Monday, December 24, 2012

လူထုအရေးလုပ်မည်လား၊ ကိုယ်ကျိုးရှာမည်လား


နိုင်ငံ့အရေး၊ လူထုအရေးနှင့် ကိုယ့်အကျိုးအမြတ်တနည်းမဟုတ်တနည်းရှိအောင် လုပ်ခြင်းက ကွဲပြား ခြားနားပါသည်။  သို့သော် လူထုအရေး၊ နိုင်ငံ့အရေးပြောပြီး ကိုယ်ကျိုးလုပ်နေကြသည်များ လက်ညှိုး ထိုးမလွဲ တပြုံ ကြီးဖြစ်နေသည်မှ ဝမ်းနည်းစရာကောင်းလှသည်။  လူထုအကျိုးနှင့် နိုင်ငံ့အကျိုးလုပ် ဆောင်မည်ဆိုလျှင် ကိုယ်ကျိုးမဖက်သောလုပ်ဆောင်မှုလုပ်သင့်သည်။  ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်မှုး ကြီးဟောင်းစိန်မြ၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ အဘဦးဝင်းတင်၊ လူထုဦးစိန် ဝင်းတို့ကဲ့သို့ ကိုယ်ကျိုး မစဉ်းစားပဲ စွန့်လွှတ်လုပ် ဆောင်သူများလည်း ရှိခဲ့၊ ရှိသေးသည့်အတွက်တော့ ဝမ်းသာစရာကောင်း ပါသည်။  အရေးအခင်းအ ဆက်ဆက်တွင် အသက်ဆုံးရှုံးခံ၊ ဘဝအပျက်ခံလုပ်ကိုင်စွန့်လွှတ်ခဲ့ကြသူ များလည်းရှိခဲ့သည်။  လူထု ပေးသောလက်နက်နှင့်လူထုကို သတ်သည်ကို မခံနိုင်ပဲ လက်နက်ကိုင် တော်လှန်ရေးလုပ်မှရမည် သတ်မှတ်တောခို၍ ရည်ရွယ်ချက်အတိုင်း ရိုးရိုးသားသား၊ ကြိုးစားအား ထုတ်ပြီး ရုန်းကန်ရင်းအသက် စွန့်ခဲ့ရသူများရှိသလို ဆက်လက်၍လည်း ရုန်းကန်နေကြသူများလဲ ရှိဆဲဖြစ်သည်။  သူတို့မည်သည့် အခါမျှ သူတို့အကျိုးစီးပွါးကို သူတို့ယုံကြည်ချက်နှင့် မလဲခဲ့ပါ။  အ ချို့-အချို့သောသူများ အထူးသဖြင့် အချို့အချို့သော ခေါင်းဆောင်ကြီးများ အမည်ခံထားသူများက တော့ လူထုအားလုံး သွေးနှင့်၊ ဘဝ နှင့်၊ မျက်ရည်နှင့် ရင်းနှီးလုပ်ရသော ရုန်းကန်မှုတရပ်လုံးနှင့် စွန့်လွှတ်ခဲ့ကြသူများအားလုံး၏ ကိုယ် ကျိုးမဖက်စွန့်လွှတ်အနစ်အနာခံမှုများကို ခုတုံးလုပ်သည်။ လူ ထုနှင့်အသက်သွေးချွေးဘဝပေးဆပ်ခဲ့ရသူတို့အပေါ် ခေါင်းနင်း၍ ကိုယ်ကျိုးရှာသည်။  အချို့သောသူ၊ အ ချို့သောအဖွဲ့အစည်း အသင်းအဖွဲ့များကတော့ လူထုအကျိုးအများအကျိုးနှင့် ကိုယ်ကျိုးရောဖက် ပြီး အများအကျိုးထက်ကိုယ်ကျိုးကို အလေးပေးလုပ်ကြသည်။ မည်သူမည်ဝါများဖြစ်သည်ကိုတော့ မြင်တွေ့နေရသောလောကတွင် ကိုယ့်ဘာသာကိုယ်သုံးသပ်နိုင်ကြပေလိမ့်မည်ဟုယူဆပါသည်။ 
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့လွပ်လပ်ရေးတပ်မတော်ထဲပါဝင်ခဲ့ကြသူအများစုက ဗြိတိလျှ လက်အောက်မှလွတ်မြောက်ရေး၊ ဖက်ဆစ်ဖိနှိပ်ခံရမှုအောက်မှ လွတ်မြောက်ရေးတို့အတွက် အသက် သွေးချွေးများပေးတိုက်ပွဲဝင်ခဲ့ကြသည်။  အများစုက တိုင်းပြည်နှင့်လူထုလွတ်မြောက်ရေးအတွက်သာ အာရုံစိုက်လုပ်ခဲ့ကြသည်။  ဂဌုန်ဦးစောလို၊ နေဝင်းလိုလူတွေကတော့ သူတို့အခွင့်အရေးအတွက်လုပ် ကြသည်။  တိုင်းပြည်ကို ကမောက်ကမဖြစ်အောင်လဲ ကိုယ်ကျိုးစီးပွါးအတွက် ရဲရဲကြီးဖျက်စီးခဲ့ကြ၏။ သန်းရွှေအပါအဝင်တချို့စစ်တပ်ခေါင်းဆောင်ပိုင်းက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲက မြန်မာ့တပ်မ တော်၏အခန်းကဏ္ဍကိုအသုံးချပြီး တိုင်းပြည်တပြည်လုံးက စစ်တပ်အားဘုရားစင်တင်ကိုးကွယ်ထား ကြရန်နှင့် တိုင်းပြည်တပြည်လုံးကို သူတို့နှင့်သူတို့အလိုပါများအတွက် အသုံးချရန် လုပ်ကြသည်။  နိုင်ငံတိုင်းမှ တပ်မတော်တိုင်းသည် ပြည်သူလူထုသာလျှင်အမိ၊ ပြည်သူသာလျှင်အဖသတ်မှတ်ကြ သော်လည်း သူတို့လက်ထက်ကျမှ နွားဆန်ဆန် တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင်အဖ လုပ်ကြသည်။  လူထုချွေးနဲစာဖြင့်၊ သွေးဖြင့်ဝယ်ထားသောလက်နက်များကိုအားကိုးပြီး လူထုကို ဖိနှိပ်၊ နှိပ်စက်ရာတွင် အသုံးပြုသည်။  ထိုသို့သောလူထုကို သေနတ်ပြောင်းလှည့်ပြီး လူတစုကခိုင်းတာလုပ် နေသောစစ်တပ်မျိုးကို ဘာလို့ခေါ်ရမှန်းသတ်မှတ်ဘို့ စကားလုံးတောင် ရှာရခက်ပါသည်။  သေချာ တာကတော့ လူထုအတွက်တပ်မတော်မဟုတ်ပဲ လက်နက်ကိုင်ထားသော လူထုကို ဗိုလ်ကျနေကြသူ များဖြစ်သည်။  လူထုအတွက်၊ တိုင်းပြည်အတွက်လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တာ ဒီလိုလုပ်ဘို့ဆိုလျှင် တော့ သူတို့လဲ နိုင်ငံကို ကျွန်ပြုခဲ့သော ကိုလိုနီရှင်များ၊ ဖက်ဆစ်များနှင့် ခြားနားမည်မဟုတ်ပါ။  လွပ် လပ်ရေးတိုက်ပွဲဝင်ခဲ့ရသောရည်ရွယ်ချက်မှာ သူတို့အားတတိုင်းတပြည်လုံးက ကျွန်ခံပြီး သူတို့အား လုပ်ကြွေးကြရန်မဟုတ်ပါ။  ဒါက လူထုအတွက်ပြောပြီး လူထုကို သေနတ်နှင့်ချိန်ပြီး စစ်ကျွန်ပြုသည့် စစ်တပ်ဘက်မှ လုပ်ရပ်ဖြစ်သည်။ 
ဒီမိုကရေစီလှုပ်ရှားမှုတွင်လဲ လူထုအတွက်လုပ်တာပါ ပါးစပ်ကကျယ်ကျယ်ပြောပြီးတော့ ကိုယ့်ထင် ပေါ်မှု၊ ကိုယ့်အခွင့်အရေးနှင့်၊ ကိုယ့်စီးပွါးချမ်းသာမှုအတွက်လုပ်ကာ လှုပ်ရှားမှုတိုင်းတွင်သွေးချွေးပေး ဆပ်ကြရသူများအားလုံးကို ခေါင်းပေါ်နင်းအသုံးချသူများအများကြီးရှိသည်။  ထိုသူတို့ကတချိန်လုံးလဲ သူတို့အကျိုးအတွက်တစိုက်မတ်မတ်လုပ်ကြသည်။  နယ်စပ်လှုပ်ရှားမှုတွင် ထိုသို့ လုပ်စားခဲ့သူများ ထဲက မောင်မောင်၊ ဒေါက်တာနိုင်အောင်၊ ကျော်ကျော်နှင့် ရော်နယ်အောင်နိုင်တို့ကတော့ မျက်နှာ ပြောင်သည်။  အများအတွက်လုပ်ရင်း ချမ်းသာကြွယ်ဝသွားသူများစာရင်းကို ကမ္ဘာ့ထူးဆန်းအံ့ဘွယ်စာ အုပ်များတွင် ထည့်သွင်းဖေါ်ပြသင့်သည်။  ဝင်ငွေကောင်းကောင်းမပြနိုင်ပဲ ချမ်းသာသွားအောင်လုပ် နိုင်သူများကအလွန်လုပ်စားတတ်သောကြောင့်သာဖြစ်သည်။  ထိုသူတို့၏ပိုင်ဆိုင်မှုများနှင့် ဝင်ငွေများ ကိုလူသိရှင်ကြားမချပြရဲသည်မှာသေချာသည်။  ထိုသူများသည်လဲ လှုပ်ရှားမှုအသီးသီးမှ ပေးဆပ်ခဲ့ သူများကို အာဏာရှင်တို့နည်းတူခေါင်းပေါ်နင်းစော်ကားကြသူများသာဖြစ်သည်။ 
မြန်မာပြည်တွင်းတွင်လဲ လူထုအတွက်ပြောပြီး လူထုဘက်မှမရပ်တည်ပဲ အခွင့်အရေးလေးမျှော်ကိုး၊ နေရာလေးရနိုးနိုးနှင့် ဆင့်ဘာမှန်းမသိတာမျှော်ရင်း လုပ်စားကာလူထုကို စော်ကားကြသူတွေတပြုံကြီး ရှိသည်။  ထိုသူတို့က သူတို့ကို ပုခုန်းထမ်းပေးခဲ့ကြသည့် လူထုကို ကျောပေးကာ စော်ကားကြသည်။  လူထုတွေရုန်းကန်ဆန္ဒပြနေရတာကိုပင် ဘာ့ကြောင့်မှန်းမသိဘူးဆိုသည့် အကျော်ဒေးယျနိုင်ငံရေး သမားမျိုးက လူထုအတွက်ဘယ်လိုလုပ်မည်လဲစဉ်းစား၍ခက်သည်။  နေရာတကာတွင်စကားလုံးလှ လှကြားရတာရှိပါသည်။  လူငယ်တွေဟာတိုင်းပြည်ရဲ့အနာဂတ်တွေဖြစ်တယ်တဲ့။  စစ်တပ်ထဲမှာလဲ တိုင်းပြည်ရဲ့အနာဂတ်လူငယ်တွေကို တကယ်သေမဲ့နေရာမှာပဲ ရှေ့တန်းတင်ကြသည်။  တကယ် စစ် တပ်ကို အုပ်ချုပ်နေသည်မှာ အသက်လွန်သော်လဲ အငြိမ်းစားမယူသေးသည့်အိုကြီးချက်မများပဲဖြစ် သည်။  ဒီမိုကရေစီတိုက်ပွဲဝင်နေသည့်ဘက်တွင်လဲ အဖမ်းခံ၊ အသေခံ၊ အနစ်အနာခံရမည့်အခြေအ နေတို့တွင်လူငယ်များကို ဦးစားပေးရှေ့တန်းတင်သည်။  နောက်ကလူကြားဝင်စရာ၊ အုပ်ချုပ်တာတွေ မှာတော့ သွားကြိုးလုလုအဖွါးကြီး၊ အဖိုးကြီးတွေပဲဖြစ်သည်။  လူငယ်တွေကို ရှေ့တန်းတင်လုပ်ပိုင်ခွင့် မပေးပဲ စကားလုံးလှလှများနှင့် ကိုယ့်ထင်ပေါ်ကြော်ကြားမှုကိုပဲ ဆက်လုပ်နေချင်ကြလျှင် ထိုလူငယ် များကို စီမံခန့်ခွဲမှုတွင် အတွေ့အကြုံရလာအောင်၊ လုပ်ကိုင်မှုရင့်ကျက်လာအောင် မည်သို့လုပ်ကြ မည်လဲကို အသက်ကြီး၍မေ့တတ်သောသူများက မစဉ်းစားမိကြ။  ထို့အပြင် သူတို့ရုတ်တရက်တခုခု ဖြစ်သွားလျှင် မည်သို့ဆက်သွားနိုင်အောင်လုပ်မည်လဲဆိုသည့် အစီအစဉ်လဲ ရှိရကောင်းမှန်းမသိကြ။  နောက်ခါလာနောင်ဈေးလုပ်နေပုံမျိုးနှင့် ဘယ်လိုမျိုးတိုင်းပြည်နှင့်လူမျိုးကို ပိုမိုတိုးတက်အောင်လုပ်နိုင် ကြမည်လဲ စဉ်းစားမိဟန်လဲမတူပေ။  လူငယ်များကို ပါးစပ်ကမဟုတ်ပဲ တကယ်ရှေ့တန်းတင်၊ လုပ်ပိုင် ခွင့်ပေးပြီး အလှည့်ပေးသင့်သည်။  လူကြီးများအတွေ့အကြုံရှိသူများက နောက်မှ သူတို့ကို အားဖြည့် ပေးတာလုပ်သင့်သည်။  သို့သော်၊ သို့သော်၊ လက်တွေ့တွင်ထိုသို့မဖြစ်သေးပါ။  ဖြစ်လာရန်လဲ လမ်း မတွေ့သေးပါ။  လူငယ်များကို စံနမူနာပြသည့်အနေဖြင့် လူကြီးများက လူငယ်များကို ရှေ့တန်း တင်ပြီး သူတို့က ဘေးမှ ဝိုင်းရံပေးလျှင်တော့ လူငယ်များအတွက် အလွန်အတုယူစရာ၊ ဖြစ်နေပေ လိမ့်မည်။
ကရင်ရွာလေးများတွင် ရွာလူကြီးလုပ်သူများကို စစ်တပ်ကမကြာခဏခေါ်ယူ၊ ရိုက်နှက်သတ်ဖြတ်လေ့ ရှိသည်။  ထို့ကြောင့် ထိုရွာများတွင် အသက်ငယ်သူများကို လူကြီးမတင်ကြပဲ အဖိုးအဖွါးအရွယ်တို့ ကို ရွာလူကြီးတင်ထားလေ့ရှိကြသည်။  အဖိုးအဖွါးတို့အရွယ်ဆိုလျှင်တော့ အရိုက်ခံ၊ အသတ်ခံရ နည်းနိုင်သည်။  သို့သော် နည်းနိုင်တာသာရှိသည်။  လွတ်ကင်းသည်မဟုတ်ပေ။  ဒီလိုနှင့်သွေသား ပျောက်သွားရသည့် ကရင်အဖိုးအဖွါးတို့လဲ မနဲပေ။  ထိုအလေ့အထကြောင့်ထင်သည် - ကရင်အမျိုး သားအစည်းအရုံးတွင် ဆံပင်မရှိတော့သလောက်ဖြစ်၊ သွားကြိုးနေသည့်အရွယ်တို့ကိုသာ ဥက္ကဌအ ဖြစ်ခန့်အပ်လေ့ရှိကြသည်။  ထိုအရွယ်မရှိသေးသော ကရင်လူငယ်များတွင် အရည်အချင်းအတွေ့အ ကြုံရှိသည့်လူငယ်များ မရှိပဲရှားပါးသောကြောင့်လား၊ သို့မဟုတ် ထိုအိုကြီးအိုမများကပဲ ခရစ်တော်မှ မခေါ်ယူမှီအချိန်အထိ ခုံလေးပေါ်မှာ ဆက်ထိုင်လိုသောကြောင့်လားတော့ သူတို့ဘာသာပင်သိလိမ့် မည်။  အတွေ့အကြုံ၊ လုပ်ရည်ကိုင်ရည်မပြည့်မှီသေးလျှင်တောင်မှ လူငယ်များကို ရှေ့တင်ပြီး လုပ်ကိုင်ခွင့်ပေး၊ လေ့ကျင့်ပျိုးထောင်ပေးလျှင် သူတို့ပိုလုပ်တတ်လာမည်ဖြစ်ပြီးအဖွဲ့အတွက်၊ အကြံ သစ်ဥာဏ်သစ်၊ လုပ်ရည်ကိုင်ရည်သစ်များပိုပွါးများလာနိုင်သည်။  ဒီလိုမှမဟုတ်ပဲ ငါတို့လုပ်ခဲ့တာအ တွက် ပြန်အခွင့်အရေးပေးရဦးမှာပဲဆိုသည့် အယူအဆများနှင့်ဆိုလျှင်မူ ထိုအဖွဲ့အစည်းများ တနေ့ တခြားနိမ့်ကျသထက်သာနိမ့်ကျလာလိမ့်မည်ဖြစ်သည်။  မြန်မာနိုင်ငံအတွင်းရှိပါတီအဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့များတွင်လည်း ထိုနည်း၎င်းအတိုင်းပင်ဖြစ်နေကြသည်။  ဒီလေးဆယ်ကျော်ငါး ဆယ်အရွယ်ထဲမှာ ကျောင်းသားခေါင်းဆောင်မဖြစ်သင့်ကြတော့သည်ကို အမှတ်မရပဲ အချို့လဲ ကျောင်းသားခေါင်းဆောင်ကြီးများအဖြစ် ဆန်ဖြူသွားကြိုးလဲ ဆက်လုပ်ချင်နေကြတာလဲ ရှိသည်။  လူ ငယ်များကို လမ်းစဖွင့်ပေးလျှင်လူငယ်များက ပိုတက်တက်ကြွကြွလုပ်လာကြမည်ဖြစ်သည်။ 
လူထုအတွက်လုပ်သည့်နေရာတွင် လူထုအတွက် မိမိအကျိုးကို လုံးလုံးမဖက်ပဲ စံနမူနာပြလုပ်နိုင်ကြ လျှင် အလွန်ကောင်းမည်ဖြစ်သည်။  လူထုက မိမိတို့ကို အတင်းလုပ်ခိုင်းသည်မဟုတ်ပါ။  မိမိတို့ဘာ သာအသိစိတ်ဓါတ်နှင့်လုပ်ကြသည်ဖြစ်သည်။  ကိုယ့်အသိစိတ်ဓါတ်နှင့်ကိုယ်လုပ်သလို ကိုယ့်အသိနှင့် ပဲ လူထုထံမှဘာအကျိုးမှ ပြန်မလုပ်ပေးစေရန် ထိမ်းသိမ်းသင့်သည်။  နေရာရာထူး၊ ထင်ပေါ်ကြော် ကြားမှု ၊ ပစ္စည်းဥစ္စာတို့အတွက် လူထုအကျိုးရှေ့ဗန်းပြပြီးလုပ်လျှင်တော့ လူထုကို လှည့်စားလိမ် ညာ တာသာဖြစ်သည်။ 
သက်ဦးဆံပိုင်ဘုရင်စံနစ်နိုင်ငံများနှင့် အာဏာရှင်နိုင်ငံများမှအပ အသက်၇၀ခန့်ရှိသူများက ရှေ့တန်း မှလုပ်ကိုင်ကြသည်မရှိတော့ပဲ နောက်လူများကို လုပ်နိုင်အောင် လမ်းဖွင့်ပေး၊ ကူညီပေးကြလေ့ရှိ သည်။  မြန်မာနိုင်ငံတွင်တော့ ဆံဖြူသွားကြိုးအထိ ထိုအိုကြီးအိုမများ နေရာတွေအတင်းယူလုပ်ကိုင် နေကြရသည်မှာ လူငယ်များအသုံးမကျကြတော့၍လား၊ ဒါမှမဟုတ် ထိုလူကြီးကြီးများက လူထုထံမှ လူထုမခိုင်းပဲအတင်းကိုယ့်ဘာသာကိုယ်လုပ်ခဲ့တာတွေအတွက် အကြွေးပြန်တောင်းလိုလို့လားဆို သည်ကိုတော့ ဆန်းစစ်ရန်လိုပါသည်။  လူထုအတွက်ရှေ့ရှုပြီး လူထုကို ဘာမှ အပြန်အလှန်အကြွေး မတောင်းပဲ စိတ်ရင်းမှန်မှန်ဖြင့် လုပ်ပေးကြသင့်သည်။  ပန်းပန်၊ အဝတ်အစားအသစ်ဆန်းဆန်းပြား ပြားမည်မျှဆင်ဆင် ဇယာကို ကျွန်တော်တို့အံတုနိုင်မည်မဟုတ်ပါ။  ဇယာအလွန်မထောင်းသေးခင် လူငယ်များကို အမှန်တကယ်လုပ်တတ်ကိုင်တတ်ရှိသူများဖြစ်လာအောင် ပံ့ပိုးကူညီဘို့၊ လူထုအ တွက်ကို ရိုးရိုးသားသားရပ်တည်ပြီး လူထုအတွက် ရှေ့ရှုကြဘို့ လိုပါသည်။ 
 
ငြိမ်းချမ်း

No comments: