ကမ္ဘာကြော်မှ တကယ့်ကို ကမ္ဘာကြော်။ ကမ္ဘာလုံးကြီးကိုတောင် ထည့်ပြီး
ဆီနဲ့ ကြော်လို့ ရတဲ့ ဒယ်အိုးကြီးများလို့ ရေးချင်တာပါ။ အကြီးကြီးမှ တကယ့်ကို
အကြီးကြီး။ အကြီးကြီး ကြံ၊ အကြီးကြီး ပြော၊ အကြီးကြီး လုပ်တတ်တဲ့
ဒယ်အိုးကြီးတွေအကြောင်းပါ။
၈၈၈၈ အရေးတော်ပုံကြီး ၂၅ နှစ်ပြည့်ပွဲက နီးလာပြီဆိုတော့ ၈၈ ဆရာများရဲ့ 
အရေးအသား အပြောအဆိုများကို ခပ်စိပ်လေး ဖတ်ရ၊ ကြားရပါတယ်ခင်ဗျာ။
အခု ခပ်စိပ်လေး ဖတ်ရ၊ ကြားရတယ်ဆိုတော့ အရင်ကရောလို့ မေးစရာရှိပါတယ်။
အရင်ကလည်း ခပ်စိပ်စိပ်ပါဘဲ။ ခုလောက်ကြီး မစိပ်တာဘဲရှိပါတယ်။
ကဗျာတွေရေး၊ ၀တ္ထုတွေရေး၊ သီချင်းတွေစပ်၊ ပန်းချီတွေဆွဲ၊ အင်တာဗျူးတွေလုပ်၊
စာပေဟောပြောပွဲတွေဟော၊ နိုင်ငံရေးအဘိဓမ္မာတွေပို့ ချ၊ သံချပ်တွေထိုး၊
ပါဖောန်မန့် တွေလုပ် အမယ်လေး.. ရေးရတာတောင် မောလာတယ်။
ဒါတောင် ချက်ချင်း ခေါင်းထဲပေါ်လာတာတွေ ချရေးလိုက်တာ ကျန်ခဲ့တာများရှိရင်
ခွင့်လွှတ်စေချင်ပါတယ်။ အဲ.. မေ့လို့ မေ့လို့ ၊ အင်မတန် အရေးကြီးတဲ့ကိစ္စတစ်ခု
ကျန်ခဲ့တော့မလို့  ပြည်တွင်းပြည်ပခရီးတွေထွက်.. ဒါဆို အတော်ပြည့်စုံသွားပါပြီ။
၈၈ ဆရာတွေရဲ့  လတ်တလော လုပ်ငန်းစဉ်နဲ့ လုပ်ခဲ့သမျှပါ။ အမျိုးသားပြန်လည်
ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားချင်းပြန်တည့်ရေး၊
အမျိုးသားချင်းပြေလည်ရေး စတဲ့ ခေါင်းစဉ်တွေအောက်မှာ အလုပ်တွေအစုံ
လုပ်နေလိုက်ကြတာ၊ အားရစရာကြီးခင်ဗျ။
မောင်မှန်က မင်းသားကြီးဝင်းဦးကို အတော် သဘောကျ နှစ်ခြိုက်ခဲ့တာ။
မင်းသားကြီးဝင်းဦးဟာ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ တေးရေး၊ ဒါရိုက်တာ၊
စာရေးဆရာ စတဲ့ နှလုံးရည် အနုပညာလုပ်ငန်းတွေကို အကုန်လုပ်၊ အကုန်
အောင်မြင်ခဲ့ပါတယ်။ လက်ရုံးရည် အကြမ်းပညာဘက်ကိုရော ကြည့်ဦးမလား။
စစ်ဗိုလ်လုပ်ဖူးတယ်၊ ဂျူဒိုကစားတယ်၊ အလေးမတယ် ကဲ.. ဘာပြောစရာ
ရှိသေးသလဲဗျာ။ အခုတော့ မောင်မှန် မင်းသားကြီးဝင်းဦးထက် ပိုပြီး နှစ်ခြိုက်
အားကျရမယ့်သူတွေ တွေ့ နေပါပြီ။ မင်းသားကြီးက ဘယ်လောက်ဘဲ စုံတယ်
ပြောပြော နိုင်ငံရေးသမားတော့ မလုပ်ဖူးပါဘူး။ ဒီမှာတင် အားကျစရာက
တစ်ခုပိုသွားပါပြီ။ ဓာတ်ရှင်မင်းသား မဖြစ်သေးတာကိုတော့ လာမပြောနဲ့ လေ။
မောင်မှန်ဆရာတွေ လက်မခံသေးလို့ သာ။ ကမ်းလှမ်းတာတွေ ရှိနေပြီ။
အခုလက်ခံ အခုဓာတ်ရှင်မင်းသားဖြစ်ပြီ။ ရုပ်ရည်ရူပကာ ကိစ္စကတော့
ဘ၀အကျိုးပေးဘဲလေ။ ဒါပေမယ့် ဒီဘက်ခေတ်မှာ မိတ်ကပ်တွေကောင်းပါတယ်။
မျက်ပေါက်ကျဉ်း၊ နှာခေါင်းလန်၊ နှုတ်ခမ်းတိုတွေတောင် မင်းသားလုပ်စားနေတဲ့
ခေတ်ကြီးဗျာ။ အသားမည်းတော့ရော ဘာဖြစ်သေးတုန်း၊ ကင်မရာတောင်
စားသေးတယ်။ အခုမရိုက်သေးတာက တိုင်းကျိုးပြည်ပြုလုပ်ငန်တွေ
ဆောင်ရွက်နေရတော့ ကမ်းလှမ်းတဲ့ကုမ္ပဏီကို ရိုက်ရက် မပေးနိုင်မှာစိုးလို့ ပါ။
အော်ပရာလောက်၊ ပြဇာတ်လောက်တော့ လုပ်ကြည့်မလားလို့ စဉ်းစားနေပါပြီ။
မင်းသားကြီးဝင်းဦး မပြောခဲ့ဖူးတဲ့ ကမ္ဘာကြော်မယ့်ဒယ်အိုး စကားအကြီးကြီး
တွေလည်း ကိုယ့်ဆရာတွေက မခါမလပ် ပြောတတ်သေးခင်ဗျ။ တိုက်စရာရှိရင်
ငါတို့ ဘဲတိုက်မယ်တဲ့။ ကျန်သူတွေ ဖယ်နေကြတဲ့။ ဘယ်လောက်တောင် စွန့် လွှတ်
အနာခံလိုက်တဲ့ စကားလဲဗျာ။ မောင်မှန် အားမကျ ခံနိုင်ရိုးလား။ ဒါပေမယ့်..
ဆရာသမားတွေရဲ့ သင်္ကေတ အရုပ်တွေကတော့ ခွပ်ဒေါင်းမှ ကဒေါင်း၊
ကဒေါင်းမှ ချိုး အမျိုးမျိုး ပြောင်းလဲခဲ့ပါပြီ။ ဒါကလည်း တိုက်စရာမရှိတော့လို့ 
ဖြစ်မှာပေါ့။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ အထမြောက်သွားလို့ ဖြစ်မှာပေါ့။
ခွပ်ဒေါင်းဘ၀နဲ့ တိုက်ခဲ့ကြ၊ အောင်ပွဲရတော့ ကလိုက်ကြ။ ပြီးတော့ ကြည်စေ၊
အေးစေ၊ ငြိမ်းချမ်းစေ၊ ငြိမ်းချမ်းရေးရကြလို့ ချိုးငှက်ဘ၀ ရောက်ခဲ့ရပြီဆိုတဲ့
သဘောပေါ့။ “ငါ၏ဘ၀တွင် တိုက်ပွဲများဖြင့် ပြည့်လျှမ်းနေပါစေ” မဟုတ်တော့ဘူး၊
“ငါ၏ဘ၀တွင် အောင်ပွဲများဖြင့် ပြည့်လျှမ်းခဲ့လေပြီ” ဖြစ်သွားပြီ။ ဂစ်တာလည်း
ရောင်းပြီးပြီ။ ဒီတစ်ခါ မယ်ဒလင်ရောင်းဦးမလား မသိဘူး။ မောင်မှန် မ၀ယ်နိုင်မှာ
သေချာပါတယ်။
နောက်ဆရာတစ်ယောက် ပြောတာကျ အဘိဓမ္မာ ပိုဆန်တယ်ခင်ဗျ။
မောင်မှန် ပိုပြီးကြွေတယ်။ “၁၉၈၈ တုန်းက လူမိုက်တွေလိုတယ်။ ၂၀၁၃ ကျတော့
လူလိမ္မာတွေ လိုတယ်” တဲ့။ ကဗျာဆရာကြီး မောင်သင်းခိုင်ပြောသလို လွှတ်လှ၊
လွှတ်လှလို့ ဘဲ ပြောလိုက်ချင်ပါရဲ့ ခင်ဗျာ။ နယ်ချဲ့ ခေတ်တုန်းက ထင်ရှားခဲ့တဲ့
လူမိုက်အလိုရှိသည် ဆိုတဲ့ စကားကိုလည်း ပြန်အမှတ်ရမိပါတယ်။
၈၈ မှာ လူမိုက်လိုတယ်ဆိုတာလည်း အမှန်ဘဲလေ။ ၂၀၁၃ မှာ လူလိမ္မာလိုတယ်
ဆိုတာကျ ဘယ်လိုများပါလိမ့်။ မောင်မှန်ဖတ်ဖူးတဲ့ ဆရာမောင်သာရရဲ့ 
ကဗျာတိုလေးတစ်ပုဒ်ကို သွားတွေးမိတယ်။ စကားလုံး အတိအကျတော့
မမှတ်မိတော့ဘူး။ ဒါပေမယ့် အဓိပ္ပာယ်ကတော့ ခုရေးပြမယ့်အတိုင်း မလွဲပါဘူး။
“ခွေးကလေးကို လက်ပေးသင်၊ တတ်သွားလျှင် ခွေးလိမ္မာတဲ့၊ ငှက်ကလေးကို
စကားသင်၊ စကားတတ်လျှင် ငှက်လိမ္မာတဲ့၊ လူကလေးကို ခေါင်းညိတ်သင်၊
ခေါင်းညိတ်တတ်လျှင် လူလိမ္မာတဲ့” ဆရာမောင်သာရရဲ့ ကဗျာပါ။ ၂၀၁၃ မှာ
လိုနေတာ အဲလို လူလိမ္မာမျိုးလား မသိဘူး။ ဆရာတွေက မောင်မှန်တို့ ကို
ခေါင်းညိတ်အောင် သင်ကြားပေးနေတာများလား မသိဘူး။ ခေါင်းညိတ်တတ်တာနဲ့ 
လူလိမ္မာတဲ့။ ခေါင်းလေးတညိတ်ညိတ်နဲ့  တိုင်းပြည်တည်ဆောက်ရေးမှာ
လူလိမ္မာဆန်ဆန် ပူးပေါင်းပါဝင်ရဦးမှာပေါ့လေ။ ခေါင်းညိတ်ခေါင်းခါ မတတ်ပါ
လုပ်လို့ ရတဲ့ခေတ် မဟုတ်တော့ဘူး။ ခေါင်းညိတ်ပါသည် ဒီမိုကရေစီခေတ်
ရောက်ခဲ့ပါပြီ။
နောက်ဆုံး ဆရာတစ်ယောက်ရဲ့ ဒယ်အိုးစကားလေးနဲ့ ဘဲ ပိတ်လိုက်ပါရစေ။
“၈၈ ကို လမ်းပေါ်ကနေ စင်ပေါ်ရောက်အောင် လုပ်ခဲ့ပြီ။” တဲ့။ ၈၈ ရဲ့ စစ်မှန်တဲ့
လူထုဆန္ဒတွေ၊ လူထုအသံတွေ၊ လူထုသွေးတွေ၊ လူထုချွေးတွေ၊ လူထုဝိညာဉ်တွေ
ဟာ ဒီနေ့ အထိ ကမ္ဘာအနှံ့  လွင့်ပျံ့ နေတုန်းပါ။ လူထုဘ၀ဟာ ပြည့်စုံခဲ့ပါပြီလား။
မောင်မှန်ကတော့ မပြည့်စုံသေးပါဘူး။ ကိုယ့်ဆရာတွေ စင်ပေါ်တင်လိုက်တဲ့
စင်တင်ပြဇာတ်မှာ ဝေလေလေဘဲဖြစ်ဖြစ် တစ်ခန်းလောက် ပါဝင်ခွင့်ရမှသာ
ပြီးပြည့်စုံသွားမှာပါ။ ကမ္ဘာကြော်မယ့် ဒယ်အိုးတွေ ကျန်းမာချမ်းသာကြပါစေ..။
မောင်မှန်
(TRUE NEWS ဂျာနယ် အတွဲ ၅၊ အမှတ် ၄၁ တွင် ဖော်ပြပါရှိသော
မောင်မှန် ၏ “ကမ္ဘာကြော်မယ့် ဒယ်အိုးကြီးများ” မှ ကောက်နုတ်ပါသည်။
ပုံမှာ အဆိုပါဆောင်းပါး၏ သရုပ်ဖော်ပုံဖြစ်ပါသည်)

ဖြစ်မှာပေါ့။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ

No comments:
Post a Comment