သောက တောင်တန်းတွေ အထပ်ထပ် ကျော်ဖြတ်
ဘ၀မော ဟာ မြစ်တစ်စင်းလို ဟိုးအဝေးမှာ စီးဆင်းနေရ
အတိတ်မှာ လမိုက်ညတွေ အခါခါကြုံလည်း
စိတ်ဓာတ် ယုံကြည်ချက်ကို ရင်ထဲမှာ သံမှိုရိုက်ထား
မယုံရဲတဲ့ ကံကြမ္မာဟာ ရထားတစ်စင်းလို ရပ်နားလိုက် ဆက်သွားလိုက်ပေါ့ကွယ်..။
အပြုံးတွေကို ရှည်ရှည်လျားလျား တံတားထိုးရမဲ့အစား
အမုန်းများ ရေကာတာလို ခိုင်ခိုင်မာမာ တည်ဆောက်နေကြ
နာတာရှည် ညတွေမှာ ဒုက္ခများ ဆွေပြမျိုးပြ အလည်လာကြ
အပျော်များ ပျောက်ရှနေတာ ကြာလာသောအခါ
စောင်းနေတဲ့လောကကြီးကို အရွဲ့တိုက်ကာ ပုဇင်းရင်ကွဲလို အော်ဟစ်လိုက်ချင်ပြီ....။
ရက်ရာဇာ ပြဿဒါး အားအားယားယား မရွေးအားဘူး
အချိန်ပြည့် ကြိုးစားနေမှ ဘ၀ပေး အခြေအနေက တော်ကာကျ
မပြောင်းချင်တဲ့ ကောင်းကင်မှာ အလင်းသစ်တွေ ခြေရာကောက်
အကောင်းမြင်စဲ လေညင်းရေ ငိုချင်းရှည်များ မသယ်ဆောင်ပါနဲ့
ဓားသွားပေါ်က ပျားရည်စက်ကို ကြိုးတန်းလမ်းလျောက်ရင်း လျက်နေရသူတွေပါ....။
လဲပြိုနေတဲ့ အားအင်တွေ ပြန်လည်ရှင်သန် ထမြောက်ဖို့
အမြဲငိုပြီး ဘုရားသခင်ထံ အသနားခံနေယုံနဲ့ မဖြစ်လောက်ဖူး
သာသာရေးကို ဓားရေးပြသလို အချိန်မတန်ခင် ရှေ့အရမ်းတိုးတဲ့ခေတ်မှာ
မတရားရွှေအိုး ထမ်းလာထာကို မမြင်ချင်တဲ့အမေ့အတွက်
ရိုးသားခြင်း အောင်လံအား မြင့်မြင့် လွှင့်ထူထားစဲ
မွဲခြောက်ခြောက် အနာဂတ်ဟာ ပေကတ်ကတ်နဲ့ အရောင် တောက်ပလို့လာပြီ...။
အချစ်များ မိးဇာကုန် မီးခွက်လို မငြိမ်းမှုတ်ခင်
အမုန်းစစ်ကို ပီကေလို ၀ါးပြီး ထွေးထုတ်
မပီပြင် ဟောင်းနွမ်းနေစဲ အိမ်မက် ပန်းချီကားကို ဆေးအသစ်သုတ်ချင်ပြီ...။
အောင်ခိုင်မြင့်
၁၃ မေ ၂၀၁၂
http://8888newgenerations.blogspot.ca/
No comments:
Post a Comment