August 30, 2013 at 2:36pm
အင်္ဂလိပ်
စကားလုံး(Party) ကို မြန်မာလို တိုက်ရိုက် မွေးစားထားတဲ့ “ပါတီ” ဆိုတာဟာ
နိုင်ငံရေးမှာ အရေးပါတဲ့စကားလုံးဖြစ်ပါတယ်။ “နိုင်ငံရေး (သို့) ဒီမိုကရေစီ”
လို့ ပြောလိုက်တာနဲ့ ပါတီဆိုတာကိုတတွဲတည်း သိကြပါတယ်။ “ပါတီ” ဆိုတာကို
အင်္ဂလိပ် အဘိဓါန်မှာ အဓိပ္ပါယ် ဖွင့်ဆိုထားတာကတော့“နိုင်ငံရေးအရ
တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ရွေးကောက်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်ကာအစိုးရဖွဲ့ရန် (သို့) အစိုးရ အဖွဲ့အစည်းတွင်
ဝင်ရောက်လုပ်ကိုင်နိုင်ရန် ရည်ရွယ် ဖွဲ့စည်းသောအဖွဲ့” လို့ အဓိပ္ပါယ်
ပေးထားပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ နိုင်ငံရေး
လုပ်ကိုင်နိုင်ရန်ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ပါတီလို့ အလွယ်
နားလည်နိုင်ပါတယ်။ ပါတီဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်လာပြီဆိုရင်တော့
အဖွဲ့အစည်း ထုံးစံအတိုင်း ဖွဲ့စည်းပုံ၊ ရည်မှန်းချက်၊လုပ်ဆောင်ချက်၊
ပါတီရဲ့ စည်းမျဉ်း စည်းကမ်း၊ ပါတီအဖွဲ့ဝင်၊ ပါတီရံပုံငွေ …
စသဖြင့်ကဏ္ဍအစုံအလင် ရှိကြပါတယ်။ ရည်မှန်းချက်တွေလည်း ကွဲပြားကြပါတယ်။
သို့သော် အားလုံးရဲ့ တူညီချက်ကတော့“နိုင်ငံရေးအရ အာဏာ ရရှိရေး” ကို
ဦးတည်ကြပါတယ်။ဒီနေရာမှာ ပါတီတွေရဲ့ဖွဲ့စည်းပုံတွေကို အဓိက ပြောချင်တာမဟုတ်ပါဘူး။ ပါတီတွေ အကုန်လုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ထဲက နိုင်ငံရေး ပုံသဏ္ဍန်တွေ အကြောင်းကို ဆွေးနွေးချင်တာပါ။ တနည်းအားဖြင့် နိုင်ငံတစ်ခုရဲ့“ပါတီစနစ်” အကြောင်း တင်ပြဆွေးနွေးလိုတာဖြစ်ပါတယ်။ ပါတီတွေရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ“နိုင်ငံရေးအရ အာဏာရရှိရေး” ဖြစ်တာကြောင့် ပါတီတွေ တည်ရှိပုံ၊ ပါတီတွေ ယှဉ်ပြိုင်ကြပုံ၊ပါတီတွေ အစိုးရဖွဲ့ကြပုံတွေဟာ ဒီမိုကရေစီစနစ်ကို အခြေခံပြီး တည်ဆောက်တဲ့ တိုင်းပြည်တွေမှာအရေးပါပြီး လေ့လာသင့်တဲ့ နယ်မြေ တစ်ခု ဖြစ်ပါတယ်။
လွတ်လပ်ပြီးစ မြန်မာနိုင်ဟာပါတီစုံ ဒီမိုကရေစီ နိုင်ငံဖြစ်ခဲ့ပါတယ်။ ၁၉၅၈ အောက်တိုဘာလမှာ ဖဆပလ ပါတီ နှစ်ချမ်းကွဲချိန်မှာဦးနေ၀င်းက အိမ်စောင့်အစိုးရဆိုပြီး တိုင်းပြည် အာဏာကိုသိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၀ဧပြီလမှာ ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရ ပါတီ ဖြစ်တဲ့ သန့်ရှင်းဖဆပလ ပါတီကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ အာဏာသိမ်း အခြေအနေကနေ ပါတီစုံကို ပြန်သွားခဲ့သေးတယ်လို့ ဆိုလို့ရပါတယ်။၁၉၆၂ ခုနှစ်မှာတော့ ဦးနေဝင်း ဦးဆောင်တဲ့ စစ်တပ်က ဒုတိယအကြိမ် တိုင်းပြည်ရဲ့ အာဏာကိုသိမ်းပြီးနောက်ပိုင်းမှာ ပါတီတွေ အကုန်လုံးကို ဖျက်သိမ်းပြီး “တော်လှန်ရေးကောင်စီ”လို့ခေါ်တဲ့ စစ်ကောင်စီနဲ့ တိုင်းပြည်ကို အုပ်ချုပ်ရာကနေ ၁၉၇၄ ခုနှစ်မှာ အခြေခံဥပဒေကို ပြဌာန်းပြီး“မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ ပါတီ)” ကို တည်ထောင်ကာ တိုင်းပြည်ကို တစ်ပါတီစနစ်နဲ့အုပ်ချုပ်ခဲ့ပါတော့တယ်။ ၁၉၈၈ မှာတော့ အများ သိကြတဲ့အတိုင်း ကျောင်းသားအရေးတော်ပုံကနေစလိုက်တာ တပြည်လုံးအုံကြွတဲ့ ၈၈၈၈ အရေးတော်ပုံနဲ့အတူ ဦးနေဝင်း အစိုးရကို ဖြုတ်ချခဲ့ကြပါတော့တယ်။အဲဒီ ၁၉၈၈ ကာလရဲ့ ကြွေးကြော်သံတွေကို ကြည့်ရင် “ဒီမိုကရေစီ ရရှိရေး” “တစ်ပါတီအစိုးရပြုတ်ကျရေး” “ပါတီစုံ ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေး”… စတဲ့ ကြွေးကြော်သံတွေ လွှမ်းမိုးနေတာသတိထားမိမှာပါ။
အထက်ပါ မြန်မာ့သမိုင်းဖြစ်ရပ်တွေကို ကြည့်ရင် “တစ်ပါတီစနစ်” “ပါတီစုံစနစ်” စတဲ့ ပါတီစနစ်တွေဟာ နိုင်ငံရေးမှာ အရေးပါလွန်းတယ်ဆိုတာ မြန်မာ့လွတ်လပ်ပြီးခေတ် သမိုင်းဟာသက်သေအဖြစ် ရေးခဲ့ပြီးပါပြီ။ ဒါကြောင့် ပါတီစနစ်တွေအကြောင်း ပိုပြီး လေးလေးနက်နက် သိဖို့လိုအပ်တယ်လို့ ဆိုရတာ ဖြစ်ပါတယ်။
နိုင်ငံရေးကို လေ့လာတဲ့အခါ“ဒီမိုကရေစီ စနစ်” နဲ့ “ပါတီစနစ်” ဟာ နက်နက်နဲနဲကို ပက်သက် ဆက်နွယ်နေပြီး … ဒီမိုကရေစီစံနှုန်းတွေအရ နိုင်ငံတစ်ခုဟာ ဘယ်လောက်အထိ ဒီမိုကရေစီစနစ်မှာ အားကောင်းသလဲဆိုတာဟာ ပါတီစနစ်တွေနဲ့လည်းတိုက်ရိုက် သက်ဆိုင်နေပါတယ်။
ဒီမိုကရေစီစနစ်ရဲ့အခြေခံအကျဆုံးနဲ့ အရေးအပါဆုံး တန်ဖိုး တစ်ခုဟာ “နိုင်ငံသားတိုင်း နိုင်ငံရေးမှာ လွတ်လပ်စွာပါဝင်ခွင့်နဲ့တန်းတူညီမျှခွင့် အခွင့်အရေး” ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသားတိုင်း နိုင်ငံရေးမှာလွတ်လပ်စွာ ပါဝင်လုပ်ကိုင်နိုင်ဖို့ဆိုတာမှာ နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရဖို့၊ပြည်သူတိုင်း မိမိတို့ ယုံကြည်တဲ့ ပါတီထဲ ပါတီဝင် အဖြစ် ပါဝင်ခွင့်ရဖို့ တွေဟာ အရေးကြီးလာပါတယ်။ဒီအချက်ဟာ ဒီမိုကရေစီ စနစ်အတွက် အခြေခံအကျဆုံး အချက်ဖြစ်တာကြောင့် ပါတီတွေနဲ့ ဒီမိုကရေစီဟာနက်နက်ရှိုင်းရှိုင်း ဆက်သွယ်နေတယ်လို့ ဆိုရတာပဲ ဖြစ်ပါတယ်။ အလွယ်ကူဆုံး ပြောရရင်တော့နိုင်ငံရေး ပါတီတွေ မရှိဘဲ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါ။
ပါတီတွေ ဖွဲ့တဲ့အခါမှာလည်းနိုင်ငံသားတိုင်းအတွက် တန်းတူညီမျှခွင့်ကို ထည့်သွင်းစဉ်းစား လုပ်ဆောင်ရပါတယ်။ ဒါမှဒီမိုကရေစီ စနစ်ပီသမှာ ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်ဟာ ပါတီတစ်ခုကို မကြိုက်လို့ အခြားပါတီကိုထောက်ခံဖို့ (သို့) ပါတီဝင်အဖြစ် ဝင်ရောက်လုပ်ကိုင်ဖို့ (သို့) မိမိကိုင်တိုင် ပါတီတည်ထောင်ခွင့်တွေကိုရွေးချယ်ခွင့် အခွင့်အရေး အဖြစ် ရှိသင့်ပါတယ်။ ရွေးချယ်ခွင့်မရှိဘဲ ပါတီတစ်ခုတည်း ရှိတဲ့စနစ်ဆိုရင် “လွတ်လပ်ခွင့်” “တန်းတူညီမျှခွင့်” ရှိတယ်လို့ ခေါ်လို့ ရနိုင်မယ် မထင်ပါ။အဲဒီအခါ နိုင်ငံတစ်ခုမှာ ပါတီတစ်ခုတည်း ရှိတဲ့ “တစ်ပါတီစနစ်” ဟာ လွတ်လပ်စွာ နိုင်ငံရေးလုပ်ပိုင်ခွင့်၊ တန်းတူညီမျှခွင့်တွေနဲ့ ဆန့်ကျင်ပြီး ပါတီတည်ထောင်ခွင့်ကို တိုက်ရိုက်(သို့) သွယ်ဝိုက်တဲ့ နည်းတွေနဲ့ ကန့်သတ်ထားတာတွေ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ဥပမာ လကရှိ တရုတ်ပြည်နဲ့ ကွန်မြူနစ် ပါတီ၊ ၁၉၇၄ - ၁၉၈၈ အတွင်း မြန်မာပြည်နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ။
တချို့နိုင်ငံတွေမှာတော့တစ်ခုထက် ပိုတဲ့ ပါတီတွေ ရှိပေမယ့် ပါတီစုံ စနစ်လို့ မခေါ်နိုင်ပဲ တစ်ပါတီ စနစ်ဖြစ်နေတတ်တာလည်းရှိပါတယ်။ တစ်ခုထက် ပိုတဲ့ ပါတီတွေ ရှိပေမယ့် ဘာကြောင့် တစ်ပါတီ စနစ်ဖြစ်နေရသလဲ ဆိုတော့ပါတီတစ်ခုတည်းဟာ နိုင်ငံတစ်ခုရဲ့ အာဏာ (၃) ရပ်လုံး (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး)မှာ လွှမ်းမိုး ချုပ်ကိုင်နေတာမျိုး ဖြစ်နေပြီး အခြားသော ပါတီတွေအတွက် အခွင့်အရေး လုံးဝမရှိသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အဆိုပုံစံကိုလည်း ပါတီစုံ စနစ်လို့ မခေါ်ဘဲ တစ်ပါတီစနစ်လို့ သတ်မှတ်ရတာ ဖြစ်ပါတယ်။ ဥပမာ စင်္ကာပူနိုင်ငံနဲ့ ပြည်သူ့လှုပ်ရှားမှု ပါတီလို့ခေါ်လို့ရမယ့် People's Action Party (PAP) ဖြစ်ပါတယ်။ PAP ပါတီဟာ ၁၉၅၉ ကတည်းကနေ အာဏာရရှိလာပြီးဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့မှာ PAP ပါတီတစ်ခုတည်းကသာ လွှမ်းမိုးချုပ်ကိုင်နေတာကြောင့်တစ်ပါတီစနစ်လို့ ခေါ်ရခြင်း ဖြစ်ပါတယ်။ သူ့နောက် ကပ်ရပ်မှာတော့ အလုပ်သမားပါတီလို့ ခေါ်လို့ရမယ့်workers’ party ဟာ ဒုတိယ အင်အားအကြီးဆုံး ဖြစ်ပေမယ့် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့နေရာမှာ PAP ပါတီက စုစုပေါင်း ၈၇ နေရာမှာ ၈၁ နေရာ အနိုင်ရပါတယ်။ PAP ပါတီဟာ စုစုပေါင်းမဲအရေအတွက်ရဲ့ ၆၀.၁၄ % နဲ့ အနိုင်ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ထို့အတူ စင်္ကာပူနိုင်ငံမှာလိုပဲပါတီတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့် ရှိပေမယ့် တစ်ပါတီစနစ် ပုံစံ ရှိတဲ့ နိုင်ငံတွေကတော့တောင်အာဖရိကနိုင်ငံ၊ အီရန်နိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ လက်ရှိ မြန်မာနိုင်ငံ စတဲ့ နိုင်ငံတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။
အထက်ပါ ပုံစံ တစ်ပါတီနိုင်ငံတွေကတော့ဒီမိုကရေစီ စနစ်လို့ ခေါ်ဖို့ ခဲယဉ်းပါတယ်။ သို့သော် မဟုတ်ဘူးလို့လည်း ပြောဖို့ကတော့ခက်ပါတယ်။ သူ့ကို အယောင်ပြ ဒီမိုကရေစီလို့ ခေါ်လို့ ရနိုင်မယ် ထင်ပါတယ်။ သူ့မှာ အယောင်ပြဒီမိုကရေစီ ပုံစံ အပေါ်ယံအချက်တွေ ဖြစ်တဲ့ ပါတီစုံရှိတာ၊ လွတ်လပ်စွာ မဲပေးခွင့်ရှိတာ၊ရွေးကောက်ပွဲရှိတာ၊ လွှတ်တော်မှာ အတိုက်အခံပါတီတွေက လူနည်းနည်းရှိတာ … စတဲ့ ဒီမိုကရေစီလုပ်ထုံး လုပ်နည်းတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး လွတ်လပ်ခွင့် ပြည့်ဝမှုနဲ့တိုင်းရင်တော့ အငြင်းပွားစရာတွေ အများကြီး ရှိလာနိုင်ပါတယ်။ အဲဒီလို ပါတီစုံ ရှိရဲ့သားနဲ့ဘာကြောင့် တစ်ပါတီ စနစ် ရှိနေတာလဲ ဆိုတာကိုတော့ နိုင်ငံတစ်ခုခြင်း သီးခြားလေ့လာရမယ်ထင်ပါတယ်။ယေဘူယျ ချပြီးတော့ ပြောဖို့ အဆင်မပြေနိုင်ပါဘူး။ အခြေခံအားဖြင့်တော့ အဆိုပါ နိုင်ငံတွေဟာပါတီစုံ စနစ်ဖြစ်လာဖို့ အားမပေးတဲ့ အုပ်ချုပ်ရေး စနစ်နဲ့ နိုင်ငံရေး အခြေအနေတွေ ဖြစ်နေလို့ပါပဲ။ဘယ်လိုပဲ ဖြစ်ဖြစ်ပါ တစ်ပါတီစနစ်ဟာ နိုင်ငံသားတွေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် အခွင့်အရေးနဲ့တန်တူညီမျှခွင့်ကို အနည်းနဲ့ အများ ဖယ်ကျဉ်ထားတဲ့ စနစ်ဖြစ်နေတာကြောင့် ဒီမိုကရေစီ စနစ်(စစ်စစ်) အဖြစ် “တစ်ပါတီစနစ်” ကို သတ်မှတ်ကြဖို့ ခက်ခဲပါတယ်။ ပါတီတစ်ခုတည်းက တိုင်းပြည်ရဲ့အာဏာ (၃) ရပ်ကို ချုပ်ကိုင်ထားတာကြောင့် လူနည်းစု လူမျိုးစုတွေရဲ့ မတူတဲ့ အမြင်တွေနဲ့မတူတဲ့ အခွင့်အရေးတွေ ငြင်းပယ်ခံရလေ့ရှိတာကို တစ်ပါတီစနစ် နိုင်ငံတွေမှာ တွေ့ရလေ့ ရှိပါတယ်။
တစ်ပါတီ စနစ်ကို ကြည့်ပြီးတဲ့အခါမှာတော့ ဒီမိုကရေစီ စနစ် (စစ်စစ်) မှာ အနည်ဆုံးတော့ ၂ ပါတီ (သို့) ၂ ပါတီထက် ပိုတဲ့ပါတီတွေ ရှိရမယ်လို့ ဆိုလိုသလို ဖြစ်လာပါတယ်။ ဒီအခါ ၂ ပါတီတည်း ရှိတဲ့ စနစ်ကို ၂ ပါတီစနစ် (two parties system) လို့ ခေါ်ဆို သတ်မှတ်ကြပါတယ်။ ၂ ပါတီဆိုတာဟာ ပါတီတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိလို့ ပါတီတွေ အများကြီး ရှိပေမယ့် ပါတီကြီး ၂ ခုကသာ အစိုးရ ဖွဲ့နိုင်ဖို့၊လွှတ်တော်မှာ အသာစီးရဖို့ သူနိုင် ကိုယ်နိုင် အပြိုင်ယှဉ်ပြိုင်ရတဲ့ စနစ်ကို ၂ ပါတီစနစ်လို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာ ယူကေနိုင်ငံက ကွန်ဆာဗေးတစ်ပါတီ (ConservativeParty) နဲ့ လေဘာပါတီ (Labour Party)၊ အမေရိကန်က ဒီမိုကရက်တ်ပါတီ (DemocraticParty) နဲ့ ရီပါဗလစ်ကန်ပါတီ (Republican Party) တို့ ဖြစ်ကြပါတယ်။ သူတို့နိုင်ငံတွေမှာပါတီ ၂ ခုတည်း ရှိကြတာတော့ မဟုတ်ပါဘူး။ ပါတီ အသေးလေးတွေ ရှိပေမယ့် ပါတီကြီး ၂ ခုတည်းကလွှမ်းမိုးထားတဲ့ အခြေအနေဖြစ်လို့ ၂ ပါတီ စနစ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ သို့သော် လက်ရှိယူကေနိုင်ငံ ပါတီ စနစ်ကိုတော့ ၂.၅ ပါတီစနစ်လို့ ခေါ်လို့ ရမယ် ထင်ပါတယ်။ ပါတီကြီး ၂ခု အပြင် သူတို့လောက် အားမကောင်းပေမယ့် အတော်အသင့်အားကောင်းတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက လက်ရှိ အစိုးရအဖွဲ့မှာ ညွန့်ပေါင်း အစိုးရအဖြစ်နဲ့ ပါဝင်နေလို့ ဖြစ်ပါတယ်။
တစ်ပါတီ စနစ်နဲ့ နှစ်ပါတီစနစ်ရဲ့ အဓိက ကွာခြားချက်ကတော့ အာဏာ အလွှဲအပြောင်းကိစ္စနဲ့ အတိုက်အခံပါတီ ရှိခြင်း ဖြစ်ပါတယ်။တစ်ပါတီ စနစ်မှာ တစ်ပါတီတည်း ကြီးစိုးပြီး တစ်ပါတီတည်းက အုပ်ချုပ်ပါတယ်။ အာဏာကို အခြားပါတီကိုအလွှဲအပြောင်းဆိုတာ မရှိတဲ့ စနစ်ဖြစ်ပါတယ်။ အတိုက်အခံပါတီဆိုတာ မရှိပါ။ ၂ ပါတီ စနစ်မှာတော့နှစ်ပါတီ ရှိပေမယ့် တစ်ပါတီက အုပ်ချုပ်ပြီး၊ အုပ်ချုပ်တဲ့ ပါတီကို ပြည်သူတွေက မထောက်ခံတော့ရင်ရွေးကောက်ပွဲမှာ ပြိုင်ဘက် ပါတီကို တိုင်းပြည်ရဲ့အာဏာ လွှဲပေးရတဲ့ ဖြစ်ရပ်မျိုး ဖြစ်စေတတ်ပါတယ်။ထိုအခါမှာ အာဏာလွှဲပြောင်းပေးလိုက်ရတဲ့ ပါတီဟာ အတိုက်အခံပါတီ ပြန်ပြီး ဖြစ်လာပါတယ်။ဒါကြောင့် ပါတီ ၂ ခုဟာ လူထုရဲ့ ထောက်ခံမှုကို ရအောင် အပြိုင် ကြိုးစားလာရပါတော့တယ်။လူထု ထောက်ခံမှ သူတို့ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ ဒီအခါ ပြည်သူရဲ့ဆန္ဒဟာ နှစ်ပါတီစနစ်မှာ တစ်ပါတီ စနစ်ထက် ပိုပြီး အရေးပါလာပါတော့တယ်။ တစ်ပါတီ စနစ်မှာပြည်သူ ထောက်ခံသည် ဖြစ်စေ မထောက်ခံသည် ဖြစ်စေ အချိန်တန်ရင် တစ်ခုတည်း ရှိတဲ့ပါတီက အုပ်ချုပ်တာဖြစ်တာကြောင့် ပြည်သူရဲ့ ဆန္ဒတွေဟာ အရေးမပါသလို ဖြစ်နေတတ်ပါတယ်။ နှစ်ပါတီ စနစ်မှာတော့ပြည်သူရဲ့ ထောက်ခံမှုရမှ အစိုးရဖွဲ့တာ၊ ဥပဒေပြုတာ လုပ်လို့ ရနိုင်မှာမို့ ပြည်သူ့ထောက်ခံမှုကိုရအောင် ၂ ပါတီက အပြိုင်ကြိုးစားရတာကြောင့် ပြည်သူ့ဆန္ဒဟာ အရေးပါလာပါတယ်။ အနိုင်ရ ပါတီဟာအမှားအယွင်းတွေ လုပ်လာရင် အတိုက်အခံ ပါတီကနေ ထောက်ပြတာကြောင့် အာဏာရပါတီဟာ စိတ်ထင်တိုင်းလုပ်လို့မရဘဲ မိမိ လုပ်ဆောင်မှုတွေကို ဂရုစိုက် တာဝန်ယူလာရပါတယ်။ ဒီအခါ ပြည်သူ့အကျိုးအစစ်အမှန်ကို ရှေးရှု့တဲ့ လုပ်ရပ်တွေကို ပါတီတွေက ကြိုးစား ဆောင်ရွက်လာကြပြီး ပြည်သူသာလျှင်အဓိကဆိုတာမျိုး အနည်းနဲ့အများတော့ ဖြစ်လာပါတယ်။
နှစ်ပါတီ စနစ်အပြင်နှစ်ပါတီတဲ့ ပိုတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ဆိုတာလည်း ရှိပါသေးတယ်။ နိုင်ငံတွင်းမှာ၂ ပါတီထက် ပိုတဲ့ ပါတီတွေက လွှတ်တော်နဲ့ အစိုးရဖွဲ့စည်းရာမှာ ပါဝင်တာမျိုးကို ပါတီစုံ ဒီမိုကရေစီလို့ ခေါ်ဆိုနိုင်မယ် ထင်ပါတယ်။ ပါတီစုံစနစ်မှာလွှတ်တော်တွင်းနဲ့ အစိုးရ အဖွဲ့အတွင်းမှာ ပါတီတွေဟာ အင်အား တစ်ခုနဲ့ တစ်ခု အပြတ်အသတ်အသာစီး မရကြတာကြောင့် ဥပဒေပြုတာမှာ ဖြစ်ဖြစ်၊ အစိုးရဖွဲ့တာမှာ ဖြစ်ဖြစ် ပါတီ တစ်ခုတည်းရဲ့သဘောထားနဲ့ လုပ်လို့ မရတော့ပါဘူး။ ပါတီ ၂ ခု၊ ၃ ခု စုပေါင်းပြီး အစိုးရဖွဲ့တဲ့ ညွန့်ပေါင်းအစိုးရတွေ ဖြစ်လာပါတယ်။ ဥပဒေ တစ်ခု ပြဌာန်းဖို့ ပါတီတွေ အများစုက သဘောတူမှ လုပ်နိုင်တာဖြစ်လာပါတယ်။ နိုင်ငံအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ပါတီတစ်ခုတည်းက လုပ်ချင်တိုင်းလုပ်လို့ မရတော့ပါဘူး။ ပါတီစုံ နိုင်ငံတွေကို စကင်ဒီနေဗီးယန်း နိုင်ငံတွေမှာ အတွေ့များရပါတယ်။ဥပမာ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ … စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ ပါတီတွေဟာမတိမ်းမယိမ်း အနိုင်ရကြပြီး ကိုယ်စားလှယ် အများဆုံးရတဲ့ ပါတီက ဦးဆောင်ပြီး မိမိနဲ့ပါတီမူဝါဒ ကွဲပြားမှု သိပ်မရှိတဲ့ ပါတီတွေနဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့ပါတယ်။ အစိုးရဖွဲ့ရာမှာမပါတဲ့ ပါတီတွေကိုတော့ အတိုက်အခံပါတီတွေလို့ သတ်မှတ်ပါတယ်။ အစိုးရ အဖွဲ့ဟာ ပါတီ တစ်ခုတည်းကဖွဲ့တာ မဟုတ်တာကြောင့် လူတန်းစား တစ်ခု၊ လူမျိုး တစ်မျိုးတည်းကို ကိုယ်စားပြုတာမျိုးမဟုတ်ဘဲ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံကို ကိုယ်စားပြုနေတာမျိုး ဖြစ်တာကြောင့်လူနည်းစုတွေကို ထိခိုက်တာမျိုးတွေကို မလုပ်နိုင်တာမျိုး ဖြစ်လာပါတယ်။
တစ်ပါတီစနစ်၊ ၂ ပါတီစနစ်၊ ပါတီစုံ စနစ်တွေရဲ့ အဓိက ကွာခြားချက်ကို ပြောရမယ်ဆိုရင် တစ်ပါတီစနစ်ဟာ အာဏာရှင်စနစ်ပုံစံနဲ့ ဆင်တူပြီး အာဏာအလွှဲအပြောင်းမရှိဘဲ တစ်ပါတီတည်းက အုပ်ချုပ်၊ တစ်ပါတီရဲ့သဘောနဲ့ လုပ်ချင်ရာ လုပ်တဲ့ စနစ်ဖြစ်ပါတယ်။ တစ်ပါတီစနစ်မှာ အတိုက်အခံဆိုတာ မရှိပါ။၂ ပါတီ စနစ်ကတော့ တစ်ပါတီတည်းက အုပ်ချုပ်ပေမယ့် ရွေးကောက်ပွဲတွေမှာ အာဏာအလှည့်အပြောင်းရှိနိုင်ပြီး ပြည်သူက ထောက်ခံတဲ့ ပါတီက အာဏာရလာနိုင်ပြီး အတိုက်အခံ ပါတီလည်း ရှိတာကြောင့်နိုင်ငံရေးမှာ အားမျှမှု ရှိပါတယ်။ ဒါ့အပြင် ပြည်သူတွေဟာ ၂ ခုထဲက တစ်ခုကို ပြတ်ပြတ်သားသားရွေးချယ်နိုင်ပြီး ပြည်သူက မိမိတို့ပါတီကို ထောက်ခံဖို့ရာ ကြိုးစားရတာကြောင့် ပြည်သူ့ဆန္ဒကိုရှေ့တန်းတင် ဆောင်ရွက်ရတာတွေ ရှိပါတယ်။
ပါတီစုံစနစ်နဲ့ ၂ပါတီ စနစ်ရဲ့ အဓိက ကွာခြားချက်ကတော့ ၂ ပါတီစနစ်မှာ အစိုးရအဖွဲ့ဟာ ပါတီတစ်ခုတည်းကနေဖွဲ့ရတာကြောင့် တိုင်းပြည်အတွက် လုပ်သင့်တယ်ထင်တာကို လုပ်ဆောင်ရာမှာ ထိထိမိမိ အတားအဆီးမရှိလုပ်ကိုင်နိုင်ပြီး လုပ်ငန်းတွေ ပြီးမြောက်အောင်မြင်မှု မြန်ဆန်နိုင်ပါတယ်။ ပါတီစုံမှာတော့အစိုးရဟာ ပါတီ ၂ ခု (သို့) ၂ ခုထက် ပိုတဲ့ ပါတီက လူတွေနဲ့ စုပေါင်းဖွဲ့ထားရတာကြောင့်နိုင်ငံရဲ့ ကိစ္စတွေကို ဆုံးဖြတ်လုပ်ကိုင်ရာမှာ နှေးကွေးတာမျိုးနဲ့ ကြုံရလေ့ရှိပါတယ်။သို့သော် ပါတီစုံ စနစ်ရဲ့ အားသာချက်ကတော့ လူမျိုးတစ်မျိုး၊ အဖွဲ့တစ်ဖွဲ့တည်းက လုပ်ချင်ရာလုပ်လို့ မရတော့ဘဲ အားလုံးညှိနှိုင်းဆောင်ရွက်ရတာကြောင့် ပြည်သူအများရဲ့ သဘောဆန္ဒကိုတန်ဖိုးထားပြီး လုပ်ဆောင်ရလေ့ရှိပါတယ်။ ဒီအခါ တိုင်းပြည်အတွင်း တန်းတူအခွင့်အရေး ရရှိမှုတွေကိုပိုပြီး ကိုယ်စားပြုရာရောက်ပါတယ်။
ပါတီစနစ်တွေကို လက်ရှိဖြစ်ရပ်နဲ့ နှိုင်းပြီး ပြောရလျှင် .. ရခိုင်ကနေ တရုတ်ပြည်ကို သွယ်တန်းတဲ့ ဂစ်(စ)ပိုက်လိုင်းကိစ္စမျိုးမှာ တစ်ပါတီ စနစ် (သို့) အာဏာရှင် စနစ်မှာ ဆိုလျှင် ယခု မြန်မာပြည်မှာ ဖြစ်တဲ့ဖြစ်ရပ်အတိုင်း အစိုးရက မိမိသဘောနဲ့ လုပ်ချင်ရာ လုပ်ပြီး တိုင်းရင်းသား ပြည်သူတွေရဲ့သဘောဆန္ဒကို ထည့်မတွက်ဘဲ လုပ်တာမျိုး ဖြစ်ပါလိမ့်မယ်။ သို့သော် အာဏာရှင် စနစ်မှာတော့ပိုက်လိုင်း တလျှောက်က ဒေသခံ တိုင်းရင်းသားတွေရဲ့ အကျိုးထိခိုက်မှုကို ထည့်မတွက်ပဲ လုပ်ချင်ရာလုပ်ပါလိမ့်မယ်။ တစ်ပါစီ စနစ်မှာတော့ ပြည်သူရဲ့ အကျိုး ထိခိုက်မှုကို တစ်စုံတရာ ထည့်ထွက်ပြီးစဉ်းစားဆောင်ရွက်ပါလိမ့်မယ်။ သို့သော် မသေချာပါ။ အစိုးရအဖွဲ့ရဲ့ တာဝန်ယူတတ်မှု (သို့)စိတ်ကောင်းရှိမှုပေါ်မှာသာ မူတည်ပါလိမ့်မယ်။ ပြည်သူ့အကျိုးကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ်ဆိုတဲ့ထိန်းကျောင်းတဲ့ စနစ် မရှိလို့ ဖြစ်ပါတယ်။
နှစ်ပါတီ စနစ်မှာတော့ပိုက်လိုင်း မစခင် တရုတ်ပြည်နဲ့ စတင်ဆွေးနွေးကတည်းက လုပ်ဆောင်သင့်၊ မသင့်ကို ပါတီ ၂ခု အပြိုင်အဆိုင် ဆွေးနွေး ငြင်းခုန်ကြပြီး ပြည်သူကိုလည်း အသိပေးကာ လူများစုရဲ့ သဘောတူညီမှုကိုရယူပြီး ဆောင်ရွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အနိမ့်ဆုံးကတော့ ပြည်သူကို သေချာပေါက်အသိပေးပါလိမ့်မယ်။ ပြည်သူမသိဘဲ သဘောတူလက်ခံခဲ့ပြီး … စက်ယန္တယားတွေနဲ့ အလုပ် လုပ်တော့မှပြည်သူတွေက သိရတာမျိုး လုံးဝ မဖြစ်နိုင်ပါ။ ပြည်သူတွေရဲ့ နစ်နာချက်ကို ထည့်တွက်ပြီးဆောင်ရွက်ပေးသင့်တာတွေကို ဆောင်ရွက်ပါလိမ့်မယ်။ ပြည်သူ့နစ်နာချက်ကို ထည့်သွင်းမလုပ်ဆောင်ရင်နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ အနိုင်ရပါတီဟာ အစိုးရဖွဲ့နေရာကနေ အတိုက်အခံအဖြစ် အာဏာမဲ့ဘဝကို ရောက်သွားနိုင်လို့ ဖြစ်ပါတယ်။ စနစ်က ထိန်းကျောင်းသွားတာ ဖြစ်ပါတယ်။
ပါတီစုံ ဒီမိုကရေစီစနစ်မှာဆိုရင် ဂစ်(စ) ပိုက်လိုင်း သွယ်တန်းဖို့ ကိစ္စကို အလွယ်တကူ လုပ်နိုင်မှာ မဟုတ်ဘဲလွှတ်တော်မှာ အကြီးအကျယ် ဆွေးနွေးတာတွေ လုပ်ရပါလိမ့်မယ်။ ပိုက်လိုင်းတည်ဆောက်တာကို ဆောက်ဖြစ်ချင်မှဆောက်ဖြစ်ပါလိမ့်မယ်။ အစိုးရ (သို့) လွှတ်တော်က သဘောမတူလို့ မဆောက်လုပ်ဖြစ်တာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ ပိုက်လိုင်း ဖြတ်သန်းသွားလာတဲ့ လမ်းတလျှောက်က ဒေသခံ ပြည်သူတွေအားလုံးရဲ့သဘောတူညီချက်ဟာ အဓိက အခရာကျလာပါလိမ့်မယ်။ လူမျိုးတမျိုး၊ လူအုပ်စု တစ်အုပ်စုတည်းရဲ့သဘောထားက အခရာ မကျတော့ပါဘူး။ လွှတ်တော်မှာ အနိုင်ရတဲ့ ပါတီတွေဟာ မိမိတို့ ကိုယ်စားပြုတဲ့ဒေသက ပြည်သူတွေ၊ မိမိတို့ကို ထောက်ခံတဲ့ ဒေသက လူတွေရဲ့ သဘောထားကို အဓိကထား စဉ်းစားကြလို့ဖြစ်ပါတယ်။ ပါတီတွေ အားလုံးက သဘောတူ လုပ်ဆောင်ခဲ့လျှင်လည်း စီးပွားရေး ငွေကြေး အကျိုးအမြတ်ထက်ပြည်သူတွေရဲ့ နစ်နာမှုကို ဦးစားပေး ဆောင်ရွက်ပေးရတဲ့ အလုပ်တွေကို ကျေနပ်အောင် ပြန်လည်အစားထိုးတာတွေကို အရင်လုပ်ကိုင် ပေးတာတွေ ဖြစ်လာပါလိမ့်မယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကိုအကြီးအကျယ် ထည့်တွက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံကတော့အာဏာရှင် စနစ်နဲ့ တစ်ပါတီစနစ် ကြားက စနစ်ပဲ ဖြစ်သေးတာကြောင့် ပြည်သူရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည်မှာကြီးကြီးမားမား မရှိသေးဘဲ အစိုးရအနေနဲ့ ပြည်သူ သဘောတူတူ၊ မတူတူ လုပ်ချင်ရာ လုပ်တာတွေကိုကြုံတွေ့နေရတုန်း ဖြစ်ပါတယ်။ ပြည်သူ့ သဘောထား ဆန္ဒကို လေးလေးနက်နက် ထင်ဟပ် ဆောင်ရွက်တာမျိုးတွေကိုမတွေ့ရပါဘူး။ ပြည်သူ့ ဆန္ဒကို ထင်ဟပ်အောင် ဆောင်ရွက်စရာ မလိုအောင် ပါတီ တစ်ခုတည်းက လက်ဝါးကြီးအုပ်ပြီး တိုင်းပြည် အာဏာကို ရယူထားလို့ ဖြစ်ပါတယ်။
အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲမှာပါတီကြီး တစ်ခု ဖြစ်ပြီး တစ်နိုင်ငံလုံးက လွှတ်တော် ကိုယ်စားလှယ် နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အင်အားရှိတဲ့ အမျိုးသားဒီမိုကရေစီ ပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်နေရာ အများအပြား အနိုင်ရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ ယှဉ်ပြိုင်လာနိုင်မယ့်အနေအထား ရှိလာရင်တော့ ၂ ပါတီ စနစ်ကို ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ၂၀၀၈ အခြေခံဥပဒေအရနိုင်ငံရဲ့အာဏာကို တပ်မတော်က အများအပြား ရယူထားတာကြောင့် ၂ ပါတီစနစ် ပုံစံ (စစ်စစ်)ဖြစ်လာဖို့ကတော့ ဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေထဲက တပ်မတော်နဲ့ မဆိုင်တဲ့အာဏာတွေ ဖယ်ထုတ်ပြီးနောက် တိုင်းပြည်မှာ ဒီထက်ပိုပြီး အားကောင်းတဲ့ နိုင်ငံရေး ပါတီသစ်တွေထပ်မံပေါ်ပေါက်လာပြီး ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ပြည်သူ့ဆန္ဒကို ပိုမိုထင်ဟပ်တဲ့ နိုင်ငံတစ်ခု အဖြစ် ဖြစ်ပေါ်လာနိုင်ဖို့ကတော့အတော့်ကို အလှမ်းဝေးကွာနေဆဲ အခြေအနေမှာ ရှိနေပါသေးတယ်။ ပြည်သူတွေနဲ့ နိုင်ငံရေးမှာပါဝင် လှုပ်ရှားသူတွေဟာ မည်ကဲ့သို့သော ပါတီစနစ်ကို အကောင်အထည်ဖေါ်ကြမယ်ဆိုတာကတော့ အနာဂါတ်မြန်မာပြည်ရဲ့ ကံကြမ္မာ အဆုံး အဖြတ်ဖြစ်ပါလိမ့်မယ်။
တစ်ပါတီလား၊ ၂ ပါတီလား၊ပါတီစုံလား .. (သို့) တစ်ပါတီဆိုတဲ့ ဒီမိုကရေစီဆိုရုံမျှ ဟန်ပြ ဒီမိုကရေစီလား၊ နှစ်ပါတီဆိုတဲ့ ဒီမိုကရေစီ စနစ်နဲ့ လူများစုရဲ့ ဆန္ဒလား၊ပါတီစုံ ဆိုတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ ဆန္ဒအများစုကိုပါ လေးစား တန်ဖိုးထားတဲ့နက်နက်ရှိုင်းရှိုင်း ဒီမိုကရေစီ စနစ်လားဆိုတာကတော့ … ပြည်သူတွေ အားလုံးနဲ့ နိုင်ငံရေးသမားတွေအားလုံးက နိုင်ငံရေး သတိ ရှိရှိနဲ့ စဉ်းစား ရွေးချယ် အကောင်အထည်ဖေါ်ရမယ့် တာဝန်သာ ဖြစ်ပါကြောင်း
(ကိုထိုက်)
၁၈.၀၈.၂၀၁၃
(စာကြွင်း။ ။မဇျွိမ သတင်းစာတွင် ဒီတပတ် ပါဝင်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါတယ်။)
No comments:
Post a Comment