Sunday, December 23, 2012

ပြန်ပေး ပြန်ပေး ပြန်လျော်ပေး ငါ့ယောင်္ကျားအသက် ပြန်ပေး

 သံသရာမှာ
ကျင်လည်ရသမျှ
ဝဋ်ဆိုတာ လည်နေသမျှ
မောင့်ကို သတ်တဲ့
လူသတ်သမားရဲ့ဘဝ
အစဉ်မငြိမ်းချမ်းပါစေသား။
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မောင်နဲ့ခင် သိပ်ချစ်ကြတဲ့ သက်သေအဖြစ် ခင်တို့မှာ သမီးကလေး နှစ်ယောက်။ ငယ်စဉ်ကတော့ ခင့်အဖေတို့က ငယ်သေးလို့ မယူပါနဲ့ဦးဆိုတာကို မစောင့်နိုင်တော့ ခင်တို့တွေ ၁၆နှစ်နဲ့ ခိုးရာလိုက်ပြေးကြတာ ပျော်စရာပေါ့...မောင်ရေ..။

မောင်နဲ့ ခင် ဒိုးတူဖောင်ဖက် အလုပ်တွေလုပ် ပိုက်ဆံတွေစုနဲ့ မောင့်ရဲ့ကြိုးစားမူကြောင့် ခင်တို့တွေ အိုးပိုင် အိမ်ပိုင် ဖြစ်လာခဲ့တဲ့အတွက် မောင့်ကို ခင် သိပ်ကျေးဇူးတင်ပါတယ်။

မောင်ရေ... ခင့် ကိုခွင့်လွှတ်ပါ။ ခင့်ကြောင့် ခင့်ရဲ့ လောဘဇောကြောင့် ၂လုံးနောက် သဲကြီးမဲကြီးဖြစ်ခဲ့တဲ့ ခင့်ကြောင့် မောင် ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်ခဲ့တာတောင် ခင့်ကို မငြူမစူ တဲ့အပြင် သမီးတွေကို တင့်တောင် တင့်တယ် ဖြစ်ဖို့ မောင် လဲကျနေရာက ပြန်ထပေးတာ ကျေးဇူးတင်ပါတယ်..မောင်။
အခုဆို ခင်တို့တွေမှာ မောင့်ရဲ့ နောက်တဖန် ကြိုးစားမှူတွေကြောင့် ဆီစက်အပြင် မီးစက်တွေနဲ့ အဆင်ပြန်ပြေလာသလို ခင်ကလဲ ကုန်စုံဆိုင်လေးနဲ့ အဆင်တပြေ ဖြစ်လာခါမှ မောင်ရယ်....

ခင်တို့ မိသားစုတွေ သိပ်ပျော်ခဲ့တဲ့ ရွာသီတင်းကျွတ်တောင် စပြန်ပီ..မောင်။ မောင်.. ကံကြမ္မာကပဲ ရိုင်းလေသလား မောင်ကပဲ ကံခေလေသလား ခင်..ခင် ဘယ်လိုဖြေရမလဲ...မောင်။

ညိုးလိုက်တဲ့ ကံကြမ္မာကို ပဲ အပြစ်ပုံချရမလား။ ခင်တို့ရဲ့ တဇောက်ကမ်းလုပ်မိတဲ့ အရာကိုပဲ လက်ညိုးထိုးရမလား။ ဒါမှမဟုတ် ငွေမက်တဲ့ ဆေးသမားအမည်ခံ ဆရာဝန်ကြီး တွေကိုပဲ လက်ညိုးငေါက်ငေါက်ထိုးပီး ရန်တွေ့ရမလား...မောင်။  ဘယ်လိုပဲ ဖြစ်ဖြစ်...... မောင်ကတော့... မောင်ကတော့.......ခင့်ဆီကို ဘယ်တော့မှ.....


