ပြည်တွင်းသတင်း — စက်တင်ဘာလ ၀၁၊ ၂၀၁၂
ယင်းလှေသည် လှည်းပွဲလေး ကျေးရွာမှ နှစ်ဖာလုံခန့် ဝေးသော လုံးရမ်းချောင်းစပ်တွင် သြဂုတ် ၁၉ ရက်တွင် တွေ့ရှိခြင်း ဖြစ်သည်။ လှည်းပွဲလေးရွာအနီးရှိ လုံးရမ်းချောင်း သည် အကျယ်ပေ ငါးဆယ်ကျော်ခန့်သာရှိပြီး အဆိုပါ သစ်တစ်လုံးတည်း ထွင်းထားသော လှေကြီးသည်လည်း အလျား ၅၃ ပေ ၂ လက်မ၊ လုံး ပတ် ၈ ပေ ၇ လက်မရှိသော လှေကြီး ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် ထူးဆန်းနေကြခြင်း ဖြစ်သည်။
ယင်း လုံးရမ်းချောင်းသည် တောင်ကျချောင်း တစ်စင်းဖြစ်ပြီး လှေလှော်ခတ်၍ မရသော ချောင်း ဖြစ်သည်။ ယင်းချောင်း၏ အထက်ပိုင်းတွင်လည်း ပို၍သာ ကျဉ်းမြောင်းသော ချောင်း ဖြစ်သည်။ ယင်းလှေတွင် စာ ဟု ယူဆရသော အမှတ်အသားများ၊ လှေ၏ အောက်ခြေ ဘေးနှစ်ဖက်တွင် ငါးမူးလုံးခန့် အချိုးကျဖောက်ထားသော အပေါက်များ ကိုလည်း တွေ့ရသည်။
ကျေးရွာရှိ ဒေသခံများသည် ယင်းလှေကြီး ရွာဦးကျောင်းသို့ ရောက်သောနေ့တွင် လှေတွန်းသူ၊ ဆွဲသူများ မှ အချို့သည် မူးလဲခြင်း၊ ကယောင်ချောက်ချား စကားများ ပြောခြင်းကြောင့် ဒေသ အယူအဆအရ အစွဲဝင်သည် ဟု ယူဆ ကြသောကြောင့် မလိုလားအပ်သော ပြဿနာများကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွာဦးကျောင်းဆရာတော်က “တော်ကြာ ဝင်ပူးပြီး ပြောတဲ့လူက ဒီလှေကြီးကို ဟိုဟာ လုပ်ရမယ်။ ဒီဟာ လုပ်ရမယ်ဆိုပြီး ပြောတာမျိုးတွေ၊ မလုပ်ပေးနိုင်ရင် ဒုက္ခရောက်မယ် ဆိုတာမျိုးတွေ ပြောရင် ယုံလွယ်တတ်တဲ့ ရွာသားတွေ ဒုက္ခရောက်မှာ စိုးရတယ်”ဟု ယင်း၏အမြင်ကို မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။ ထို့ပြင် ကျေးလက် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက “လှေကြီးပေါ်တော့ လူတွေက လာ ကြည့်ကြတယ်။ ရွာသားတွေကလည်း ချက်ပြုတ် ကျွေးမွေးတာတွေ လုပ်ကြတော့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမလားဆိုပြီး စိုးရိမ်နေရတယ်”ဟု ယင်း၏ ကျန်းမာရေးအမြင်ကို ပြောသည်။
ယင်းကျေးရွာဥက္ကဋ္ဌက “လာကြည့်တာက ဒေသခံတွေကော၊ ဘေး နယ်ကလူတွေရော အစုံဆိုတော့ အားလုံးက လှေကြီးပေါ်တာ အကြောင်းပြုပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာအောင် စောင့်ကြည့် နေကြရတယ်” ဟု ယင်း၏အမြင်ကို ပြောသည်။
ယင်းကျေးရွာတွင် အသက်အကြီးဆုံး ၈၇ နှစ် အရွယ်ရှိ အဘွား ဒေါ်လှိုင်က“ဒီအသက်အရွယ် ရောက်လာပြီ တို့ဆီမှာ ဒီလောက်ကြီးတဲ့ လှေဆိုတာ ဒါပထမဆုံး မြင်ဖူးကြတာပဲ”ဟု ယင်း၏ အတွေ့အကြုံကို မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။
No comments:
Post a Comment