Monday, July 15, 2013

ကုန်ကြမ်း ရှားပါးမှုကြောင့် ငါးရှဥ့်ဈေးမြင့်



ရန်ုကုန်၊ ဇူလိုင် ၁၄

ပြည်တွင်း မွေးမြူရေး လုပ်ငန်းများတွင် ဖြစ်ထွန်း အောင်မြင်မှုမရှိသော ငါးရှဥ့်သည် လက်ရှိအချိန်တွင် ကုန်ကြမ်း ရှားပါးမှုကြောင့် အမြင့်ဈေး သို့ ရောက်ရှိလျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။

“ငါးဦးစီးက သတ်မှတ်ထားတဲ့ ပြည်ပပို့ ငါးရှဥ့် အရွယ်အစားက လုံးပတ် ၃ စင်တီမီတာပါ။ ဒါပေမဲ့ လူတွေက ရရာ အကုန်ဖမ်းပြီး ရောင်းနေတော့ ငါးရှဥ့်က ရှားလာတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ပသို့ ငါးရှဥ့် ရောင်းဝယ်ရာ၌ ကုမ္ပဏီကြီး တစ်ခုက လက်ဝါးကြီးအုပ် ထားသည့် လေလံစနစ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ဖျက်သိမ်း ခဲ့ပြီးနောက် ကုမ္ပဏီသို့ ပေးဆောင်ရသည့် ဝန်ဆောင်ခ ၂ ရာခိုင်နှုန်း မပေးဆောင်ရခြင်းနှင့် ငါးရှဥ့်ဈေး မြင့်တက်ခြင်းနှင့်အတူ ငွေလဲနှုန်း ပါ မြင့်တက်ခြင်းတို့ကြောင့် ငါးရှဥ့် တင်ပို့သူများ အကျိုးအမြတ် ရရှိလျက် ရှိသည်ဟု ငါးရှဥ့် လုပ်ငန်းရှင် ဦးစိုးသန်းက ပြောကြားသည်။

“အခု မိုးတွင်းဈေးဆိုတော့ ငါးရှဥ့် ရှိသေးလို့ ဈေးက ၅၀၀၀ ကျော်ပဲ ရတာ။ အရင်နှစ်ထက်စာရင် ဒီနှစ်တွေမှာ တစ်ပိဿာ တစ်ထောင်ကျော်လောက် ဈေးပိုရတယ်။ အဓိကတော့ ကုန်ကြမ်းရှား လို့ ဈေးပို ရလာတာ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်း ငါးရှဥ့် တစ်ပိဿာ ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ် ဝန်းကျင်ခန့် သာ ရှိသော်လည်း ယခုနှစ်တွင်မူ ငါးရှဥ့် တစ်ပိဿာ ၄၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်ထိ ရရှိနေကြောင်း အဆိုပါ ပုဂ္ဂိုလ် က ပြောကြားသည်။

ပြည်တွင်း၌ ငါးရှဥ့် စားသုံးမှု နည်းပါးသော်လည်း တရုတ် လူမျိုးများ ကမူ နှစ်ခြိုက်စွာ စားသုံးကြပြီး ပြည်ပသို့ တင်ပို့သည့် ငါးရှဥ့်များသည် သဘာဝအလျောက် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ပြည်တွင်း၌ ငါးရှဥ့် စမ်းသပ် မွေးမြူမှု အနည်းငယ်သာရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ငါးရှဥ့်များကို မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့နှင့် ချင်းရွှေဟော်မြို့တို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ငါးရှဥ့်ပို့ကုန် လျာထားချက်မှာ အမေရိကန် ဒေါ်လာ သန်း ၃၀ သတ်မှတ်ထားကြောင်းနှင့် ၂၀၁၃ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅ သန်း ရရှိထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

No comments: