ဖိုးထက်
ဒီဇင်ဘာ ၂၅၊ ၂၀၁၂
ထို ၃၆၅ ရက်သော ရက်စွဲများကြားမှ ကျွန်တော့်အတွက် မသိလိုက် မသိဘာသာ ဖြတ်ကျော်လို့ မရသော ရက်စွဲနှစ်ခုသာ ပြက်ပြက်ထင် ထင်ရှိသည်။ မွေးနေ့နှင့် ဒီဇင်ဘာ ၃၁ ရက်။ တကယ်ဆိုတော့ ကိုယ့်မွေးနေ့ကိုယ် မေ့ထားချင်သော အသက်အရွယ် အပိုင်းအခြားသို့ ချဉ်းနင်း ၀င်ရောက်စ ပြုနေသော ကျွန်တော်လို အကောင်အတွက် မေ့မရအောင် လုပ်နေကြသော သူများရှိသည်။ ကျွန်တော့်ကို ချစ်ခင် မြတ်နိုးကြသော လူများက မွေးနေ့ရောက်တိုင်း မွေးနေ့ဆိုသည့် နေ့စွဲကြီးကို မေ့ထားမရအောင် လုပ်ကြ၏။ “မွေးနေ့ရောက်ပြီနော်။ အ သက်ကြီးလာပြီနော်။ ဦးဏှောက်ပိုကြီးအောင် လုပ်အုံး” ဆိုသည့် အမေ့ရဲ့ဆုံးမစကားသံကို နှစ်စဉ်ကြားရစမြဲ။ “မွေးနေ့မှာ ကုသိုလ် ကောင်းမှုလေး တစ်ခုခုတော့ လုပ်လိုက်အုံး” ဆိုသည့် အကုသိုလ်အကောင်ကို သတိတရ သတိပေးကြသည်။
သို့သော် မွေးနေ့ထက် ဒီဇင်ဘာ ၃၁ ရက်နေ့ကို ကျွန်တော်က ပိုပြီး သတိထားမိနေ တတ်သည်။ မနက်ဖြန် ဆို နောက်တစ်နှစ်ရောက်ပြီ။ အလုပ်ပိတ်ရက်။ ဒီည ၁၂ နာရီကို ဘယ်လို ကျော်ဖြတ်မလဲ စသည့်အတွေးများဖြင့် အလုပ်ရှုပ်နေတတ်ခဲ့သည်။ ပြီးခဲ့တော့မည့်၊ ချန်ထား ခဲ့ရတော့မည့် သက္ကရာဇ်ခုနှစ်ကြီးအတွင်းမှာ ငါဘာတွေ လုပ်ခဲ့သလဲ၊ ဘာတွေ ကျရှုံးခဲ့၊ အောင်မြင်ခဲ့၊ တန်ဖိုးမဲ့ခဲ့၊ တန်ဖိုးရှိခဲ့ သလဲ ဆိုသည့် လည်ပြန်အတွေးများက နေရာယူထားသည်။
ထို့အပြင် လူတစ်ယောက်၏ သက်တမ်းကို သမိုင်း စာအုပ်တွေထဲမှာ ဖော်ပြကြလျှင် ရက်စွဲအတိအကျထက် မွေးဖွားသည့် ခုနှစ်နှင့် သေဆုံးခဲ့သည့် ခုနှစ်ကိုသာ ဖော်ပြကြသည်။ ဥပမာအားဖြင့် အိုင်းစတိုင်း (၁၈၇၉-၁၉၅၅)၊ ဟစ်တလာ (၁၈၈၉-၁၉၄၅)၊ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) စသည်ဖြင့် ဖော်ပြကြသည်။
အခုလဲဘဲ မကြာခင် ရက်အပိုင်း အခြားအတွင်းတွင် ၂၀၁၂ ဆိုသည့် ခုနှစ်ကြီးကို သမိုင်းထဲတွင် ချန်ထားရစ်ခဲ့ကြရပေအုံးတော့မည်။ ပိုပြီး သစ်လွင်သော၊ ပို၍ မျှော်လင့်ဖွယ်ရာများရှိသော ၂၀၁၃ ဆိုသည့် အသစ်ကျပ်ချွတ် ခုနှစ်တစ်ခု ရောက်လာပေအုံးတော့မည်။ ဟောင်းမြေ့သော၊ ဂျုံးဂျုံးကျ မောပန်း နွမ်းနယ်နေသော ၂၀၁၂ ကြီးကို ချန်ထားခဲ့ရတော့မည်။ ဘာတွေမျှော်လင့်ထားကြသလဲ။ ဘာတွေ ရည်ရွယ်ထားကြသလဲ။ ဖြစ်ချင်ရာကို ဖြစ်နိုင်ဖို့ ကြိုးစားတည်ဆောက်လို့ရမည့် အသစ်စက်စက် နှစ်အပိုင်းအခြားကြီးကို ကျော်ဖြတ်ကြရပေအုံးတော့မည်။
ကျွန်တော့်အတွက်ကတော့ ၂၀၁၃ ထက် ၂၀၁၂ ကို သံယောဇဉ်မပြတ်ဘဲ ပြန်လည်လှည့်ကြည့်မိသည်။ ကိုယ်ရေးကိုယ်တာ မှတ်မှတ်ရရ အောင်မြင်မှု ဆုပ်ဆုပ်ကိုင်ကိုင် မပြနိုင်သော်လည်း ကျေနပ်မည်ဆိုလျှင် ကျေနပ်နိုင်သော နှစ်အပိုင်းအခြားတစ်ခုလို့သာ သတ်မှတ်လို့ရမည် ထင်သည်။
သို့သော် အများနှင့်ဆိုင်သော၊ ရွှေနိုင်ငံကြီးနှင့် ပါတ်သက်နေသော ၂၀၁၂ ကို ပြန်လည် တွေးကြည့်မိတော့ အားမလို အားမရဖြစ်မိတာတော့ အမှန်ပင်။ လူဆိုသည့် သတ္တ၀ါသည် အကောင်းထက် အဆိုးကိုသာ စိတ်စွဲကြ၊ အမှတ်တရ ရှိကြသည် ထင်၏။ လျှပ်စစ် ပိုလျှံနေပါသည်၊ ဖယောင်းတိုင်နှင့်နေပါ စသည့် နိုင်ငံကျော် လူပျက်ကြီးများ၏ ပြောစကားများကို မေ့မရဘဲ ရှိနေ၏။ ပိုပြီးတိုးတက်အောင် ပိုပြီး သာယာအောင် ကြိုးစားတည်ဆောက်ကြရင်း တိရဆ္ဆန်ဦးဏှောက်လောက်ပင် အသိတရားမရှိသော လူများကြောင့် ရုပ်ဆိုး အကျဉ်းတန်သော ၂၀၁၂ ဖြစ်ခဲ့သည်ထင်သည်။ ကလေးတွေကို သက်သက်မဲ့ သေနတ်နှင့် ၀င်ပြစ်သတ်သွားသော ချာတိတ်ကောင်လေးကြောင့် ၂၀၁၂ ကြီးသည် အရုပ်ဆိုးလွန်းခဲ့ရသည်။ စားစရာမရှိ လျော်စရာရှိ ဆိုသည့် သဘောမျိုးဖြင့် ဒုံးကျည်ကြီးများ စမ်းသပ် ပြစ်လွှတ်ခဲ့ကြ၏။
လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရသော ရခိုင်အရေးအခင်းကြီးကို ၂၀၁၂ ထဲတွင် ချန်ထားခဲ့လို့ ရနိုင်ကောင်းပါရဲ့ဟု တွေးမိသည်။ ကချင် အရေးကြီး ၂၀၁၂ ထဲမှာ အတော်ဆိုးရွားခဲ့တာဘဲဟု ပြောလို့ ရနိုင်ကောင်းပါရဲ့။ အမေရိကန်သမ္မတ လက်ချာပေးခဲ့သလို ဥပဒေဆိုသည့် သဘော၊ စစ်တပ်ဆိုသည့် သဘောတရားတွေကို ကျွန်တော်တို့ သင်ခန်းစာ ရခဲ့နိုင်ကောင်းပါရဲ့။ ဘုန်းဘုန်းဘုရားတို့ မီးသင့်ခဲ့ရသော ၂၀၁၂ လို့ နောင်လာနောက်သားတွေ မှတ်မှတ်ရရ ပြောလို့ရသော နှစ် ဖြစ်နိုင်ပါရဲ့။ တောင်တောင် အီအီ ၂၀၁၂ အတွေးများဖြင့် လုံးခြာလိုက်နေစဉ်မှာ ကျွန်တော် စိတ်ဝင်စားသော သတင်းတစ်ခုကို ဖတ်မိခဲ့သည်။
ဦးသိန်းစိန် ရတနာဂီရိကိုသွားသည် ဆိုသည့် သတင်း။ ရတနာဂီရိဆိုသည့် အမည်က ကျွန်တော်တို့နှင့် လေး၊ ငါး တန်းလောက်ကတည်းက ရင်းနှီးခဲ့သော မြို့နာမည်။ မြန်မာတွေ၏ အချုပ်အချာ အာဏာ တွင်းဆုံးကျခဲ့တာကို အမှတ်ရစေသော မြို့ အမည်။ သီပေါအရှင်တို့ ဒူးထောက်အရှုံးပေးခဲ့ရသော အမည်နာမ အဖြစ် အမှတ်ရစေခဲ့သည်။
ဦးသိန်းစိန် ရတနာဂီရိမသွားခင် ရက်ပိုင်းအတွင်းကမှ ကျွန်တော်စာအုပ်တစ်အုပ်ကို သဲသဲမဲမဲ ဖတ်ဖြစ်နေခဲ့သည်။ ဆရာနေ၀င်းမြင့် ဘာသာပြန် Amitav Ghosh ရေးသော The Glass Palace ဆိုသည့် စာအုပ် မာရသွန်ကြီး ဖြစ်သည်။ သီပေါဘုရင်၏ ပါတော်မူပုံမှ အစပြုထားသည့် စာအုပ်။ အန္ဒိယနှင့် မြန်မာပြည်တို့၏ ကူးလူးဆက်ဆံမှုများကို ဇာတ်အိမ်တည်ကာ အိန္ဒိယ တိုင်းသားတို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို လှစ်ခနဲ့၊ လက်ခနဲ့ ရေးသားထားသည့် စာအုပ်ကြီးဖြစ်သည်။ ဆရာကြီး မြသန်းတင့် ဘာသာပြန်သည့် အဘိဓမ္မာသဘောတရားတွေ၊ အတွေးအခေါ်တွေ အများကြီးပါသော” စစ်နှင့် ငြိမ်းချမ်းရေး” လို စာအုပ်ကြီး၊ ဆရာနတ်နွယ်ရေးသားသော ပါတော်မူနောက်ပိုင်း မြန်မာတို့ အင်္ဂလိပ်ကို ဆန့်ကျင် ပုန်ကန်မှုကို အခြေတည်ပြီး ရေးဖွဲ့ခဲ့သော “ မြန်မာပြည်မြောက်ပိုင်း” ဆိုသည့် စာအုပ်ကြီးတွေ ကျနော် ဖတ်ဘူးခဲ့သည်။ အမှန်ကိုသာ ၀န်ခံရလျှင် အတော်ကြီး အားစိုက်ဖတ်ခဲ့ရသည်။ ဖတ်သင့်သည့် စာအုပ်ကြီးတွေ ဆိုသည့် အသိနှင့်သာ ဇွတ်နှစ်ကာ ဖတ်ခဲ့ရသည်။ “စစ်နှင့် ငြိမ်းချမ်းရေး” စာအုပ်ကြီးထဲက အတွေးအခေါ်တွေ ကျွန်တော့်ရင်ထဲမှာ မသိမသာ ကျန်နေသေးသော်လည်း ဆရာနတ်နွယ်ရေးသော “မြန်မာပြည်မြောက်ပိုင်း” စာအုပ်ကတော့ သိပ်မကျန်တော့။
သို့သော် အခု ဆရာနေ၀င်းမြင့်ဘာသာပြန်သော “ ရေကန်သာ ကြာတိုင်းအေး” စာအုပ်ကတော့ အားမစိုက်ရဘဲ စိတ်ချဉ်ခြင်းတပ်စွာ ဖတ်ဖြစ်နေခဲ့သည်။ စကားလုံး မှော်အောင်ထားသည့် ဆရာကြီး နေ၀င်းမြင့်၏ အရေးအသားတွေကို ဖတ်ပြီး “ တောက်... ရေးတတ်လိုက်တာ “ဆိုသည့် အသိနှင့်အတူ နှစ်နှစ်လလ စွဲမြဲနေခဲ့သော အသိကိုလဲ ပြောင်းလဲစေခဲ့သည်။ အရင်က သီပေါမင်း သမီးတော်များ အန္ဒိယတိုင်း သားများနှင့် လက်ဆက်သွားကြတာကို နည်းတောင်နည်းသေး..သောက်သုံးမကျတဲ့ ဘုရင်နဲ့ နေရာတကာ ပါချင်တဲ့ မိန်းမကြီး ခံစမ်းလို့ အလွန်အောက်တန်းကျသော အတွေးအခေါ်ကို ပြောင်းပြန်လှန်ပြစ်စေခဲ့၏။ ကြိုးချင်းထား ကြိုးချင်းထိ၊ အိုးချင်းထား အိုးချင်းထိ ဆိုသည့် စကားကို မျက်ကွယ်ပြုကာ လက်ခုပ်လက်ဝါးတီးချင်သော စိတ်ပုတ်တွေ များနေခဲ့တာ သတိထားမိခဲ့သည်။ ကျွန်တော်တို့လို ဘာမဟုတ်သော အကောင်တွေတောင် နိုင်ငံခြားမှာ အခွဲခြားခံရ၊ အနှိမ်ခံရလျှင် အသဲဆတ်ဆတ်ထိ နာတတ်ကြသေးလျှင် သက်ဦးဆံပိုင် ဘ၀မှ ပြစ်ပါယ်ခံနေရသည့် သီပေါအရှင်တို့ ဘ၀ကို မစာမနာ ရှိခဲ့သည်ကို ဆရာနေ၀င်းမြင့်က အလင်းပြခဲ့သည်။
ပြည်သူလူထုကို မျက်ကွယ်ပြုသော သက်ဦးဆံပိုင် အာဏာရှင်စနစ်ကို မကြိုက်ပေမယ့် လူ လူချင်းကိုယ်ချင်းစာစိတ်ဖြင့် စိတ်နှလုံး ပြည့်ဝ သော သီပေါဘုရင်ကို မြင်ယောင်လာမိသည်။ အိမ်နီးချင်း ထိုင်းဘုရင်တို့ ဥရောပမှာ ကော်ဇောနီခင်းပြီး ကြိုဆိုခံနေရချိန်မှာ အိမ်စုတ်ကြီးထဲမှာ နေခဲ့ရသော ကျွန်တော်တို့ ဘုရင်ကို သနားစိတ်ဝင်လာခဲ့သည်။ တော်ဘုရားလေးတို့လို ပညာကြီးရင့်သော ဆွေတော်မျိုးတော်ကြီးက စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့နှင့်အတူ လက်တွဲပြီး တွန်းလှန်ပေးသွားခဲ့တာနှင့်ပင် သီပေါဘုရင်တို့ တာဝန်မကျေခဲ့တာကို ချေဖျက်နိုင်ခဲ့ပြီလို့ဘဲ ယူဆချင်ပါသည်။
အခုဘဲဘဲ ဦးသိန်းစိန်ကြီး ရတနာဂီရိသွားပြီး အရိုအသေပေးသည့် သတင်းကို ဖတ်မိပြီး ကိုယ့်မင်း၊ ကိုယ့်ချင်း၊ ကိုယ့်ကျငှန်း ဆိုသည့် ဇာတိစိတ်က နိုးကြားလာခဲ့သည်။ စီမံခံ့ခွဲမှုညံ့ဖျဉ်းမှု၊ ကိုယ်ကျိုး အာဏာ မက်မောမှုများဖြင့် အောက်ကျ နောက်ကျ နိုင်ခဲ့သည့် သီပေါဘုရင်အုတ်ဂူကြီးဆီက ဦးသိန်းစိန်ကြီး Massage တစ်ခုခု ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိသည်။
မည်သို့ပင် ဆိုစေ...၂၀၁၂ တည်းဟူသော သတင်းနှစ်ကြီးထဲမှာ ရှင်သန်ခွင့်ရခဲ့သော ကျွန်တော့်ကုသိုလ်ကို ကျေးဇူးတင်မိသည်။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ၂၀၁၂ ကို ရာဇ၀င်ထဲမှာ ချန်ထားရစ်ခဲ့ရတော့မည်။ ၂၀၁၂ မှ သင်ခန်းစာများကို ယူပြီး ၂၀၁၃ ကို ဖြတ်ကျော်ဖို့ အဆင့်သင့်ဖြစ်အောင် ကြိုးစားကြရတော့မည်။ မြန်မာပြည်မြောက်ပိုင်း စာအုပ်အဖွင့်တွင် ၁၉၆၃ ခုနှစ်က မအောင်မြင်ဘဲ ပျက်ပြယ်ခဲ့ရသော ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြင့် ဆရာကြီး နတ်နွယ်က အစပြုထားခဲ့သည်။ ၁၉၆၃ ခုနှစ်ကတည်းက “အခြေတည်မရခဲ့သော ငြိမ်းချမ်းရေး” နောက်ပိုင်း အကျိုးဆက်များကတော့ ၂၀၁၂ အထိ အနိဌာအာရုံများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ ရူးကြောင်ကြောင် ယန်းကီးလေး Adam Lanza လို ကောင်မျိုးလေးတွေ ဖြစ်လာနေကြသည်။
“သမိုင်းဆိုတာ မအ အောင် သင်တာ” ဆိုသည့် ဆရာကြီး ဒေါက်တာသန်းထွန်း၏ နိုင်ငံကျော်စကားသည် နှစ် အသစ် တစ်ခု ပြောင်းတိုင်း ပြောင်းတိုင်း အသက်ပိုပိုပြီး ၀င်လာသည်။ ၂၀၁၂ ထဲမှာ ကျွန်တော်တို့ ယူစရာ သင်ခန်းစာ တွေက မကုန်နိုင်၊ မခမ်းနိုင် ရှိခဲ့သည်။ ၂၀၁၂ ကို လုံးဝမေ့ခဲ့ပြီး ၂၀၁၃ မှသည် နောင် အနာဂတ်ဆီသို့ ဦးတည်ကြမည်ဆိုပါက ဒုတိယ ရတနာဂီရိသည် မန္တလေး ဖြစ်လာစရာ အကြောင်း ရှိသည်။ သီပေါဘုရင်ကဲ့သို့ ခံပြင်း နာကျည်းစိတ်များဖြင့် ကျွန်တော်တို့ နိုင်ငံသားတွေ အသက်ဆက်ရဖွယ်ရှိသည်။ ၂၀၁၂ မှ သင်ခန်းစာများကို ယူပြီး ကျွန်တော်တို့ ရှေ့ဆက်ကြမည်ဆိုပါက မြန်မာနိုင်ငံကြီးသည် ရေကန်သာ ကြာတိုင်းအေးသော နိုင်ငံကြီး မဖြစ်နိုင်စရာ မရှိလို့ဘဲ ထင်မြင်မိပါသည်။
သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။
No comments:
Post a Comment