Thursday, May 31, 2012

အိမ်စောင့် မြေးထိန်း သာသနာပြု




    “ မိဘနဲ့ ဆရာသမားတို့ရဲ့ အဆုံးအမကို မခံရဘဲ သင်္ချိုင်းမှာ စွန့်ပစ်ထားတဲ့ကြက်ဟာ တွန်ချိန် စည်းကမ်း မရှိတဲ့အတွက် ပျက်စီးသွားရတာ ဇာတ်တော်မှ ပါသမို့လားကွဲ့” ( ကျည်တောင်ကန်တိုက်သစ် ဆရာတော်ကြီး )
“ ကိလေသာတွေ ထိန်းကျောင်းရမယ့် ကျောင်းကို ကိလေသာဘေးမဲ့တောလို သဘောထားနေကြတယ်” ဆိုတဲ့ သြ၀ါဒကို မိန့်ကြားခဲ့တဲ့ ကျည်တောင်ကန်တိုက်သစ်ကျောင်း ဆရာတော်ကြီးအကြောင်းကို အရင်က တစ်ခါ အတွေးသစ်ဂျာနယ် အတွဲ( ၅ )၊ အမှတ်( ၂၂၀ ) မှာ ရေးခဲ့ဖူးပါတယ်။
ခုတစ်ခေါက် ဆရာတော်ကြီးထံ သွားတဲ့အခါမှာတော့ ကျောင်းတိုက်ရဲ့ အ၀င်ဝနားမှာ တည်ထားတဲ့ အုတ်ရေအိုးစင်မှာ ကွမ်းသွေးတွေ ပေကျံနေ တာကို ပွတ်တိုက်ဆေးကြောပြီး ဆေးရောင်အသစ် ပြန်လည်သုတ်ဖို့ စီစဉ်ညွှန်ကြားနေတုန်းမှာ ရောက်သွားပါတယ်။ စီစဉ်ညွှန်ကြားတဲ့ ကိစ္စ ပြီးတဲ့အခါမှာတော့ ဆရာတော်ကြီးက…….
‘ အဲဒါပဲ ကြည့်တော့လေကွာ၊ သူများက ခရီးသွား ခရီးလာ သန့်သန့်ရှင်းရှင်း သောက်ရအောင် ဆိုပြီး အုတ်ရေအိုးစင် သပ်သပ်ရပ်ရပ်နဲ့ ရေမပြတ် ကုသိုလ် လုပ်ထားတာကို လူတွေက ကွမ်းသွေးတွေ ပလုတ်ကျင်းပြီး အုတ်နံရံကို ထွေးထားတာ မြင်မကောင်း ရှုမကောင်းကို ဖြစ်လို့ကွာ။ ငါလည်း အမြင်မတော်တာနဲ့ သန့်ရှင်းပြီး ဆေးအသစ် ပြန်သုတ်ခိုင်းနေရတယ်။ ဒါတင်မကသေးဘူး မောင်ရ၊ ဟိုလမ်းဘေးက ဇရပ်ကိုလည်း သွားကြည့်ဦး။ အယုတ္တ အနတ္တတွေ မီးသွေးနဲ့ ရေးထားလိုက်ကြတာ တိုင်ကော၊ တန်းကော၊ ခါးပန်းကော၊ ကြမ်းကော ကွက်လပ်မကျန်အောင် ပြည့်လို့။ အဲဒါ လူ့အဆင့်အတန်းနိမ့်ကျတဲ့ သင်္ကေတတွေပဲမို့လားကွ…..
‘ ဒါနဲ့များ လူတွေက ပြောကြသေးတယ်။ “ လောကကြီးက ဆုတ်ကပ်ကြီးဖြစ်လို့ ဘာမဆို ပျက်စီးပြီး အကျည်းတန်ကုန်ပြီ” တဲ့။ မင်းပဲ စဉ်းစား ကြည့်လေကွာ၊ လောကကြီးဟာ ဘယ်အချိန်မှာများ ဆုတ်ယုတ်တယ်၊ အကျည်းတန်တယ်လို့ ရှိလို့တုံး။ ရေမြေတောတောင်တွေ ဆိုတာလည်း သူ့သဘာဝနဲ့သူ သူ့ရာသီနဲ့သူ လှနေတာပဲ။ နေ့တစ်နေ့ တည်းကိုပဲကြည့်၊ အရုဏ်တက်ချိန်က နေ၀င်ချိန်အထိ သူ့အလှနဲ့ သူ ဘာများ ပျက်စီးလို့လဲ။ အဲ…….ဆုတ်ယုတ်ပျက်စီးနေတာက လူတွေ၊ စည်းကမ်းမဲ့လို့ လောကကြီး ဆုတ်ယုတ်ပြီး အကျည်းတန်နေတာ’ ဆိုပြီး မကျေမနပ်တဲ့ သဘောနဲ့ မိန့်ကြားနေပါတယ်။ မိမိကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးရဲ့ သဘောထားနဲ့ အဆုံးအမကို နာယူလိုတဲ့အတွက်……
‘ ဆရာတော် ဒီကိစ္စမျိုးတွေက နေရာတိုင်းလိုလိုမှာ ကြုံတွေ့နေရတဲ့ ပြဿနာပဲဘုရာ့။ အဲဒါ ဘယ်လိုက ဘယ်လိုစပြီး ဖြေရှင်းရမယ်ဆိုတာ ဘယ်သူမှ မစဉ်းစားတတ်အောင် ဖြစ်နေပုံရတယ်’ လို့ လျှောက်ထားလိုက်ပါတယ်။
ဆရာတော်ကြီးက………
‘ မင်းနှယ် ခက်ပါပကော။ ဟိုဇာတ်တော်ထဲမှာ ကြားဖူးတယ်မို့လားကွ။ သင်္ချိုင်းကုန်းမှာ မိမရှိ ဖမရှိ လွှတ်ထားတဲ့ ကြက်တစ်ကောင်ဟာလေကွာ၊ အမိအဖ ဆရာသမားတို့ထံက အတုမရတော့ တွန်ချိန်ကို နားမလည်ဘူး။ တက္ကသိုလ် ဒိသာပါမေက္ခဆရာကြီးထံမှာ ပညာသင်နေကြတဲ့ တပည့်တွေက အချိန်မှန်တွန်နေကျ ကြက်ကြီးသေဆုံးသွားတော့ အဲဒီကြက်ကို သွားဖမ်းပြီး မွေးထားကြတယ်။ အချိန်မသိ အခါမသိ တွန်ချင်သလို တွန်နေတော့ ညအခါမှာ ကြက်တွန်ချိန်ကို အမှတ်အသားပြုပြီး မန္တန်တွေရွတ်ဖတ်ရတဲ့ ကျောင်းသားတွေ အိပ်ချိန်မမှန်၊ ရွတ်ဖတ်ချိန် မမှန်ဖြစ်ပြီး ပညာတွေ မတိုးတက်တော့လို့ နောက်ဆုံးရိုက်သတ်လိုက်ကြရတာလေကွာ။ ဒီအကြောင်းကို ဆရာကြီးသိတော့ ဘာပြောလဲ၊

‘ မိနဲ့ဖနဲ့ ဆရာသမားနဲ့ မနေခဲ့ရတဲ့အတွက် အချိန်နဲ့ စည်းကမ်းကို နားမလည်လို့ ဒီကြက်ပျက်စီးရတယ်’ လို့ ဆိုသမို့လား။ အဲဒါပေါ့ကွ၊ မိဘဘိုးဘွား၊ ဆရာသမားတွေက စပြီး သင်ကြားပြုပြင်ပေးရမှာပေါ့။
တော့်တော်စဉ်တုန်းက ငါ့ရွာက ညီဝမ်းကွဲတစ်ယောက် ရောက်လာတယ်ကွ။

ငါက “ မင်း အသက်အရွယ်လည်း ကြီးလာပြီ၊ တရားလေး ဘာလေးအားထုတ်ရင်း၊ ဒီမှာ တစ်လ ကိုးသီတင်းလောက် နေပါလား” လို့ တိုက်တွန်းတယ်။ ဘာပြန်ပြောတယ် မှတ်သလဲ။ “ အိမ်မှာ အိမ်စောင့် မြေးထိန်းအလုပ်တွေနဲ့ မအားလို့” တဲ့။ ဒါနဲ့ ငါက “ မင်းတို့မြေးကို ဘယ်လိုထိန်းကြတုံး” ဆိုတော့ “ ဒီလိုပဲ ချော့လိုက် ငေါက်လိုက် အော် လိုက် ဟစ်လိုက်ပေါ့ဘုရား၊ ဘယ့်နှယ် ထိန်းရဦးမှာတုံး” တဲ့ဗျာ။ ကဲ မှတ်ကရော……….။
‘ ဟ…….မင်းတို့က မဟုတ်သေးပါဘူးကွ၊ အရွယ်ကြီးတော့ အိမ်စောင့်၊ ကြက်နှင်၊ မြေးထိန်း၊ ခွေးမောင်းဘ၀နဲ့ပဲ အချိန်ကုန်နေရတယ် ဆိုတော့ စဉ်းစားကြည့်ကြစမ်းပါဦး။ မင်းတို့ဘ၀က အရွယ်ကောင်းတုန်းကတော့ အိမ်ကြီးရှင်၊ အရွယ်အိုတော့ အိမ်ကျွန်’ ဆိုတာမျိုး ဖြစ်မနေ ဘူးလား လို့ ပြောရတယ်။
“ ကိုယ့်ဘိုးကိုယ့်ဘွားတွေလည်း ဒီအတိုင်းပဲ ဟာ ကိုယ်လည်း ဒီအတိုင်းပေါ့ဘုရား” လို့ ဆင်ခြေပေးတယ်။ “ မဟုတ်ဘူးကွ၊ မင်းတို့ ငါတို့ ငယ်စဉ်ဘ၀ကို သေချာပြန်စဉ်းစားကြည့်၊ တို့ဘိုး တို့ဘွားတွေဟာ အရွယ်ကောင်းတုန်းမှာ “ အိမ်ကြီးရှင်” ၊ အရွယ်ကြီးတော့ မြေးထိန်း သာသနာပြု “ အိမ်ကြီးသခင်” အဖြစ်နဲ့ နေသွားကြတာ ဆိုပြီး ပြန်ရှင်းပြရသေးတယ်။ သူလည်း သာသနာပြု အိမ်ကြီးသခင် ဖြစ်အောင် ကြိုးစားပါ့ မယ်တော့ ပြောတာပဲကွာ။ ဟုတ်မဟုတ် တော့လည်း မသိဘူးပေါ့” လို့ မိန့်ကြားပြီး ခဏစဉ်းစားသလို တွေးရင်း နားနေတယ်။
‘ ဆရာတော် မြေးထိန်းသာသနာပြု အိမ်ကြီးသခင် ဖြစ်ပုံလေးလည်း နည်းနည်းရှင်းပြပါဦးဘုရား’ လို့ လျှောက်ထားတော့မှ…….
