~~~~
သားငယ်
တပူပူတအီအီ....
“ နင့်အဖေဘေး ငြိမ်ငြိမ်နေ
ဟိုမှာဈေးကောက်တွေလာနေတယ်”
သားကြီး
တပူပူတဂျီဂျီ....
“ အမေလုပ်ဗျာ ကျောင်းနောက်ကျ
နေပြီ ”
“ နေဦးဟဲ့ ကောင်လေး ဈေးဦးကို
မပေါက်သေးဘူးဟဲ့ ”
“ နင့်ကျောင်းကလွန်လွန်လွန်းတယ်”
ဆရာကန်တော့ကြေး
ကျောင်းကပွဲကြေး
အားကစားကြေး
ကထိန်ကြေး
ဝါဆိုကြေး။
ဘက်ပေါင်းကိုစုံ
ခေါင်းစဉ်မထပ်တဲ့ နင်တိုကျောင်း
အမေ့ခေါင်းပေါ်က ဈေးတောင်း
ပျံကျခင်းတဲ့ ဈေးတလင်းက
အမေ့ကို သနားနေကြပြီ ။
ဈေးကောက်လာ မျက်နှာလွှဲ
ပေးဖို့နောက်ကျတာ အကြိမ်ကြိမ်
ခါးစီးနှိမ်ရို့ကျိုး အမျိုးမျိုးငိုပြခဲ့။
ကျုပ်တို့က စည်ပင်
ကျုပ်တို့က ဈေးရဲ
ကျုပ်တိုက ဈေးကောက်...တဲ့။
“ ပေးရဲမှ ဈေးခင်း ”
“ဆန်တွင်းနက်တာ ခင်ဗျားအလုပ် ”
“အခွန်အခကြောက်ရင်ဈေးမထွက်နဲ့”
မျက်ရည်တွေလဲခမ်းခဲ့တာကြာပေါ့
ရင်ထဲက ငိုချင်းရှည် ဘယ်သူ
ကြားနိုင်တာမှတ် လို့ကွယ်...။
အမေယူတဲ့ နေ့ပြန်တိုး
မယူမဖြစ် ယူခဲ့ရသလို
မပူမဖြစ် ပူခဲ့ရပါတယ် သားရယ်။
နေ့တဒူဝ မျက်နှာငယ်
အကျယ်အကျယ် အငြင်းပွါး
ဘေးနားကငါးစိမ်းသယ်မ
ဘဝတူချင်း အချွန်နဲ့..မ ။
“ ညီးနှယ်အေ ယူတတ်ရင်
ပေးတတ်ရတယ်...အေ့။
ငွေတိုးစား မိန်းမ
ဘဝင်မချ မောင်းတင်
အပြောပူ ဆူအောင်လုပ်
အမေ့မှာတော့ ငုတ်တုတ်..ပေါ့။
စိတ်ရှုတ်လို့ သေ
လင်ပူလို့ သေ
ကလေးပူလို့ သေ
အကြွေးထူလို့သေ
တနည်းနည်းသာ သေရရင်။
ဈေးခင်းတဲ့ ဗန်းကြား....
နာရေးကား အမြန်ရောက်
ခွေခွေလေး ကောက်တင်
သုသာန်တစပြင် ရောက်ရင်တောင်မှ
စည်ပင်နဲ့ သင်္ချိုင်းစောင့်
သင်္ချိုင်းလက်မှတ် ကောက်ဖို့
အသေကောင်ကို လှုပ်နှိုး
ဂုတ်ချိုးလို့ မေးမှာ....
စစ်အတွင်းက သေသူတွေ
မနေသာအကြောင်းရှုပ်
ခေါင်းထောင်လို့မေးခွန်းထုတ်..
“ ငါတို့သေခဲ့တုံးကရော မင်းတို့
စာရင်းလုပ်ခဲ့ ကြလို့လား ” ဟေ့ ။
ဖွားစာရင်း
နေစာရင်း (အိမ်ထောင်စုဇယား )
သေစာရင်း တဲ့။
ဖွား/နေ/သေ ဒုက္ခကြား
မင်းဆရာမကို ပြောလိုက်ပါ...
သားရယ်...။
အမေဟာ သံမှုံ့ကိုစား
သံမဏိလူသား မဟုတ်
သွေးဆုပ်ရင် ဆုပ်ပါစေ
သားသမီးအတွက် အလုပ်လုပ်
ဆိုးယုတ်တဲ့ လောကဓံ
ကြံ့ကြံ့ ခံနေရှာတာပါ လို့..။
ထမင်းတဆုပ်ရဲ့ ရာဇဝင်
စာသင်ခန်းမှာ ပြဌာန်းစေချင်ပ။
( ဆရာမတို့ရေ )......,
နေ့စားနေ့ပြန် ဘုံဗိမ္ဗာန်ကို
စံမြန်းကြည့်လှည့်ကြပါဦး....
ကွယ်ရို့.............။
စိုးမိုး ( ၂၇/၇/၂၀၁၃ )
No comments:
Post a Comment