Sunday, July 14, 2013

နှစ်ပေါင်း ၅ဝ နီးပါးကြာ သက်တမ်းရှိ ကြက်ခြေထောက်များ ရောင်းချမှုနှင့် စပ်လျဉ်း၍ တရုတ်ပြည်သူများ စိုးရိမ် ပူပန်လျက်ရှိ



နန်နင်း ဇူလိုင် ၁၃

တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၅ဝ နီးပါးကြာ ရေခဲသေတ္တာ အတွင်း သိမ်းဆည်း ထားသည့် ကြက်ခြေထောက်များ အပါအဝင် သက်တမ်း ကြာမြင့်နေပြီ ဖြစ်သော စားသောက်ကုန်များ ထုတ်လုပ် ရောင်းချမှုနှင့် ပတ်သက်၍ ၄င်းနိုင်ငံရှိ ပြည်သူများက စိုးရိမ် ပူပန်လျက် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှ ရဲတပ်ဖွဲ့ဝင် များသည် အသားငါးသို လှောင်ရုံ အအေးခန်း တစ်ခုအတွင်းမှ သက်တမ်း လွန်နေပြီ ဖြစ်သော ကြက်ခြေထောက် တန် ၂ဝ ကျော်ကို သိမ်းဆည်း ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူများ၏ စိုးရိမ် ပူပန်မှုများ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် ကြက်ခြေထောက်သည် လူကြိုက်များသော စားကောင်း သောက်ဖွယ် တစ်မျိုးဖြစ်ပြီး ၄င်းတို့ကို အမြည်းအဖြစ် ဘီယာနှင့် တွဲဖက်၍ မကြာခဏ စားသုံးလေ့ ရှိသည်။

နိုင်ငံအတွင်းရှိ စားသောက်ကုန် ထုတ်လုပ်သူ များသည် ကြက်ခြေထောက် အများစုကို ပြည်ပ နိုင်ငံများမှ တရားမဝင် တင်သွင်းခဲ့ပြီး ကွမ်ရှီကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နယ်စပ်မြို့ များမှ တစ်ဆင့် အခြားမြို့များသို့ ဖြန့်ဖြူးခဲ့ကြောင်း ပြည်သူ့ လုံခြုံရေး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး လီဂျန်းမင်က ပြောကြားခဲ့သည်။

ထို့ကြောင့် အဆိုပါ အမှုတွင် ပါဝင်သူ များအား ရှာဖွေ ဖော်ထုတ်၍ ပြင်းပြင်းထန်ထန် အပြစ် ပေးသွားမည် ဖြစ်ကြောင်း လီက ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments: