Friday, July 26, 2013

လမ်းမိုင် နှစ်သောင်းကျော် BOT ပေးမည်

လမ်းမိုင် နှစ်သောင်းကျော် BOT ပေးမည်
-----------------------------------------
ရန်ကုန်- ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ BOT ပေးရန် ကျန်ရှိနေသေးသည့် အစိုးရပိုင် လမ်းများအားလုံးကို လမ်းပိုင်းအလိုက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

BOT စနစ်ဖြင့် ပေးရန်ကျန်ရှိနေသေးသည့် စုစုပေါင်းလမ်းမိုင် အရှည်နှစ်သောင်းတစ်ထောင်ကျော်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များလုပ်ကိုင်ရန် ယခုအစိုးရသစ်လက်ထက်တွင် ပမာဏအများဆုံးအဖြစ် အပြီးသတ်ခေါ်ယူလိုက်ခြင်းဖြစ်သည်

B.O.T စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လိုကြောင်း လျှောက်ထားရာတွင် ဆောင်ရွက်လိုသည့်ကုမ္ပဏီသည် လမ်းအမည်၊ လမ်းမိုင်အရှည်နှင့် ရင်းနှီးမြှုပ်နှံမည့် ပမာဏတို့ကို ဖော်ပြရမည်ဖြစ်ပြီး လျှောက်ထားရာ၌ လမ်းမိုင်အရှည် အနည်းဆုံးတစ်ဆက်တည်း မိုင် ၄၀ ရှိရမည်ဖြစ်ကာ လမ်းတည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းအတိုင်း တည်ဆောက်ချိန်ကာလ သုံးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်သည့်ကုမ္ပဏီမျိုးကိုသာ အဓိကထား ဦးစားပေးလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခင်အစိုးရလက်ထက်က BOT စနစ်ဖြင့် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့သည့် လမ်းပိုင်းအများစုတွင် ရရှိခဲ့သော ပုဂ္ဂလိကကုမ္ပဏီများနှင့်ပတ်သက်၍ ပြင်ပတွင် အစိုးရနှင့်နီးစပ်သည့်ကုမ္ပဏီများသာရရှိသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့ဖူးသည်။
အစိုးရသစ်လက်ထက်တွင် BOT စနစ် ကနဦးလုပ်ကိုင်ခွင့်ရရှိ ခဲ့သည့် ကုမ္ပဏီများမှာ မက်စ်မြန်မာ၊ အေးရှားဝေါလ်၊ ရွှေသံလွင်၊ ဇေကမ္ဘာကုမ္ပဏီတို့ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင် အဓိကလုပ်ကိုင်ခွင့်များရရှိခဲ့ကြသည်။ အစိုးရသစ်လက်ထက်မှစတင်ကာ လက်ရှိကာလအထိ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းပိုင်းအရှည်မိုင်ပေါင်း ၃၅၁၄ မိုင်ကို စတင်လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ယခုထပ်မံလွှဲပြောင်းပြီးပါက အစိုးရပိုင်လမ်းများအားလုံးနီးပါး ပုဂ္ဂလိကလုပ်ငန်းရှင်များလက်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ အစိုးရပိုင်လမ်းပိုင်း စုစုပေါင်းမှာ ၂၄၆၆၉ မိုင် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ထုတ်ပြန်သော စာရင်းဇယားများမှသိရသည်။

BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများမှာ စတင်လုပ်ဆောင်ခြင်းကာလ ၃ နှစ် အတွင်း အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ၁၀ နှစ်ကျော်ပါက အခွန်မှာ ၅ ရာခိုင်နှုန်းသာ နိုင်ငံ တော်သို့ပေးသွင်းရမည်ဖြစ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းပိုင်းများအား လုပ်ကိုင်ခွင့်ပြုရန်ခေါ်ယူတိုင်း ကုမ္ပဏီကြီးများမှ လက်ဦးမှုရယူကြကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၁၀ မိုင်ကျော်ရှည်လျားသည့် လမ်းပိုင်းတစ်ပိုင်းလျှင် လုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီအနေဖြင့် နေရာဒေသပေါ်မူတည်ကာ ဖြတ်သန်းခကောက်ခံမှု တစ်လလျှင် သိန်းတစ်ထောင်ကျော်အထိ အမြတ်အစွန်းရရှိကြပြီး တစ်နှစ်လျှင် ကျပ်သန်းပေါင်း ၂၀၀၀ နီးပါး အမြတ်အစွန်းရရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားအင်ဂျင်နီယာမှူးကြီးတစ်ဦးက ၎င်း၏အတွေ့အကြုံကို ပြောသည်။

No comments: