-----------------------
မေကြည်
{တနင်္သာရီ အပတ်စဉ် အတွဲ ၁၊ အမှတ် ၁၂ မှ ကူးယူဖော်ပြသည်}
ကျွန်မ ခုတခေါက် ရွာပြန်တော့ နာရေးကိစ္စကြောင့် အတော်ကြာကြာ နေဖြစ်ပါတယ်။ ဆွေမျိုးတွေ ညီအကိုမောင်နှမတွေ စုံတော့၊ စားကြသောက်ကြ စကားပြောကြ ရယ်ကြနဲ့ပေါ့။ ကျွန်မတို့ အကိုကြီး တယောက်ပြောတဲ့ စကားတွေဆို၊ အသုံးအနှုန်း ဆန်းသလို အဓိပ္ပါယ်ကလည်း ကွက်ကွက်ကွင်းကွင်း ရှိလွန်းလို့ ဟက်ဟက်ပက်ပက် ရယ်ကြရတယ်။ ပေပေတေတေ နဲ့ စည်းမရှိကမ်းမရှိ နေတဲ့ မောင်တယောက်ကို၊ သူပြောလိုက်တာ “မင်းကွာ တသက်လုံး ကျွပ်ကျွပ်အိတ် လုပ်လာတာ တခါတလေ စတီးချိုင့်လေး ဘာလေး လုပ်ဦး” တဲ့။
ရှမ်းရှော်နှင့် ဖုန်းမျှော် ပြသနာကို စ ပြောတာ သူ ပါ။ ကျွန်မက ရှမ်းရှော် ဆိုတာ ဘာလဲလို့ ပြန် မေးရတယ်။ ကျွန်မတို့က ယိုးဒယား ( ထိုင်း ) ကို ရှမ်းလို့ခေါ်ပါတယ်။ ထိုင်းမှာ သွားအလုပ်လုပ်ရင် ရှမ်းကမ်းမှာ အလုပ်သွားလုပ်တယ်လို့ ပြောကြတယ်။ “ရှော်” ဆိုတာကတော့ စွန့်ပစ်တာ သို့မဟုတ် တနေရာမှာ ခဏသွားထားတာကို ဆိုလိုတာပါ။
တနင်္သာရီကမ်းရိုးတန်းကလူတွေ ရှမ်းကမ်းသွား အလုပ်လုပ်ကြတာ အရင်ကတည်းကပါပဲ။ အရင်ကတော့ ယောင်္ကျားသားတွေသာ သွားလေ့ရှိပြီး၊ နောက်ပိုင်း မိန်းကလေးတွေပါ ပါလာတယ်။ လုပ်ကြတဲ့ အလုပ်ကလည်း မျိုးစုံပေါ့။ ရေကြည်ရာ မြက်နုရာ သွားပြီး အိမ်ကို မှန်မှန် အဆက်အသွယ် လုပ်တဲ့လူတွေ ရှိသလို၊ စာမလာသတင်းမကြား “လားလာမျော” တွေလည်း ရှိလေရဲ့။
ပြေပြေလည်လည် ရှိသူတချို့ ရွာပြန်လာပြီး၊ ဘတ်ကြိုးနဲ့ ဆိုင်ကယ်တ၀ီဝီ နဲ့၊ တိုက်ဆောက်လိုက် ဥယျာဉ်ခြံဝယ်လိုက် ဖြစ်ထွန်း လာတာကို အားကျသူများက၊ သူတို့လည်း ပြေလည်လာနိုးနဲ့ ရှမ်းကမ်း ဆင်းကြ မလေးကူးကြ ဖြစ်လာတယ်။ ထိုင်းမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတွေထဲမှာ၊ တနသာင်္ရီ ကမ်းရိုးတန်းက လူတွေ အများဆုံးဖြစ်မှာပါပဲ။ တချို့ရွာကလူတွေဆို အဆင်ပြေသလို ကိုယ့်ရွာသားတွေကို လှမ်းခေါ်ကြရင်း၊ တရွာတည်းသားတွေ စု နေသလိုမျိုးကို ဖြစ်နေကြတယ်တဲ့။ မလေးရှားမှာလည်း ဒီအတိုင်းပဲ။
လူပျိုအပျိုတွေ တဘက်နိုင်ငံမှာ သွားအလုပ်လုပ်ကြရင်း အိမ်ထောင်ကျလာကြတယ်။ သားသမီး ရလာတော့ ရွာပြန်လာပြီး၊ မိအိုဖအို အဘိုးအဘွား ကြီးတော် အဒေါ်တွေမှာ ပြန်လာအပ်ကြတယ်။ ခင်ပွန်းသည်က အလုပ်သွားလုပ်တယ်။ ဇနီးသည်က လိုက်သွားတယ်။ ကလေးတွေကို အပ်ထားခဲ့တယ်။ အဲဒီလို ရွာမှာ ပြန်လာအပ်ထားခဲ့တဲ့ ကလေးတွေကို “ရှမ်းရှော်” လို့ ခေါ်ကြတာပါ။ အဖေ အမေ တွေက ရှမ်းကမ်းရောက်နေလို့ ရွာမှာ လာထားတဲ့ ကလေးတွေ၊ တနည်းအားဖြင့် မိဘရင်ခွင်မှာ မနေကြရတဲ့ ကလေးတွေပေါ့။
ဒီ ကလေးတွေကို လက်ခံကျွေးမွေးထားတဲ့ အိမ်ကလူတွေ အဘိုးအဘွားတွေရဲ့ အဓိအလုပ်က ဖုန်းမျှော်တာ ဖြစ်လာတယ်။ ရှမ်းကမ်း အလုပ်သွားလုပ်တဲ့လူက ငွေလွဲပေးတဲ့ ဖုန်းကို လတိုင်းမျှော် ကြရတယ်။
‘ရှမ်းရှော် နဲ့ ဖုန်းမျှော်’ သတဲ့။
“တချို့လည်း အဖော်ကောင်းလို့ မိန်းကလေး အလုပ်ရတာ မြန်လို့ မိန်းမက အရင်သွားတယ်။ ယောင်္ကျားနဲ့ ကလေးကို ရွာမှာ ထားခဲ့တယ်။ သူက ငွေပို့တာပေါ့။ နောက်တော့ ငွေမလာပဲ ‘ယောင်္ကျားမရှိရင် အဆင်မပြေဘူး အမြန်လိုက်လာခဲ့ပါ’ မှာရော။ သူ့ယောင်္ကျားကလည်း ကလေးတွေနဲ့မို့ ချက်ချင်း ဆင်း လိုက်မသွားဘူး။ များ မကြာဘူးဟေ့။ ဟိုမှာ နောက်အိမ်ထောင် ပြုလိုက်ပြီလို့ ဖုန်းလာတော့တာပဲ။ အခု ငါတို့ရွာက ယောင်္ကျားတွေ သောက်စားမူးရူးပြီး မိသားစုကို ရှာမကျွေးရင် မိန်းမတွေက အကုန်ပစ်ထားခဲ့ပြီး ရှမ်းကမ်း ဆင်းသွားမယ်။ နောက်အိမ်ထောင် ပြုလိုက်မယ် ဘာ ညာ နဲ့ ၀ိုးတိုးဝါးတားစိန်ခေါ်သံတွေ ကြားလာရတယ်။”
ဒီလိုစကားသံမျိုးကို ကျွန်မတို့ ရွာ လူအဖွဲ့အစည်းမှာ ကြားလာရတာ ထိတ်လန့် အံ့သြစရာ။
“တို့ရွာမှာတော့ မြေးထိန်းပေးမှ ထမင်းစားရမဲ့ ဘ၀ ရောက်နေကြပြီ။ ရှမ်းကမ်းမှာ အိမ်ထောင်ကျပြီး ကလေးရရင် မိဘအိမ် လာ ရှော်ပြီး လင်မယား နှစ်ယောက်လုံး ရှမ်းကမ်း ပြန်ဆင်းသွားရော။ ဒီလိုနဲ့ ဘိုးဘွားတွေ အိုကြီးအိုမ အရွယ်ရောက်မှ ဘုရားကျောင်းကန် မသွားနိုင်ဘဲ ရှမ်းရှော်မြေး၊ မလေးရှော် မြေးတွေ ထိန်းနေရပြီး ပိုက်ဆံပို့ပေးမဲ့ ဖုန်းကို လတိုင်း မျှော်ကြရတာပေါ့”
လူမှန်း မသိတတ်တဲ့အရွယ်ကတည်းက ပြန်လာ ရှော် ထားလို့ အဖေ အမေကို ကောင်းကောင်း မမှတ်မိပဲ၊ အဘိုးအဘွားတွေကိုသာ ခင်တွယ်နေတဲ့ ကလေးတွေလည်း ရှိတယ်။ တချို့ကတော့ ယောကျာင်္းက အလုပ်သွားလုပ်နေရင်း၊ စာမလာ သတင်းမကြား ငွေမပို့တာကြာလို့ မိန်းမက ထပ်လိုက်သွားရတော့ အသက် ၆ နှစ် ရ နှစ် ကလေးတွေကို၊ အဘိုးအဘွားနဲ့ အပ်ထားခဲ့တာမျိုးလည်း ရှိကြတယ်။
မွေးကတည်းက ခွဲနေရသော ကလေးများအဖို့ မသိသာလှပေမဲ့ ခြောက်နှစ် ခုနှစ်နှစ်လောက်မှ ချန် ထားရစ်ခဲ့ရသော ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြသနာများ ကြုံလာရပါတယ်။ အရင်က စာလိုက်နိုင်သောကလေးများ ရုတ်တရက် စာမလိုက်နိုင်တော့ခြင်း၊ တွေဝေငေးမောပြီး အပြုံးအရယ် နည်းလာခြင်း၊ ခဏ ခဏ ဖျားနာခြင်း၊ ကျောင်းနေဖက်သူငယ်ချင်းများနဲ့ ရန်ဖြစ်လာခြင်း၊ အဘိုးအဘွားများ အလိုလိုက်ပြီး မုန့်ဖိုး အပေးများသဖြင့် အရွယ်နှင့်မလိုက်အောင် ပိုက်ဆံ သုံးတတ်/တောင်းတတ်လာခြင်းတွေ ဖြစ်လာပြီး၊ ဒီကလေးတွေကို နားမလည်နိုင်တဲ့ ဆရာ ဆရာမများနဲ့ ကြုံကြိုက်လို့ ဆူပူကြိမ်းမောင်းလာတဲ့အခါ ကျောင်းမပျော်တော့ခြင်း၊ ကျောင်းပြေး လာခြင်း အထိ ဖြစ်လာပါတယ်။
ကျွန်မတို့ မြို့နယ်က ရွာတိုင်းလိုလို ဒီပြသနာကို ကြုံနေရပါတယ်။
‘ရှမ်းရှော်များလို့ စာသင်ရတာ အခက်အခဲများတယ်။ မိဘရင်ခွင်နဲ့ ကင်းကွာနေတဲ့ ကလေးတွေဟာ ပျော်ပျော်ရွှင်ရွှင် မရှိပဲ၊ မှုန်တေတေနဲ့ စာကိုလည်း စိတ်မ၀င်စားကြဘူး။ သူတို့မိဘ ပြန်လာမဲ့အချိန်ကိုသာ မျှော်နေကြတယ်’ လို့ ဆရာမကြီးတဦးက ပြောပြပါတယ်။
ရှမ်းရှော်ကလေးတွေရဲ့ ပြသနာကို ကုစားမဲ့ဆေးက ‘သူတို့အမေတွေ ရွာပြန်လာခြင်း’ ဖြစ်ပါတယ်။ အမေ ပြန်လာရင် သိသိသာသာ ရွှင်လန်းလာတတ်ကြပြီး စိတ်အခြေအနေ ပုံမှန် ဖြစ်လာ တတ်ကြတယ်လို့ ဆရာမက ဆက်ပြောပြပါတယ်။
“နွေကျောင်းပိတ်ရင် ကလေးတွေ ရှမ်းကမ်း ပြန်ခေါ်သွားပြန်ရော။ ကျောင်းဖွင့်ရင် တချို့ ပြန်လာပို့ကြတယ်။ တချို့လည်း မိဘနဲ့မခွဲနိုင်ဘူးဆိုကာ ကျောင်းကို ပြန်မလာတော့ဘူး”
တဘက်နိုင်ငံမှာ မွေးလာတဲ့ ကလေးတွေကို မွေးစာရင်း၊ သန်းခေါင်းစာရင်း ထည့်သွင်းရင်လည်း အခက်အခဲ ရှိကြသလို မှတ်ပုံတင်လုပ်တဲ့အခါမှာလည်း အရစ်ခံကြရ၊ တောင်းတာများလို့ စိတ်ဒုက္ခရောက်ကြ ဇာတ်လမ်းတွေလည်း ကြားမိပါတယ်။ တချို့လည်း ရွာကို ပြန်မလာတော့ သူတို့ကလေးတွေ မြန်မာနိုင်ငံသား အဖြစ် မှတ်ပုံတင်ထားခြင်းလည်းမရှိ၊ ထိုင်းနိုင်ငံသားလည်း မဖြစ်နဲ့ နိုင်ငံပျောက်ကုန်ကြပါတယ်။ ကျွန်မအမ ၀မ်းကွဲတယောက်ဆို ပြန်မလာတော့တာ နှစ် ဆယ်ချီနေပြီ။
သူ့ကလေးတွေဆို နိုင်ငံပျောက်သူတွေ ဖြစ်နေကြပြီ။
လတိုင်းမှန်မှန် ဖုန်းလာ ပိုက်ဆံပို့နေရင် မထောင်းထာလှပေမဲ့ လေး ငါး လမှတခါ ပိုက်ဆံပို့ရင် အိမ်က အဘိုးအဘွားတွေ မသက်သာတော့ပါ။ ကိုယ်တိုင် ၀င်ငွေကလည်း မရှိတော့ ငွေ ချေးငှားရ၊ ဖုန်းလာလို့ ပိုက်ဆံရရင် ပြန်ဆပ်ရ၊ နောက် တဖန် ထပ်ယူလိုက်ရနဲ့ လုံးချာလည် နေရတော့တယ်။
‘ဆိုင်ကြွေး ဖုန်းလာမှ ပေးမယ်နော်’ ‘သူ့အမေ ပိုက်ဆံပေးလိုက်ရင်ပေးမယ်။ ခု တရက်နှစ်ရက်အတွင်း ဖုန်းလာမယ်ထင်တယ်’ ဆိုတဲ့စကားတွေဟာ ရှမ်းရှော်ရှိတဲ့ ငွေကြေး အဆင်မပြေတဲ့ အိမ်တိုင်းက ပြောရတဲ့ စကား ဖြစ်လာတယ်။
ဥပုသ်နေ့တွေမှာ အဘိုးအဘွားတွေနဲ့အတူ အသက် သုံးလေးနှစ် ရှမ်းရှော်လေးတွေ ဘုန်းကြီးကျောင်းကို လိုက်လာတတ်ကြတယ်။ ဘုန်းကြီး သီလပေးရင် လူကြီးတွေ ဆိုပြီး အတန်ကြာမှ သြကာသ လိုက်ဆိုတဲ့ ကလေးသံများကြောင့် ဥပုသ်သည်များ ပြုံးရ သနားရ နဲ့။ ‘ကျွန်မတို့ ဘုန်းကြီှးကျောင်းမှာ ဥပုသ်နေ့တိုင်း ကြုံနေရတာ’ လို့ ညီမဖြစ်သူ ပြောပြတယ်။
ကျေးလက်တောရွာမှာ ကြီးပြင်းလာတဲ့ ကျွန်မတို့ရဲ့ ငယ်ဘ၀ဟာ အင်မတန် ပျော်စရာကောင်းခဲ့လို့၊ အခု ရွာက ကလေးတွေ ပျော်ပျော်ရွှင်ရွှင် မရှိတာ ကြားရတော့ စိတ်မချမ်းသာလှဘူး။ မိဘတွေ ကွယ်လွန်ခဲ့ရင်တော့ ကံအကြောင်းလို့ ဖြေလို့ရပေမဲ့ မိဘတွေ အသက်ရှင်ရက် ရှိနေသားနဲ့ အတူမရှိ ခွဲခွာနေထိုင်ကြီးပြင်းတာ မြင်ရတော့ နည်းနည်းမှ စိတ်မချမ်းသာဘူး။
ရွာကို ဘာလို့ စွန့်ခွာကြသလဲ၊ ကလေးတွေကို ဘာလို့ ရှော်ထားခဲ့သလဲ မေးခွန်းတွေ လိုက်လာရင် စားဝတ်နေရေးအတွက် ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်း လုပ်ကိုင်ရလို့ပါ လို့ ဖြေလိုက်ရုံနဲ့ ပြီးမှာလား။ ပြောရရင် ကိုယ့်မြေမှာ ရေမှ မကြည်တာကိုး။
မကြည်တဲ့အပြင် နွေဆို တနှစ် မိုးရေချိန်လက်မ နှစ်ရာကျော် ရွာနေတဲ့ အမြဲစိမ်းတောဖြစ်ရက်နဲ့ ရှားလိုက်တဲ့ ရေ။ ရေပေါတဲ့ အရပ်ကို ထွက်ခွာကြမှာပဲ။ တရက်လုပ်ခ သုံးလေးဆ ရနိုင်မဲ့ အရပ်ကို ထွက်သွားကြမှာပဲ။
အရင်တခါက ထိုင်းနယ်စပ် ကားလမ်းပွင့်လာလို့ ထားဝယ်ဒေသက စိုက်ပျိုးရေးသမားတွေ အထိနာနိုင်တဲ့ အကြောင်းကိုရေးတော့၊ ပြသနာတခုကို ရေးပြ/ပြောပြတိုင်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းကိုပါ တခါတည်း ထည့်ရေးပါလို့ လူတယောက် လာပြောဖူးတာကို ပြန် အမှတ်ရမိတယ်။ ဘာပြောရမှန်းတောင် မသိဘူး။
တအား ရယ်ပစ်လိုက်ချင်တယ်။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ထည့်ရေးရုံနဲ့ လူမှုစီးပွားပြသနာများ ပြေလည်သွားမယ်လို့ ထင်နေတာနဲ့ တူတယ်။ ဖြေရှင်းနိုင်ဖို့ နည်းလမ်း ရှိတယ်ဆိုရင်တောင်မှ အကောင်အထည်ဖော်ဖို့ အခင်းအကျင်းလိုတယ် ဆိုတာကို သဘော မပေါက်ရှာဘူး။ ပြီးတော့ အဲလိုရေးရအောင် ကျွန်မက လူမှုစီးပွားပညာရှင်လည်း မဟုတ်။ ဖြေရှင်းတဲ့နည်းလမ်းဆိုတာကလည်း အလုပ်ဖြစ်တဲ့ နည်းလမ်း ဟုတ်မဟုတ် ဘယ်သူက သိမလဲ။
ဆင်းရဲမွဲတေမှု လျော့ချဖို့ ငွေတွေ ထုတ်ချေးကြတယ်။ ချေးငွေရတော့ မဟုတ်တဲ့နေရာမှာ ပျော်ပျော်ကြီး သုံးကြတယ်။ ရင်းနှီးလုပ်ကိုင်စားလို့ မရတဲ့ အသုံးအဆောင်တွေ ၀ယ်ကြတယ်။ ထုတ်ချေးတဲ့ငွေဟာ တနေ့ ပြန်ဆပ်ရမယ်ဆိုတာကို မေ့နေတယ်။ ပြန်ဆပ်ချိန်လည်းရောက်ရော အပြင်က အတိုးကြီးနဲ့ ပြန်ဆွဲကာ ဆပ်ရတယ်။ နဂိုက အကြွေးနည်းနည်းပဲ တင်နေတဲ့ဘ၀တွေ အကြွေးများများ တင်တဲ့ ဘ၀ ရောက်ကုန်ကြတယ်။
စာရွက်ပေါ်မှာတော့ ဆင်းရဲမွဲတေမှု လျော့ချရေး ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ တိုးပွားရေးတောင် ဖြစ်သွားတယ်။ အခြေခံ အလုပ်အကိုင် အခွင့်အလမ်းကို မဖန်တီးပေးနိုင်ပဲ တပွဲထိုးငွေယားလေး ထောက်ပံ့လိုက်ရုံနဲ့ ပွဲ ပြတ် မယ် လို့ ထင်ကြတယ်နဲ့ တူပါရဲ့။ လူမှုစီးပွားပြသနာများကို ကိုင်တွယ်ဖြေရှင်းဖို့ အခင်းအကျင်း၊ အချိန်ကာလ၊ အကောင်အထည် ဖော်ဆောင်သူများရဲ့ စီမံခန့်ခွဲမှု၊ စိတ်ရင်းဂုဏ်သိက္ခာအခြေခံ အဖက်ဖက်က ပြည့်စုံပါမှ ဆိုတာ မေ့နေကြသလား။ မသိချင်ယောင်ဆောင်နေကြသလား။
ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်လာဖို့ဆိုတာ နေရပ်မှာ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက် ရှိသလဲ အရင်ကြည့်ကြမှာ။ ပညာတတ်တွေ ကိုယ်တိုင်တောင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုဆိုတဲ့ အကြောင်းပြချက်ကြောင့် ပြည်တွင်းမှာ မရှိကြတာ နှစ် ဆယ်ချီနေခဲ့ပြီ။ ကိုယ်တိုင်ကကော ရွာပြန် အလုပ်လုပ် နေနိုင်လို့လား။ မြို့ပြမှာမနေချင်ဘူး ရွာပြန်ချင်တယ်သာ ပါးစပ်ဖျားလေးနဲ့ ရေရွှတ်နေတာ တကယ်တန်း အလုပ်အကိုင် အခွင့်အလမ်းအရ ရွာကို မပြန်နိုင်ဘူး။
ပြောရင်း စိတ် မောလာပြီ။ ရှမ်းရှော်လေးတွေအတွက် အကောင်းဆုံးဆေးဟာ ‘သူတို့အမေတွေ ရွာပြန်လာခြင်း’ ဆိုတော့ကာ၊ အမေတွေပါမက အဖေတွေပါ ရွာပြန်လာနိုင်တဲ့ အခြေအနေ အခင်းအကျင်း တရပ်ကို မျက်ဝါးထင်ထင် မြင်ခွင့်ရှိပါစေလို့သာ မျှော်လင့်မိတော့တယ်။
မေကြည်
၂၀၁၃၀၈၁၉
{ ကိုကြီး နဲ့ စိုး သို့ ကျေးဇူးများစွာဖြင့် }
No comments:
Post a Comment