Monday, July 29, 2013

မြန်မာဆိုတာ ဒုက္ခကို အရောင်ဆိုးပစ်တတ်တဲ့ အာဂလူမျိုးပါ။


မောင်ထွန်းလွင် (မိုးလေ၀သ)
၂၉-၇-၂၀၁၃ ရက်။

ကျွန်တော် ဌာနမှာအလုပ်လုပ်တုံးက ဦးအောင်သန်းဆိုတဲ့ လက်အောက်ဝန်ထမ်း တစ်ဦး ရှိခဲ့တယ်။ ရာထူးငယ် ၀န်ထမ်းတစ်ဦးပါ။ သူ့အလုပ်က နေ့စဉ်ဌာနက ထုတ်ပြန်နေတဲ့ မိုးလေ၀သခန့်မှန်းချက်တွေကို သတင်းစာတွေ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေမှာ ဖေါ်ပြနိုင်ဖို့ အဲဒီဌာနတွေကို နေ့စဉ်မိုးရွာမရှောင်၊ နေပူမရှောင် မပျက်မကွက်အရောက်ပို့ပေးရတဲ့ အလုပ်ကိုလုပ်ရပါတယ်။ တကယ်တော့ ဒီအလုပ် ဟာ အလွန်အရေးကြီး လှပါတယ်။ ညွှန်ကြားရေးမှူးချုပ် ရုံးမတက်လို့ ပြဿနာ ကြီးငယ် မရှိပေမယ့် ဦးအောင်သန်းရုံးမတက်တဲ့နေ့ဆို ရုံးမှာ ပြဿနာတက်တော့ တာဘဲ။ သူ့အလုပ်ကို လုပ်နိုင်တဲ့သူ အခြားတစ်ယောက်ကို လွယ်လွယ်ကူကူ ရှာလို့ မရဘူးလေ။ နောက်ပြီး သူ့အလုပ်ဟာ ဌာနဆိုင်ရာအလုပ်သာဖြစ်တယ် ဌာနက ကားတို့၊ ထီးတို့ကအစ ပြည့်ပြည့်စုံစုံ ပံ့ပိုးနှိုင်တာ မဟုတ်ပါဘူး။ ဦးအောင်သန်းက ဘတ်စကားစီးပြီး မြန်မာသတင်းစဉ်တို့၊ မြန်မာ့အသံတို့၊ မြန်မာ့ရုပ်မြင်သံကြားတို့ကို ရောက်အောင်ပို့ရတာပါ။ အဲ..ပို့တာများ နောက်ကျနေရင်၊ သက်ဆိုင်ရာတွေရဲ့ အဆူအကြိမ်း အပြစ်တင်တာတွေလည်း ခမျာ ခံရရှာပါသေးတယ်။

ဦးအောင်သန်းဟာ ဌာနမှာ အဲလို အလုပ်မျိုးကိုသာလုပ်နေရပေမယ့် သူနေတဲ့ ရပ်ကွက်ထဲမှာတော့ လူကြီးတစ်ဦးပါ။ သူကဆယ်အိမ်မှူးလေ။ ဒါကြောင့် ကျွန်တော်ကဌာနမှာ တပည့်တွေကို အမြဲဆုံးမပါတယ်။ လက်အောက် ငယ်သားတွေကို နိုင်ထက်စီးနင်း နင်ဘဲငဆ မပြောပါနဲ့လို့။ တကယ်တော့ ၀န်ထမ်းတိုင်းမှာ သူတို့မိသားစုတွေရှိကြတယ်။ သူတို့မိသားစုတွေမှာတော့ သူတို့ဟာ အိမ်ထောင်ဦးစီးတွေဘဲ။ သူ့မိသားစု မှာတော့ သူဟာ အရိုအသေခံ တစ်ယောက်ဘဲဆိုတာ မမေ့ကြပါနဲ့လို့ အမြဲဆုံးမပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ ဦးအောင်သန်းတို့ရပ်ကွက်ထဲ မီးလောင်တယ်ဗျ။ ဖြစ်ချင်တော့ မီးစလောင်တဲ့အိမ်က ဦးအောင်သန်းအိမ်နဲ့ ကပ်လျက်အိမ်က စလောင်တာ။ ဂက်စ်ဓါတ်ငွေ့ထည့်တဲ့ အလုပ်လုပ်တဲ့အိမ်ဆိုဘဲ။ စလောင်ကတည်းက မီးကအရှိန်ကောင်းကောင်းနဲ့ကို လောင်တော့တာပါဘဲတဲ့။ ဖြစ်ချင်တော့ အဲဒီမီးလောင်တဲ့ အချိန်မှာ ဦးအောင်သန်းက အိမ်မှမရှိဘူး။ ရပ်ကွက်ထဲမှာ (၁၀)အိမ်မှူးတာဝန်နဲ့ ရပ်ကွက်ကောင်စီရုံးကို ရောက်နေသတဲ့။ မီးလောင်တယ် ကြားတာနဲ့ အိမ်ပြန်ပြေးတာ၊ မမှီလိုက်တော့ပါဘူး။ မီးထဲပါသွားပြီတဲ့။
ဒါပေမယ့် မရှိမဖြစ် ဦးအောင်သန်းဟာ နောက်တစ်နေ့မှာ ရုံးမပျက်ဘဲ ရုံးကို တက်လာပါတယ်။ သူသိတယ်လေ။ သူမရှိရင် ရုံးမှာ မလွယ်ဘူးဆိုတာ။

ရုံးတက်လာတဲ့ ဦးအောင်သန်းကို ကျွန်တော်က အကျိုးအကြောင်း ခေါ်မေးရပါတယ်။
“ဦးအောင်သန်း မနေ့က ခင်ဗျားတို့ရပ်ကွက် မီးလောင်တယ်ကြားတယ်၊ ခင်ဗျားတို့ အိမ်ရော လွတ်ရဲ့လား”
“ဆရာရယ် စလောင်ကတည်း ကျွန်တော့်ဘေးက အိမ်ကစလောင်တာဆိုတော့ ဘယ်လွတ်ပါ့မလည်းဆရာရယ်”
“ဘယ်လိုလုပ် လောင်တာလည်းဗျာ”
“ဘေးအိမ်က ဂက်စ်ဓါတ်ငွေ့ထည့်တဲ့လုပ်ငန်းလေဆရာ၊ အဲဒါ မီးခြစ်တွေ ဂက်စ်ထည့်နေတုံး မီးလောင်တာ ဆိုတာ ပေါက်ကွဲသံကြီးကလည်းအကျယ်ကြီးဆရာရဲ့၊ လောင်တာလည်းတအားမြန်တာဘဲ။ ကျွန်တော်တို့ အိမ်ကတော့ အရင်ဆုံးမီးကူးခံရတဲ့အိမ်ပေါ့ဆရာ”
“အဲဒီတော့ ဘာရလိုက်သေးတုံး၊”
“ဘာမှမရလိုက်ပါဘူးဆရာရယ်၊ အကုန် ပါသွားတာပါဘဲ။ အ၀တ်တစ်ထည် ကိုယ်တစ်ခုဘဲကျန်ပါတယ် “
“အေးဗျာ၊ ကြားရတာ စိတ်မကောင်းလိုက်တာဗျာ”
“ဦးအောင်သန်း.. အားမငယ်နဲ့နော်၊ ကျွန်တော်တို့ ၀န်ထမ်းတွေစုပြီးတတ်နိုင်သမျှ ၀ိုင်းထောက်ပံ့ပေးဖို့ ကျွန်တော် လုပ်ပေး ပါ့မယ်။”

ကျွန်တော်က အဲဒီလို အားပေးစကားလည်းပြောလိုက်ရော ဦးအောင်သန်းက
“ရပါတယ်ဆရာရယ်၊အိမ်မီးထဲပါသွားလို့ နေစရာမရှိတော့တာ၊ ပစ္စည်းတွေပါသွားလို့ ၀တ်စရာ မရှိတော့တာ၊ ဒါတွေအတွက် ကျွန်တော် ဒိလောက်ဝမ်းမနည်းလှပါဘူး။ ကျွန်တော် ၀မ်းနည်းမိတာက ကျွန်တော့်အိမ်းနားက အိမ်တွေချည့်ဘဲ မီးထဲပါသွားတော့ အရင်က ရပ်ကွက်ထဲမှာ ကျွန်တော်က ဆယ်အိမ်မှူးဘ၀ကနေ အခု နှစ်အိမ်မှူးဘဲ ဖြစ်သွားရတာကိုဘဲ ၀မ်းအနည်းဆုံးပါဘဲဆရာရယ်”
“ဗျာ”

မီးလောင်ခံရတာနဲကပတ်သက်ပြီး နောက်တစ်ဦးအကြောင်းပြောချင်ပါသေးတယ်။အဲဒါကတော့ ကျွန်တော့်ရဲ့ အခင်မင်ဆုံး ငယ်သူငယ်ချင်း မန္တလေးမြို့က ဗဟိုတရားရုံးရှေ့နေ ကြီး ဦးထွန်းအောင်ကျော် အကြောင်းဘဲဖြစ် ပါတယ်။ နှစ်တော့ သေသေ ချာချာ မမှတ်မိတော့ဘူးဗျ။ မန္တလေးမှာ မီးအကြီးအကျယ် လောင်တုံးဗျ။ တောင်ပြင် ဦးကျားကြီးဝင်းက စလောင် လိုက်တာ မြောက်ပြင်က (၂၆)ဘီလမ်းကို ကျော်သွားတဲ့အထိ တကယ့်မြို့အလယ် ရပ်ကွက်တွေကို လောင်သွားတာ။ မန္တလေးရဲ့သမိုင်းမှာ တစ်သက်လုံး မီးမလောင်ဘူးတဲ့ ၀င်လိုက်ရုပ်ရှင်ရုံ၊ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ အားလုံးပါသွားတာပေါ့ဗျာ။ ဦးထွန်အောင်ကျော်ရဲ့ အိမ်က (၈၃)လမ်း၊ (၃၁-၃၂)လမ်းကြားဆိုတော့ မီးလောင်ပြင်ရဲ့ အလယ်လောက်မှာပေါ့။ ပါသွားတာပေါ့ဗျာ။ အားလုံးအကုန်ပါဘဲ။

ဒီတော့ ရန်ကုန်ရောက်နေတဲ့ ကျွန်တော်က ဖုံးအဆက်အသွယ်တွေပြန်ရတော့ ဖုံးနဲ့ဘဲ လှမ်းမေး ရပါတယ်။
“ကိုထွန်းအောင်ကျော် ခင်ဗျားတို့အိမ် မီးထဲပါသွားတယ်ကြားတယ်။ စိတ်မကောင်းပါဘူးဗျာ”
“အေး..ဟုတ်တယ်ဗျ။ ရပါတယ်ဗျာ”
|ခင်ဗျားအမေတို့ အမကြေီးတွေတို့ အားလုံးဘေးကင်းကြရဲ့မဟုတ်လား”
“အေးဗျာ၊ သူတို့လည်း ဘာမှ မဖြစ်ကြပါဘူးဗျာ”
“အေးဗျာ။ နေပါဦး ပစ္စည်းတွေ ဘာတွေရော တော်တော် ပြန်ရလိုက်သေးရဲ့လား”
“အတွင်း အစ္စည်း အတန်ငယ်ဘဲ ကျန်ပါတယ်ဗျာ”
“ဟာ..တော်သေးတာပေါ့ဗျာ၊ တော်တော်ရော ရင်းနှီးစားဖို့ ရလိုက်ရဲ့လား”
“အတွင်း အစ္စည်း အတန်ငယ်ဘဲ ကျန်ပါတယ်ဗျာ”
“မဟုတ်ဘူးလေဗျာ။ ခင်ဗျားတို့ နေဖို့အိမ်ကလည်း ပြန်ဆောက်ရဦးမှာမဟုတ်လား။ အဲဒီတော့ ကျွန်တော် ပြောတာက ခင်ဗျား အဲဒါတွေအတွက် လုံလုံလောက်လောက် ရလိုက်ရဲ့လား”
“အတွင်း အစ္စည်း အတန်ငယ်ဘဲ ကျန်ပါတယ်ဗျာ”

အဲဒီတော့မှာ ကျွန်တော်က သူပြောတဲ့ စကားအဓိပ္ပါယ်ကို နားလည်သဘောပေါက် သွားပြီး တအံ့တသြနဲ့ ပါးစပ်အဟောင်းသားဖြစ်ပြီး၊ ဘာမျှ မေပြာနိုင်တော့ပါဘူးဗျာ။

ကဲ..ကျွန်တော့်မိတ်ဆွေကြီး နှစ်ဦးကို ကြည့်ပါဦးဗျာ။ အိမ်တွေ မီးလောင်၊ နေစရာ၊ စားစရာ၊ ၀တ်စရာ မကျန်တော့ လောက်အောင် ဒုက္ခတွေ ပင်လယ်ဝေနေတာတောင် ဒုက္ခကို ရယ်သွမ်းသွေးခဲ့ကြတယ်ဗျာ။

သြော်..ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ သိတတ်စအရွယ်ကတည်းက အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေကို ဆိုဆုးံမ တရားတွေကို ကြားဘူး သိဘူး လေ့လာဘူးတဲ့ လူမျိုးမို့လား၊ မပြောတတ်ပါဘူုးဗျာ။ ဒုက္ခကိုတောင် ပြန်ပြီး ရယ်သွမ်းသွေးနိုင်တဲ့ အာဂလူမျိုးဆိုတာကို ကျွန်တော် ဂုဏ်ယူလို့ မဆုံးပါဘူးဗျာ။

မောင်ထွန်းလွင် (မိုေးလ၀သ)

No comments: