Saturday, June 2, 2012

ကျည်တလုံး ... ငွေကျပ် သိန်း ၄၀ နဲ့ ကချင်ပြည်သူများ


by May Thingyan Hein on Thursday, May 31, 2012 at 1:55am ·
မနေ့က ကချင်ပြည်နယ်၊ လိုင်ဇာဘက်ကနေပြန်လာတဲ့ ကျမတို့ရဲ့သတင်းစာဆရာ ဆရာနဲ့ မိတ်ဆွေတွေကို တွေ့ဖြစ်ပါတယ်။


ဒါ့အပြင် 7 Day News ဂျာနယ်မှာ ဖော်ပြခဲ့ကြတဲ့ ဆရာရဲနိုင်မိုးရဲ့ သတင်းဆောင်းပါးတွေ၊ကိုအားမာန်တို့ရဲ့ သတင်းဆောင်းပါးတွေကိုလည်း ဖတ်ဖြစ်ခဲ့ပါတယ်။

ခုလို ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဂျာနယ်တွေမှာေ၇းသားကြတာ၊ ဖော်ပြခွင့်ရကြတာကို တွေ့ရတော့ အရင်ကလို မဟုတ်ဘူး၊ ဖော်ပြခွင့်ရတယ်ဆိုတဲ့ အတွက် ၀မ်းသာရပါတယ်။

ရေးသားကြသူများကိုလည်း လေးစားစွာ ကျေးဇူးတင်ရပါတယ်။

ဆရာရဲနိုင်မိုးရဲ့ ဆောင်းပါးထဲမှာ ပါတဲ့ ပဋိပက္ခရဲ့ သားကောင်များဆိုတဲ့ စာလုံးတွေနဲ့ စာပုဒ်တွေက ကျမရင်ကို ထိစေခဲ့ပါတယ်။

ဆရာရဲနိုင်မိုးက ခုလို ရေးသားထားပါတယ်။

ပဋိပက္ခ၏ သားကောင်များ

“ ချမ်းသာတဲ့ လူတွေက စစ်တိုက်တဲ့အခါ ဆင်းရဲသားတွေက အသက်ပေးကြရပါတယ်”
ယန်းပေါဆာထ်

မြစ်ကြီးနားမှာရှိသည့်မိသားစုဆီကို ဦးနော်ဂျာ (၃၉နှစ်) မပြန်နိုင်တာ တစ်နှစ်နီးနီးရှိပြီ။ ၂၀၀၅ ခုနှစ်မှာ ရေဆင်းတက္ကသိုလ်က စိုက်ပျိုးရေးအဓိကနဲ့ ဘွဲ့ရထားတဲ့ ဦးနော်ဂျာတစ်ယောက်တပ်မတော်က ဝိုင်းဝန်းပိတ်ဆို့ထားသည့် ကေအိုင်အေအခြေစိုက်ရာ လိုင်ဇာမြို့ပြင်က ဂျေယမ်းစစ်ဘေးဒုက္ခသည်စခန်းမှာ တာဝန်ခံတစ်ဦးအဖြစ် တာဝန်ယူနေသည်။

၂၀၁၁ ဇွန်လကုန်မှာ ဂျေယမ်းစခန်းစတင်ဖွင့်လှစ်ကတည်းက မိသားစုကို မြစ်ကြီးနားမှာထားခဲ့ပြီး စခန်းတာဝန်ခံတစ်ဦးအဖြစ် စေတနာ့ဝန်ထမ်းလုပ်နေခဲ့သည်။  မေလ ၂၂ ရက်နေ့အထိဂျေယမ်းစခန်းမှာ  ဒုက္ခသည်ပေါင်း ၆,၂၀၄ ဦးရှိနေပါသည်။

“ စစ်ဆိုရင်ဘယ်အရပ်ဘယ်ဒေမှာမဆို ပိုခံစားရတာက ကျေးရွာသူ ရွာသားတွေပါပဲ။ နစ်နာဆုံးရှုံးမှုအများဆုံးက ပြည်သူလူထုပဲ” ဟု ဦးနော်ဂျာက ဆိုသည်။

စတုရန်းမိုင်ပေါင်း ၃၄,၃၀၀ကျော်ကျယ်ဝန်းသည့် ကချင်ပြည်နယ်အနှံအပြားမှာ ဒုက္ခသည်စခန်းပေါင်း ၅၀ ခန့်ရှိပြီး စစ်ပြေးဒုက္ခသည်ပေါင်း ၈၀,၀၀၀ ဝန်းကျင်ရှိနေပြီဟု လိုင်ဇာမြို့အခြေစိုက် ကချင်ပြည်နယ်စစ်ဘေးဒုက္ခသည်စောင့်ရှောက်ရေးကော်မတီဝင်တစ်ဦးလည်းဖြစ်သူ ဦးဒွဲပီဆက  ပြောသည်။

ပိုမိုပြင်းထန်လာသည့် တိုက်ပွဲအရိုန်နှင့် ကျယ်ပြန်လာသည့်စစ်မျက်နှာများကြောင့် ဒုက္ခသည်အရေအတွက် တိုးပွားလာသည်နှင့်အမျှ အခက်အခဲများလည်း ရင်ဆိုင်လာကြရသည်။

“ အဓိကကတော့ စားရေးသောက်ရေးပြဿနာပဲ” ဟု ဦးဒွဲပီဆကပြောသည်။

အခြားပြဿနာများကတော့ မိခင်နှင့် ကလေးများ၏ ကျန်းမာရေးပြဿနာ၊ မိုးကျလာသည့်အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ၊ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးနှင့်အခြား အထွေထွေစိန်ခေါ်မှုများဖြစ်သည်ဟု စခန်းတာဝန်ခံများက ပြောပြသည်။`လို့ ဆရာရဲနိုင်မိုးက ဆောင်းပါးထဲမှာ ထည့်ရေးခဲ့ပါတယ်။



ကျမလည်း ဆောင်းပါး ဖတ်ရင်းနဲ့ မနေ့မနက်က ဆရာရဲ ပြောခဲ့တဲ့ စကားအချို့ကိုလည်း ပြန်ပြီး သတိရမိပါတယ်။ ဆရာရဲ့ ပြောတယ်။ တိုက်ပွဲမှာ ပစ်ပစ်ချနေတဲ့ ၁၀၅ မမဟောင်ဝစ်ဇာ အမြောက်က ကျည်ဆန်တလုံးဟာ ငွေ ကျပ် သိန်း ၄၀ တန်တယ်တဲ့..။ ဆရာကတော့ တခါပစ်ရင် သိန်း ၄၀ ၊ နောက်တခါ ပစ်ရင် သိန်း ၈၀ အဲလို ရေတွက်နေတာ သိန်းထောင်ချီတယ် နောက်ဆုံး မရေတွက်နိုင်တော့ဘူး လို့ ပြောတယ်။`

ပြီးတော့ ပစ်တာကလည်း ဘယ်နေရာလို့ သေချာ ဦးတည်ပြီး ပစ်တာမျိုး မဟုတ်ဘဲနဲ့ မကောင်းသူထိ၊ကောင်းသူ ထိတ် ဆိုတဲ့အတိုင်း ပစ်နေလိုက်တာ လို့ လည်း ကြားရပါတယ်။

ခုလို လက်နက်ကြီးတွေနဲ့ ချည်း ပစ်နေတော့ နှစ်ဖက်စလုံး အကျအဆုံးများမှာပဲ လို့လည်း တွေးမိပါတယ်။

`စစ်တပ်ဘက်က ကျတာ သောင်းဂဏန်းရှိပြီလို့တော့ ပြောတယ်၊ ကျနော်ကတော့ အဲလောက်ထိ မဟုတ်ရင်တောင် ၈ ထောင် ၊တသောင်းနီးပါး ကပ်လောက်ပြီလို့ ထင်တယ်၊ ခုလို ဖြစ်နေတာ တကယ်တော့ မြန်မာနိုင်ငံသား အချင်းချင်းတွေဗျာ`လို့ ဆရာရဲ့ ညည်းပါတယ်။

ဆရာရဲ စကားတွေကို နားထောင်ရင်း ကျမလည်း စိတ်ထိခိုက်ရပါတယ်။ ကချင်စစ်ပွဲကတော့ ရပ်သင့်ပါပြီလို့လည်း ထပ်ညည်းဖြစ်ပါတယ်။

မနေ့က နေလည်မှာတော့တော်ဝင်နှင်းဆီက ပွဲမှာပဲ  ခရီးအတူတူသွားခဲ့တဲ့ ကိုစိုးဝင်းငြိမ်းနဲ့ တွေ့တော့လည်း အလားတူ စကားမျိုးတွေပဲ ကြားရပါတယ်။

`KIA ဘက် လက်နက်အင်အားသာနေတယ်၊ လက်နက်ကြီးတွေချည်းပဲ သုံးတယ်၊ စစ်တပ်ဖက်က ကျလိုက်တာ တော်တော်များတယ်၊ သောင်းချီပြီလို့ ပြောတယ်`လို့လည်း  မနေ့ကကချင်ပြည်ဘက်ကနေပြန်လာတဲ့ မိတ်ဆွေကလည်း ပြောတယ်။

အဲဒီလို သတင်းစကားတွေ မကြားချင်တော့ပါဘူး။နှစ်ဖက်တိုက်ရင်း ကျသွားတဲ့ ကချင်တိုင်းရင်းသားပဲ ဖြစ်ဖြစ်၊ စစ်သားပဲ ဖြစ်ဖြစ် ကျမအတွက်တော့ လူ့အသက်တွေ၊ မြန်မာနိုင်ငံသားတွေ တိုင်းရင်းသားတွေ အတူတူပါပဲ။ ကျမကတော့ ကျသွားကြတဲ့ အရွယ်ကောင်း မြန်မာနိုင်ငံသား အမျိုးသားတွေကို မြင်ပြီး တိုင်းပြည်အတွက် ဆုံးရှုံး နစ်နာမှုလို့ပဲ မြင်မိပါတယ်။

ဲခုလို တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာလည်း မေလ ၂၈ ရက်နေ့အထိ ရတဲ့သတင်းတွေအရ ဒုက္ခသည် ဦးရေက ၁ သိန်း ကျော်ပါပြီ။ အဲဒီ ၁သိန်းကျော်က အမိုးအကာမလုံမခြုံ၊ သောက်ရေ မလုံမလောက်၊ အစားအစာချိုးချန်ပြီး စားသောက်နေရပါတယ်။
ဆေးဝါးမရှိ၊ အ၀တ်အထည် မရှိနဲ့ ဒုက္ခရောက်နေတဲ့ ကချင်တိုင်းရင်းသားတွေကို ဘယ်လို နည်းလမ်းမျိုးနဲ့ ကယ်တင်ဖို့ စဉ်စားပါသလဲ။

၊ဒုက္ခသည် စခန်းမှာ ကချင်လူမျိုးတွေ ဒုက္ခရောက်နေတာကို ကြည့်ပြီး ကချင်လူမျိုးတွေအတွက် တိုက်နေတာလို့ ပြောဦးမလား။ တိုက်ပွဲကြောင့် သေဆုံးသွားတဲ့ ကချင် တိုင်းရင်းသား ဘယ်လောက်များမလဲ၊ တိုက်ပွဲကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့ ကချင်တွေ ဘယ်လောက်များသလဲ၊ တိုက်ပွဲကြောင့် အနာဂတ်မဲ့သွားတဲ့ လူငယ်တွေ ဘယ်လောက်များသလဲ၊၊

တိုက်ပွဲနည်းလမ်းနဲ့ ဖြေရှင်းခြင်းဟာ နှစ်ဖက်စလုံးအတွက် အကျိုးမရှိဘူး ဆိုတာ မြင်သာထင်ရှားလှပါပြီ။
ခုလို တိုက်ပွဲဖြစ်ခြင်း နည်းလမ်းထက်ပိုကောင်းတဲ့ နည်းလမ်းမျိုးနဲ့ မဖြေရှင်း နိုင်တာ ဘာကြောင့်လဲ။

တကယ်တော့ နှစ်ဖက်စလုံးက အပြစ်မကင်းဘူးလို့ ကျမတော့ မြင်မိပါတယ်။ အစိုးရနဲ့ KIA နှစ်ဖက်စလုံးက အပြစ်မကင်းလို့သာ ခုလို တိုက်ပွဲနေ ဆက်တိုက်ဖြစ်နေရတာပါ။ ဘယ်ဘက်ကိုမှ ဘက်လိုက်ပြီး မပြောချင်ပါဘူး။ ခုချိန်မှာ နှစ်ဖက်စလုံးက ပြည်သူတွေကို ငဲ့ပြီး ရပ်လိုက်သင့်တာပါ။

အစိုးရအနေနဲ့လည်း တိုင်းရင်းသားတွေနဲ့ စစ်မှန်သောငြိမ်းချမ်းရေး ရရှိဖို့အတွက် ပြင်ဆင်သင့်တာ ပြင်ဆင်ပြီး ယုံကြည်မှု တည်ဆောင်ဖို့ လိုအပ်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ရိုးသားပြီး အမှန်တကယ် အားထုတ်ကြိုးပမ်းရမှာပါ။

KIA အနေနဲ့လည်း တိုက်ပွဲနည်းလမ်းနဲ့ မဟုတ်ဘဲနဲ့ အခြားသော နည်းလမ်းမျိုးနဲ့သာကိုယ့်တိုင်းရင်းသားတွေအတွက် ဆောင်ရွက်သင့်တယ်လို့ကျမတော့ မြင်မိပါတယ်ရှင်။

ခုလို တိုက်ပွဲက အခြေအနေမဲ့၊ ဒုက္ခအတိကျရောက်နေတဲ့ ဒုက္ခသည် စခန်းက ကချင်တွေကို သတ်ပစ်နေသလိုပဲ ကျမကတော့ ခံစားနေရပါတယ်။

ကချင်ပြည်နယ်မငြိမ်းချမ်းတဲ့အတွက် ဒုက္ခသည်တွေကို ကူညီပေးချင်တဲ့ အဖွဲ့တွေ ကချင်ပြည်နယ်ထဲ မ၀င်ရဲပါဘူး။ မနေ့ညကတင် ကြားရတဲ့ သတင်းအရ ကူညီပေးတဲ့အဖွဲ့တွေ မလုံခြုံလို့ ပြန်ကြပြီလို့ သတင်းကြားရတယ်။

ဒီလိုသာဆိုရင် သိန်းကျော်နေပြီ ဖြစ်တဲ့ ကချင် ဒုက္ခသည်တွေကို ဘယ်သူ ကူညီပေးမလဲ၊ တနေ့တနေ့ စားဖို့ တောင် အနိုင်နိုင်ဖြစ်နေတာ၊ အိုးအိမ်အတွက် အလုပ်အကိုင်အတွက် အနာဂတ်တွေအတွက် ... ဘယ်လို ရှင်သန်နိုင်ကြမလဲ။

ကချင်တိုက်ပွဲတွေ ရပ်တန့်ပြီး၊ ငြိမ်းချမ်းရေး ရရှိအောင် ကျမတို့အနေနဲ့လည်း ၀ိုင်းဝန်းတောင်းဆိုသင့်ပါတယ်။တောင်းဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

တောင်းဆိုရာမှာလည်း အစိုးရ ဘက်ကိုသာ မဟုတ်ဘဲ၊ KIA ဘက်ကိုလည်း တောင်းဆိုသင့်တယ်လို့ ကျမတော့ မြင်မိတာပါပဲရှင်။ နှစ်ဖက်စလုံးကို ရပ်ကြဖို့ တောင်းဆိုကြရအောင်ပါရှင်။

ဘာကြောင့်ပဲ ဖြစ်ဖြစ်  ကချင်ပြည်သူတွေကို ငဲ့ကြည့်သင့်ပြီ၊ ကချင်တိုက်ပွဲတွေ ရပ်သင့်ပါပြီ။

တိုက်ပွဲထက် ပိုအဆင့်မြင့်သော နည်းလမ်းမျိုးနဲ့သာ ဖြေရှင်းသင့်ပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

No comments: