့် ရှေးကမူလ တံဆိပ်လက်ဟောင်း များကို ၀ယ်ယူစားသုံး ကြသည်။ အင်္ဂလိပ် ကိုလိုနီခေတ် ကမူ မြို့ရွာများတွင် ရိုး၊ ဂင်းမဲ ကနေဒီ၊ ၀ပ်ဆင်၊ ၀ှိုက်ဝေးစသော ကုမ္ပဏီ များမှ ဖွင့်လှစ်ထားသော ကုန်ပဒေသာ ဆိုင်များတွင် နိုင်ငံခြားဖြစ် ကုန်ပစ္စည်း များကို ၀ယ်ယူ နိုင်ကြသည်။
ထမင်းစားချိန် ရောက်၍ စားကြ သောက်ကြသည်။ ကျွန်တော်နှင့် အခန်းဖော် အသိုင်းအ၀ိုင်း ကလည်း စားကြသည်။ သူတို့ကတော့ ဟင်းကောင်းတွေ ပုစွန်တုပ်ကြော်၊ ကြက်ကြော်၊ ၀က်သားကြော်၊ ငါးကြော်၊ ရွှန်းလက်တောက်ပ နေသာ သံမဏိ ပန်းကန်နှင့် စားကြသည်။ သူတို့ အသံတွေ ကလည်း ဆူညံလျက်။ ကျွန်တော်ကတော့ ကြိမ်ခြင်းမှ ယွန်းချိုင့်ကို ထုတ်ခိုင်းသည်။ ကျွန်တော့်တူမ ကတော့ ခပ်ဖြည်းဖြည်းပင် ထုတ်သည်။
သံမဏိ ထမင်းချိုင့်မှာ ဟင်းများ သိုးတတ်သဖြင့် ကျွန်တော်က မယူခိုင်းခဲ့။ ကျွန်တော်က အိမ်မှ ကြော်ယူလာသော ငါးရံ့ခြောက် ထောင်းကြော်၊ ငါးပိကြော်နှင့် စားသည်။ ကျွန်တော်က ဟင်းဇီဇာ ကြောင်သူဖြစ်သည်။ တူမများ ကပင် ညည်းကြသည်။ သို့သော် ကျွန်တော်က ခရီး သွားစဉ်ပင် ကျွန်တော်သည် ဗိုက်နာ၊ ဘာနာ ဖြစ်မည်စိုး၍ ခပ်ရိုးရိုးပင် စားချင်သည်။
အခန်း ဖော်များကပင် “ဟင်းယူစားပါ။ အားမနာနဲ့။ ကျွန်မတို့ အများကြီး ချက်လာတာပါ”ဟု အတင်းပေး ကြသည်။ သို့သော် ကျွန်တော်က မစား။ ယင်းမာပင် ဘူတာတွင် ကျွန်တော်က ထမင်းထုပ် တစ်ထုပ် ၀ယ်စားသည်။ ကြက်သားကြော်၊ ငရုတ်သီးကြော် တစ်ထောင့်၊ သရက်သီး အစိမ်းသနပ် နှစ်ဖတ်။ ကျွန်တော်က တောဆန်ဆန် လက်ပေါ်တွင် ဖက်တင် စားရသည်ကို ကျေနပ်နေသည်။ အခန်းဖော် များကတော့ ကျွန်တော့်ကို ဘယ်လိုထင်သည် မသိ။ ကျွန်တော်က အိမ်မှာစားလျှင် ဂျွန်ဆင်ရွှေရေး ပန်းကန်နှင့် စားရသည်ကို ကျေနပ်နေသည်။ အခန်းဖော်များ ကတော့ ရွှန်းလက်ပြောင်ဝင်း တောက်ပနေသော ယိုးဒယားလုပ် သံမဏိ ပန်းကန်နှင့်။
ထမင်းစားပြီး တစ်အောင့်လောက် ကြာသောအခါ သူတို့ ထံမှ နက်စ်ကဖေးနံ့ သင်းပျံ့လာသည်။ ကျွန်တော့်ကိုလည်း သောက်ပါလားဟု လူကြီးတစ်ယောက် ဖိတ်ခေါ်သလို ခေါ်သည်။ ကျွန်တော်က ပြုံးကာ ခေါင်းခါလိုက်သည်။ ကိတ်မုန့်တွေလည်း စားကြသည်။ အမှန်က ကျွန်တော် စစ်မဖြစ်ခင်က ပလန်းကိတ် ဟုခေါ်သော သစ်သီး ကိတ်မုန့်သာ ကြိုက်သည်။ အခြား မလိုင်များ ပါသော ကိတ်မုန့်ကို မကြိုက်။ ပလန်းကိတ်မုန့် ဆိုသည်မှာ အရောင်က မည်းမည်း၊ အရသာက အချိုထဲတွင် ခပ်ခါးခါးလေး ခပ်စီးစီး၊ ကျွန်တော် အလွန်ကြိုက်သော ပလန်းကိတ်။ ယခုတော့ ဘယ်မှာမှပင် သိပ်မတွေ့ ရ၍ ကျွန်တော်ပင် ကိတ်မုန့်ကို စားချင်စိတ် မရှိခဲ့ သည်မှာကြာပြီ။
ခြင်းထဲတွင် လက်ဆောင်ပေးရန် ကရပ်ဖ်ချိစ် ဒိန်ခဲ နှစ်ဘူး ပါလာသည်။ ကျွန်တော်က တူမလေးအား စက္ကူဖြင့် ပတ်၍ ထည့်ရန် ပြောထားသည်။ လူမမြင်ရန် ဖြစ်သည်။ တူမလေး ကတော့ ငေးကာ ကြည့်နေသည်။ တူမက စက္ကူ ပတ်ထားသည် ကို ဘယ်လို နားလည်သည် မသိ။ ကျွန်တော်က “ရောကုန် လိမ့်မယ်”ဟု ပြောလိုက်သည်။ သူမက နားလည်ချင်မှ နားလည်မည်။
သူတို့သည်ပင် ယနေ့ခေတ်ပေါ် စာပေ အနုပညာ အကြောင်းများကို ပြောဆိုနေသည်။
ဆွေဆွေအောင်၊ ဝေေ၀အောင်၊ နေနွယ်ဇင်မြင့်၊ ရန်အောင်၊ စိုးသူ၊ ကော်နီ။
ကျွန်တော့် တူမက ကောင်မလေးများနှင့် စကားအလွမ်း သင့်ကာ စပ်စုသည်ဟု ထင်သည်။ “ဘယ်သွားမှာလဲ” ဟု မေးသလား မသိ။ သူတို့စကားထဲမှ “ကာစတန် ဆိုလား ရှာစတန်” ဆိုလား အသံထွက် မကွဲမပြား စကားလုံးများ ပါလာသည်။ မိသားစု အလုပ် ပြောင်းရွှေ့ရန် လိုက်ပါလာ ကြပါကလား။
၎။
ရထားသည် တောင်ပေါ်သို့ တက်စပြုလာ ပေပြီ။ အဝေးတွင် အစိမ်းနု၊ အစိမ်းရင့်၊ နီညိုရောင် တောင်တန်းများ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ တို့ဖြင့် မွှမ်းပြောက်ကာ ထားသော တောင်နံရံ။ သာမိုင်းခမ်းသို့ ရောက်သောအခါ ထင်းရှူး ရနံ့က သင်းပျံ့လာသည်။ ကျွန်တော်သည် လန်းဆန်းလာသည်။ ဤမြင်ကွင်းက ကျွန်တော်နှင့် မစိမ်း။ ဤသဘာဝ အလှများ နှင့်သာ ကျွန်တော်က မွေ့လျော်ချင်သည်။
ကျွန်တော်သည် သူတို့ကို နှုတ်ဆက်လိုက်သည်။ ကျွန်တော်သည် ကျွန်တော်နှင့် ရင်းနှီးနေသော ထင်းရှူးရနံ့ သင်းပျံ့သော၊ ချစ်ခင်သော၊ ပဲပုပ်နံ့ သင်းသော၊ တောဆန်သော၊ သစ်ခွပန်း ခရမ်းရောင်၊ ရွှေဝါရောင်၊ ကြေးနီရောင်၊ အနီရောင် သစ်ခွပန်း များဖြင့် လှပသော သာမိုင်းခမ်းသို့ ခြေချ ရပေတော့မည်။
ဒဂုန်တာရာ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)
ရွှေအမြုတေမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment