Wednesday, August 21, 2013

ခွေးရူးရောဂါ(သို့မဟုတ်)သေမိန့်



ရေးသားသူ- ရဲနောင်၊နန်းအောင်

သြဂုတ်လလယ် နေ့လယ်ခင်းတစ်ခုတွင် ရန်ကုန်ဆေးရုံကြီးအတွင်း ပေနှစ်ဆယ်ပတ်လည်ခန့်ရှိသော သီးသန့်လူနာများထားရာ အခန်းရှေ့၌ တာဝန်ကျသူနာပြုဆရာမလေးက “မနေ့က သုံးနှစ်အရွယ်ကောင်လေးတစ်ယောက် ဆုံးသွားတယ်။ ဒီနေ့ခုနစ်နှစ်အရွယ် ကလေးတစ်ယောက် ထပ်ရောက်နေပြန်ပြီ”ဟု ကရုဏသက်သောလေသံဖြင့် ခပ်တိုးတိုးလေးပြောသည်။

အဆိုပါအခန်းငယ်လေးသည် ရောက်ရှိလာသော လူနာများ၏ ကျန်းမာရေးသတင်းနှင့်ပတ်သက်၍ မိသားစုဝင်များ၊ မိတ်ဆွေများအား စိတ်မချမ်းမြေ့ဖွယ်ရာများကိုသာ ပေးလေ့ရှိသည့် ခွေးရူးပြန်ရောဂါကူးစက်ခံသူများကိုသာ သီးသန့်ထားသောအခန်းပင်ဖြစ်သည်။

ရောဂါကူးစက်လျှင် ရာနှုန်းပြည့်သေဆုံးသည်ဟု မကောင်းသည့်ဂုဏ်ပုဒ်ဖြင့် ထင်ရှားသည့် ခွေးရူးပြန်ရောဂါကြောင့် ဆေးရုံများ၏ သီးသန့်လူနာခန်းများနှင့် ဆေးရုံသို့မရောက်ဘဲ မိမိတို့၏နေအိမ်များ၌ ဘ၀၏နောက်ဆုံးအချိန်ကို ဖြတ်သန်းရသူ ကိန်းဂဏန်းများသည် လည်း မြန်မာနိုင်ငံ၌ မြင့်မားလျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၏ စာရင်းအရ လူဦးရေတစ်သန်းလျှင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု ၂၂ ယောက်နှုန်းအထိရှိနေသော မြန်မာနိုင်ငံသည် အဆိုပါရောဂါ အဖြစ်များဆုံးနိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေခြောက်သိန်းခန့်မှာ ခွေးကိုက်ခံနေရသည်ဟု ဖော်ပြထား၏။

ခွေးရူးပြန်ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ရန်၊ လျှော့ချပစ်နိုင်ရန် နိုင်ငံ၏ သက်ဆိုင်ရာတာဝန်ရှိဌာနများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးသည် အထူးလိုအပ်လျက်ရှိသည်ဟု အဆိုပါရောဂါနှင့်စပ်လျဉ်း၍ ကျွမ်းကျင်သောပညာရှင်များကပြောသည်။

“အခုလက်ရှိတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပကအဖွဲ့အစည်းတွေ၊ ပြီးတော့ အစိုးရပိုင်းနှင့် ပညာရှင်တွေအားလုံး ပူးပေါင်းဖို့လိုနေပါပြီ”ဟု ခွေးရူးပြန်ရော ဂါ ဖြစ်ပွားမှုထိန်းချုပ်ရေးအတွက် တိရစ္ဆာန်ဆေးကုဆရာဝန်များ အဖွဲ့(မန္တလေး) မှ ဒေါက်တာကျော်ထင်ကပြောသည်။

ခွေးများအတွက် မှတ်ပုံတင်ပြုလုပ်၍ စာရင်းအတိအကျပြုစုခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ခွေးကောင်ရေ ထိန်းချုပ်စီမံရေးတို့ သည် နိုင်ငံတော်မူဝါဒတစ်ခုအောက်တွင် တညီတညွတ်တည်းဖြင့် တင်းတင်းကျပ်ကျပ်ဆောင်ရွက်ရမည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ခွေးရူးပြန်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များတွင် ဖော်ပြနေ၏။

မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ခွေးလေခွေးလွင့်ထိန်းချုပ်ရေးအတွက် အသားလုံးပစ်၍ ရှင်းလင်းခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန က ခွေးရူးပြန်ရောဂါကာကွယ်ဆေးထုတ်ပေးခြင်း၊ ပြည်တွင်းအဖွဲ့အစည်းအချို့က တတ်နိုင်သမျှဖြင့် ခွေးလေခွေးလွင့်များအား ကာကွယ်ဆေးထိုးပေးနေခြင်း၊

လူပုဂ္ဂိုလ်အချို့က ပိုင်ရှင်မဲ့ခွေးများအတွက် ထိန်းသိမ်းရေးဂေဟာ များ ပြုလုပ်ဆောင်ရွက်နေခြင်းစသည့်တို့ကို ပြုလုပ်နေကြသော်လည်း အားလုံးပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောရန်မှာ အလွန်ခက်ခဲသောအခြေအနေတစ်ခုဖြစ်ပါသည်။

အိမ်နီးချင်းထိုင်းနိုင်ငံ၌ တစ်နှစ်လျှင်လူဦးရေ လေးသိန်းခန့် ခွေးကိုက်ခံနေရသော်လည်း ပျမ်းမျှလူတစ်သန်းတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားသူမှာ တစ်ယောက်ပင်မပြည့်ဘဲ အဆိုပါရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ တစ်နှစ်လျှင် ၂၅ ယောက်အောက်ရှိနေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စက်တင်ဘာ ၂၈ ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့(World Rabies Day) ခေါင်းစဉ်အောက်တွင် သက်ဆိုင်ရာတာဝန်ရှိဌာနများ၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကောင်းတစ်ခုဖြစ်၏။

“ခွေးလေခွေးလွင့်ပြဿနာကို စည်ပင်သားသတ်ဌာနကပဲ ကိုင်တွယ်ဖြေရှင်းနေရတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း ပူးပေါင်းမှုအားနည်းတယ်။ ခွေးတွေမှတ်ပုံတင်တာ၊ ကာကွယ်ဆေးထိုးတာ စတာတွေအားလုံးက အကုန်လုံးပေါင်းပြီးလုပ်မှရ မယ်”ဟု မွေးမြူရေးနှင့် ကုသရေးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးကပြောသည်။

မက္ကဆီကိုနိုင်ငံတွင် ငါးနှစ်စီမံကိန်းဖြင့် နိုင်ငံအတွင်း ရှိ ခွေးလေခွေးလွင့်မကျန် ကာကွယ်ဆေးထိုးခြင်းကို ပြုလုပ်ခဲ့ ရာ ဖြစ်ပွားမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။ တစ်နှစ်လျှင် သေဆုံးမှု ၆၀ ကျော်မှ ၂၀ ကျော်အောက်သို့ ရောက် သွားခဲ့ခြင်းသည် ဥပမာကောင်းတစ်ခုဖြစ်သည်။

ခွေးတစ်ကောင်အား ကာကွယ်ဆေးထိုးလျှင် ကျပ်ငွေသုံးထောင်မှ ငါးထောင်ခန့်သာ ကုန်ကျပြီး လူတစ်ဦးလျှင် အဆိုပါရောဂါကာကွယ်ဆေးမှာ ခြောက်သောင်းခန့် ကျသင့်မည်ဖြစ်သည်။

တစ်နှစ်လျှင် ခွေးကိုက်ခံရသူ ခြောက်သိန်းခန့်ရှိသော မြန်မာနိုင်ငံတွင် အကိုက်ခံရသူများအားလုံးကို ကာကွယ်ဆေးထိုးပါက အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကုန်ကျမည်ဖြစ်သည်။

“တစ်နိုင်ငံလုံးအနေနဲ့က ခွေးကောင်ရေအတိအကျ ကောက်ထားတာမရှိပါဘူး။ ဒါပေမယ့် ဘယ်အရာကို အဓိကထားရမလဲဆိုတာ ပေါ်လွင်နေပါတယ်။

ဆေးထိုးရင်နောက်က Registration (မှတ်ပုံတင်)တာတို့၊ ခွေးကောင်ရေ ထိန်းချုပ်တာတို့ပါ တစ်ဆက်တည်းလုပ်ဖို့လိုတယ်”ဟု အင်းစိန်မြို့နယ် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးက ရှင်းပြသည်။

မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ်က ခွေးလေခွေးလွင့် ၂၁၄၆ ကောင်အား ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် အကောင်ရေ ၅၀၀ ထိုးပြီးဖြစ်သည်ဟု တိရစ္ဆာန်ဆေးကုသဆရာဝန်များအဖွဲ့(မန္တလေး)ထံမှ သိရသည်။

သို့သော် ယခုကဲ့သို့ တစ်နိုင်တစ်ပိုင် သီးသန့်ပြုလုပ်နေသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိုင်းယှဉ်ပါက ရာနှုန်းပြည့်နည်းပါးနေ သည်ဟု တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ ခင်မောင်ထွေးကပြောသည်။

ထို့အပြင် ခွေးကောင်ရေထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံအများစုတွင် အကန့်အသတ်များရှိနေပြီး သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်မှုတွင် အားနည်းနေသည်ဟု ကမ္ဘာလုံးဆိုင်ရာ ခွေးရူးပြန်ရောဂါ ထိန်းချုပ်ရေးအဖွဲ့(Global Alliance For Rabies Control)၏ အစီရင်ခံစာက ဖော်ပြနေ၏။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနအနေဖြင့် အမဲသားကို အဆိပ်ခတ်၍ တစ်လလျှင် ခွေးလေခွေးလွင့် ၂၅၀၀ ခန့် ရှင်းလင်းပေးနေရသည် ဟုဆိုသည်။

သို့သော် နှစ်ပေါင်းများစွာကျင့်သုံးခဲ့သော အဆိုပါနည်းလမ်းဟောင်းသည် အခြားသော ပူးပေါင်းဆောင်ရွက်မှုများ မရှိခြင်းက တစ်နိုင်ငံလုံးအတိုင်းအတာအရ ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးတွင် အောင်မြင်မှုအားနည်းစေခြင်းဖြစ်သည်။

“စည်ပင်က အမဲသားပစ်ပြီးရှင်းရင် ခွေးတွေကိုသနားတယ်။ ဒါပေမဲ့ ဈေးထဲမှာက ပိုင်ရှင်မရှိတဲ့ခွေးတွေက အကောင် ၂၀ လောက်ရှိတယ်။

သနားပေမယ့် ခွေးကိုက်ခံရမှာတော့ တော်တော်ကြောက်တယ်”ဟု လှိုင်မြို့နယ် ရပ်ကွက်ဈေးတစ်ခုရှိ အသက် ၅၀ ကျော်အရွယ် ပန်းရောင်းသူအမျိုးသမီးကြီးတစ်ဦးကပြောသည်။

နိုင်ငံသားအများစုကိုးကွယ်သော ဗုဒ္ဓဘာသာအဆုံးအမအ ချို့ကြောင့် ခွေးလေခွေးလွင့်ထိန်းချုပ်၊ ရှင်းလင်းရေးမှာ ဝေဖန်ခံရ မှုရှိနေသော်လည်း ၎င်းတို့မှာတစ်ဆင့် ဖြစ်လာမည့် ခွေးရူးပြန်ရောဂါ၏ ဆိုးရွာမှုကို မည်သူမျှအတိအကျမသိရှိကြပေ။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ခန့်မှန်းမှုအရ မြန်မာနိုင်ငံရှိ ခွေးကောင်ရေ၏ ၇၅ ရာခိုင်နှုန်းမှာ ခွေးရူးရောဂါပိုးရှိနေသည်။

အဆိုပါရောဂါကြောင့် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ ၂၀၅ ဦး သေဆုံးပြီး ၂၀၁၂ ခုနှစ်တွင် ၂၄၀ ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

သို့သော် ဆေးရုံဆေးခန်းသို့မရောက်ရှိဘဲ သေဆုံးခဲ့သော အရေအတွက်မှာ အဆိုပါကိန်းဂဏန်းများထက် အနည်းဆုံးနှစ်ဆကျော်များနေမည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းကြသည်။

ပြီးခဲ့သည့်ဧပြီလအတွင်းက မန္တလေးတိုင်း၌ ခွေးရူးပြန်ရောဂါ ကူးစက်ခံထားရသော အိမ်မွေးခွေးအကိုက်ခံရမှုကြောင့် တစ်နေ့တည်းမှာပင် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရသည်။

“အစ်မယောက်ျားဆုံးတော့ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်နေခဲ့တယ်။ မသေခင်တစ်ချက်တစ်ချက် လူစိတ်ဝင်လာတဲ့အခါကျရင် သူ့သားသမီးတွေကို ခွေးတွေနဲ့ ဝေးဝေးနေဆိုတာကိုပဲမှာတယ်”ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက လွန်ခဲ့သောငါးနှစ်ခန့်က ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သော ခင်ပွန်း၏ နောက်ဆုံးခရီးစဉ်အကြောင်းကို ပြောပြသည်။

ခွေးရူးပြန်ရောဂါသည် အာရုံကြောဆဲလ်များကို ဖျက်ဆီးသည့် Rabies ဗိုင်းရပ်စ်ကြာင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးရှိသော လူ၊ ခွေး၊ ကြောင်၊ အိမ်မွေးတိရစ္ဆာန်များအကိုက်ခံရခြင်း၊ ခွေးနှင့် ကြောင်၏သွားရည်မှတစ်ဆင့် လူ့အရေပြားပေါ်ရှိ ထိခိုက်ရှနာ၊

ဒဏ်ရာတို့မှတစ်ဆင့် ကူးစက်ခံရနိုင်ပြီး ရောဂါကူးစက်ခံရသူတွင် အဖျားငုပ်နေတတ်ပြီး ခွေးကိုက်ခံရသည့်နေရာ ယားယံနာကျင်ခြင်း၊ ရေကြောက်ခြင်း၊

စိတ်ကယောင်ချောက်ချားဖြစ်ခြင်းနှင့် ခွေးကဲ့သို့ကိုက်ခြင်းလက္ခဏာများပြ၍ တစ်ပတ်အတွင်း သေဆုံးနိုင်ကြောင်း၊ ကာကွယ်ဆေးရှိသော်လည်း ရောဂါဖြစ်ပါက သေဆုံးရန်ရာခိုင်နှုန်းအပြည့်ရှိကြောင်း ခွေးရူးရောဂါကာကွယ်ရေး လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ဆင်းရဲသောမိသားစုများ ဆေးရုံ၊ ဆေးခန်းနှင့် အလှမ်းဝေးသော ဝေးလံခေါင်သီသော ဒေသများ၌ နေထိုင်သူများနှင့် အသက် ၁၅ နှစ်အောက် ကလေးငယ်များသည် ခွေးရူးပြန်ရော ဂါဖြစ်ပွားနိုင်သည့် အခြေအနေပိုများသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စစ်တမ်းပြုစုထားသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ကျန်းမာရေးတက္ကသိုလ် မှ ပြုလုပ်ထားသောစာရင်းများအရ မြန်မာနိုင်ငံရှိ အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ်များသေဆုံးမှုတွင် ခွေး ရူးပြန်ရောဂါကြောင့် ဖြစ်ပွားခြင်းသည် အဆင့် ၁၇ နေ ရာတွင် ရှိနေသည်။

တစ်ရက်လျှင် ပျမ်းမျှဝင်ငွေ နှစ်ထောင်ကျော်သာရှိနေသော မြန်မာနိုင်ငံအတွင်းရှိ မိသားစုများအနေဖြင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတစ်ခါထိုးခြင်းသည် မိမိတို့၏ တစ်လလုပ်အားခ ကုန်ဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် အများစုက ဆေးရုံ၊ ဆေးခန်းများထက် မြန်မာနည်း၊ မြန်မာဟန် ဆေးမန်းသည့်နေရာများဆီသို့သာ အားကိုးတကြီးသွားနေကြမြဲဖြစ်သည်။

“ခွေးရူးတကယ်ကိုက်တယ်ဆိုရင် ဘယ်လိုမန်းမန်းမရဘူးလို့ ပြောလိုက်ပါရစေ။ ကာကွယ်ဆေးထိုးမှရမယ်”ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာနေ၀င်းကပြောသည်။

ကမ္ဘာပေါ်တွင် အဆိုပါရောဂါကြောင့် တစ်ရက်လျှင် လူ ၁၅၀ ခန့် သေဆုံးနေမှုများကြားတွင် မြန်မာနိုင်ငံအနေဖြင့် ခွေးအကိုက်ခံရမှ ကာကွယ်ဆေးထိုးကြမည်လား၊

သို့မဟုတ် ကြိုတင်ကာကွယ်ရေးအနေဖြင့် ခွေးလေခွေးလွင့်ထိန်းချုပ်ရေး၊ မှတ်ပုံတင်စာရင်းပြုစုခြင်း၊ ခွေးများအား ကာကွယ်ဆေးထိုးခြင်းများကို အားလုံးပူးပေါင်းဆောင်ရွက်ကြမည်လားဆိုသည်မှာ မေးခွန်းတစ်ခုအဖြစ်ရှိနေပါပြီ။

ဓာတ်ပုံ- နစ်ကီ
7Day News Journal

No comments: