Monday, July 22, 2013

ရာထူးတိုးချင်လို့ ကိုယ့်ဘာနင် ဗုံးခွဲတဲ့ အဖြစ်အပျက်လေးကို ပြောပြမယ်နော်။


ရာထူးတိုးချင်လို့ ကိုယ့်ဘာနင် ဗုံးခွဲတဲ့ အဖြစ်အပျက်လေးကို ပြောပြမယ်နော်။

တစ်ခါတုန်းက နေပြည်တော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ ရဲမှူးတစ်ယောက်ရှိပါတယ်။ သူက အရင်တုန်းက ပျဉ်းမနား မြို့နယ်မှူးပေါ့။ နောက်တော့ ရာထူးတိုးပြီး ခရိုင်မှာ ရဲမှူးဖြစ်သွားတယ်။ တာဝန်ကတော့ ခရိုင်ရဲမှူး (ဦးစီး) ပေါ့ဗျာ။ ဒုရဲမှူးကနေ ရဲမှူးဖြစ်ဖို့ ဆယ်နှစ်ဆယ်မိုး ကြားသလို ရဲမှူးကနေ ဒုရဲမှူးကြီးဖြစ်ဖို့လည်း ဆယ်နှစ်ဆယ်ဆယ်မိုး ကြာနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ရဲမှူးလေးက နှစ်တွေအများကြီးမစောင့်ပဲ ရာထူးတိုးချင်တယ်ဗျ။ ဒီတော့ကား သူက ရဲဦးစီးအရာရှိချုပ် ဖြစ်တဲ့ ရဲမှူးချုပ်ခင်မောင်စီဆီကို သိန်း (၅၀) နဲ့အတူ လက်အုပ်လေးချီ ကန်တော့ပြီး “အဘ၊ ကျနော် ဒုရဲမှူးကြီး ဖြစ်ချင်လို့ပါ။ ဘယ်လို လုပ်ရမလဲဆိုတာ ညွှန်ကြားပါခင်ဗျ” လို့ လျှောက်ထားပါတယ်။

ခင်မောင်စီဆိုတာ ဘယ်သူလဲလို့ သိချင်လို့လား။ ဟုတ်ကဲ့ ပြောပြပါမယ်။ ခင်မောင်စီဆိုတာက DSA အပတ်စဉ် (၁၈) က ဆင်းတဲ့ ကြည်း - ၁၃၉၂၁၊ ဗိုလ်မှူးကြီးခင်မောင်စီ ဖြစ်ပါတယ်ဗျာ။ ခင်မောင်စီဟာ မြ၀တီမှာ ဗျူဟာမှူးအဖြစ် ထိုင်ခဲ့ဖူးတာမို့ ဘယ်လောက်လာဘ်စားသလဲဆိုတာ မြ၀တီကကုန်သည်တွေ အကုန်သိပါတယ်။ ခင်မောင်စီ တစ်ယောက်လာဘ်စားလွန်းလို့ အရပ်ဘက်ကို ပြောင်းလိုက်တော့ ရဲထဲကို ရောက်လာပါတယ်။ ပိုပြီး စားလို့ ကောင်းတာပေါ့ဗျာ။ ရဲထဲရောက်တော့ သူ့ကိုယ်ပိုင်နံပတ်က လ-၁၆၆၈၊ ရဲဦးစီးအရာရှိချုပ်၊ ရဲမှူးချုပ်ခင်မောင်စီ ဖြစ်သွားပါတယ်။ စကားမစပ်ပြောရမယ်ဆိုရင် ခင်မောင်စီတစ်ယောက် ရဲဦးစီးအရာရှိချုပ်ဆိုတဲ့ ရာထူးနဲ့ နေပြည်တော်မှာ ဘီယာသောက်၊ မာဆတ်သွားပြီး အပြန်မှာ ယာဉ်တိုက်မှုဖြစ်ပါသေးတယ်။ အဲဒီတုန်းကတော့ သူက ကံဖယ်လို့ မသေပေမဲ့ သူ့သူငယ်ချင်း ရဲမှူးကြီးမြင့်အုန်း (ရဲထောက်ညွှန်မှူး၊ OTS ဆင်း၊ သူရဲကောင်းမှတ်တမ်းဝင်) တစ်ယောက်ကတော့ သေသွားရှာပါတယ်။ အဲဒီနေ့ကလည်း ကိုမြင့်အုန်းက အတော်မူးနေတာမို့ မမောင်းပါနဲ့ လို့ပြောတာကို နားမထောင်ပဲ “ငါက သူရဲကောင်းမှတ်တမ်းဝင်ကွ၊ ဒီလောက်မူးတာလောက်ကတော့ အေးဆေးပဲ” ဆိုပြီး တက်မောင်းရာကနေ ကြွသွားတာပေါ့ဗျာ။ ထားပါတော့။ စောစောကဟာလေး ဆက်ပါဦးမယ်။

ရာထူးတက်ချင်တဲ့ ရဲမှူးက အကြံညဏ်တောင်းတော့ ခင်မောင်စီက“ အေး၊ မင်းလည်း ဒုရဲမှူးကနေ ရဲမှူးဖြစ်တာ မကြာသေးဘူး။ ဒီတော့ နောက်တဆင့်တက်ဖို့ဟာ မလွယ်ဘူးကွ။ ဒါပေမဲ့ တစ်ခုခုမှာ ထူးချွန်အောင် လုပ်လိုက်ရင်တော့ ငါက စစ်မြေပြင်အဆင့်တိုးပုံစံမျိုးနဲ့ နောက်တဆင့်တက်လို့ရအောင် ရဲချုပ် ကိုပြောပေးမယ်ကွာ” လို့ ပြောပါတယ်။ ဇာတ်လမ်းတွေရေးနေရင် ရှည်နေမှာစိုးလို့ ကျနော်အတိုချုပ်ပဲ ပြောပါတော့မယ်။

(၁) စောစောက ရဲမှူးက တောင်ငူနယ်ထဲက သူ့အင်ဖော်မာ ဆင်းရဲသားကရင်တစ်ယောက်ကို “မင်း ထောင်ထဲမှာ လေးငါးဆယ်နှစ် သွားနေလိုက်ရင် မင်းမိသားစုကို ငါစောင့်ရှောက်မယ်” ဆိုပြီး စည်းရုံးပါတယ်။ တောထဲဝင်၊ မျှစ်ချိုး၊ ရေလုံပြုတ်နဲ့ ထမင်းနပ်မမှန်တဲ့ ကရင်ဆင်းရဲသားက သူ့မိသားစုကို ရန်ကုန်မှာ ခေါ်ထားမယ်၊ ကလေးတွေကိုလည်း ကျောင်းထားပေးမယ်ဆိုတော့ သူ့မိဘ၊ သူ့မိသားစုနဲ့ သူ့ဘ၀ကို လဲလှယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့မှာ မိဘအိုနှစ်ပါးနဲ့ ဇနီးမယား၊ သားသမီးတွေ ရှိပါတယ်။

(၂) ဒီလိုနဲ့ ခရိုင်ရဲမှူးရဲ့ကြီးကြပ်မှုနဲ့ ရထားပေါ်မှာ ဗုံးခွဲပါတယ်။ ဗုံးက ရမည်းသင်းအနားမှာ ကွဲပါတယ်။ မူလ အစီအစဉ်ကတော့ လူအသေအပျောက်မရှိအောင် စီစဉ်ထားတာပါ။ ရဲမှူးက ရထားမှာ ခုံ (၄) ခုံ ၀ယ်ပါတယ်။ အဲဒီ့ ခုံတွေ အပေါ်က တန်းမှာ ဗုံးပါတဲ့ အိတ်ကို တင်ထားပါတယ်။ ဗုံးကွဲတဲ့အချိန်မှာ အောက်ကခုံတွေကလည်း လူမရှိတာမို့ ထိခိုက်စရာမရှိပါဘူး။ အသံမိုင်းလောက်အနေနဲ့ပဲ လုပ်ခဲ့တာပါ။ သို့ပေမဲ့ ကံဆိုးချင်တော့ ခုံမဲ့နဲ့ လိုက်လာတဲ့ လင်မယားနှစ်ယောက်က အဲ့ဒီခုံတွေမှာ လူမရှိတာတွေ့တော့ ၀မ်းသာအားရနဲ့ ၀င်ထိုင်ပါတယ်။ ဒီတော့ ဗုံးပေါက်တဲ့အချိန်မှာ အဲ့ လင်မယားနှစ်ယောက် သေသွားရရှာပါတယ်။

(၃) ဗုံးပေါက်ပြီးတော့ အစောက ရဲမှူးက ရှားလော့ဟုမ်းကဲ့သို့ “ဒီအကြမ်းဖက်သမားဟာ ဒီနေရာမှာ ဓီလို လုပ်သွားခဲ့တာဖြစ်တာမို့ ဒီကနေ လိုက်ဖမ်းမယ်” ဆိုပြီး တွက်ချက်ပြပြီး တောတိုးပြီး ၀င်ဖမ်းပါတယ်။ ရဲတွေ တောတိုးတာ နှစ်ရက်လောက် ကြာမယ်ထင်ပါတယ်။ နောက်တော့ မူလအစီအစဉ်အတိုင်း ကရင်ဆင်းရဲသားလေးဟာ နေပြည်တော်အရှေ့ဘက်၊ ရွာတစ်ရွာအနီးမှာ ကျနော် ဗုံးခွဲသူပါခညာာ ဆိုပြီး အဖမ်းခံပါတယ်။ ခြုံငုံပြောရရင်တော့ ရဲမှူးရဲစနစ်တကျစီစဉ်ဆောင်ရွက်မှုတွေကြောင့် တရားခံကို လက်ရဖမ်းဆီးမိတယ် ပေါဗျာ။

(၄) အဲတာနဲ့ပတ်သတ်ပြီးတော့ တရားခံကို ဘယ်လိုဖမ်းဆီးကြောင်း၊ တရားခံဟာ ဘယ်ကဖြစ်ကြောင်း ဆိုတာ သတင်းစာရှင်းလင်းပွဲကြီးလုပ်ခဲ့၊ သတင်းစာတွေမှာပါခဲ့သလို တရားခံဖမ်းဆီးခဲ့တဲ့ ရဲမှူးကိုလည်း ဒုရဲမှူးကြီးအဖြစ်ရာထူးတိုးမြင့် ပေးခဲ့ပါတယ်။ ဒီကောင်လေး တော်ပါတယ်။ ရာထူးတိုးပေးလိုက်ပါဗျာ လို့ ကိုခင်မောင်စီက ရဲချုပ်ကို ပြောပေးတာပေါ့ဗျာ။

(၅) အဲဒီရဲမှူးကတော့ …။ နာမည်တော့ မပြောတော့ပါဘူး။ ကိုယ်ပိုင် နံပတ်က လ-၁၁၂၆၃၅ ပါ။ သူ့သမီးက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်နေပါတယ်ခင်ဗျာ။ တရားခံဆိုတဲ့ ဆင်းရဲသားကရင်လေးရဲ့ မိသားစုကိုတော့ ရဲမှူးက အိမ်တွေ၊ ခြံတွေ ၀ယ်ပေးပြီး ရန်ကုန်ကိုခေါ်ယူ စောင့်ရှောက်ပေးခဲ့ပါတယ်။
— with MoeZay Nyein.

No comments: