by Soe Min on Thursday, December 27, 2012 at 11:19pm ·
ဂျေဆင်မရကြီး သီချင်းလာဆိုတဲ့အခါ တချို့လူတွေက စကားတင်းဆိုကြပါတယ်။
လူကုန်ကူးမှုကို သီချင်းတွေဆိုပြီး တိုက်ဖျက်မလို့တဲ့။ တို့ဆီက
ရေပေါ်ဆီအဆိုတော်တွေကလည်း ပိုက်ဆံရလို့သာ လူကုန်ကူးမှုတိုက်ဖျက်ရေး
ထထအော်ပြီးကြော်ငြာနေတာ ဘယ်သူကမှ တကယ်တမ်းစိတ်ဝင်စားတာလည်း မဟုတ်ပဲနဲ့။
စသည်စသည်ဖြင့် ရယ်ပွဲဖွဲ့နေတာ အကြားသား။ ဟုတ်သားပဲ။ သီချင်းတွေဆိုလို့
ကမ္ဘာကြီးငြိမ်းချမ်းသွားမယ် လို့ ဘယ်တုန်းကမှ မယုံကြည်ပါဘူး။ အရူးတွေ
စိတ်ချမ်းသာအောင် ထားနိုင်ရင် ကိုယ်အေးအေးဆေးဆေး နေရမယ် ဆိုတာကမှ
နီးစပ်သေး။ ဒါပေမယ့် “ပြည်ထောင်စုကိုချစ်” တုန်းက ပြောခဲ့ဖူးသလိုပဲ
သီချင်းတွေကို Propaganda အတွက် သုံးလို့တော့ တော်တော်ထိရောက်တယ်လေ။
နိုင်ငံရေးသမားတွေက သူတို့အယူအဆတွေ ပြည်သူလူထုအကြားမှာ ပြန့်နှံ့နေစေဖို့
သုံးတဲ့အတွက် အဲဒီစကားလုံးကို ၀ါဒဖြန့်တယ် လို့ ဘာသာပြန်ကြပေမယ့်
တကယ်မှာတော့ ကိုယ်ပေးချင်တဲ့ သတင်းအချက်အလက် အယူအဆ Message တစ်ခုကို
လူအများကြီးအကြားမှာ စိမ့်ဝင်သွားစေချင်ရင်လည်း အဲဒီနည်းကို သုံးရပါတယ်။
ကြော်ငြာတွေလည်း တသဘောတည်းပါပဲ။ သူ့ဘာသာ တကယ်လျှော်လျှော် မလျှော်လျှော်
“ထက်ထက်ရဲ့ အ၀တ်အစားတွေကိုတော့ အိုဆိုဆပ်ပြာမှုန့်နဲ့ပဲ လျှော်တယ်” ဆို
နောက်တခါ ဆပ်ပြာဝယ်မယ့်သူတွေအတွက် ဒီနံမယ် စမ်းသုံးကြည့်ဦးမယ်
ဖြစ်သွားတယ်လေ။ ကောင်းတာ မကောင်းတာ ပေါက်တာမပေါက်တာက နောက်မှ။
လောလောဆယ်တော့ လူသိများသွားတာ အမှန်ပဲ။ သီချင်းဆိုပြီး လူကုန်ကူးမှုကို
တားဆီးလို့ မရသေးပေမယ့်လည်း အဲဒီညကလာတဲ့ လူပရိသတ်ကြီးတစ်ခုလုံးကိုတော့
လူကုန်ကူးမှုရဲ့အန္တရာယ်ကို ခေါင်းထဲထည့်ပေးလိုက်နိုင်ပါတယ်။
အဲဒီထဲကတစ်ယောက်ဖြစ်တဲ့ ကိုယ့်ခေါင်းထဲကိုလည်း အဲဒီအတွေးစကလေး
ရောက်လာပါတယ်။ ပိုက်ဆံမရရင် လေတောင်မချွန်တဲ့ သူတို့တတွေတောင် အလကားမတ်တင်း
သီချင်းတွေ တက်ဆိုပြနေလို့ရှိရင် ကိုယ့်လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ
ဒီအကြောင်းကို နုတ်စ်ကလေး ရေးတင်ဦးမှပါလေ လို့ သဘောပိုက်မိတဲ့အတွက်
စာဖတ်သူတွေလည်း သည်းခံ၍သာ ဖတ်ကြပေဦးဗျား။ (ဖတ်ခလေးကတော့ MPT ကိုပဲ
ပေးလိုက်ပေတော့)
ကုန်ကူးတယ်ဆိုတဲ့သဘောက ရောင်းသူရှိမယ်။ ၀ယ်သူရှိမယ်။ ကြားထဲက ပွဲစားပါချင်ပါမယ်။ အခွန်အတုပ် ပေးရတာရှိမယ်။ အလယ်ခေါင်မှာတော့ ကုန်ပစ္စည်းတစ်ခု ရှိတာပေါ့။ ဒီနေရာကနေ ၀ယ်သွားပြီး နောက်တစ်နေရာမှာ သွားရောင်းတာ။ အဲဒီအလယ်ခေါင်က အမျိုးမျိုးသော ကုန်ပစ္စည်းတွေထဲမှာ လူသားစင်စစ်တွေဟာလည်း ဈေးကွက်ရဲ့တောင်းဆိုမှုအရ ချိန်ခွင်ပေါ်တက်မထိုင်ရုံတမယ် အရောင်းအ၀ယ် တွင်ကျယ်လို့လာပါတယ်။ သုဝဏ္ဏသာမကို မြားမှန်တော့ သူက ပီဠိယက္ခမင်းကြီးကို မေးတာ ဟောသလိုပါတဲ့။ “ငါ့အသားသည် စားကောင်းသည်လည်း မဟုတ်။ ငါ့အရေသည် ၀တ်ရုံခြုံလွှမ်း၍လည်း မရ။ ငါ့၌ အထိုးတန်သော အစွယ်၊ ဦးချိုတို့သည်မရှိ။ သို့စဉ်လျက် အဘယ်ကြောင့် သင်မင်းကြီး ငါ့အား မြားဖြင့် ပစ်ဘိသနည်း။” တဲ့။ “ဟုတ်သားပဲ။ လူတွေကို ကုန်ကူးရောင်းဝယ်တော့ရော ဘာသုံးလို့ရတာ ရှိလို့တုန်း။” လို့ မမှတ်ပါနဲ့။ သိပ်ကိုရှိတာပေါ့။ အဓိက ကတော့ လုပ်အားပါ။ အဲဒီအပေါ်မှာ တန်ဖိုးတွေထပ်ဆင့်လာတာ ကျွမ်းကျင်မှုတွေ၊ ပညာတွေ၊ လူသားတစ်ယောက်က ထွက်ရှိနိုင်သမျှ စွမ်းရည်တွေ အားလုံး အကြုံးဝင်ပါတယ်။
ဟိုးရှေးရှေးပဝေသဏီ ကျေးပိုင်ကျွန်ပိုင်ခေတ်ကတည်းက သူတို့ကိုယ်သူတို့ ယဉ်ကျေးတယ်လို့ ယူဆတဲ့ လက်နက်အင်အား လူအင်အားသာတဲ့သူတွေဟာ အားနည်းတဲ့ မဖွံ့ဖြိုးသေးတဲ့ အရပ်ဒေသက လူတွေကို လူသားစာရင်းထဲ နောက်ပိတ်ဆုံးနားကတောင် မသွင်းပဲ ခိုင်းစေဖို့၊ အလိုရှိရာကို သားစဉ်မြေးဆက် အသုံးချဖို့၊ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခေါ်ငင်ပြီး ရောင်းဝယ်ဖောက်ကားခဲ့ကြပါတယ်။ အများစုကတော့ အမည်းရောင် အသားအရေရှိတဲ့သူတွေက အဓိကပါ။ ဘယ်သူတွေက အဓိကလုပ်ကြသလဲဆိုတာကတော့ ဒီကနေ့ကမ္ဘာမှာ လူမည်းတွေဘယ်နေရာမှာတွေ့ရသလဲ လိုက်ကြည့်လိုက်။ ဒေသခံတိုင်းရင်းသား မဟုတ်သရွေ့တော့ အဲဒီနိုင်ငံကလူတွေ လူကုန်ကူးမှုလုပ်ခဲ့တာ ငြင်းမရတဲ့သက်သေပဲ။ လူဖြူတွေ လူဝါတွေ လူနီတွေရော ကုန်ကူးမခံရဘူးလားဆိုရင် အကူးခံရတာပေါ့။ အင်အားနည်းတဲ့ ချို့တဲ့ဆင်းရဲတဲ့သူတွေကို အုပ်စုဖွဲ့ အနိုင်ကျင့် လက်နက်အားကိုးနဲ့ ဖမ်းဆီးရောင်းချကြတာတွေ သူတို့ရုပ်ရှင်တွေထဲမှာ မကြည့်ချင်အဆုံးပဲ။ အပြင်မှာလည်း အမြဲဖြစ်ပျက်နေတုန်းပဲ။ အဲဒီလူကုန်ကူးတယ်ဆိုတဲ့လုပ်ရပ်ဟာ အင်မတန် လူမဆန်တဲ့လုပ်ရပ်၊ ရက်စက်ယုတ်မာတဲ့ အကုသိုလ်အလုပ်ဆိုတာကို သည်ကနေ့လောက် သဘောပေါက်လာနိုင်ဖို့အတွက် မျိုးဆက်ပေါင်းများစွာ အရင်းတည်ခဲ့ရပါတယ်။ ဒါတောင်မှ မကောင်းဘူး ဆိုတဲ့အသိကလေးပဲ ရလာသေးတာ။ ပပျောက်သွားအောင် ဘယ်သူမှ မတတ်နိုင်သေးဘူး။ နဂိုတုန်းက တရားဥပဒေကခွင့်ပြုထားရာကနေ ဒီကနေ့မှာ ဥပဒေပြင်ပရောက်သွားတာပဲ ရှိတယ်။
ဒီကနေ့မှာတော့ လူကုန်ကူးမှုဆိုတာ ဘယ်နိုင်ငံကမှ တရားဥပဒေနဲ့ တရားဝင်ခွင့်ပြုထားတာ မရှိသော်ငြား တွင်ကျယ်နေသေးတာကိုကြည့်ရင် ဥပဒေပြင်ပက ဒုစရိုက်သမားများနဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်နေသူများ ဘယ်လောက်များနေမှန်း သိသာပါတယ်။ ဒါကြောင့်မို့ သီချင်းဆိုရင်း တိုက်ဖျက်လို့မရသော်ငြား တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ ကူညီနိုင်မယ်ဆိုရင်တော့ ကိုယ့်အတွက် ဘာမှ အပန်းမကြီးသော်ငြား လူတစ်ယောက်ရဲ့ဘ၀ကို ကယ်တင်ရာရောက်တာပေါ့။ အဲဒါ စိတ်ကူးယဉ်ဆန်ချင်လည်း ဆန်ပါလိမ့်မယ်။ ဒါပေမယ့် လူကုန်ကူးခံရတဲ့သူအဖို့တော့ ကောက်ရိုးတစ်မျှင်လည်း အားကိုးစရာပါပဲ။ အကယ်၍များ ခရီးသွားဟန်လွဲ ကြုံခဲ့သည်ရှိသော် ငါ့မှာသွားစရာ ရှိသေးတယ်တို့။ တော်တော်ကြာ သက်သေလိုက်နေရမှဖြင့် တို့ မတွေးပဲထားရအောင်နော်။ ဘယ်ဖုန်းနံပါတ်မှ မမှတ်မိဘူးဆိုရင်တောင် ၁၉၉ တော့ ဆက်လို့ရပါတယ်။ ငါးသက်စေ့လွှတ်တာထက်တော့ ကုသိုလ်ရမှာ အမှန်ပါ။
အဲဒီဥပဒေနှုတ်ခမ်းသားလေးနားမှာ ဟိုဘက်ကူးလိုက် သည်ဘက်ယိမ်းလိုက် ဖြစ်နေတာကတော့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေပါ။ နိုင်ငံခြားမှာ အလုပ်သွားလုပ်မလား။ လခကောင်းတယ်လေ။ နှစ်လ သုံးလလောက်ဆို ပွဲခကျေရော။ တစ်နှစ် နှစ်နှစ်လောက်လုပ်လိုက်ရင် ကားစီးနိုင်တယ်။ စတဲ့ တိုက်နဲ့ထားမယ် အကြိုက်နဲ့မျှားတယ် လူပွဲစားများဟာ သူတို့ပေးထားတဲ့ မစားရ၀ခမန်း ကတိတွေကို အရူးကွက်နင်းပြီး ဘီလူးခေါင်းကွာကျတာနဲ့ လူကုန်ကူးမှုစစ်စစ်ကြီး ဖြစ်သွားပါတော့တယ်။ ငယ်ငယ်တုန်းက ကလေးတွေကို ခြောက်လှန့်သလိုမျိုး “နင့်ကို ကုလားအဖိုးကြီးက ဖမ်းပြီးရောင်းစားလိမ့်မယ်။” ဆိုတာမျိုး သိသိသာသာ မဟုတ်ပေမယ့် အဲဒီသဘောနဲ့ ဘာမှ မထူးပါဘူး။ သူတို့ဆီရောက်တာနဲ့ စာအုပ်ယူပြီးသိမ်းထားမယ်။ အပြင်မထွက်နဲ့။ နင့်ကို ရဲဖမ်းလိမ့်မယ်။ လခ ပေးချင်မှပေးမယ်။ ပေးချင်သလောက်ပေးမယ်။ ခိုင်းချင်တဲ့အလုပ်ကို ခိုင်းချင်သလိုခိုင်းမယ်။ စသည်ဖြင့် ဥပဒေကိုလက်တစ်လုံးပဲ ခြားခြားပြီး လူငယ်တွေကိုရောင်းစားနေတာလည်း လူကုန်ကူးမှုလို့ပဲ ပြောရပါမယ်။ မိန်းကလေးတွေကို ပြည့်တန်ဆာအိမ်ပို့တာကမှ လူကုန်ကူးတာ မဟုတ်ဘူးလေ။ ယောင်္ကျားလေးတွေကိုလည်း ငွေကြေးနဲ့ တုပ်ကာနှောင်ကာ လုပ်အားခေါင်းပုံဖြတ် မတရားအနိုင်ကျင့်တာတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် စလုံးပုံပြင် မလေးပုံပြင်တွေ တစ်ထောင့်တစ်ညမကပဲ။
ကိုယ်တွေ့ကြုံဖူးတာတစ်ခု ပြောပြပါမယ်။ မြန်မာပြည်ကအထွက်ကတော့ အလုပ်ကသေချာလိုက်တာ။ ဟိုရောက်တာနဲ့ အထုပ်ချပြီး အလုပ်ဝင်ရမယ့် ပုံစံမျိုး။ လေယာဉ်ပျံပေါ်ကဆင်းလို့ စာအုပ်ထဲ တုံးထုလိုက်ရင် သူတို့တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက မကောင်းတော့ဘူး။ ရှိပြီးသားအလုပ်သမားတွေတောင် လျှော့ချနေတာ။ အသစ်ခန့်ဖို့ ဝေးသွားပြီ။ သတင်းစာထိုင်ဖတ်ပြီး ရှာပေဦးတော့။ ဗီဇာသက်တမ်းကုန်ကာနီးလေ။ လူကသွေးပျက်လာလေ။ ထမင်းလေး နပ်မှန်ရင်တော်ပြီ။ နေထိုင်ခွင့်ပါမစ်လေးသာ လျှောက်ပေးပါ။ ကျွန်ခံပါရစေ။ ကျွန်ခံပါရစေ။ ဖြစ်လာတယ်။ ကျွန်ဆိုတာ ဒီလိုလွယ်လွယ်နဲ့ ခံလို့ရရင် စင်္ကာပူ ဘယ်ခေါ်ပါ့မလဲ။ သွားရှာချေဦး။ ကျွန်ခံခ။ သုံးလေးထောင်ထက် မနည်းစေနဲ့။ အိမ်တိုင်ချွတ်ရောင်းရ ရောင်းရ။ အလုပ်ရတော့ ပြန်ဆပ်မယ်လို့ ပြောလိုက်။ အဲသလို အထုပ်အထည်တွေဖျက်ပြီး ကျွန်ခံခပေးလိုက်လို့ ငါတော့ ကျွန်ဖြစ်ပဟဲ့ လို့ လက်ခမောင်းခတ်ဖို့ မစဉ်းစားလိုက်နဲ့ဦး။ မင့်ကိုခန့်တာ ကျွန်အစစ်မှ မဟုတ်သေးတာ။ အစမ်းခန့်။ အောက်သွားဘယ်နှစ်ချောင်းရှိသလဲ ရိုက်ခိုင်းကြည့်ရဦးမှာ။ အဲဒီရက်တွေမှာတော့ ၀ါဝါ၀င်းရွှေကား ရိုက်ဖို့သာပြင်ထား။ ဒူးနဲ့မျက်ရည်သုတ်။ လက်က ယားလို့တောင် မကုပ်အားဘူး။ ပုဏ္ဏားကလည်း စိတ်ညစ်ပြီး မထွက်ထွက်အောင် ကြမ်းပြလိမ့်မယ်။ ဂဏှာတို့ ဇာလီတို့ကလည်း ၀င်ထားတဲ့ပိုက်ဆံ၊ ပျက်လာတဲ့ဖောင်ကြောင့် အောင့်အည်းသည်းခံ ကွယ်ရာတောက်ခေါက်ပြီး အလုပ်ဆင်းရမယ်။ နိုင်ဖဲက သူတို့လက်ထဲမှာ။ ဗီဇာကုန်ကာနီးလေးကျမှ ကပ်ပြီး ညည်းနဲ့ကျုပ်နဲ့ဖြစ်သေးပါဘူးဆို ကပ်ဖြုတ်ပစ်တာ။ အေးဂျင့်ဖိုးက ပြန်အမ်းရိုးထုံးစံမရှိဘူး။ နောက်တစ်နေရာ ပို့ပေးမယ်။ လောလောဆယ် တိုင်ပတ်မလား အိုမလား ကြိုက်ရာရွေး။ သတ္တိရှိရင် တိုင်ကြည့်လေ။ နင်နောက် တို့ဆီ ၀င်လို့မရတော့ဘူး။ အနက်စာရင်းတို့လိုက်မှာ။ သူ့ကျွန်အဖြစ် နွံနစ်ရတာ စလုံးကတစ်ယောက်တည်း မမှတ်ပါနဲ့။ ဒီဘက်မှာကျန်ခဲ့တဲ့ မိသားစုခမျာလည်း ခေါင်းဆင်နင်းတာပဲ။ မျက်ကလဲဆန်ပြာ ငွေရှာပြီး မပို့နိုင်ရင် သူများရပ်ရွာမှာ ကိုယ့်သားသမီး ဒုက္ခရောက်နေမှာပေါ့။ ဗီဇက်အိုနဲ့ ငိုကြယိုကြတဲ့ ဇာတ်လမ်းတွေ အင်တာနက်ဆိုင်တိုင်းမှာ ရှိတယ်။ ကိုယ့်အိမ်မှာ မလုပ်ဖူးတဲ့အလုပ်တွေလုပ်ပြီး လေးငါးခြောက်လ ကျွန်ခံဖို့အတွက် မိဘဘိုးဘွားစုဆောင်းထားသမျှ အိုစာမင်းစာ၊ ချေးကာငှားကာ ကြွေးလည်ပင်းခိုက်စေပြီး လူငယ်ဘ၀ တက်ကြွတဲ့စိတ်ဓါတ် နဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်တဲ့ ဟိုဘက်ကအေးဂျင့် ဒီဘက်ကအေးဂျင့်တွေကို လူကုန်သည် လို့ ခေါ်ရမှာတောင် ခပ်ခက်ခက်ရယ်။ ဒီပြဿနာရဲ့အဖြေကတော့ သူတို့နိုင်ငံသားတွေဘက်က အရမ်းကာရော အသာစီးယူထားတဲ့ ဟိုဘက်အစိုးရရယ်၊ ဘာမှမဆိုင်သလို မျက်နှာလွှဲခဲပစ်လုပ်နေတဲ့ ကိုယ့်ဘက်ကအစိုးရရယ် အပေါ် မူတည်ပါတယ်။ ပိန္နဲပင် ဆွဲထည့်တယ်တော့ ဘယ်ဟုတ်မလဲ။ ဒါ ကိုယ့်လူမျိုးတွေ လူကုန်ကူးခံရတာလေ။ နည်းနည်းလေးမှ မသနားဘူးလား။ (သူတို့က ဒါတွေ ဘယ်သိပါ့မလဲ။ စင်္ကာပူဆိုတာ စကော့ဈေးလောက်ပဲ မှတ်နေတာ)
ခုခေတ်ကျွန်ခံရတဲ့အဖြစ်ဟာ စပါတာကပ်စ်ရုပ်ရှင်ထဲကလို၊ သမိုင်းဖတ်စာအုပ်ထဲက ကျွန်မကလေးဟာရှီလို ကျောက်တုံးကြီးတွေကိုဆွဲ၊ ကြာပွတ်ကြီးတွေနဲ့ရိုက်၊ မဟုတ်တော့ဘူး။ သင့်တင့်လျှောက်ပတ်တဲ့ လုပ်ငန်းခွင် အခြေအနေ၊ ဖူလုံလောက်ငှတဲ့ လုပ်အားခ၊ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေး စတာတွေ လူစဉ်မမီ၊ စံနှုန်းမကိုက်ဘူးဆိုရင်လည်း မတရားသဖြင့် ကျွန်ပြုခိုင်းစေနေတယ် လို့ မြင်မိပါတယ်။ အဲသလိုတွက်လိုက်ရင် ကိုယ့်ပြည်တွင်းမှာတောင် ကျွန်တွေ မနည်းဘူး။ သခင်မျိုးဟေ့ တို့မပါ လို့ ပြောင်းအော်ရမယ်။ ငယ်ငယ်က အိမ်နီးချင်းဖြစ်ဖူးတဲ့ ဘွားတော်ကြီးတစ်ယောက်ဟာ အိမ်ဖော်ခေါ်ရင် တောက ဆယ်နှစ်မပြည့်သေးတဲ့ကလေးတွေပဲ ရွေးရွေးခေါ်ပါတယ်။ ကုလားထိုင်ပေါ်က ခြေထောက်နှစ်ချောင်းချလိုက်ရင် ဘိနပ်လာစီးပေးရတယ်။ ညဘက်တီဗီထိုင်ကြည့်နေရင် သူ့ဘေးနားမှာ မတ်တပ်ရပ်ပြီး ယပ်ခတ်ပေးရတယ်။ ထိုင်ရာမထ ပါးစပ်ကတပြီးတဖွဖွ ခိုင်းတတ်သလို စိတ်တိုင်းမကျရင် ဗြောတီးတာလည်း မကြာခဏပါ။ ဘယ်အိမ်ဖော်မှ မခံနိုင်လို့ ထွက်ပြေးသော်လည်း ဘယ်တုန်းကမှ သူ့ဆီမှာ အိမ်ဖော်မပြတ်တာလည်း အံ့စရာပါ။ အဲဒီအချိန်တုန်းက ကိုယ်က ကလေးပဲရှိသေးပေမယ့် လူလူချင်း အဲလောက် အကြောကြီးနဲ့နေတာ အားကြီး အမြင်ကပ်တာပါပဲ။ ဒါပေမယ့် လူကြီးဖြစ်လာတဲ့အခါမှာ သူ့လိုလူတွေ အများကြီးတွေ့ဖူးသွားလို့ မထူးဆန်းတော့ပါဘူး။ ဗွက်အိုင်ထဲဆင်းလာနီး သုမေဓာလို တံတားခင်းမတတ် ဖ၀ါးပြေးမ ရတဲ့ ဓါတ်ပုံတောင် မြင်ဖူးသေး။ ဘိနပ်စီးပေးတာကတော့ ရိုးဟိုးဟိုးနေပြီ။ ဆက်ပြောရင် လူကုန်ကူးတာကနေ ကိုယ့်ကျွန်မခံပြီ ဇာတ်ကားရိုက်ရတော့မယ်။
လူကုန်ကူးခံရတဲ့သူတွေကို အားပေးနှစ်သိမ့်ပြီး အိမ်မက်ကလေး ပေးထားတဲ့စကားလုံးကလေး နှစ်လုံးကိုလည်း အဲဒီညက ကြားလိုက်ရပါတယ်။ သူတို့အဖွဲ့အစည်းကိုတောင် အဲဒီနံမယ်ကလေး ပေးထားသေး။ “Walk Free” တဲ့။ သွားလိုရာလာလိုရာ လွတ်လွတ်လပ်လပ် သွားနိုင်လာနိုင်ပါစေသတည်း ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဟုတ်တယ်လေ။ သူတို့ဘ၀က ငှက်ကလေးများအတောင်ညှပ်ထားသလို သန္တိပါဒါ အ၀ဉ္စနာ ဘ၀။ လွတ်လပ်ခြင်းရဲ့အရသာဆိုတာ ဘာမှန်းမသိတဲ့အဖြစ်။ အဲသလိုဆိုပြန်တော့ ကိုယ်တွေတောင် မလွတ်ချင်ဘူးဗျ။ ဖြူဖြူကတောင်ပြောသေး။ ဖြူဖြူကိုယ်တိုင်လည်း အချိန်မရွေး ကုန်ကူးခံရနိုင်တယ် တဲ့။ သူမသိလို့ပါ။ စောစောကပြောတဲ့ သင်သွားလိုရာသွားနိုင်ပြီဆိုတဲ့ဘ၀မျိုး သူ့မှာမှ မရှိပဲ။ သူကဆေးကျောင်း လာတက်မိတာကိုး။ နိုင်ငံခြားထွက်ချင်ရင် ပညာရေးကင်းရှင်းကြောင်းဆိုတဲ့ဟာကြီးနဲ့ တန်းငြိတော့တာ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်တက်ပြီး လျော်ရတယ်ဗျ။
ကျုပ်တို့ နိုင်ငံ့ဝန်ထမ်းများအတွက်တော့ ဘာပြောကောင်းမတုန်း။ လုပ်ငန်းခွင်နဲ့ အလှမ်းဝေးဝေးသွားချင် ဌာနချုပ်မှထွက်ခွာခွင့်ဆိုတာ တင်ရတယ်။ ကိုယ့်ဌာနအကြီးအကဲဆီ ခွင့်တင်ရုံနဲ့မလုံလောက်ဘူး။ ဒေသဆိုင်ရာ အာဏာပိုင်ဆီမှာ လူကိုယ်တိုင် ခွင့်တောင်းရတယ်။ လောက်ကိုင်တုန်းက လက်ထောက်ဆရာဝန်လေးတစ်ယောက် ကားပေါ်ရောက်မှ ပြန်ဆွဲချခံရဖူးတယ်။ ခွင့်ပြုချက်မရလို့တဲ့။ ပြည်ပထွက်ခွာခွင့်ဆိုတာမျိုးကျတော့ ၀န်ကြီးဌာနထိအဆင့်ဆင့် တင်ရတယ်။ ဒီဆို ဟိုကိုရောက်ဖို့လည်း မစဉ်းစားနဲ့။ ရှူရှူးဖလားဝါးဖို့ခွင့်ပြုထားရင် ဘွတ်ဘွတ်ကလေးပါ တခါတည်း အဆစ်မတောင်းနဲ့။ လေဆိပ်မှာ နှစ်ပြားမတန်အောင် အပြောအဆိုခံရပြီး လေယာဉ်ပေါ်ပေးမတက်ဘူး။ ဒါတောင် ကိုယ်က စာအုပ်အစိမ်းကြီး။ အနက်စာရင်း တို့ထားတဲ့အထဲလည်း ပါတာ မဟုတ်ဘူး။ အနက်စာရင်းဝင် ဆရာဝန်များဘ၀ကတော့ ဘာပြောကောင်းမလဲ။ ရဲစခန်းရောက်တဲ့ ခါးပိုက်နှိုက်များပမာ မျက်နှာအောက်ချ ဆိုသမျှ ပြောသမျှ ခံရတယ်။ ဦးနှောက်ယိုစီးမှုမရှိအောင် နိုင်ငံတော်က ကာကွယ်ထားတဲ့စေတနာ ဆိုပေမယ့် တကယ်တမ်း ယိုစီးမယ့်ဦးနှောက်များကျတော့ “အိုကေ နဲ့ဆို အိုကေတယ်။ ဟိုဟင်းတွေ မလိုဘူး။” ဆိုတဲ့ မိုးဒီကြီးကြော်ငြာအတိုင်းပဲ။ “Walk free” ဆိုတိုင်း အလကားလျှောက်ချင်လို့တော့ ဘယ်ရမလဲနော့။ လမ်းကြောင်းအတိုင်း မသွားပဲ သူများအပြစ်ပြောဖို့ပဲ တတ်တယ်။ အဲဒီမောင်စံဖားဟာလေ။
လူကုန်ကူးမှုကို တကယ်တမ်းတိုက်ဖျက်ချင်ရင်တော့ ပြည်သူလူထုကလည်း လက်တွဲကူပါ့မယ်။ အဓိကဇာတ်လိုက်ကြီးကတော့ ဥပဒေဘက်တော်သားများပါပဲ။ တရားဥပဒေစိုးမိုးရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရင် ဥပဒေပြင်ပမှာရှိနေတဲ့ အဲဒီဒုစရိုက်လုပ်ငန်းကြီးက အလိုလို မှေးမှိန်သွားပါလိမ့်မယ်။ အဖြေ လူတိုင်းသိသော်ငြား ခုထက်ထိ ဘယ်သူမှ မတွက်တတ်တဲ့ ပုစ္ဆာပါ။ ဆရာဝန်တွေအကြောင်းကို ဆရာဝန်တွေ အသိဆုံးဖြစ်သလို ရဲကိုကိုတို့အကြောင်းကိုလည်း လင်းဇာနည်ဇော်တို့က အသိခဲ့ဆုံး ဖြစ်မှာပါ။ လူကုန်သည်တွေ ရဲမင်းပိုင်ဖြစ်ကုန်ရင် ကယ်မယ့်သူဘယ်ရှိတော့မလဲ။ တလောတုန်းက ဖေ့စ်ဘုတ်ပေါ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စာမျက်နှာတက်လာတော့ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်မိသေး။ တကယ်လို့များ ဒီစာကိုဖတ်နေတဲ့အထဲမှာ ရဲသားကြီးက ကိုလှရွှေတို့ ပါတယ်ဆိုရင် မောင်စံဖားကလေးက လက်ခုပ်တီးပြီး ကြိုဆိုပါတယ်ဗျာ။ ဂျေဆင်မရသီချင်းနဲ့ပဲ နှုတ်ဆက်ပါ့မယ်။ “I’m Yours” ပါ။ အတူတူ တိုက်ဖျက်ကြတာပေါ့။

No comments:
Post a Comment