‘ ဒီ့ပြင်ဟာ မကြည့်နဲ့လေကွာ။ တို့ငယ်ငယ်တုန်းကလည်း နေ့လယ်နေ့ခင်း မိဘတွေတောထဲတောင်ထဲ အလုပ်သွားနေကြတဲ့အခါ အိမ်မှာ အဘိုးအဘွားတွေနဲ့ပဲ နေခဲ့ရတာပဲမို့လားကွ။ အဘိုးအဘွားတွေက တို့ကို အော်နေ ငေါက်နေတယ်ရယ်လို့ တယ်မရှိပါဘူး။ ကလေးဆိုတာတော့ ကလေးလောက်ပဲ သိပြီး ကလေးပီပီ ဆော့တာပါပဲ။ အဲ…….မတော်မလျော်တာ တွေ့တော့မှ ဘယ်လိုမလုပ်ရဘူး၊ ဘယ်လိုလုပ်ရတယ်ဆိုပြီး ဆုံးမတာပါပဲ။ ကလေးဆိုတော့ ဆိုင်းထဲမှာ ရကွင်း ( လင်းကွင်း ) တီးတာ ကြည့်ပြီး “ စလောင်းဖုံးနှစ်ချပ်တီး ကျားကြီးကိုက်တတ်တယ်” လို့ ခြောက်လှန့်ပြီး ဆုံးမတာမျိုး၊

“ မီးဖိုမှာ နှစ်ယောက်ဆိုင်ပြီး မီးမှုတ်ရင် သူငယ်နာဖမ်းတတ်တယ်” ဆိုတာမျိုးတော့ ရှိတာပေါ့။ ဒါက သူ့အရွယ်နဲ့ သူ လိုက်နာလွယ်အောင် ပြောတာ လေကွာ။ သိတတ်လာတဲ့ အခါကျတော့ “ မြေစလောင်းကို တီးရင် ကွဲတတ်လို့” “ မျက်နှာချင်းဆိုင် မီးမှုတ်ရင် မျက်စိထဲ ပြာတွေ မီးပွားတွေ ၀င်မှာ စိုးလို့” ဆိုတာ သိလာပါတယ်။
ခုခေတ်လူတွေကတော့ “ ဒီလိုဆုံးမတာဟာ သိပ္ပံနည်းမကျဘူး၊ ကလေးတွေကို ကြောက်အောင်ခြောက်ရာ ကျတယ်” ဘာညာနဲ့ ပြောကြတာပဲကွာ၊ ဒါဟာ ကလေးတွေကို သိပ္ပံနည်းသင်နေတာ မဟုတ်ဘူး၊ လိမ္မာအောင် သင်နေတာကွ၊ ဒီလို ဆုံးမခံခဲ့ရလို့ တို့ဖြင့် ကြီးတဲ့အထိ ကြောက်လန့့် နေတယ်လို့ မရှိပါဘူးကွာ။
သူ့အရွယ်ရောက်တော့ သူဆိုလိုတဲ့ အဓိပ္ပာယ်ကို သိတာပါပဲ။ ဒါမျိုးတွေကို သိပ္ပံနည်း မကျဘူး ဆိုတဲ့ ခုခေတ် မိဘ ဘိုဘွားတွေကျတော့ မြေးတွေကို ဘာတွေသင်သလဲ၊ “ ဘယ်မင်းသားလို လက်သီးထိုးလိုက်စမ်း၊ ဘယ်သူ့ကို ဘယ့်နှယ် လုပ်ပြလိုက်စမ်း” ဆိုတာတွေ သင်ကြသတဲ့လေကွာ။ အဲဒါကတော့ သိပ္ပံနည်းလား၊ ယဉ်းကျေးလိမ္မာနည်းလား၊ ကဲ…..ပြောစမ်းပါဦး။
အဲ……..ပြီးတော့ ဘာသာရေးအခြေခံ ဆိုတာလည်း ဘိုးဘွားတွေကပဲ သင်ပေးကြတာပဲကွ။ ငယ်ငယ်တုန်းကဆို ဘိုးဘွားတွေက ရေသောက်ချင် လို့ ရေလေးခပ်ပေးလိုက်ရင် “ အေးကွယ်…..သာဓု …..သာဓု………သာဓု……ငါ့မြေးက လိမ္မာတယ်ဟေ့၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေကွယ်” ဆိုပြီး ဆုပေးတယ်။
“ ဘုန်းကြီးတယ်” ဆိုတာ ဘာမှန်း မသိသေးပေမယ့် ဒီလိုဆုပေးသံ ကြားရင် ၀မ်းသာတာပဲ။ အနားမှာ ရှိတဲ့ တခြားမြေးတွေက ဘိုးဘိုး ကျွန်တော် တို့ကော “ ဘုန်းကြီးမှာလားဟင်” လို့ မေးလိုက်ရင် “ အေး…..လိမ္မာတဲ့ လူမှန်သမျှ ဘုန်းကြီးတယ်၊ သက်ရှည်တယ် ကွဲ့” လို့ ပြောကြတော့ “ ဒီလိုဆို ကျွန်တော်တို့လည်း လိမ္မာမယ်” နဲ့ ဖြစ်ကုန်ကြတာပဲ။
ပြီးတော့မှ “ အေး လိမ္မာချင်ရင် ဘယ်လိုမလုပ်ရဘူး…….မပြောရဘူး၊ ဘယ်လိုလုပ်ရ ပြောရမယ်” ဆိုတာတွေ၊ ပြီးတော့ ဘုရား၊ တရား၊ သံဃာ ဆိုတာကို ဦးချကန်တော့ပုံတွေ “ ဘုရားစာ” လို့ ခေါ်တဲ့ “ သြကာသ” တို့ “ သရဏဂုံ” တို့ “ ဂုဏ်တော်” တို့ “ သမ္ဗုဒ္ဓေ” တို့ ဆိုတာတွေ တစ်နေ့ နည်းနည်းချပေးရင်း နောက်တော့ အာဂုံရလာကြတာပဲကွ။
မိုးချုပ်စာ စားပြီးပြီဆိုရင် အဘိုးအဘွားတွေက “ပုံတွေ ဇာတ်နိပါတ်တွေ” ပြောပြကြတာကို ကြာတော့ “ စွဲ” လာတယ်။ နေ၀င်ပြီဆို ထမင်းမြန်မြန် စားပြီး ဘိုးဘွားတွေနား ၀ိုင်းနေကြတာပဲ။ ပုံပြင်နားထောင်ချင်ကြလို့။ ဒီလို ပျော်မွေ့တတ်တဲ့ အလေ့အကျင့် ရလာတော့ ကိုယ့်ဘာသာကိုယ် စာဖတ်တတ်တဲ့ အခါကျတော့လည်း “ ငါးရာ့ငါးဆယ်” တို့ “ ဇာတ်ကြီး ဆယ်ဘွဲ့” တို့ကို ဖတ်ရတာ ပျော်နေတော့တာပဲ။
ဘယ်သူမဆို မိဘဘိုးဘွား ကျောင်းထွက်ကောင်းတွေဖြစ်မှ ဆရာသမားကျောင်းရောက်တော့လည်း ကောင်းတာမျိုးလေကွာ။

“ ဆရာသမားဆိုတာ ပန်းပုဆရာ၊ ပန်းပဲဆရာနဲ့ တူတယ်” လို့ ဆိုသမို့လား။
“ သစ်” ကောင်း “ သံ” ကောင်းဖြစ်မှ ပုံကောင်း၊ ဓားကောင်းဖြစ်မှာပေါ့။ အမျက်အဆွေးတွေ အကြော် လိမ်တွေပါတဲ့ သစ်သားကို ပန်းပုထုရင် လက်ရာကောင်းပေမယ့် အဆွေး၊ အအက်၊ အနာတွေနဲ့ ဖြစ်နေရင် ပုံကောင်း ဘယ်ဖြစ်ပါ့မလဲ။
သံကြွပ် သံဆွေးဆိုရင်လည်း ပန်းပဲဆရာ ဘယ်လောက်ကောင်းကောင်း ပုံစံကောင်း လက်ရာကောင်းသာ ဖြစ်မယ်။ ဓားကောင်းဘယ်ဖြစ်မလဲ။ သုံးလိုက်ရင် တွန့်သွား၊ ပဲ့သွားတဲ့ ဓားမျိုးပဲ ဖြစ်နေမယ် မဟုတ်လားကွ။ ဆရာ့ဆီရောက်လာတဲ့ တပည့်ချင်းတူပေမယ့် အရည်အချင်း မတူကြတာ။ အဲဒါတွေ ကွာတယ်ဆိုတာ သတိမထားကြတော့ဘူးကွ။
အဲ…….ဆရာသမားများကလည်း သစ်ကြော သံကြောတော့ သဘောပေါက်ဖို့ လိုတာပေါ့ကွာ ( ဘုန်းကြီးကျောင်းမှာ သင်ကြားဆုံးမပုံကို သီးခြားတင်ပြပါမယ်။ )
အတိုချုပ်ကတော့ကွာ……..ဘိုးဘွားတွေက လောကရေး၊ ဓမ္မရေးနဲ့ ပတ်သက်ပြီး အဲဒီလို သွန်သင်ဆုံးမ ပေးတဲ့အတွက် ကလေးတွေမှာ လည်း လောကစည်းကမ်း၊ ဓမ္မစည်းကမ်းကို အငယ်ကတည်းက စွဲသွားတယ်ကွ။ ဘာမဆို “ ငယ်စွဲကမှ တကယ်မြဲတာ” မို့လား။
ဘိုးဘွားတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း သက်ကြီးရွယ်အိုဖြစ်နေချိန်မှာ “ တို့နားကို ဘယ်သားသမီးတော့ လာကြပါဦး၊ ဘယ်မြေးတော့ လာကြပါဦး” လို့ အထူးဖိတ်ခေါ်စရာ မလိုဘူး။ မြေးတွေက ၀ိုင်းဝိုင်းလည်နေပြီ ဆိုမှတော့ သားသမီးက ဘာပြောစရာလိုမလဲကွ မင်းနှယ်။
ကဲ…….အဲဒါ မင်းပဲ စဉ်းစားကြည့်ပေါ့။ ဒီလို သွန်သင်ဆုံးမတာဟာ အိမ်စောင့်၊ မြေးထိန်းရင်း သာသနာပြုရာ လည်း မကျဘူးလား။ ဒီလို သာသနာပြုပေးတဲ့အတွက် သားသမီးမြေးမြစ်တွေကပါ မပြတ်ဆည်းကပ် လေးစားခြင်း ခံရလို့ “ အိမ်ကြီးရှင်” ဆိုတာထက် တစ်ဆင့်တက်ပြီး “ အိမ်ကြီးသခင်” ဖြစ်သွားတယ်လို့ကော မဆိုနိုင်ပေဘူးလားကွ။

ငါ့ညီကို ငါက အဲဒါတွေ ရှင်းပြလိုက်တာပါ။ သူလည်း သဘောပေါက်တယ် လို့ ပြောတာပဲလေကွာ။ တကယ် သဘောပေါက်ပြီး ကျင့်သုံးမယ်ဆိုရင်တော့ အိမ်ကျွန်အဖြစ်ကနေ အိမ်ကြီးသခင် ဖြစ်သွားလို့ လောကရေးကော ဓမ္မရေးပါ ကောင်းသွားမှာပေါ့” လို့ မိန့်ကြားပါတယ်။
ဆရာတော် မိန့်ကြားချက်များကို တိပိဋက “ ယော” ဆရာတော်ရဲ့ စကားနဲ့ ကောက်ချက်ချလိုက်မယ်ဆိုရင် တော့ အိမ်စောင့် မြေးထိန်းရုံသက်သက် လုပ်နေရတဲ့ ဘ၀ကနေ အိုချိန်မှာ အပယ်ခံထားရတဲ့ “ အိုပယ်ဘ၀”၊ အိမ်စောင့်မြေးထိန်း သာသနာပြုဘ၀မျိုးက အိုပေမယ့် အခြံအရံတွေနဲ့ ကြွယ်ဝနေလို့ “ အိုကြွယ်ဘ၀” လို့ပဲ ဆိုရပါလိမ့်မယ်။


အိုပယ် အိမ်ကျွန်ဘ၀က လွတ်မြောက်ပြီး အိုကြွယ် အိမ့်သခင်များ ဖြစ်နိုင်ကြပါစေ။


ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း )

No comments: