စာပေနှင့် အနုပညာ
အရှေ့ဆီကရောင်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
တို့ဗမာပြည်အမှောင်တွင်း
သူခေါင်းဆောင်လို့လင်း
စိတ်ရင်းမှန်လို့သစ္စာတည်
ဗိုလ်ချုပ်အာဇာနည်
တို့ပြည်ကောင်းအောင်
သူသည်ပိုး
သူ့ဂုဏ်ဘယ်မညှိုး
ရိုးသားဖြောင့်မတ်သူ့မူရာ
ငယ်ငယ်ထဲကပါ
ဗမာပြည်သူ အချစ်ပန်း
ဗိုလ်ချုပ်ဦးအောင်ဆန်း။
လွန်ခဲ့သော
နှစ်လေးဆယ်နီးပါး လောက်က သားအကြီးကိုသင်ပေးခဲ့ သော ကလေးကဗျာလေးတစ်ပုဒ်။
ကျေးဇူးရှင်၏ ကျေးဇူးတရားကိုသိ တတ်လာအောင် လမ်းညွှန်ပြသခဲ့ သည့်ကဗျာ။
သားကြီးကိုကဗျာသင် ပေးခဲ့စဉ်က ကဗျာရှင်မှာ အသက် ထင်ရှားရှိနေသေးသည်။ အခု
မြေး
ငယ်တွေကိုသင်ပေးနေစဉ်မှာ ကဗျာ ရှင်မရှိတော့ပြီ။ သူချစ်သောမြေနှင့်
အဝေးတစ်နေရာမှာ လူ့လောကကို ရော၊ သူချစ်သောကဗျာနှင့် ပရိသတ် ကိုရော
ကျောခိုင်းစွန့်ခွာသွားခဲ့ချေပြီ။သူဆိုသည်ကား ပြည်သူချစ်သော ကဗျာဆရာ တင်မိုး။
ဆရာတင်မိုးကို
ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းလောက်ကတည်း က ပန်းလက်ဆောင် စာစီစာကုံးရေး သူ
ကိုရင်ဂျမ်းအဖြစ်
ထိတွေ့ခွင့်ရခဲ့ သည်။ နောက်ပိုင်းမှာတော့ ဖန်မီးအိမ် ကဗျာရှင်အဖြစ်
တွေ့ရပြီး မဂ္ဂဇင်းတွေ မှာ သူ့ကဗျာတွေကို စဉ်ဆက်မပြတ် ဖတ်ရှုခွင့်ရခဲ့သည်။
ကဗျာအရေး ကောင်းသူသာမက အက်ဆေး (ယခင် အခေါ်စာတမ်း/အစမ်းစာ)
လည်း အရေးညက်ညောသူဖြစ်သည်။ သူရေးခဲ့သည့်(စိန်ဒိုးသံ၊ မြဒိုးသံ)အက်
ဆေးဆိုလျှင် ကြိုက်လွန်း၍ (ဟိုတုန်း က ကော်ပီယာမပေါ်သေး) လက်ရေး
ဖြင့်အစအဆုံးကူးယူခဲ့ဖူးသည်။ သည် အက်ဆေးကိုရေးဖော် ကဗျာဆရာ
မောင်ထွေးအောင်(မန်းတက္ကသိုလ်) လည်း အလွန်ကြိုက်ခဲ့သည်။ 'သင်္ချိုင်းကုန်းမှာ'ဆိုသော အက်ဆေး မှာ ကျောင်းသုံးပြဋ္ဌာန်းချက်တွင် ပါဝင်ခဲ့သဖြင့် ကျောင်းသူကျောင်း သားအားလုံးဖတ်ဖူး မှတ်ဖူးကြမည် ထင်ပါသည်။
ဆရာ့စာ၊
ဆရာ့ကဗျာအကြောင်း မပြောမီ၊
ဆရာ့ဘဝဖြတ်သန်းမှုကို တင်ပြလိုပါသည်။ ဆရာ့အမည်ရင်းမှာ ဘဂျမ်းဖြစ်ပါသည်။
သက္ကရာဇ် ၁၂၉၅ ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့တွင် ဦးဘအို၊ ဒေါ်စံထယ်တို့ မှ
တောင်သာမြို့နယ် ကံမြဲရွာတွင် မွေးဖွားခဲ့ပါသည်။ ငယ်ငယ်က ကဗျာ ရေးရာတွင်
ကံမြဲနန်းမြင့်နွယ်အမည် ဖြင့်ရေးသားခဲ့ပါသည်။ ဇဂျမ်းရွာ
အလယ်တန်းကျောင်းတွင် စတင် ပညာသင်ကြားခဲ့သည်။ နောက်ပိုင်း
ဇဂျမ်းအထက်တန်းကျောင်းဖြစ်လာ
ချိန်တွင် ဆရာက ဇဂျမ်းမြေမှပန်း များ ခေါင်းစဉ်ဖြင့် ဇဂျမ်း အ.ထ.က
ကျောင်းတဲ့၊ ပန်းအလှထောင်သောင်း ပွင့်တော့မည်' ဟု ဂုဏ်တင်ဖွဲ့ဆိုခဲ့ သည်။
ဆရာတော်ဦးအာစရ၏ မန္တလေးကျောင်းတိုက်၊ ရေစကြို အထက်တန်းကျောင်း၊ မန္တလေး
တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့ တွင် ပညာသင်ကြားခဲ့သည်။ ဆရာ
၏ပထမဆုံးကဗျာစာအုပ်မှာ ဖန်မီး
အိမ်ကဗျာများဖြစ်သည်။ ၁၉၅၉ ခုနှစ် အတွက် စာပေဗိမာန်ဆုကို ဆွတ်ခူး ခဲ့သည်။
ဆက်လက်၍ လှေတစ်စင်း နှင့်သီချင်းသည်၊ ပန်းဈေးခင်း၊ စိမ်း လန်းသောအိပ်မက်၊
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း၊ ပုဂံကျောင်းကခေါင်း လောင်းသံ၊
ပိတောက်မှသရဖီသို့ စာ အုပ်များအပြင် ကလေးများအတွက် အမေ့ကျောင်း၊
ထီးကလေးနဲ့မနီ၊ ပူစီ၊ ပျိုးခင်းတေးသံ စသည့်ကလေးကဗျာ
စာအုပ်များရေးသားခဲ့သည်။
ထီးက လေးနဲ့မနီ စာအုပ်မှာ ၁၉၇ဝ ခုနှစ် အတွက် အမျိုးသားစာပေဆုကို ဆွတ်
ခူးခဲ့သည်။
ကျွန်တော်ရေစကြိုမြို့နယ်၌ တာဝန်ထမ်းဆောင်ခွင့်ရသည့်အချိန်
တွင် ဆရာ့အကြောင်းကို တစေ့တ စောင်းသိခွင့်ရခဲ့ပါသည်။ သနပ်ခါး
ကောင်းကောင်းထွက်သော ရှင်မ တောင်သည် ရေစကြိုမြို့နယ်တွင်ရှိ သည်။
ကျောက်စရစ်မြေကုန်းခေါင် ခေါင်တွင် ထန်းတောကြီးများနေရာ
ယူထားသည်။ ယုန်ပေါသဖြင့် ည အချိန်ကားမီးရောင်အောက်တွင် ယုန် ကလေးများ မြူးတူးခုန်ပေါက်နေ သည်ကို မကြာခဏတွေ့ရတတ်ပါ သည်။ ရေစကြိုမြို့ဝင်ပေါက်ဟုပြော ရမည့် တမာတန်းရောက်လျှင် ခရီး သည်ကားများကို ထန်းသီးမုန့်အလု အယက်ဈေးခေါ်သံများကြားရတတ် သည်။ မြို့ကြီးပြကြီးရောက်သွားချိန်
မှာတော့ ဆရာ၏
ရေစကြိုလွမ်းချင်း များကိုကြားနေရသည်။ ဆရာ့လို ရေ စကြိုမှာ
ကျောင်းနေခဲ့သူမဟုတ်ပါဘဲ ရေစကြိုမှာ နေခိုခဲ့သော ကျွန်တော် သည်ပင်
ရှင်မတောင်၊ တမာတန်းတို့ ကိုတမ်းတလွမ်းဆွတ်နေဆဲဖြစ်သည် ကို ဝန်ခံလိုပါသည်။
ရှင်မတောင် တောင်ညိုရိပ်
ထန်းညိုရိပ်တဝေဝေ
ယုန်လိုက်သံ အော်သံဟစ်
ကျောက်စရစ်မြေ၊
တောလမ်းက
ကွေ့ကာခွေ
တောခြေကကောက်ကာကွေ့
လှည်းတန်းတအီအီနဲ့
မြေညီညီတမာတန်း
လွမ်း၍မမေ့။
ရေစကြိုမြို့တွင် အလောင်းမင်း တရားကြီးတည်ထားကိုးကွယ်သည် ဆိုသော ဖောင်တော်ဦးဘုရားသည် ချင်းတွင်းမြစ်ကမ်းပါးထိပ်တွင်ရှိသည်။
ရေစကြိုတွင် နေစဉ်က ဖောင်တော်ဦး ရင်ပြင်ပေါ်မှ ချင်းတွင်းမြစ်ပြင်တစ်
ကြောကို မကြာခဏငေးမောဖြစ်ခဲ့ သည်။
စက်တပ်ရေယာဉ်တွေပေါများ နေသည့် ကြားက ရွက်လှေတစ်စင်း တလေ
တွေ့မြင်ရသည့်အခါတွင် ဆရာ၏ကဗျာလေးချိုးကြီးထဲက စာ
ပိုဒ်ကိုပြေး၍သတိရနေမိခဲ့သည်။
လှေငယ်ငယ်
ရွက်ညိုဖောင်းရယ်နဲ့
ရေလယ်မှာ
တက်အိုတစ်ချောင်းပေပေါ့
အဖေအို အမေအိုတဲ့
နေညိုညိုရေစကြိုက ပြောင်းခဲ့ရ
ကံကောင်းလျှင်အနေတော်၍
ငွေပေါ်ကာ
ြေ<ွကးမြီဆပ်နိုင်ငဲ့။
ဆရာ့ကဗျာလေးများသည် ကျေး
လက်ရနံ့များသင်းနေသလို သဒ္ဒါ လင်္ကာရများလည်း ထုံမွှမ်းနေသည်ကို တွေ့ရသည်။
သူ့သူငယ်ချင်း ကံမြဲ ကိုအေးကျော်၏ ရုပ်သေးပွဲသွားရ အောင် သီချင်းလိုပင်
ကျေးလက်လုံမ ပျို၊ လုလင်ပျိုတို့၏ စရိုက်သဘာဝ ကိုလည်း ထင်သာမြင်သာရှိအောင်
ဖွဲ့ ဆိုတတ်သည်။ နှလုံးသားမှသည် နား ကိုသာမက မျက်စိသို့ပင်ရောက် အောင်
ပို့သည်ဟု
ဆိုချင်ပါသည်။ ကြည့်ပါ။
သပြေညိုပင်ပျိုအုပ်မှာ
လှည်းဖြုတ်လို့နေရာယူ
ပွဲကြည့်တူတူ။
ဆောင်းလေက ကလူ၊
နှင်းမြူကအဝဲ။
စောင်မြိတ်တို
တစ်ထည်တည်းဟာမို့
မောင့်ရွှေကိုယ်နံ့သာခဲရယ်နဲ့
လူပုံမှာတူစုံနွှဲရတယ်၊
မေ့တတ်နိုင်ပဲ။
ကျေးလက်ပွဲခင်းများသည်
ကျေးလက်လုလင်ပျို၊ လုံမပျိုတို့ အတွက် မဟာသမယအခါတော်ကြီး
ဖြစ်သည်။ အခွင့်အလမ်းရှိသော်လည်း အခွင့်အရေးမယူတတ်ကြ။ စည်း
စောင့်တတ်ကြသည်။ ပကတိဖြူစင် ရိုးသားကြသည်။ ရိုးလွန်းတော့ အ၊ ဆိုသော
သဘာဝကိုလည်း ဆရာက လျစ်လျူရှုမထား။ ချောင်ကျကျ ခေါင်လှသည့် တောသူတောင်သားတို့
ကမူ လက်ရှိအုပ်ချုပ်နေသူကိုပင် စကြာမင်းလေးလား၊ ဦးနုလား၊ ဗိုလ်
ချုပ်နေဝင်းလား၊ သူတို့အမှန်တကယ် မသိ။ ကောင်းကင်ပေါ်မှာ ပျံနေသည့် လေယာဉ်ပျံ
ရှိသည်ဆိုတာကိုပင် မဖြစ်နိုင်ပါဘူးဟု အကြောက်အကန်
ငြင်းနေကြသူတွေလည်းရှိသည်။ အဲ သည်လို လူစားမျိုးတွေကို ကရုဏာ မျက်စိဖြင့်
ကျေးလက်ကသူတို့ကဗျာ တွင်ဆရာက လေယာဉ်ပျံဆိုတာဖြစ် နိုင်ပါဘူးကွာဟု၊ အခါခါ
ငြင်းနေ တုန်း၊ ဗြုန်းကနဲ ဗုံးကြဲခံလိုက်ရတော့ တယ်''ဟု ဟာသနှောကာပြောတတ်
သည်။
ဆရာ့ကဗျာအကြောင်း ပြောမည် ဆိုလျှင် ဆေးလိပ်လည်းတို၊ နေလည်း ညိုပြီ၊
ငါ့ကိုပြန်ပို့ကြပါလေ''ဆိုသည့် သုံးကြောင်း ကဗျာလေးကို ချန်လှပ် ထားခဲ့၍မရ၊ ဆရာရေးစဉ်က ရိုးရိုး ရှင်းရှင်းပဲရေးခဲ့တာဖြစ်ကြောင်း၊
ထောင့်စုံ၊ ဘက်စုံက အဓိပ္ပာယ်ဖွင့်နေ ကြကြောင်း၊ အင်းစိန်တောရရောက်
သွားပြီး ရှေ့ကစီနီယာသမားက သူ့ ကဗျာလေးကို နံရံတွင်ရေးခဲ့သည်။
ဖတ်ရှုလိုက်ရသည့်အချိန်တွင် ဝေဒနာ ခံစားခဲ့ရကြောင်း
စာပေဟောပြောပွဲ တစ်ခုတွင် ကိုယ်တိုင်ဖွင့်ဟဝန်ခံဖူး သည်။ ကဗျာဆိုသည်မှာ
စိန်ကောင်း တစ်ပွင့်လို အရောင်အမျိုးမျိုးဖြာထွက် နေသည်ဆိုသော
ဆရာမင်းသုဝဏ်၏ အဆိုအမိန့်ကဲ့သို့ပင် ဖြစ်သည်။
ဆရာနှင့် နီးနီးကပ်ကပ်ပေါင်း သင်းဆက်ဆံဖူးသူများက ဆရာ၏ ရိုးဂုဏ်နှင့်စာရိတ္တကိုလေးစားကြည်
ညိုကြသည်။ ဆရာ့စာ၊ ဆရာ့ကဗျာ များတွင် ဤသဘောကို ထင်ထင်
ရှားရှားတွေ့ရတတ်ပါသည်။ ''ဆရာ မင်းသုဝဏ်ရဲ့ သြဝါဒစကားတစ်ခုရှိ တယ်ဗျ။
လူဆိုတာ သေခါနီး ပြန်စဉ်း စားမိတဲ့အချိန်မှာ ကိုယ်တိုင်သာဓု
ခေါ်သွားနိုင်တဲ့ အလုပ်မျိုးကိုလုပ်နိုင် ခဲ့ဖို့ကြိုးစားရမယ်တဲ့။
ကျွန်တော်တို့ ကတော့ ကိုယ်လုပ်ခဲ့တာတွေအတွက် ကိုယ့်သားသမီးတွေ ရှက်စရာမဖြစ်
အောင် ကြိုးစားနေရတုန်းပါဗျာ''ဟု ဆရာမောင်ဝံသကို ခရီးတစ်ကြောင်း
တွင်ပြောပြခဲ့ဖူးသည်။ သူ့ခံယူချက်ကို လှစ်ကြူးဖော်ပြထားသော ကဗျာကို
အမှတ်-၃ ပဲခူးအထက်တန်းကျောင်း ရွှေရတုမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။
တို့ဘခင်သည်
လူရှင်ရုတ်ရက်၊ ခေတ်အပျက်၌
တက်ဈေးမထောင်၊
ကုန်မလှောင်၍
မချောင်မလည်၊
နေရသည်တည့်။
တို့အဖေကား၊ ရွှေငွေဥစ္စာ
အာဏာမင်းစက်၊
ရာထူးမက်ဟု
သားရှက်မခံတော့ပါပြီ။
တို့အဖေကား
နေရာတစ်ခု၊
ရလိုမှုတွက်
အလုအယက်၊ ခြေကိုဖက်ဟု
သားရှက်မခံတော့ပါပြီ။
ငါ၏စိတ်ထား၊ ငါ့စကားသည်
သားတို့တန်ဆောင်
သားတို့ခေါင်းဆောင် ဖြစ်ချေပြီ။ ဆရာသည် သူငယ်ချင်း အပေါင်းအသင်းနှင့် ပတ်သက်လျှင် သံယောဇဉ်ကြီးရှာသူတစ်ယောက်ဖြစ် သည်။ သူ့သူငယ်ချင်း ဂုဏ်ထူးမောင် သိန်းနိုင် ဆေးရုံတက်စဉ်ကလည်း 'လောကနယ်ပယ်၊ ဘယ်လောက် ကျယ်ကျယ်၊
သူငယ်ချင်းသာအချစ် ဆုံး'ဟု မှတ်မှတ်ရရရေးခဲ့သည်။ ကဗျာဆရာနီမောင်(အင်းဝ)ကွယ်လွန် စဉ်ကလည်း မျက်ရည်စက်နှင့်အတူ ကဗျာတစ်ပုဒ်လည်း ထွက်ခဲ့သည်။ မျက်ရည်စွန်းသော အလွမ်းစာ အလွမ်းကဗျာကို တောင်သမန်က လွမ်းဂူရိပ်
ဟုကမ္ပည်းတင်ထားသည်။
အင်းဝကနီမောင်
ကြည်အောင်တို့သွေး။
သဘောကောင်းလှချည့်
တောကျောင်းထွက်ပီသ
ပြုံးစစလေး။
မန္တလေးစာပေဝိုင်း
တိုင်းကျော်တို့ပြည်ကျော်
ရေးဖော်ကြီးတစ်ယောက်။
အဝေးကငါပြန်လာတော့
နီမောင်ဒီကောင်
မရှိရှာတော့ဘူးတဲ့
လွမ်းစရာ သူ့ဂူရောက်
မျက်ရည်ပေါက်ပေါက်။
ဆရာသည် ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏
စာများနှင့်ငယ်စဉ် ကတည်းက ကံကောင်းထောက်မ စွာရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်သည်။
လူ ကိုယ်တိုင်လည်း မြင်ဖူး ကြည်ညိုခဲ့ သူဖြစ်သည်။ ဆရာကြီးသခင်ကိုယ်
တော်မှိုင်းနှင့်ပတ်သက်၍ ဆရာလွန်း အတ္ထုပ္ပတ္တိ၊ သခင်ကိုယ်တော်မှိုင်းဋီ ကာ စသော
စာကောင်းပေမွန်များကို ဖတ်ရသည့်အခါ 'ကွမ်းအစ်တစ်လုံး၊
သျှောင်တစ်ထုံးနှင့်၊ ရင်ဖုံးအင်္ကျီ၊ ဖျင် ပင်နီနှင့်၊
ယောထည်ပုဆိုး၊ မှင်ကြောင် ထိုးနှင့်၊ အဖိုးကဝိပညာရှိ'အစရှိသော
ကဗျာများ၊''မြန်မာ့သွေးပေပ၊ နှုတ် ခမ်းမွေးတစ်တောင်ကျော်နဲ့၊ ကလောင်မော်စိန်တစ်ချောင်းရယ်နဲ့၊
သောင်းမြန်မာနယ်တရိုး၊ ဒေါင်းလံ လွှင့်မိုး' (တော်လှန်ရေးစာဆိုတော် ကြီး)
စသည့် ကဗျာမျိုးများ၊ ဆရာ့ ကလောင်ဖျားမှ စိမ့်ယိုလာခဲ့သည်။ ဤကဗျာသည်
ကျောင်းသုံးပြဋ္ဌာန်း ချက်တွင် ပါဝင်ခဲ့သည်။
ဆရာသည် လောက၏ အလှ
အပများကို ခံစားရေးဖွဲ့တတ်သလို အမြင်မတော်တွေ့လျှင်လည်း ထေ့ တတ်၊ ငေါ့တတ်၊
သရော်တတ် သည်။ ပြည်သူ့ကျန်းမာရေးကို စောင့် ရှောက်ကူညီလိုသော စေတနာမရှိဘဲ၊
ဒယ်ဒီ၊ မာမီဆန္ဒအရ ဆေးကျောင်း တက်လာသော ဒေါက်တာဂျော်နီ-မော်လီစုံတွဲကိုလည်း
တောင်သူလယ် သမား၊ အလုပ်သမားတို့၊ ဒေါက်တာ
ဂျော်နီ၊ မော်လီလင်မယား တန်ခိုးထွား အောင်၊ များများဖျားနာကြပါကုန်' ဟု
အသောအထေ့ဖြင့် ကလိခဲ့သည်။ ထိုမျှမကသေး၊ ဂျော်နီခေတ် အမည် ဖြင့်
ကဗျာပြဇာတ်ကိုရေးဖွဲ့ကာ သရော်ခဲ့သေးသည်။ ကိုယ့်အကြောင်း
ကိုသာစဉ်းစားသူတို့ကို ပြိတ္တာမျက် ရည် ကဗျာဖြင့် သရုပ်ဖော်ခဲ့သည်၊
မည်မျှပင် အာဏာပိုင်စိုးသူဖြစ်ပါစေ၊ အန္တိမဘဝ၌ အုတ်ဂူတွင် လဲလျောင်း ရပုံကို
အုတ်ဂူကရယ်လိမ့်မည်
ခေါင်း စီးပေးလျက် အောက်ပါအတိုင်း သတိ ပေးခဲ့သည်။
မနေ့ကတို့နိုင်ငံ
ကံကြမ္မာစီရင်သူတို့
အုတ်ဂူမှာကမ္ပည်းထိုး
သေမျိုးပါလား။
ဒီနေ့ခေတ်တွင်
ရာဇပလ္လင်မှာ ငါအရှင်တဲ့
ရယ်ချင်ချင်အပြုံးရုပ်နဲ့
ငုတ်တုတ်ဂူများ။
လွန်ခဲ့သော
ရှစ်နှစ်ခန့်က အင်း စိန်တောင်သူကုန်းမှာ ကျွန်တော်နေ ခဲ့သည်။
မြို့ထဲအသွားအပြန် ဆရာ့ အိမ်ရှေ့က အမြဲဖြတ်သွားရသည်။
ထို အချိန်တွင် ဆရာသည် ပြည်ပသို့ ရောက်နေသည့်အခါဖြစ်သည်။ ဆရာ
လမ်းလျှောက်ထွက်ခဲ့သည့် ကသွယ် ချောင်းဘေးမှာ တစ်ခါတစ်ရံထိုင်ဖြစ် ပါသည်။
ကသွယ်စမ်းရေစီး၊ ဘယ် စခန်းအခြေအထိ စီးမလဲ၊ သူ့ခရီး ငါမသိနိုင်ဟူသော
ဆရာ့ကဗျာကို က သွယ်ချောင်းက ပြန်လည်ရွတ်ပြနေ သည်ဟု ခံစားမိပါသည်။ ကဗျာရေး
ချိန်တွင် ဆရာ့ဇနီး စန်းက ဆရာ့ အား ကျောခိုင်းထွက်ခွာသွားသည့်
အချိန်ဖြစ်ပါသည်။
ထိုအချိန်က ဆရာ့ ကဗျာတွေမှာ ဇနီးသည်အားတမ်းချင်း များက
လွှမ်းမိုးခဲ့သည်ဟုထင်ပါ သည်။ ကန္တာရနှစ်များ ကဗျာစာအုပ် တွင်
ဆရာ၏အလွမ်းခြေရာများကို အတိုင်းသားတွေ့နေရသည်။ ၁၉၉၅ ခုတစ်ခုသော
ဆောင်းညနေခင်းတွင် သမီးကြီး မိုးမိုးစံနှင့်အတူ မင်းကြီး လမ်း၊
ဟိုက်ပတ်လမ်းတစ်လျှောက် လျှောက်လှမ်းခဲ့ပုံကို ဆရာကကြေကွဲ
ဖွယ်ပြောခဲ့ပါသည်။
သမီးစံက
အထီးကျန်ဖအေအိုကို
စိတ်ပျိုအောင် မမောမပန်းဘဲ
တောလမ်းရှိရာခေါ်ခဲ့တယ်။
နောက်ပိုင်းတွင်တော့
ဆရာ သည် အကြောင်းကြောင်းကြောင့် သားသမီးတွေကိုစွန့်ကာ ပြည်ပသို့
ထွက်ခွာခဲ့ရသည်။ ပြည်ပရောက်ရှိစဉ် မှာလည်းကဗျာတွေရေးဖြစ်သည်။
ညစာစားပွဲတစ်ခုမှာ မြန်မာစာတွေနဲ့ စားရပုံကို 'ဘူးရွက်ချို ဟင်းချိုသောက်
အမဲခြောက်ဖုတ်ဝါး၊
ပြောင်းဖူးချိုချို စား၊ အညာဆန်ဆန်၊ အညာသံတွေ နဲ့၊
ဝါရှင်တန်ကညနေစာပါလား'ဟု ဆရာက ပြန်ပြောပြသည်။ ပွဲသိမ်းပြီး
ကိုယ့်နေရာအသီးသီးပြန်ချိန်မှာ
အိပ် မက်ကနိုးလာသူပမာ ကိုယ့်ပြည်ကို လွမ်းတခဲ့ရပုံကို ပွဲသိမ်းလို့ အချိန်
တန် ရထားနဲ့ပြန်၊ ကားနဲ့ပြန်၊ ရင်ခုန် သံကိုယ်စီနဲ့
ကိုယ့်ပြည်ကိုလွမ်းစိတ်၊ ရိုးတိုးရိတ်တိတ်၊ လွယ်အိတ်ထဲမှာ
ထည့်လို့လွယ်၊ ဘယ့်နှယ်၊ ဘယ့်နှယ် ဖြစ်တယ်မသိ၊ ကျလာတဲ့မျက်ရည် စက်၊
မအိပ်ရက်တဲ့ညပါလား''ဟု ပြောခဲ့သည်။ သည်မျှမကသေး၊ အာရုံ ထဲမှာမြင်လာ၊
ကြားလာသော အညာ ၏ပုံရိပ်ကိုလွမ်းစကားဆိုခဲ့သည်မှာ
ဤသို့...
ပလွေသံကလေးကနွဲ့နှောင်း
စောင်းသံကလေးက
လွင်လွင်ချိုတဲ့
တဲရိပ်ညိုအညာစခန်း
ငါမလွမ်းဘဲနေပါ့မလား။
ဘုန်းကြီးကျောင်းက
ဗုံးမြီးဟောင်း
ရေအိုးစင်လေးကလည်း
ငယ်ရွယ်စဉ်ကမလှမပတဲ့
ဒုတိယကမ္ဘာစစ်ကြီးကိုလည်း
သတိရစရာ။
အမြောက်ဆံကြေးအိုးကို
သပြေပန်းထိုးပြီး
ဆုတောင်းခဲ့တဲ့
အမေ့အကြောင်းကိုလဲ
မလွမ်းဘဲမနေနိုင်။
ဆရာ့ကို
လူကိုယ်တိုင်မဆုံဖူး ပါ။ ဆရာ၏အချို့ ကဗျာတွေကို ကြိုက်သဖြင့် အလွတ်ရနေသည်။
မြင် ဆရာအဖြစ် ခံယူရင်း ကဗျာတွေစမ်း ရေးဖြစ်ပါသည်။ ဆရာစမ်းသပ်ရေး သည့်
ပုရစ်ကောက် လို ကဗျာမျိုး က ကာရန်ယူပုံမျိုးကို တော်တော်နှင့်
လက်မခံနိုင်ဖြစ်ခဲ့သည်။ ကန္တာရနှစ် များ(နောက်ဆုံးထုတ်)တွင်မူ ကာရန်
ကိုလက်မလွှတ်သော်လည်း စာလုံးရေ ပါဒကို စိတ်ကြိုက်ချဲ့ယူထားသည်ကို
သတိထားမိသည်။ လူငယ်တစ် ယောက်နှင့် ဆွေးနွေးခန်းကဗျာတွင်မူ
မော်ဒန်ကဗျာနှင့်ပတ်သက်၍ ဆရာ၏ အမြင်ကို ရိပ်ခနဲတွေ့လိုက်ရပါ သည်။
ဆရာ့ကဗျာတွေအကြောင်း ရေးလျှင် စာတမ်းတစ်စောင် ဖြစ်သွားနိုင်ပါ သည်။
အကျဉ်းချုပ်၍သာ ဆိုနိုင်ပါ သည်။ ယနေ့ တစ်မျိုးသားလုံး စိတ် ဝင်စား
အလေးထားနေသည့် ဧရာ ဝတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ
မီးမောင်းထိုးပြနေသည့်
မြစ်ဆုံနှင့်ပတ်သက်၍လည်း ဆရာ သည် ဝတ္တရားကျေပွန်ခဲ့သူတစ်ဦးဖြစ် ပါသည်။
သည်နေရာ၊ သည်ဒေသသို့ ဆရာရောက်ရှိခဲ့စဉ်က ရေးဖွဲ့ခဲ့သည့် မြစ်ဆုံကဗျာ ကောက်နုတ်ချက် တင်ပြရင်း ဆရာ့အားဦးညွှတ်လိုက်ရ
ပါသည်။
စိမ်းလဲ့သီတာ
ယိမ်းနွဲ့သည်နေရာက
ကြည်ပြာပြာမြစ်ညာစခန်းပါပဲ
သောင်ကမ်းခွေကာလည်၍
ဧရာဝတီအမည်လှပေပေါ့
နေဝါရီမပီမသမှာ
ခဏတွေဝေရာက
သည်သောင်ပြာ
သည်မြိုင်တွင်းဆီက
နိုင်ငံကို သူဖန်ဆင်းတယ်လို့
ရင်တွင်းမှာသည်အလွမ်းရယ်နဲ့
ကမ်းစပ်သို့ဆင်း။
သန်းထွန်း(စကု)
No comments:
Post a Comment