တကယ်ဆို ခင်လဲ မှားခဲ့ပါတယ်..မောင်။ခင်မှားတယ်ဆိုတာထက် ဗဟုသုတ နည်းခဲ့တာတွေအတွက် ခင် ယူကျုံးမရ ဖြစ်ခဲ့မိတယ်..မောင်ရေ..။ ခင့်ဆွေမျိုးတွေ ရှိရဲ့သားနဲ့ တိုင်ပင်ရကောင်းမှန်းမသိသလို ပိုက်ဆံရှိရင် ရောဂါပျောက်မယ် လို့ချည်း ထင်နေမိတဲ့ ခင့်ကို ငွေနဲ့အတူ မောင်ဆုံးရှုံးသွားတော့မှ ခင် သိလိုက်ရတယ်..မောင်ရေ..။ ခင်ကြိုသာသိရင် ဒီလို လုပ်မိမယ် မထင်ဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခင့်အတွေးတွေက ယောက်ယက်ခတ်နေသည်...။ ပြန်တွေးမိလျှင် မနေ့တုန်းက လိုလို အိမ်မက်လိုလိုပင်။ မောင်နဲ့ ကွမ်းတူတူစားခဲ့မိတာကို ပြေးသတိရမိသည်။ ကလေးတွေ ကွယ်ရာမှာ တားဆီးမရသည့် မျက်ရည်များကို ဒီအတိုင်း ထားရင်း ...... လွန်ခဲ့တဲ့ ၇ လဆီက အဖြစ်အပျက်တို့ဆီ...


' ခင်ရေ.. မောင် ဒီနားအောင့်တယ်။'
'ဟုတ်လား..မောင်။ ခင် ဆေးလိမ်းပေးမယ်။ '
ခင်ရေ.. မောင် ထမင်းမစားနိုင်ဘူး
ဟင်...မောင်..ဒီနေ့ချက်တာ မောင့်အကြိုက်လေ..
မောင်စားလို့မဝင်ဘူး ..မိန်းမရယ်..
မောင်..ဒါဆို မြို့တက်ပီး ဆေးရုံသွားပြရအောင်
အင်း သွားရအောင်

တနေ့..ရွာ လယ်လမ်းမက အဖြတ်..   '.ဟေးးး မောင်အောင်ဇော်တို့ လင်မယား ဘယ်သွားကြမလို့လဲ'
' မြို့တက်ပီး ဆေးကုမလို့ဟေ့'

ဒီလိုနဲ့ လင်မယားနှစ်ယောက် မော်လမြိုင်မြို့က အထူးကုဆေးခန်း အပြင်ဆေးရုံမှာ တက် လိုအပ်တဲ့ ဆေးစစ်မူတွေ လုပ်လိုက်တဲ့အခါမှာ ထင်မှတ်မထားတဲ့ အဖြေက အသည်းမှာ အလုံးတွေ့တယ်တဲ့။ ( အမှန်က ကင်ဆာ )

သေချာအောင် ထပ်မံစစ်ဆေးတော့လဲ အဖြေက အသည်းမှာ ( သေချာ မရှင်းပြတဲ့ ကင်ဆာ) အလုံးရှိတယ်။ ထိရောက်တဲ့ ကုသမှူတွေ ခံယူဖို့ ရန်ကုန်ကို သွားပါတဲ့။ ဟိုမှာ ပစ္စည်းစုံ ဆရာစုံတော့ ကုသရ ပိုလွယ်သတဲ့။

ဒီလိုနဲ့ ခင်တို့မောင်နှံ ကလေးတွေကို အမျိုးတွေဆီအပ် အလုပ်တွေကို တပည့်တွေ သေချာမှာလို့ ရန်ကုန်မြို့ဆီလာခဲ့တယ်။ ခင်တို့ ရန်ကုန်က အမျိုးတွေကို လည်း အကြောင်းမကြားပါဘူး။ ခင်တို့ အဆင်ပြေမှာပါ။ ဟုတ်တယ်နော်..မောင်။ ခင်တို့ မောင့်ရောဂါကို ထိရောက်တဲ့ ကုသမှူတွေပေးလိုက်ရင် ပျောက်သွားမှာ။ ဟုတ်တယ်လေ..။ မောင့်ရောဂါက အသည်းမှာ အလုံးရှိနေတာပဲဟာ။

ခင်တို့ရန်ကုန်ကို ကားတစ်စီးနဲ့လာခဲ့တယ်။ မောင့်အမ ဝမ်းကွဲ တစ်ယောက်လဲပါတယ်။
ခင်တို့တည်းတာ ခင်တို့ရွာက အမျိုးအိမ်ပေါ့ ။ ဒီတော့ မယောင်မလည် ဖြစ်နေတဲ့ ခင်တို့ကို ကား ဒရိုင်ဘာကပဲ လမ်းညွှန်တာပေါ့။ အဲ့ဒါက ခင်တို့ရဲ့ ပထမ အမှား။ ကားဒရိုင်ဘာကလဲ ရန်ကုန်နဲ့ ခင်တို့ရွာကို သူ့ဆရာ ခင်တို့အကို ခိုင်းသလို လုပ်ပေးနေရတဲ့သူလေ။ သူက အခု ရန်ကုန်က ခင်တို့ တည်းနေတဲ့ ခြံနဲ့ နီးတဲ့ ဆေးခန်းကြီး တစ်ခုကို ခေါ်လာပေးတယ်။

အဲဒီဆေးခန်းကြီးက အပြင်က ကြည့်ရင်တော့ သန့်ရှင်းသယောင် ရှိတယ်ပေါ့။ လူလဲ သိပ်မရှိတဲ့ ဆေးခန်းကြီး တစ်ခုပေါ့။ ခင်တို့ကတော့ ရန်ကုန်ဆိုရင် ဆေးခန်းကြီးတွေလဲ ကောင်း ဆရာဝန်ကြီးတွေလဲ ကောင်းမှာပဲလို့ တွေးထားသူတွေ ဆိုတော့ ဒီဆေးခန်းကြီး ကြည့်ပီး ယုံကြည်တာပေါ့။ ဒါကိုက ခင်တို့ရဲ့ ဒုတိယအမှား။

ခင်တို့က မြန်မာပြည်မှာ အသည်းနဲ့ ပက်သက်ရင် ဘယ်သူက နာမည်ကြီး ဆိုတာလဲ မသိဘူး။ မြန်မာပြည်မှာ အသည်းနဲ့ ပက်သက်ရင် ကုနိုင်သလား မကုနိုင်ဘူးဆိုတာလဲ မသိဘူး။ ဒါတွေကို စဉ်းစားရကောင်းမှန်း မေးမြန်းစုံစမ်းရကောင်းမှန်း လဲ မသိဘူး။ ခင်တို့သိတာ ဆရာဝန်တွေ ပစ္စည်းတွေ စုံပီး ငွေတွေပေးရင် မောင့်ရောဂါ ပျောက်မယ်။  ဒါပဲလေ..။

ခင်တို့ အဲ့ဒီဆေးခန်းကြီး ရောက်တယ်ဆိုရင်ပဲ မော်လမြိုင်က ဆေးစာရွက်တွေပြတော့ ကောင်တာက မမများက ဆရာဝန်ရွေးပေးတယ်။ ခွဲစိတ်ဆရာဝန်ကြီးတဲ့။ ဦး.................. ။ သူက ပါလာတဲ့ စာရွက်တွေကို ကြည့်ပီး တခါ ဆေးတွေထပ်စစ်ခိုင်းတယ်။ ဓာတ်မှန်တွေ ရိုက်ခိုင်းတယ်။ စစ်ပီးသမျှတွေအားလုံး ပြန်စစ်ခိုင်းတယ်။ ပီးတော့ သောက်ဆေးလဲ ပေးလိုက်တယ်။ အမယ်.. အဲ့ဒီ သောက်ဆေးက မောင်နဲ့ အဆင်ပြေတယ်။ မောင် နာကျင်တာတွေ သက်သာသလို စားလို့ကောင်းတယ် ဆိုတော့ ခင်လဲ ပိုက်ဆံကုန်ရကျိုး နပ်လို့ ဝမ်းသာတာပေါ့။ မောင်လဲ ရောဂါ ပျောက်တော့မယ်ဆိုတဲ့ အသိနဲ့ ဝမ်းသာလို့...။ ခင်တို့၂ယောက်လဲ ဆရာဝန်ပြပီး နောက်ရက်တွေမယ် မရောက်တာ ကြာပီဖြစ်တဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်လို့ပေါ့။ ကုသိုလ်လဲလုပ်ရင်း မော်လမြိုင် ပြန်ရချိန်ကို မျှော်လို့....။ ဒီလိုနဲ့  ဆေးစစ်ချက်တွေယူဖို့ အချိန်၃ ရက်ကုန်တော့ ဆေးခန်းကြီးကို တခါ ပြန်လာတာပေါ့..............................။

မောင်.... မောင်ဖြစ်နေတဲ့ အသည်းမှာ အလုံးကြီးကို (ခုချိန်ထိ ကင်ဆာဆိုတာ ကာယကံရှင် မောင်နှံမသိ ခင်တို့သိတာ စီပိုးမောင့်မှာရှိတယ်ဆိုတာပဲ ) ခွဲရမယ်တဲ့။ မခွဲရင် ရလားဆိုတော့ မခွဲရင်သေမတဲ့။ နောက်ထပ် ၃လ ကနေ ၆လတဲ့။ ခွဲရင်ရောဆိုတော့ နောက် ၃ နှစ်ဆိုလဲဟုတ်တယ်။ ၆နှစ်ဆိုလဲ ဟုတ်တယ်တဲ့။  ခင်ဗျားတို့မှာ ပိုက်ဆံရှိလား ရှိရင်ခွဲ။ မခွဲရင်သေမယ်ဆိုတဲ့ ဆရာဝန်ကြီးရဲ့ စကားအောက်မှာ ဘယ်လိုအင်အားမျိုးနဲ့ ငြင်းနိုင်စွမ်းရှိပါ့မလဲ။ ဘာဖြစ်လို့ ဘာအကြောင်းကြောင့် ဒီလိုနေရာမှာ ဒါတွေရှိတယ်။ ဘာရောဂါဆိုတာ သေသေချာချာ မပြောပြပဲနဲ့ တောကလာတဲ့ သူတွေဆိုပီး အထက်စီးကပြောတာလဲ ခံခဲ့ရသလို မခွဲရင်သေမယ်ဆိုတဲ့ စကားလုံးကို ခဏခဏ လက်ကိုင်တုတ် အဖြစ် သုံးတဲ့နောက်မှာ ခင်တို့လဲ မထင်မှတ်ပဲ ခွဲစိတ်ဖို့ သဘောတူလိုက်ရတယ်။ ခင်တို့ကို ဆရာဝန်ကြီး ပြောတာက အသည်းမှာ အလုံးတည်တာ။ အလုံးကို ခွဲလိုက်ရင် ပျောက်သွားမှာတဲ့။ ဒါပဲ ခင်တို့သိတယ်။ ဆရာဝန်ကြီး ပြောသလို ခင်တို့ ခွဲလိုက်ရင်.. ပျောက်မယ်။ ပျောက်မယ်ဆိုတာ ရောဂါ မဟုတ်ပဲ မောင့်ကို ပြောတယ်ဆိုတာသာ ခင်သိခဲ့ရင် ခင်..ခွဲစိတ်ဖို့ လက်ခံမှာ မဟုတ်ဘူး..မောင်။ မောင့်ကို အသက်ရှင်လျှက် တရက်ပိုတွေ့ရလဲ ခင်တွေ့ချင်တယ်..မောင်။

ဆရာဝန်ကြီးက ခွဲမယ်ဆို ခုချက်ချင်း ဆေးရုံတက် ချက်ချင်းခွဲမယ်တဲ့။ ဒါနဲ့ ရန်ကုန်ရောက်ပီး ၃ ရက်မြောက်နေ့မှာ ဆေးရုံတက်တော့ ။ ဝင်ဝင်ခြင်းတင် မျက်နှာထားတွေနဲ့ ငွေပါလားဆိုပီးမေးတာ ခံရတယ်။ ဟုတ်ပါတယ်..မောင် ခင်တို့ရုပ်တွေကလည်း ရန်ကုန်သူတွေလို မဝတ်ထား မစားထားတော့ သူတို့ မေးချင်စရာပေါ့။ ငွေပါပါတယ်ဆိုတော့ ဒါဆို ဆေးရုံတက်ဖို့ စပေါ်ငွေ ဆယ်သိန်းအရင်ပေးတဲ့။ ခင်တို့လည်း ပေးလိုက်ပါတယ်။ နောက်ကျတော့ ဘယ်အခန်းယူမှာလဲ မေးတော့ ခင်တို့လဲ ရေချိုးခန်းအိမ်သာပါတဲ့ အခန်းကို ယူလိုက်တယ်။ အခန်းကလဲ ကိုယ်လာမှ ရှင်းတော့ ဖုန်တွေနဲ့။ တီဗွီကိုလည်း လာရှင်းခိုင်းမှ ရှင်းပေးတယ်။ အဲယားကွန်းခလုတ်တောင် မနဲတောင်းယူရတယ်။ ပိုက်ဆံပေးတာတောင် ဝန်ဆောင်မှူက အဲသည်လို။

အဲသည်ရက်တွေမှာ မောင်ကလဲ မျက်နှာကလန်းဆန်းပီးတက်ကြွလို့ ပျော်နေတာ။ ခွဲရင်ပျောက်မှာလေ။ အသည်းထဲကဟာ အလုံးပဲဟာ။ လာသမျှသူတွေနဲ့ စကားလက်ဆုံကျလို့။ ဆရာဝန်ကြီးကလည်း ချက်ချင်းခွဲမှာဆိုတော့ ဆေးရုံတက်ပီး ၃ရက်အကြာမှာ ခွဲဖို့ပြင်တော့ လိုအပ်တဲ့ဆေးတွေ သွေးတွေ ရှာရတော့တာပေါ့။ သွေးက ဝယ်ရင် တပုလင်း ၃သောင်း ဆိုတော့ သွေးရှာတဲ့အခါ .မှ ရန်ကုန်မှာနေ ရန်ကုန်မှာကြီးတဲ့ အမျိုးတွေဆီ သတင်းရောက်သွားတယ်။ ရန်ကုန်မြို့ပြင် ရပ်ကွက်တခုရဲ့ ဆေးရုံမှာ တက်နေတဲ့ ခင့်ယောင်္ကျားဆီ အမျိုးတွေ လာကြတယ်။ သူတို့ ကိုယ်တိုင် သွေးလှူကြတယ်။ သွေးရှာပေးကြတယ်။ သူတို့အားလုံးလည်း ခင်ပြောသလောက်သိတာ ဆိုတော့ အသည်းမှာ အလုံးတည်တာကို ခွဲမယ်။ ခွဲဖို့ သွေးလိုလို့ဆိုတာ လောက်ပဲသိတော့ လူအား စိတ်ဓာတ်အား ငွေအားတွေ တတ်နိုင်သမျှ ကူညီကြတယ်။ သူတို့ ဆေးခန်းတည်ရှိရာကလဲ သွားလာရခက်ခဲတဲ့ နေရာဆိုပေမဲ့ အမျိုးတွေ ရောက်အောင် ဖြစ်အောင် လာကြပါတယ်။ မောင်ကလဲ ခင့်အမျိုးတွေနဲ့ အခုမှ တွေ့ဖူးတာဆိုတော့ စကားလက်ဆုံ ပြောမကုန်ပေါ့။

ဒီလိုနဲ့ ရန်ကုန်ရောက်ပီး ၆ ရက် အကြာ ဆေးရုံတက်ပီးချက်ချင်း အသည်းထဲက အလုံးကို ခွဲဖို့ လုပ်ရတယ်။ ခွဲပီးချိန်မှာ မောင်လုံးဝမသက်သာတဲ့အပြင် သွေးယိုစိမ့်မှူတွေများလာတယ်။ မောင့်ကို အရေးပေါ်ခန်းမထဲမှာပဲ ထားရတယ်။ ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်ကြီးဆိုသူကို အခုချိန်ထိ ခင်တို့မတွေ့ရသေးဘူး။ ခင်တို့ကိုလည်း ဘာမှ မပြောပြကြ မရှင်းပြကြဘူး။ ခင်တို့ငှားထားတဲ့ နာ့စ်ရယ် နဲ့ အရေးပေါ်ခန်းထဲမှာ မောင့်ကိုခင်တို့ စိတ်တွေပူနေကြပီ။ ဆရာဝန်ကြီးလို့ နာမည်ခံထားတဲ့ ခွဲစိတ်အထူးကု ဆရာဝန်က မောင့်ကို ခွဲခန်းထဲက ထုတ်ပီးကတည်းက ခုချိန်အထိ လုံးဝမပေါ်လာဘူး။ ဒီအချိန်မှာပဲ မောင့်ကို ဒုတိယအကြိမ် ခွဲစိတ်မှူ ထပ်လုပ်တယ်။ ဒါကိုလဲ ဘာကြောင့် ထပ်ခွဲရတယ်ဆိုတာ လုံးဝ မရှင်းပြခဲ့ဘူး။ ခင်တို့အမျိုးအချို့ကလည်း ခွဲစိတ်ချိန်မှာ မရှိတော့ ခင်တို့ပဲ မသိနားမလည်စွာနဲ့ ပြုသမျှ နုနေရတာပေါ့။ ဒုတိယအကြိမ် ခွဲစိတ်ခန်းထွက်လာတော့လည်း ခွဲစိတ်အထူးကုလို့ နာမည်တပ်ထားတဲ့ ဆရာဝန်ကြီးဆိုသူ က လုံးဝ မရှင်းပြခဲ့သလို သူဘယ်မှာလဲဆိုတာတောင် ခင်တို့မသိဘူး။ မောင့်အခြေအနေကလည်း ပိုပိုဆိုးနေပီ။
အမျိုးတွေလည်း ဒေါသတွေ ထွက်နေကြပီ။

ဒီအချိန်မှာ မေ့ဆေးအထူးကုဆရာဝန်ကြီးက ကာယကံရှင် မိသားစုကို ပြောတယ်။ ကျနော် လက်ခံထားတဲ့ ကိစ္စ မဟုတ်ပေမဲ့ ခင်ဗျားတို့နယ်က လာတယ်ဆိုတာ မှန်းသိရင် ကျနော် ခွဲစိတ်ဖို့ လုံးဝ တိုက်တွန်းမှာ မဟုတ်ဘူးလို့ ပြောတယ်။ သူကိုယ်တိုင်လဲ တတ်နိုင်သမျှ လူနာကို သက်သာအောင် အနားကနေ လုပ်ပေးတယ်။ ခင်ဗျားတို့ ခွဲစိတ်မယ်ဆိုတော့ ဘာတွေရှင်းပြလဲလို့မေးတော့ ကာယကံရှင် ခင်တို့သိတာ မခွဲရင်သေမယ်ဆိုတဲ့ စကားလုံးပဲဆိုတော့ မေ့ဆေးဆရာဝန်ကြီး စိတ်မကောင်းခြင်းများစွာနဲ့  ခေတ္တ တိတ်ဆိတ်သွားတယ်။  သူကပြောတယ်... ခင့်ယောင်္ကျားမှာ အသည်းစီးပိုးကနေ ကင်ဆာအကျိတ်တွေ ဖြစ်နေတာတဲ့ မခွဲပဲထားရင် နောက်ထပ် ၆လ တနှစ်လောက်တော့ သက်တမ်းပိုရှည်နိုင်သေးတယ်တဲ့။ ခွဲပီး အသည်းထဲမှာ အကျိတ်ကို ဖယ်တာ သွေးကြော မလွှတ်လို့ သွေးကြောတွေ ပေါက်ကုန်တာတဲ့။ အကျိတ်က ဖယ်ဖို့လို့ လုံးဝမဖယ်နိုင်ပါဘူးတဲ့။ အခုလို ရှင်းပြနေရပေမဲ့ သူက ခွဲစိတ်ဆရာဝန်မဟုတ်လို့ အစအဆုံး တော့ တာဝန်မယူနိုင်ပါဘူး။ ဒါပေမဲ့ ကာယကံရှင်တွေကို သနားညှာတာသော အားဖြင့် အခုလို ရှင်းပြရတာပါတဲ့။ အဲ့ဒီအချိန်ထိ ခွဲစိတ်ဆရာဝန်ကြီးလို့ အမည်ခံထားတဲ့ ဆရာဝန်က လူနာရှင်တွေကို တွေ့ဆုံဖို့မပြောနဲ့ သူခွဲထားတဲ့ လူနာဆီ အားပေးဖို့ ကြည့်ဖို့ မလာသေးဘူး။ လူနာက သွေးတွေ စိမ့်ထွက်နေတော့ သွေးတွေ သွင်းရတာ လဲ အဆက်မပြတ်နဲ့ အခုချိန်ထိ သွေးပုလင်း ၁၁ လုံးကျော်နေပီ။ အမှန်ဆို လုံးဝခွဲဖို့ မသင့်ဘူးဆိုတဲ့အကြောင်း အထူးသဖြင့် နယ်ကလာကုသူတွေကို ကိုယ်ချင်းစာစိတ်နဲ့ အမှန်တကယ်ရောဂါ အခြေအနေကို သေချာရှင်းပြသင့်တဲ့ အကြောင်းရှင်းပြပါတယ်။ သူ ..ဒီလောက်ပဲ ပြောနိုင်ပါတယ်ဆိုပီး ဆရာဝန်ကြီးလဲ စိတ်မကောင်းစွာနဲ့ လူနာကို အတတ်နိုင်ဆုံးအားပေးပီး ပြန်သွာလေရဲ့။
လူနာကလဲသွေးတွေ ဆက်သွင်းနေတာ ၁၈ပုလင်းလောက်ရှိနေပီ။ အဲ့ဒီအချိန်က နေ့လည် ၂နာရီဖြစ်နေပီ။ ခွဲစိတ်ဆရာဝန်ကြီးဆိုသူက အခုချိန်ထိ လုံးဝမလာသေးဘူး။ ကာယကံရှင်တွေကလည်း ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်သေးသေးလေးနဲ့ စောင့်မျှော်နေကြပီ။ ဒီအချိန်မှာ ဆရာဝန်ကြီး ရောက်လာတယ်။ ကြည့်တယ်။ ဘာမှမပြောဘူးထွက်တော့ ကာယကံရှင် ဆွေမျိုးအချို့က နောက်ကလိုက်ပီးမေးတော့ ခင်ဗျားတို့လူနာ ၂၀% ပဲရှိတော့တယ်။ ကျနော်ကတော့ သွေးဆက်သွင်းနေတာကို ရပ်လိုက်စေချင်ပီလို့ပြောတယ်။ ပီးတော့ ကျနော် အစည်းအဝေးရှိလို့ သွားလိုက်ဦးမယ်ပြောတယ်။ ကာယကံရှင်တွေက ဘာဖြစ်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာ ရှင်းပြဖို့ပြောတော့   ကာယကံရှင်တွေကို ဒီလိုစကားနဲ့ပြောတယ်။ ဒါတောင် ဒီလို ရှင်းပြတာကို ရဖို့အတွက် သူ့ရုံးခန်းကို အတင်းဝင်တွေ့ဖို့ ကြိုးစားခဲ့ရတယ်။ သူက လူနာကို ကြည့်ပေးပီး ထွက်သွားလို့...

သူ့ရုံးခန်းမှာ သူက ဒီလိုရှင်းပြတာက ကျနော်တို့ခွဲတယ်။ အကျိတ်က အရမ်းကြီးနေတယ် မဖယ်နိုင်ဘူး။ ဒါကြောင့် ပြန်ပိတ်တယ်။ ဒါပေမဲ့ သွေးကြောပေါက်သွားလို့ ဒုတိယအကြိမ်ပြန်ချုပ်တာ ကျနော်တို့ ပိုက်ဆံ ထပ်မယူဘူး။ ခင်ဗျားတို့ တိုင်ချင်ရာတိုင် လုပ်ချင်ရာလုပ်တဲ့။ ပြောပြောဆိုဆိုနဲ့ သူထွက်သွားတယ်။    
 အနှစ်ချုပ်လိုက်တဲ့ အခါ လူနာ က ညနေမှာ အမောတွေဖောက်လာတယ်။ ဒီတော့ ဒီကိစ္စနောက်ထားပီးတော့ လူနာ အကောင်းဆုံးဖြစ်အောင် လုပ်ကြရတယ်။ ဗုဒ္ဓဘာသာပီပီ လူနာ အသက်မထွက်ခင် တရားနာလို့ရအောင် ဘုန်းကြီးတွေကို ပင့်ဖိတ်တယ် သင်္ကန်းကပ်တယ်။ လူနာဟာ ခွဲစိတ်မှူ စတင်ပီး ၁၂ နာရီအကြာမှာပဲ သူချစ်သော ဇနီး နှင့် လူမမယ်သမီး နှစ်ယောက်ကို ထားပီး လူ့ဘဝကို ကျောခိုင်းသွားခဲ့ပါတယ်။ 

ဆေးရုံတက်ခဲ့တဲ့ ၆ ရက်တာ ကုန်ကျစရိတ်က သိန်း ၇၀ ကျော်ကျခဲ့ပါတယ်။ ဒါပေမဲ့ အသက်ကတော့ ပြန်မပါလာခဲ့တော့ပါဘူး။ အသက်မဲ့ ခန္ဓာကို အဲဒီနေ့ညမှာပဲ ဆေးရုံကားကို ၁သိန်းပေးပီး မော်လမြိုင်ကို ညတွင်းချင်း ပြန်ခေါ်ခဲ့ကြပါတယ်။ ဆွေမျိုး အားလုံးရဲ့စိတ်ထဲမှာ ယူကျုံးမရခြင်းများစွာ.. စိတ်မကောင်း ကြေကွဲရခြင်း များစွာနဲ့ မျက်စိတမှိတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့ပါတယ်။ အမျိုးအချို့ဆို ရန်ကုန်မြေ ရန်ကုန်လေကိုတောင် မရှူတော့ဘူးလို့ ပြောခဲ့ကြပါတယ်...။

ခင်တို့တွေ မောင့်ခန္ဓာ မြေမချခင် တိုင်မယ်ဆိုရင် တိုင်ရမဲ့ အဆက်အသွယ်ဆိုတာ ရှိသတဲ့ ။ အဲဒီအကြောင်းကို မသိခဲဘူး။ မသိခဲ့ဆိုတာထက် မောင့်ကို ရန်ကုန်မြေမှာ တရက်တောင် ပေးမနေစေချင်တော့တာပါပဲ။ ဒါပေမဲ့...မောင်..ခင့်ရင်ထဲမှာ...............မနေ့ကလိုပဲ ..မောင်ရှိနေဆဲ။ 
ပြောခွင့်များရမယ်ဆိုရင် မောင့်ကိုသာ ပြန်လျော်ပေးပါလို့...................................... တလောကလုံးကြားအောင် ခင်ပြောလိုက်ချင်ပါတယ်...မောင်။  xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx တမလွန်ကို ကူးပြောင်းသွားသော ဆေးရုံတက်စဉ်မှ တွေ့ခဲ့ရသော ယောက်ဖရေ... ဒီစာနဲ့အတူ နောက်လူတွေ ယောက်ဖလို မခံစားရအောင် ဝေမျှပေးပါတယ်။ ပြုပြုသမျှ ကုသိုလ်အစုစုကို အမျှပေးပါတယ်။သာဓု ခေါ်နိုင်ပါစေ။  ရောက်လေရာဘဝ ဘဝတိုင်းမှာ  ယခုကဲ့သို့ ဆရာဝန်ဆိုး အသပြာဆရာဝန်များနှင့် မတွေ့ မကြုံရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။  
 နောက်ဆက်တွဲ။
ဆေးစာရွက်များကို တတ်သိနားလည်သော ဆရာဝန်များထံ ပြသခဲ့ရာတွင်  အစထဲက ကင်ဆာဆိုတာ ဆေးစာရွက်များမှာ ဖော်ပြထားပါသည်။ မခွဲစိတ်ခင်ထဲက ဖြစ်နိုင်သည့်အခြေအနေများ ခွဲစိတ်လျှင် ဖြစ်မည့်အကြောင်းအရာများကို ဆရာဝန်တိုင်း သေသေချာချာ ပြောကြားဖို့ လိုသည် ဆိုသည်မှာ ပြောဆိုစရာမလိုပါကြောင်း နှင့် ဆရာဝန်တိုင်းသည် ဆရာဝန်များ ကိုသာလျှင် များသောအားဖြင့် ကာကွယ်ကြပါကြောင်း။ မည်သို့မှ ဆေးစာထဲမှာ အစက ဘယ်လိုဆိုတာလေးတစ်ခုကိုတောင် ရေးသားပေးသည် မဟုတ်ပါကြောင်း ။ သို့သော် ဆရာဝန်များ ကိုယ်တိုင် ပြောသည့်စကား တစ်ရပ်ကတော့   မြန်မာပြည်မှာ ဘယ်ဆရာဝန်မှ ဦးဏှောက် အသည်း ခွဲစိတ်တာ မအောင်မြင်သေးကြောင်း   မိမိ တတ်နိုင်သည့်ဖက်မှ တင်ပြပါသည်။ ထို့ကြောင့် မိမိတို့နှင့် ပက်သက်သည့် ဆွေမျိုး မိတ်ဆွေများအား ဦးဏှောက် အသည်း နှင့်ပက်သက်ပီး ခွဲစိတ်ခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရှေ့ထား၍ ရေးသားလိုက်ရပါသည်။

No comments: