Friday, June 22, 2012

ထိပ်ထားနဲ့သေနာ




 (ဟံသာဝတီ ဦးဝင်းတင်)

၁၉၈၀ ကျော်က ပန်းပုဆရာကြီး ဦးဟန်တင်က လူထုဒေါ်အမာရဲ့
ဦးခေါင်းပိုင်း ပုံတူရုပ်တုထုလုပ်ခဲ့တယ်။ အဲဒီပုံတူရုပ်တုကို စထုကတည်းက
ကျွန်တော်ဘေးက ထိုင်ကြည့်ခွင့်ရခဲ့တယ်။ ထုပြီးသွားတော့ ကျွန်တော်
ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။

ကျွန်တော် ဘယ်လိုရေးဖွဲ့ခဲ့သလဲဆိုတာ ရေးရေးပဲ မှတ်မိပါတော့တယ်။
ဒေါ်ဒေါ်ရဲ့ပါးသွယ်မေးချွန်း ဦးစွန်းပင့်မြှောက်ဟန်။ ဒေါ်ဒေါ်ရဲ့ပါးလျားနှုတ်ခမ်း
အပြုံးသန်းဟန်။ ဒေါ်ဒေါ်ရဲ့စူးရှမျက်ဝန်း တောက်ထွန်းထွင်းဖောက်ဟန်တွေ
ကို ကျွန်တော် မြင်တွေ့ခံစားရတဲ့အတိုင်းခြယ်မှုန်းပြခဲ့တယ်။ အဲဒါလောက်ပဲ
မှတ်မိပါတော့တယ်။

၁၉၉၄-၉၅ လောက်မှာ ဒေါ်ဒေါ်ရဲ့မိန်းမသားမာန် လူသားမာန် ပုံရိပ်လို
သဏ္ဌာန်တစ်ခုကို အမေရိကန်သတင်းမဂ္ဂဇင်း TIME မျက်နှာဖုံးမှာ
မြင်ရတယ်။ဒီပုံရိပ်ရဲ့အဓိပ္ပာယ်တွေ၊ ဂုဏ်ရည် ဥာဏ်ရည် မာန်ရည်တွေ၊ စွမ်းအင်သတ္တိတွေ ကျွန်တော့်ရင်ထဲမှာ ရိုက်ခတ်သွားတယ်။ ပုံရိပ်မှာ မိခင် မိန်းမသားတစ်ဦးရဲ့နူးညံ့သိမ်မွေ့မှုနဲ့ ခေါင်းဆောင်လူသားရဲ့ သန်မာခိုင်ကြည်
မှုတွေ ရောထွေးပေါင်းစည်းပြီး ဒီရေမြင့်သစ်နေလေရဲ့။ လူထုဒေါ်အမာရဲ့ ပုံရိပ်မဟုတ်ပါဘူး။ဒါပေမဲ့ လူထုဒေါ်အမာလိုပဲ လေးနက်ခိုင်ကြည် သန်မာပြတ်သားတဲ့ " တော်လှန် မာန် ဥာဏ်သတ္တိ " ပိုင်ရှင်တစ်ဦးရဲ့
့ပုံရိပ် ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအင်အားစုအားလုံးရဲ့ယုံကြည်ကိုးစား
မှုကို ခံယူရရှိတဲ့ ပြည်ထောင်စုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကမ္ဘာ့
နိုင်ငံပေါင်းများစွာရဲ့ချစ်ကြည်လေးစားမှုကို ခံယူပိုင်စိုးတဲ့ ကမ္ဘာ့ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်။ သူ့ရဲ့ဂုဏ်ရည် ပြည့်လျှမ်းဖြိုးမောက်တဲ့ဥပဓိပုံရိပ်ပဲ
ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်နောက်မှာ
မှုန်တုန်တုန် ဝါးတားတား မပြတ်မသား ပုံရိပ်တစ်ခုက အရိပ်လိုထိုးနေ
တယ်။တစ္ဆေချောက်သလို ပြူးတူးပြဲတဲ ပုံရိပ်တစ်ခုက ထပ်ချပ်မကွာ
ပါလာနေတယ်။ဘုရားစောင်းတန်းတွေမှာ၊ ရှေးဂူဘုရားနံရံတွေမှာ တွေ့ရ
တတ်တဲ့နိပါတ်တော်ဆေးရေးပန်းချီတွေထဲက နတ်ဘုံနတ်နန်း အခြယ်အလှယ်တွေရဲ့နောက်ခံမှာငရဲခန်း အခြောက်အလှန့်ပုံရိပ်တွေ
ကို မြင်ရသလိုပါပဲ။ အဲဒီပုံရိပ်ကတော့မှုန်တေတေ မိုက်တိုက်တိုက်
ငေးစိုက်ကြည့်နေတဲ့ စစ်ဗိုလ်တစ်ယောက်ရဲ့ ပုံရိပ်ပါ။

ထောက်လှမ်းရေးတပ်မှူးကြီး၊ စစ်မဟာဗျူဟာဌာနကြီးမှူးကြီး၊ နိုင်ငံ
တော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ အတွင်းရေးမှူး-၁ကြီး။ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့
ပုံရိပ်ဖြစ်ပါတယ်။ဒီပုံရိပ်နှစ်ခုကို ကွန်ပျူတာနဲ့ စပ်ဟပ်ပူးတွဲပြီး TIME မဂ္ဂဇင်းက မျက်နှာဖုံးပုံလုပ်ထားပါတယ်။ ခေါင်းစဉ်ကိုလည်း the Lady and the General လို့ဖော်ပြထားပါတယ်။

အတွင်းဘက်မှာ မျက်နှာဖုံးသတင်းဆောင်းပါးရှည်ကြီးရေးပါတယ်။
ဒေါ်စု လွတ်မယ်လွတ်မယ် သတင်းဖြစ်နေလို့ သတင်းထောက်တွေ တက္ကသိုလ်ရိပ်သာလမ်း ခြံဝမှာ ပြုံတိုးစောင့်ဆိုင်းနေကြပုံတွေ
ဒေါ်စုရဲ့လှုပ်ရှားမှုတွေ၊ဒေါ်စုရဲ့နိုင်ငံရေးသဘောထားတွေ၊ ဒေါ်စုရဲ့ကိုယ်ရေး
ရာဇဝင်တွေ စတာတွေကိုတခမ်းတနားရေးပါတယ်။

ဆောင်းပါးအရှည်ကြီးထဲမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်အကြောင်းလည်း
ကြိုကြားကြိုကြားပါပါတယ်။ ဗိုလ်ချုပ်ကြီးရဲ့ ပါဝါအာဏာ တန်ခိုးဩဇာတွေ
အကြောင်းလည်း ဖော်ပြပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့များ တွေ့ဆုံလိုက်ကြရရင်၊ ဆွေးနွေးလိုက်ကြရရင်၊ အပေးအယူတွေ လုပ်လိုက်ကြရရင်(အောင်မယ်လေးလေး)
မြန်မာပြည်ရဲ့နိုင်ငံရေး အမယ်ဘုတ်ချည်ခင်ထုပ်ကြီး ရှင်းလင်းကြည်လင်
သွားမယ်။ တစ်မျှင်စီ ရှောခနဲ ရှောခနဲ ဖျောခနဲ ဖျောခနဲ ချောသွားမယ်။
မောသွားမယ်။ ပြေသွားမယ်။ လည်သွားမယ်လို့ ရေးထားတယ်။
သတင်းထောက်ရဲ့ဆောင်းပါးဖတ်ပြီး ကျွန်တော် ရင်မောသွားတယ်။
မျက်စိလည်သွားတယ်။ ချောတာတွေ၊ ပြေတာတွေတော့ မမြင်မိပေါင်။ ဆောင်းပါးဖတ်ရင်း ရင်သာလေးနေမိတော့တယ်။

အမေရိကန်နိုင်ငံလူ့အဖွဲ့အစည်း၊ အမေရိကန်သတင်းစာယန္တရားဆိုတာ
တွေကလည်း အတော်ရင်လေးအောင် လုပ်တတ်တယ်။ သူတို့ခေါင်းထဲမှာ
ဘုတ်တိုင်ထိုင်နေတဲ့ပုဏ္ဏားတိုင်အတွေးအခေါ်တွေရှိတယ်။ပေါက်ပေါက်ကြဲ
သလို လွင့်စင်ပျံဝဲနေတဲ့ ပေါက်ကရအမှတ်အယူတွေလည်းရှိတယ်။ချော့လို့
ရမယ့်လူကို မုန့်ပေးကြိုက်ချင်တတ်တယ်။ ခိုင်းလို့ရမယ့်လူကို အကူပေး
တပည့်မွေးချင်တတ်တယ်။ ခြောက်လို့ရမယ့်လူကို ခြတောင်ပို့ မြင့်မိုရ်တောင်
ထင်အောင်လုပ်ပြီး ချောင်ပိတ်ချင်တတ်တယ်။ ဆရာဇော်ဂျီရဲ့ကဗျာထဲကလို
မသိဝိုးဝါး ထင်ဝိုးဝါးအကျင့်တွေကလည်း ဘိန်းစွဲသလို စွဲနေလိုက်သေး။

ကျွန်တော်တို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ကုလသမဂ္ဂ
အတွင်းဝန်ချုပ်ဦးသန့် မြန်မာနိုင်ငံပြန်လာစဉ်က ပန်းချီကျော်ပေါ်ဦးသက်ရဲ့
ဆီဆေးပန်းချီကားကြီးတစ်ချပ် လက်ဆောင်ပေးဘူးတယ်။ ပေါ်ဦးသက်က
မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသပ်ပြီးထင်မြင်ချက်ပေးနေကြတဲ့
ရုပ်ပုံလွှာကို မြန်မာ့ရိုးရာဟန်နဲ့ ပန်းချီရေးတယ်။ ပေါ်ဦးသက်က ကမ္ဘာ့
ခေါင်းဆောင်ကြီးတွေ၊ သံတမန်ကြီးတွေ၊ ကုလသမဂ္ဂကိုယ်စားလှယ်ကြီး
တွေ ကမ္ဘာ့ပြဿနာအရပ်ရပ်ကို ပုဏ္ဏားကန်းဆင်စမ်းနည်းနဲ့ ထွေထွေ
လာလာ အဖြေရှာနေကြတာကို သူ့အနုပညာနဲ့ လက်ညှိုးငေါက်ငေါက်
ထိုးပြလိုက်တာပါ။ ပေါ်ဦးသက်စိတ်ထဲမှာ ကမ္ဘာ့ကြီးငါးကြီးထဲက
အကြီးဆုံးအင်အားကြီး အမေရိကန်ကြီးကို မျက်စောင်းထိုးလိုက်လေရော့
သလားလို့တောင် ထင်ရရဲ့။

အခုကြည့်လေ။ TIME မဂ္ဂဇင်းက လုပ်ချလိုက်ပြန်ပြီ။ ဗိုလ်ခင်ညွန့်ကို
ကယ်တင်ရှင်ပုံသွင်းနေပြန်ပြီ။ ဘာတွေ့ဆုံဆွေးနွေးရေးလဲ။ ဒီမိုကရေစီနဲ့
အာဏာရှင် စကားလက်ဆုံ ပြောလို့မကုန် ဖြစ်အောင် ဗိုလ်ခင်ညွန့်က စီမံ
ဖျော်စပ်ပေးမှာတဲ့လား။ ဟား ဟား ဟား ဟား။

ဗိုလ်ခင်ညွန့်ဆိုတာက ထောက်လှမ်းရေးဟေ့။ထောက်လှမ်းရေးဗိုလ်ချုပ်ဟ။
သူ လုပ်နိုင်လှ၊ ဒေါ်စုကို ထောက်လှမ်းရေးစစ်ကြောရေး ဆွဲခေါ်တာ
လောက်ပေါ့။ အဲဒါက တွေ့ဆုံမေးမြန်းခန်းပါခင်ဗျာ့။ တွေ့ဆုံဆွေးနွေးပွဲ
မလုပ်နိုင်ပါဘူး။ တန်ရုံသာ ရွှေဥာဏ်တော်စူးရောက်တော်မူပါ့ အမေရိကန်
ဆရာကြီးတို့ရယ်။

အဲဒီလိုတွေးနေမိရင်း ကျွန်တော် ဆက်စဉ်းစားတယ်။
စစ်အာဏာရှင်တွေဟာ တိုင်းပြည်ပြဿနာတွေကို တွေ့ဆုံဆွေးနွေး
ခြင်းနဲ့ အဖြေရှာမယ်ဆိုတဲ့ စိတ်စေတနာရှိရဲ့လား။ စိတ်အာသာဆန္ဒရှိရဲ့လား။
စိတ်ဇောအာရုံရှိရဲ့လား။ ကျွန်တော် အများကြီးသံသယရှိတယ်။ ကျွန်တော့်ရဲ့
ဒွိဟသံသယတွေ မမှန်ပါစေနဲ့။ မကန်ပါစေနဲ့။ ဆုတောင်းပါတယ်။ ဆန္ဒပြု
မိပါတယ်။ ဒေါ်စုနဲ့ မတွေ့ဆုံချင်နေပါ။ မေးလား မြန်းလား၊ စစ်လား ကြော
လားတော့ မလုပ်ပါနဲ့။ သူ့ကိုတော့ ကျွန်တော်တို့လို လူ့ငရဲရဲ့အဝီစိဘုံဖြစ်တဲ့
စစ်ကြောရေးစခန်း မပို့ကြပါနဲ့။ အဲဒီလို မပို့ဘူးဆိုရင်ကို ကျေးဇူးကြီးလှပါပြီ
ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးခင်ဗျား။

ကျွန်တော်လည်း တောင်တွေး မြောက်တွေးနဲ့ ဘယ်တွေချော်တောငေါ့
နေမိပါလိမ့်။ တွေးတာနဲ့ ရေးချင်တာ တခြားစီဖြစ်နေပြီ ထင်ပါရဲ့။ ချောတော
ငေါ့သွားတဲ့အတွေးတွေကို ဘရိတ်အုပ်လိုက်တယ်။ TIMEမဂ္ဂဇင်းဆောင်းပါး
ကိစ္စ ပြန်ကောက်လိုက်တယ်။ ဒီတော့မှ ဟိုးနှစ်ပေါင်းအတော်ကြာကကြည့်ခဲ
ဘူးတဲ့ ကာတွန်းကဝေကြီး ဝေါ့ဒစ္စနေရဲ့ရုပ်ရှင်ကားတစ်ကားကို သွားသတိရ
မိတယ်။ရုပ်ရှင်ကားနာမည်က Lady and the Tramp တဲ့။ မြန်မာလိုတော့
ထိပ်ထားနဲ့တေလေပေါ့။ စကားကြောရှည်တယ် မထင်ပါနဲ့။ ဒီ ဒီကာတွန်း
ရုပ်ရှင်က တစ်နာရီခွဲလောက်ပြတဲ့ရုပ်ရှင်ကြီးဗျ။ ဇာတ်လမ်းကလည်းကောင်း၊
ကာတွန်းတွေကလည်း လက်ရာမြောက်တော့ အဲဒီအချိန်တုန်းက လူတိုင်းနှစ်ခါပြန်လောက် ကြည့်ခဲ့ကြတဲ့ကား။

ကျွန်တော် TIME သတင်းမဂ္ဂဇင်း ဆောင်းပါးကို ကောက်နုတ်ဘာသာ
ပြန်တယ်။ ဘာသာပြန်ရဲ့ခေါင်းစဉ်ကို" ထိပ်ထားနဲ့သေနာ "လို့ တပ်လိုက်
တယ်။" ထိပ်ထားနဲ့တေလေ " ရဲ့ ပဲ့တင်သံပါ။ TIME မဂ္ဂဇင်းကလည်း Lady and the Tramp ကို သံယောင်လိုက်ပြီး ဆောင်းပါးခေါင်းစဉ်တပ်ထားတာ မဟုတ်လား။TIME သံယောင်လိုက်တာက အရေးမကြီးဘူး။ ကျွန်တော် မြန်မာလိုဘာသာပြန်ခေါင်းစဉ်တပ်ဖို့ ခက်နေတယ်။ ထိပ်ထားဆိုတာကတော့ စကားလုံးလှပါရဲ့။ ချောပါရဲ့။ နောက်စကားလုံးကို ဗိုလ်ချုပ်ကြီးလို့ ဘာသာပြန်ရင် ဟန်မကျလှဘူး။ စာလုံးမလှ။ အသံမချော
ဘူးလေ။စဉ်းစားလိုက်ရတာ ဦးနှောက်ကိုခြောက်ကရော။ ခေတ်လူငယ်တွေ
ကတော့ ဦးနှောက်မုန်တိုင်းဆင်တယ် ဘာတယ်ပြောကြတာပဲ။ ကျွန်တော်
ကတော့ ဦးနှောက်နာဂစ်တောင် ဂစ်ကြည့်သေးတယ်။ မရဘူး။ နောက်ဆုံး
တော့ မတတ်သာ။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘာသာကောက်ပြန်လိုက်တယ်။
ဆရာတက်တိုးရဲ့" အရမ်းဘာသာမပြန်နဲ့ " ဆိုတဲ့ အာစရိယဝါဒ ဆုံးမစကားကိုလွန်ဆန်တယ်။ ကျွန်တော် အတင့်ရဲရဲ လက်ရဲရဲ ဇက်ရဲရဲ အရမ်းဘာသာပြန်လိုက်တယ်။

" ထိပ်ထားနဲ့သေနာ "

ထောင်ထဲမှာလည်း ဆရာတွေရှိသေးတော့ သူတို့က ကျွန်တော့်ကို
ဝေဖန်ပြစ်တင်ကြတယ်။ ခင်ဗျားနှယ်ဗျာ the General ကိုများ သေနာရယ်
လို့ ပြန်မှပြန်တတ်ပလေတဲ့လေ။ကျွန်တော် မနည်းဖြေရှင်းယူရတယ်။
ဒီလိုပါ ဆရာတို့ရယ်။ ကျွန်တော့်ဘာသာပြန်ဝေါဟာရ အပြည့်အစုံက
သေနာပတိပါ။ စာလုံးကြီးရှည်လွန်းလို့ သေနာနဲ့ ဖြတ်လိုက်တာပါ။
the Lady and the General ကို ထိပ်ထားနဲ့သေနာလို့ပဲ အလွယ်တကူ မှတ်ယူတော်မူကြပါဘိဗျား။

ဟံသာဝတီ ဦးဝင်းတင်
ဘာလဲဟဲ့ လူ့ငရဲ စာအုပ်မှ ကောက်နှုတ်ပါတယ် ..။
ထိပ်ထားနဲ့သေနာ (ဟံသာဝတီ ဦးဝင်းတင်)

No comments: