Monday, July 29, 2013

၁၉၅၄ခုနှစ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေအကြောင်း တစေ့တစောင်း


၁၉၅၄ခုနှစ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေအကြောင်း တစေ့တစောင်း
ခုတလော ကျွန်တော့အား ဥပဒေပညာရှင် ရှေ့နေတစ်ယောက်အနေဖြင့် သတင်းဂျာနယ်များမှ “မျိုးစောင့်ဥပဒေ”ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မကြာခဏ ထင်မြင်ချက်များ တောင်းခံနေသဖြင့် ဤဆောင်းပါးအား ရေးသားရန် အကြောင်းပေါ်ပေါက်လာရပါသည်။
ဥပဒေတစ်ခုကို ရေးဆွဲပြဋ္ဌာန်းတော့မည်ဆိုလျှင် ဥပဒေပြုသူတို့ လိုက်နာရမည့် စံနှုန်းများ ရှိပါသည်။ ရေးဆွဲရမည့် ဥပဒေ အမျိုးအစားကိုလိုက်၍ စံနှုန်းသတ်မှတ်ချက် ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ သို့သော်လည်း ပြည်သူအများ၏ အခွင့်အရေး၊ ရပိုင်ခွင့် စသည်တို့နှင့် သက်ဆိုင်သည့် ဥပဒေမျိုး ရေးဆွဲပြဌာန်းမည်ဆိုလျှင် အခြေခံစံနှုန်း သုံးခုနှင့် ညီညွတ်ရန် လိုအပ်သည်ဟု ကျွန်တော့်အနေဖြင့် ဆွေးနွေးတင်ပြလိုပါသည်။
၎င်းစံနှုန်းသုံးခုမှာ (၁) မိမိတို့ ရေးဆွဲလိုသည့် ဥပဒေသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများနှင့် ကွဲလွဲဆန့်ကျင်မှု မရှိစေရန်နှင့် အညီအညွတ်ဖြစ်စေရန် သတိထား စိစစ်ရပါသည်။
(၂) တည်ဆဲဖွံစည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားတို့၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် ဆန့်ကျင်မှု မရှိစေရန်နှင့် အညီအညွတ်ဖြစ်စေရန် သတိထား စိစစ်ရန် လိုပါသည်။
(၃) ပြဋ္ဌာန်းထားပြီးဖြစ်သော တည်ဆဲဥပဒေများနှင့် မဆန့်ကျင်စေဘဲ အညီအညွတ်ဖြစ်စေရန် သတိပြုရပါမည်။
(၁) လူ့အခွင့်အရေး ကြေညာစာတမ်းဆိုင်ရာ စံနှုန်း
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ်(၁၆)တွင် အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော် လည်းကောင်း၊ ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း အကြောင်းပြ၍ ချုပ်ချယ်ကန့်သတ်ခြင်း မရှိဘဲ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။
တစ်ဖန် အပိုဒ်(၁၈)တွင် လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်၊ လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို လွတ်လပ်စွာ ပြောင်းလဲခွင့် ပါဝင်သည်ဟု ပြဋ္ဌာန်းထားပါသည်။
(၂) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာစံနှုန်း
ဥပဒေတစ်ခုကို ရေးဆွဲပြဋ္ဌာန်းတော့မည်ဆိုပါက မိမိနိုင်ငံ၌ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်စေဘဲ အညီအညွတ်ဖြစ်ရန် အထူးလိုအပ်ပါသည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄တွင် xxxx နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်တည်ဆောက်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်ဟု ပြဋ္ဌာန်းထားပါသည်။
တစ်ဖန် ပုဒ်မ ၃၅၄(ဃ)တွင် နိုင်ငံသားတိုင်းသည် xxxxx စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။
သို့ဖြစ်ရာ လူအများ ပြောဆို ဆွေးနွေးနေကြသည့် မျိုးစောင့် ဥပဒေသည် အထက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပိုဒ်-၃၄၊ ၃၅၄(ဃ) တို့နှင့် အညီအညွတ်ဖြစ်မဖြစ် စာရှုသူများ ကိုယ်တိုင် သုံးသပ်ကြည့်ကြစေလိုပါသည်။
(၃) တည်ဆဲဥပဒေဆိုင်ရာ စံနှုန်း
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ အမျိုးသမီးများအား အထူးအလေးထား ကာကွယ်ပေးရန် ရည်ရွယ်၍ ရေးဆွဲထားသော ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေဟု ခေါ်ဆိုသည့် ဥပဒေတစ်ရပ် ရှိပါသည်။ ထိုဥပဒေ၏ ပုဒ်မ-၅တွင် အောက်ဖော်ပြပါအတိုင်း ပြဋ္ဌာန်းထားသည်။
လူပျိုဘော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင် မဟုတ်သော ယောက်ျားတစ်ဦးနှင့် အသက် ၁၄နှစ်အောက် မငယ်သည့် ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားနိုင်သည်။ သို့ရာတွင် (က) နှစ်ဦးလုံးမှာ စိတ်ပေါ့သွပ်သူများ မဖြစ်စေရ။ (ခ) အသက်(၂၀) မပြည့်သေးသည့် မိန်းမဖြစ်လျှင် မိဘ၏ သဘောတူညီချက်ကို သော်လည်းကောင်း၊ မိဘတို့ သေဆုံးပါမူ အမှန်အုပ်ထိန်းသူ၊ သို့တည်းမဟုတ် ဥပဒေအရ အုပ်ထိန်းသူ ရှိလျှင်၊ ထိုအုပ်ထိန်းသူ၏ သဘောတူညီချက်ကိုသော်လည်းကောင်း ရရှိပြီးဖြစ်ရမည်။ (ဂ) မိန်းမမှာ မပြတ်စဲသော တရားဝင် လင်ယောက်ျား မရှိစေရ။
အထက်ပါ ဥပဒေ ပြဋ္ဌာန်းချက်အရဆိုလျှင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးသည် ဘာသာခြားယောက်ျားတစ်ဦးနှင့် တရားဝင် ထိမ်းမြားနိုင်ကြောင်း ရှင်းလင်းစွာ ပြဋ္ဌာန်းထားရာ ယင်းပြဋ္ဌာန်းချက်သည် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်-၁၆နှင့် လည်းကောင်း၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ အခွင့်အရေးနှင့် လည်းကောင်း ညီညွတ်မှု ရှိနေသည်ကို အထင်အရှားတွေ့နိုင်ပါသည်။
လူအများပြောဆိုဆွေးနွေးနေကြသည့် မျိုးစောင့်ဥပဒေနှင့် အထက်ဖော်ပြပါ ဥပဒေ ပုဒ်မ-၅တို့ ညီညွတ်မှု ရှိ၊ မရှိ စာရှုသူများကိုယ်တိုင် လေ့လာဆုံးဖြတ်ကြစေလိုပါသည်။
၁၉၅၄ခုနှစ်၊ အထူးထိမ်းမြားမှု ဥပဒေ

၁၉၅၄ခုနှစ်၊ အထူးထိမ်းမြားမှု ဥပဒေသည် အထက်တွင် တင်ပြခဲ့သည့် အတိုင်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းထားသော ဥပဒေတစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံတါင် ဘာသာပေါင်းစုံကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသည်ဖြစ်ရာ မြန်မာ အမျိုးသမီးများနှင့် ဘာသာခြား ယောက်ျားများ အကြောင်း အမျိုးမျိုးဖြင့် အိမ်ထောင်ပြုတတ်ကြပါသည်။ ချစ်ခင်မြတ်နိုး၍ လည်းကောင်း၊ အမှီအခို လိုအပ်၍ လည်းကောင်း စသည်ဖြင့် အိမ်ထောင်ပြုကြကြောင်း တွေ့ရပါသည်။
သို့သော် အိမ်ထောင်ပြုပြီးနောက်ပိုင်း လင်မယား ကွာရှင်းသည့် အခါ၊ ပစ္စည်းခွဲသည့်အခါ၊ အမွေဆက်ခံသည့်အခါ ဘာသာခြား ယောကျာ်း၏ ဥပဒေကို ကျင့်သုံးဆုံးဖြတ်ကြသည့်အတွက် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတို့၏ ရပိုင်ခွင့် အခွင့်အရေးများ နစ်နာဆုံးရှုံးကြရသည်ကို ဥပဒေပြု အာဏာပိုင်တို့ တွေ့မြင်သိရှိလာကြသည့်အတါက် တရားဥပဒေဖြင့် မြန်မာအမျိုးသမီးတို့၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန် အထက်ပါ ဥပဒေကို ပြဋ္ဌာန်း ပေးခဲ့ခြင်း ဖြစ်ပါသည်။
အထက်တါင် တင်ပြခဲ့သည် ပုဒ်မ-၅သည် အလွန်အရေးကြီးသော ပုဒ်မဖြစ်ပါသည်။ သတ်မှတ်ပေးသည့် ပုဒ်မဖြစ်၍ အရေးကြီးသည်ဟု ဆိုရခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအမျိုးသမီးအနေဖြင့် တရားဝင်မယားအဖြစ် အသိအမှတ်ပြုခံရမှသာ ဇနီးမယားတစ်ယောက်၏ တရားဝင် အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်၍ အထက်ပါအတိုင်း ပြဋ္ဌာန်း ပေးခဲ့ခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးနှင့် ဘာသာခြားယောကျာ်းတို့ ထိမ်းမြားလက်ထပ်လိုပါက ထိမ်းမြားလက်ထပ်ရမည့် နည်းလမ်းကို ပုဒ်မ-၆မှ ၁၉ အထိ အသေးစိတ်ပြဋ္ဌာန်းပေးထားပါသည်။ အကျယ်မတင်ပြလိုတော့ပါ။
အကယ်၍ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ထိမ်းမြားလက်ထပ်ခြင်းမပြုဘဲ မိမိတို့ သဘောအလျောက် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြလျှင်လည်း ပုံစံမကျမှုကြောင့် လင်မယားအရာမမြောက်ဟု ငြင်းဆိုပိုင်ခွင့် မရှိကြောင်း၊ စတင်ပေါင်းဖက်သည့်နေ့ကတည်းကပင် တရားဝင် ပေါင်းဖက်နေထိုင်ခဲ့ကြသည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ပုဒ်မ-၂၀(၁)တွင် အတိအကျ ပြဋ္ဌာန်းထားရာ ပုဒ်မ(၂၀)သည်လည်း ပုဒ်မ(၅)ကဲ့သို့ပင် အရေးကြီးသော ပြဋ္ဌာန်းချက်ဟု ဆိုရပါမည်။
ဘာသာခြားနှင့် လက်ထပ်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ ရပိုင်ခွင့် အခွင့်အရေးများ
(၁) ဘာသာခြားနှင့် ထိမ်းမြားလက်ထပ်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့အား လင်နှင့် မယားတို့အကြား ပေါ်ပေါက်သည့် ပစ္စည်းပိုင်ဆိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်အားလုံးကို ဘာသာခြားယောကျာ်း၏ ဥပဒေနှင့် မဆုံးဖြတ်ရဘဲ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရသာ ဆုံးဖြတ်ရမည်ဟု ပုဒ်မ-၂၄(၁)တွင် ပြဋ္ဌာန်းထားပါသည်။
အဆိုပါ ပြဋ္ဌာန်းချက်အရ ဘာသာခြားကိုယူသော ဗုဒ္ဓဘာသာ အမျိုးသမီးသည် အကယ်၍ ဗုဒ္ဓဘာသာ ယောကျာ်းကို ယူခဲ့လျှင် ရရှိမည့် ဇနီးမယားတစ်ဦး၏ အခွင့်အရေးအတိုင်း ပစ္စည်း ပိုင်ဆိုင်ခွင့်ရှိကြောင်း အနိမ့်ဆုံး အခွင့်အရေးကို သတ်မှတ်ပေးထားခြင်း ဖြစ်ပါသည်။
(၂) ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဘာသာခြား လင်ယောကျာ်းတို့အကြား ဖြစ်ပွားသည့် လင်မယားကွာရှင်းမှုကိစ္စ၊ ပစ္စည်းခွဲဝေမှု ကိစ္စ၊ သားသမီး ထိန်းသိမ်းမှု ကိစ္စ စသည့် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုပြဿနာကို မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအတိုင်း ဆုံးဖြတ်ရမည်ဟု ပုဒ်မ-၂၅(၁)တွင် ပြဋ္ဌာန်းထားပါသည်။
အဆိုပါ ပြဋ္ဌာန်းချက်အရ အထက်ဖော်ပြပါ ပြဿနာများကို စီရင်ဆုံးဖြတ်သည့်အခါ ဘာသာခြား လင်ယောကျာ်း၏ ဥပဒေကို လုံးဝ အသုံးပြုမည် မဟုတ်ကြောင်း၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကိုသာ အသုံးပြုမည်ဖြစ်ကြောင်း တိတိကျကျ ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေဖြင့် ပြဿနာများကို ဆုံးဖြတ်ခြင်းဖြင့် မြန်မာအမျိုးသမီးအတွက် နစ်နာမှု မရှိယုံမျှမက ပိုမိုရသည့် အခွင့်အရေးများကိုသာ ရရှိနိုင်ကြောင်း တွေ့ရပါသည်။ ပုဒ်မ-၂၅(၁)၏ “ခြွင်းချက်”တွင် ဘာသာမတူသည့် အကြောင်းကြောင့် ယောကျာ်းက ဗုဒ္ဓဘာသာမိန်းမအား ကွာရှင်းလျှင် (သို့မဟုတ်) စွန့်ခွာလျှင် (က) ထိုယောကျာ်းသည် နှစ်ဦးပိုင် ပစ္စည်းမှ မိမိ၏ အစုကို စွန့်လွှတ်ရမည့်အပြင် မိန်းမအား လျော်ကြေးပေးရမည်ဖြစ်ကြောင်း၊ (ခ) ဗုဒ္ဓဘာသာဝင်မိန်းမက သား၊ သမီးအားလုံး ထိန်းသိမ်းခွင့်ရကြောင်း၊ (ဂ) အရွယ်အရောက်သေးသည့် သား၊ သမီးများအတွက် ယောကျာ်းက ကလေးစရိတ်ပေးရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားရာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးအား အခွင့်အရေး အထူးပိုမိုပေးထားကြောင်း တွေ့နိုင်ပါသည်။
ပုဒ်မ-၂၅(၂)တွင် ဗုဒ္ဓဘာသာဝင် မဟုတ်သော လင်မယားနှစ်ဦး၊ ထိမ်းမြားလက်ထပ်ပြီး နောက်ပိုင်းတွင် ဇနီးဖြစ်သူက ဗုဒ္ဓဘာသာသို့ ကူးပြောင်း ကိုးကွယ်ပါကလည်း ထိမ်းမြားလက်ထပ်ခြင်း တည်မြဲယုံမျှ မက ဤ၁၉၅၄ အထူးဥပဒေနှင့် သက်ဆိုင်ကြောင်း ပြဋ္ဌာန်းထားရာ နောက်မှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်သည့် အမျိုးသမီးကိုပါ အထူးအခွင့်အရေးပေးထားကြောင်း အံ့သြဖွယ်ရာ တွေ့နိုင်ပါသည်။
ဥပမာနှင့် ရှင်းရပါက အစ္စလာမ်ဘာသာကိုးကွယ်သူ လင်မယားနှစ်ဦးအနက် မိန်းမက နောက်ပိုင်းတွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ပါက ထိုလင်မယား၏ ပြဿနာကို အစ္စလာမ် ဘာသာဥပဒေဖြင့် ဆုံးဖြတ်ခြင်းမပြုတော့ဘဲ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေဖြင့် ဗုဒ္ဓဘာသာ ကူးပြောင်းကိုးကွယ်သည့် အမျိုးသမီးကို လိုက်လံကာကွယ်ပေးထားသည့် သဘော ပြဋ္ဌာန်းထားခြင်း ဖြစ်သည်ကို တွေ့ရပါသည်။
(၃) ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ဘာသာခြားယောကျာ်းတို့ ထိမ်းမြားပြီး နောက်ပိုင်း တစ်ဦးဦးကွယ်လွန်၍ အမွေ ပြဿနာ ပေါ်ပေါက်လာသော် ယင်းပြဿနာကို ထိုမိသားစုတစ်စုလုံး ဗုဒ္ဓဘာသာမြန်မာလူမျိုးကြီးဖြစ်ဘိသကဲ့သို့ မှတ်ယူ၍ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေဖြင့် ဆုံးဖြတ်ရမည်ဟု ပုဒ်မ-၂၆တွင် ပြဋ္ဌာန်းထားပါသည်။
ဆိုလိုသည်မှာ ဗုဒ္ဓဘာသာမိန်းမနှင့် ဘာသာခြား လင်ယောကျာ်းမိသားစုအတွင် အမွေ ပြဿနာ ပေါ်ပေါက်ပါက ဘာသာခြား ယောကျာ်း၏ ဥပဒေဖြင့် ဆုံးဖြတ်ခွင့်မရှိဘဲ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေဖြင့်သာ ဆုံးဖြတ်ရမည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။
ယင်းပြဋ္ဌာန်းချက်အရ ဗုဒ္ဓဘာသာဇနီးတစ်ယောက်သည် အစ္စလာမ်ဘာသာဝင်ဇနီးတစ်ဦးထက်ပင် အခွင့်အရေးများ ပိုမိုရရှိကြောင်း တွေ့ရပါသည်။ သာဓကအားဖြင့် အစ္စလာမ်ဘာသာကိုးကွယ်သည့် အစ္စလာမ်ဘာသာဝင် ဇနီးမယားသည် သား၊သမီးမရှိလျှင် အမွေ လေးပုံတစ်ပုံသာ ရပြီး၊ သား၊ သမီးရှိလျှင် အမွေ ရှစ်ပုံတစ်ပုံသာ ရထိုက်ခွင့်ရှိပါသည်။
ဗုဒ္ဓဘာသာမိန်းမနှင့် အစ္စလာမ်ဘာသာဝင် လင်ယောကျာ်းမိသားစုတွင် အစ္စလာမ်ဘာသာဝင် လင်ယောကျာ်း ကွယ်လွန်ခဲ့ပါက သား၊သမီးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဗုဒ္ဓဘာသာဝင် ဇနီးဖြစ်သူက အမွေ ပစ္စည်းများအားလုံးကို သိမ်းပိုက်ရထိုက်ခွင့်ရှိမည်ဖြစ်ပါသည်။
အထက်ဖော်ပြပါ ဗုဒ္ဓဘာသာကိုးကွယ်သူ အမျိုးသမီးတို့အား အထူးအခွင့်အရေးများ ပေးအပ်ထားသည့် ၁၉၅၄ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို မြန်မာ အမျိုးသမီးတို့အတွက် ဆက်လက်ထားရှိသင့်၊ မသင့်(သို့မဟုတ်) ဤဥပဒေကို ဖျက်၍ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းရန် သင့်၊ မသင့် စာရှုသူများ ချင့်ချိန်သုံးသပ်နိုင်ရန် တင်ပြလိုက်ရပါသည်။
မောင်ကိုနီ(တရားရုံးချုပ်ရှေ့နေ)
မွန်းတည့်နေဂျာနယ်(အတွဲ(၁)၊ အမှတ်(၃၁)မှ)

No comments: