Tuesday, July 30, 2013

ပြောသူ နာသူ၊ မည်သူ တာဝန်ယူမည်နည်း



အမေရိကန်ပြည်ထောင်စု ပြည်နယ် တစ်ခုတွင် ပညာရေး ဌာန ကျောင်းသား ကျောင်းသူများ အသုံးပြုရန် Apple ကုမ္ပဏီထုတ် တက်ဘလက်များကို ဝေငှပေးကြောင်း ကြားရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ တွင် ကလေးတစ်ယောက် Laptop တစ်လုံး စီမံကိန်းကို အကောင် အထည် ဖော်နေသည်။ အိန္ဒိယနိုင်ငံတွင် တန်ဖိုးနည်း တက်ဘလက်များ ကို ကျောင်းများသို့ ဖြန့်ဝေပေးသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်ပင် တက်ဘလက်များကို ပညာရေးအတွက် အသုံးပြုနိုင်ရန် အတိုက်အခံ ပါတီတွေက လှူဒါန်းနေသည်။ ပါတီ နိုင်ရေးအတွက် မဲဆွယ်သည်ဆိုစေ ပညာရေးအတွက်ကတော့ အမြတ်ထွက်သည်သာ။

ပညာရေးဌာနတွင် နှစ်ပေါင်း ၂၀ ကျော် ကျွန်တော် တာဝန် ထမ်းဆောင် ခဲ့သည်။ ကျေးလက်တွင်လည်း တာဝန်ထမ်းဖူးသည်။ မြို့ပြတွင်လည်း တာဝန် ထမ်းဖူးသည်။ ကျေးလက်တွင် ကွန်ပျူတာ မပြောနှင့် ဂဏန်းပေါင်း စက်ပင် မမြင်ဖူးကြပေ။ မြို့ပြ အထက်တန်းကျောင်းတွင် တာဝန်ထမ်းစဉ် ကလည်း အခန်းအတွင်းရှိ ကွန်ပျူတာဆိုသည်မှာ မှန်တံခါး အလုံပိတ် ထားသော စားပွဲများပေါ်ရှိ အဝတ်အုပ်ထားသော ပစ္စည်းများသာ ဖြစ်သည်။ လူကြီးလာ ဖုန်ခါ ထုတ်ပြ။ လူကြီးပြန်လျှင် အဝတ် ပြန်အုပ်ထားသော အရာကို ကွန်ပျူတာဟု ခေါ်ပါသည်ဟုပင် ကျွန်တော်တို့ ဆရာများ က နောက်ပြောင်ခဲ့မိသည်။

ခေတ်က အင်တာနက်ခေတ် ဆိုခြင်းကို မငြင်းနိုင်။ ရှောင်ဖယ်လို့လည်း မရ၊ ရှောင်လွှဲလို့လည်း မဖြစ်တော့။ သို့သော် မကြာမီက မွေးဇာတိသို့ ပြန်ပြီး သူငယ်ချင်း ကျောင်းဆရာတွေနှင့် တွေ့တော့ “မင်း အင်တာနက် မရှိလည်း ငါတို့ ဘာမှမဖြစ်ဘူး” ဟု အပြောခံလိုက်ရသည်။ သူတို့ ပြောသလို ယနေ့တိုင် အင်တာနက် မသိသဖြင့် သူတို့ ဘာမျှ မဖြစ်သည်ကတော့ အမှန်ပင် ဖြစ်သည်။ သူတို့ အင်တာနက်ကို စိတ်မဝင်စား။ ဂြိုဟ်တု စလောင်းကလာသည့် နိုင်ငံခြား ဘောလုံးပွဲတွေတော့ မပြတ် ကြည့်သည်။ ထို့ပြင် ညနေတိုင်း ထိုင်းနိုင်ငံက လွှင့်ထုတ်သည့် နှစ်လုံး ဂဏန်းတွေကို လည်း သူတို့ အချိန်ပေးပြီး ထိုင်ကြည့်ကြသည်။ တစ်လုံး၊ နှစ်လုံး ကန်ချက်နှင့် ရိုက်ချက်တွေကြောင့် သူတို့ဘဝတွေ ထောင်း လမောင်း ကျေနေကြသည်။

ပညာရေးဌာနတွင် အမှုထမ်းစဉ်က မာလ်တီမီဒီယာဆိုသော ပွဲထုတ်ရန် သက်သက် ဟန်ပြပွဲ တစ်ခုကို ကြုံဖူးသည်။ နှိမ်ချ ပြောခြင်း မဟုတ်ပါ။ စစ်ဗိုလ်ချုပ်တွေ လာပြီး ဖွင့်မည်ကို မျက်နှာကောင်း ရစေရန် အခမ်းအနား ကြီးတွေလုပ်၊ ကွန်ပျူတာကအစ ငှားရမ်းသုံးပြီး ဗိုလ်ချုပ်တွေ နောက် တစ်ကျောင်း ဝင်မစစ်မီ၊ စစ်ပြီးသား ကျောင်းက ကွန်ပျူတာကို မစစ်ရသေးသော ကျောင်းသို့ လိုက်ပို့ပေးရသည်မှာလည်း ကိုယ်တွေ့ အဖြစ်အပျက် တစ်ခုပင် ဖြစ်သည်။

ကျောင်းများတွင် ကျောင်းသားတွေ ကွန်ပျူတာတတ်ခြင်း ဆိုသည်မှာ မိဘများ၏ ပြင်ပ အထောက် အကူကြောင့်သာ ဖြစ်နိုင်ပါသည်။ ကျောင်းများ တွင် မာလ်တီ မီဒီယာအတွက် ခန့်ထားသည့် ဆရာတွေကလည်း စာဝင်သင် ခွင့်ရရေး ကျောင်းအုပ်တွေကို ချဉ်းကပ်ရသည်။ စာသင်ခွင့်ရမှ ကျူရှင်ပြခွင့် ရမည်။ ကွန်ပျူတာသင်သည့် ဆရာဆိုသည်မှာ ရာသီစာ ဖြစ်သည်။ ရာသီစာ ဆိုသည်မှာ ပညာရေးဌာနက မဖြစ်ညစ်ကျယ် လုပ်ပြလေ့ရှိသည့် တပ်မတော်နေ့ အထိမ်းအမှတ်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ မူးယစ်ဆေးဝါး အထိမ်းအမှတ် ပန်းချီပြိုင်ပွဲလေးတွေလောက်ကို ပြိုင်ပွဲဝင်နိုင်ရန် လုပ်ပြချိန်ကလွဲပြီး ကျန်အချိန် သူတို့ကိုယ်တိုင် ကွန်ပျူတာ မကိုင်ကြရသောကြောင့် ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် ကလေးတွေ ကလည်း ကျောင်းပြင်ပတွင် သင်လာ၊ လေ့ကျင့်လာ၊ ကျောင်းနာမည်ခံကာ ဝင်ပြိုင်၊ ဆုရလာလျှင် ဆရာကြီး ဆရာမကြီးတွေနှင့် မျက်နှာပြောင်တိုက်ပြီး ဓာတ်ပုံ အရိုက်ခံရခြင်းကို ပညာရေးဌာန အတွင်းမှ ကွန်ပျူတာနှင့် နည်းပညာ လှုပ်ရှားမှုဟု ခေါ်ပါသည်။

ပညာရေး ဌာနတွင် ကွန်ပျူတာ ပရိုဂရမ်နှင့် ဆိုင်သည့် ပြိုင်ပွဲ တစ်ခုကို ဖိတ်ခေါ်လိုက်သေးသည်။ ကွန်ပျူတာကိုပင် ကျောင်းများတွင် မကိုင်ရသော ကျောင်းသားများက ထိုပြိုင်ပွဲကို မည်သို့ဝင်မည်နည်း။ ကွန်ပျူတာ ပရိုဂရမ်နှင့် ဆိုင်သော ပညာရပ်များကို ကျောင်းများတွင် သင်သလော၊ သင်ပြနိုင်သည့် ဆရာ ရှိသလော၊ သင်ကြားရန် ကွန်ပျူတာ များ ထုတ်ပေးထားသလောဟု သို့လော သို့လော အမေးများဖြင့် အတွေးပွား မိသည်။

စိတ်ဝင်စားသဖြင့် ထိုပြိုင်ပွဲ ဆိုသည်ကို ကျင်းပသည့် နေရာသို့ သွားရောက် လေ့လာခဲ့ဖူးသည်။ လုပ်ဆောင်ထားချက်များကို ကွန်ပျူတာလေး တစ်လုံးဖြင့် ၇ တန်း အဆင့်ရှိသူ ကျောင်းသူလေးက အကဲဖြတ်သူ လူကြီးများကို ရှင်းလင်း ပြသနေသည်။ ထိုပွဲ အပြီးတွင် မီဒီယာ တစ်ခုမှ သတင်းသမား တစ်ယောက်က ထိုကလေးကို အင်တာဗျူးသည်။ ယခု လုပ်ဆောင်ချက်များကို မည်သည့် ပရိုဂရမ်ဖြင့် ရေးသနည်းဟု မေး သည်။ ကလေးမလေး ကျီးကြည့် ကြောင်ကြည့် ဖြစ်နေပြီး အဖေ လုပ်ပေး တာဟု ဖြေသည်။ အဖေ့ကို သွားမေးတော့လည်း ကုမ္ပဏီ တစ်ခုကို အပ်လိုက်တာဟု ပြောသည်။ ပြင်ပတွင် လုပ်ငန်းတွေ အပ်ခဲ့ပြီး ပြိုင်ပွဲကို ခြေ လှုပ်၊ လက်လှုပ်၊ ပါးစပ်လှုပ် လာလုပ်ပြခြင်းကို အမှတ်ပေးသူတွေ ကပေး၊ ဆုရွေးသူတွေက ရွေးသည်။

ပညာရေးတွင် နည်းပညာကို မဖြစ်မနေ သုံးရမည်ကို သိကြသော်လည်း တိုင်းပြည်များတွင် ငွေရေး ကြေးရေး အခြေအနေများကြောင့် တွန့်ဆုတ်နေကြရသည်။ တောင်အမေရိကတိုက် နိုင်ငံများတွင် ကျောင်းတွေက ပညာရေးအတွက် ကွန်ပျူတာ တက်ဘလက်ကို မထောက်ပံ့နိုင်လျှင် အစိုးရက ထောက်ပံ့ပေးနိုင်သည်ကို ထောက်ပံ့ပေးရန် ကနဦး ပြင်ဆင်ကြ သည်။ ယင်းမှာ ကျောင်းများတွင် အင်တာနက် ရရှိနိုင်စေရန် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

အင်တာနက်မှ စာသင်ခြင်းကို အွန်လိုင်း ပညာရေးဟု ခေါ်ကြသည်။ အင်တာနက်မှ ကမ္ဘာ့ အသိအမှတ်ပြု ဘွဲ့တစ်ခုခု ရယူခြင်းကို အွန်လိုင်းဘွဲ့ ဟု ခေါ်ကြသည်။ ထို အွန်လိုင်းသည် မရှိမဖြစ် အရေးကြီးသောကြောင့် အွန်လိုင်းကို တက်နိုင်ရန် ကြိုတင် ပြင်ဆင်ပေးလိုက်သည်။ ကျန်သည့်အပိုင်း ကတော့ ကျောင်းတွင်း လှုံ့ဆော်မှု၊ မိဘများ၏ ကူညီ ပံ့ပိုးမှုများနှင့် သက်ဆိုင် သည်။ ကျောင်းသို့သွား သော မိမိတို့ သားသမီးများ လက်အတွင်းသို့ တက်ဘလက် သို့မဟုတ် လက်ပ်တော့လေး တစ်လုံးလောက် ထည့်ပေးနိုင်ရေးကို မိဘများ တာဝန် ခွဲဝေယူလိုက်လျှင် ပညာရေး၌ အမြန်ဆုံး နည်းပညာကို တပ်ဆင်ပြီးသား ဖြစ်သွားနိုင်မည်ဟု သဘောပိုက် ပြီး အားလုံး ဝိုင်းဝန်း ကူညီကြသည်။

ယနေ့ခေတ်တွင် ကွန်ပျူတာ လက်တော့တစ်လုံး သုံးသိန်းဝန်းကျင် ရှိသည်။ တက်ဘလက် တစ်လုံး တစ်သိန်း ဝန်းကျင် ရှိသည်။ ထို ငွေကြေး ပမာဏသည် ကျေးလက်နေ ပြည်သူများ မတတ်နိုင်ဟု ငြင်းနိုင်သည့် ပမာဏ ဖြစ်သော်လည်း ကျေးလက်တိုင်းကို အထင်သေး၍ မရပေ။ ကျေးလက်က လူတွေ မြို့ပြထက် အများကြီး ချမ်းသာတာတွေ ရှိသည်။

ကျေးလက် လူများစုသည် ဆင်းရဲသဖြင့် မတတ်နိုင်ဟု ပြောလျှင် ဘင်္ဂလားဒေ့ရှ်လို နိုင်ငံနှင့် မြန်မာကို နှိုင်းယှဉ်ကြည့်ရန် ပြောလိုသည်။ ထိုနိုင်ငံက ကျောင်းများတွင် တန်ဖိုးနည်း တက်ဘလက်ဖြင့် ပညာရေး အတွက် စီမံချက်များဖြင့် အကောင်အထည် ဖော်နေချိန်တွင် မြန်မာနိုင်ငံ ၌ ကျောင်း ဘယ်နှကျောင်းက ကျောင်းသားများကို အစိုးရက ကြီးမှူးပြီး တက်ဘလက်တွေ ဝေနိုင်ခဲ့သနည်း။

တက်ဘလက်တွေကို စေတနာရှိသဖြင့် ပေးလှူသူများ ရှိသည့် တိုင် မြန်မာနိုင်ငံတွင် အင်တာနက် သုံးရန်အတွက်မှာ အလှမ်းဝေးလှသေး သည်။ ကျောင်းမပြောနှင့် လုပ်ငန်းများတွင်ပါ အင်တာနက်နှင့် အဆင်မပြေ ကြ။ အင်တာနက် သုံးရသည့်တိုင်အောင် ကျောင်းသားများကို သင်ပြ ပေးကြ ရမည့် ဆရာ ဆိုသူများက ဂဏန်းပေါင်းစက်ပင် မသုံးတတ်သည့် နိုင်ငံ ၌ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်မည် ဆိုခြင်း မှာ မစားရဝခမန်း အော်ခြင်းသာ ဖြစ်ပါလိမ့်မည်။

ယခင် စစ်အစိုးရခေတ်က ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက် အံ့ဟု ကြွေးကြော်ကာ ပညာရေး ဌာနအတွက် ဆောင်ပုဒ် တစ်ခုကို ချန်ထားခဲ့သည်။ ယနေ့တိုင် ထိုဆောင်ပုဒ်ကို ကျောင်းတွေက အလေးအမြတ်ထားကာ ဦးထိပ်တင် ထားနေရဆဲ ဖြစ်သည်။ ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ရန်မှာ ဆရာများနှင့် ပညာရေးဌာနအပေါ် လုံးဝ ပုံချလိုက်၍ မဖြစ်ပါ။ မဖွံ့ဖြိုး မတိုးတက်လျှင်လည်း ပညာရေးဌာန၏ တာဝန် တစ်ခုခု လိုလို သတ်မှတ်ထားရန်လည်း မသင့်ပါ။

ခေတ်မီ ဖွံ့ဖြိုး တိုးတက်စေလိုလျှင် အုပ်ချုပ်သည့်သူများ၊ ပေါ်လစီ ရေးဆွဲသူ များသည် စေတနာမှန်၊ နည်းမှန်၊ လမ်းမှန်၊ အကျင့်အကြံ မှန်ရမည်ဟု ထင်ပါသည်။ ခေတ်အဆက်ဆက် ပညာရေးအတွက် ချမှတ်ခဲ့သည့် မူဝါဒများ အပေါ် မည်မျှ စေတနာ မှန်ခဲ့ပါသနည်း။ ဆရာတွေကို “နာ” သုံးနာဖြင့် ဖိသတ်ထားပြီး ဆရာတွေအပေါ် အုပ်ချုပ်ထားသူတွေက မည်မျှ အနစ်နာ ခံခဲ့ကြသနည်းဟု မေးလိုက်ချင်ပါ သည်။

အငြိမ်းစား ကျောင်းဆရာတစ်ဦး

No comments: