Wednesday, August 21, 2013

AH -64 အပါချီ



အပါချီ ရဟတ်ယာဉ်သည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းဖြစ်ပြီး လက်ရှိအချိန်တွင် အမေရိကန် စစ်တပ်၏ အားထား ရသော အနီးကပ် လေကြောင်းပစ်ကူ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်သည်။ အမေရိကန်တပ်မတော်၏ လက်ရှိ ဆင်နွှဲနေသော အကြမ်းဖက် သမားများ ချေမှုန်းရေးတာဝန်များတွင် တာဝန်ယူ တိုက်ခိုက်နေသဖြင့် တာလီဘန်များနှင့် အကြမ်းဖက် စစ်သွေးကြွများမှာ အလွန်ကြောက်ရွံ့ကြပြီး ခြင် ဟုပင် တင်စား ခေါ်ဝေါ်ကြသည်။ အဆိုးဆုံး ခြင်ကိုက်လျှင် အများဆုံး ဖျားနာပြီးမှသာ သေဆုံးသော်လည်း အပါချီ ခြင် ကိုက်လျှင်မူ ကိုက်မှန်း မသိပဲနဲ့ပင် သေဆုံးကြရသည်သာ ဖြစ်သည်။ အပါချီရဟတ်ယာဉ်မှာ မည်သည့် အရပ်မှ ပစ်ခတ်နေသည်၊ ပစ်ကွင်းကို ချိန်ရွယ်နေသည်ကိုတောင် မသိလိုက်ရပဲ ထိမှန်ပြီးမှာသာ သိရသဖြင့် အကြမ်းဖက်သမားများနှင့် ရန်သူများမှာ လွန်စွာထိတ်လန့်ကြရသည်။

AH -64 အပါချီ ရဟတ်ယာဉ်သည် ပန်ကာဒလက် အချပ် ၄ခု၊ အင်ဂျင် ၂လုံး ပါဝင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်ပြီး ရာသီမရွေး ၊ နေ့ညမရွေး တိုက်ပွဲဝင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ကြသည်။ ပုံသေတပ် ထားသည့် အဓိက လက်နက်မှာ ရဟတ်ယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထား သည့် ၃၀ မီလီမီတာ M230 Chain Gun ဖြစ်သည်။ မြေပြင် - ဝေဟင် ပစ်ခတ် နိုင်သည့် AGM-114 Hellfire နှင့် Hydra 70 ဒုံးကျည်များ တပ်ဆင်နိုင်ရန် အတွက် နေရာ (၄) ခုရှိသည်။

ထို့အပြင် အဆိုပါလက်နက်များမှ တင့်ကားချေမှုန်းရေး ဒုံးကျည် (Hellfire Missiles) များကိုပါ တပ်ဆင်ထား နိုင်သောကြောင့် တိုက်ပွဲ၌ ၅ မိုင် ပတ်လည် အတွင်းရှိ မည်သည့် သံချပ်ကာ ယာဉ်များကိုမဆို ထိရောက်စွာ ဖျက်ဆီးချေမှုန်း နိုင်ပါသည်။ ထို့အပြင် အနှေးပျံ slow fly တွင်လည်း လူတစ်ယောက်၏ လမ်းလျှောက် နှုန်းသာသာ ရှိသည့် အမြန်နှုန်းနှင့်လည်း ပျံသန်းနိုင်ပါသည်။

အပါချီသည် အသုံးပြုရသော ရည်ရွယ်ချက် အားသာချက် အချို့လည်း ရှိပါသည်။ အများပြည်သူ ဆိုင်ရာနေရာများ၊ ကျောင်းများနှင့် သာမန် အရပ်သားများကြားတွင် နေရာယူ ပုန်းအောင်နိုင်သည့် ရန်သူတပ်ဖွဲ့များကို အနီးကပ် ပစ်ခတ်ချေမှုန်း နိုင်ခြင်းသည် အမြင့်ပေ ၂၀၀၀၀ ကျော်မှ တိုက်ခိုက်ရေး လေယာဉ်များဖြင့် ဗုံးကြဲချေမှုန်းရခြင်းထက် ပိုမိုထိရောက် အောင်မြင်နိုင်သော ကြောင့်ဖြစ်သည်။ အပစ်မဲ့သောသူများ သေဆုံးမှုနှင့် အခြားသော အဆောက်အဦးများ ပျက်စီးမှုကိုလည်း လျှော့ချနိုင်ခြင်းမှာလည်း ကောင်းမွန်သော အချက်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ Hughes Helicopters မှ ဒီဇိုင်းရေးဆွဲပြီး ၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း ထုတ်လုပ်၍ McDonnell Douglas မှ ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိထုတ်လုပ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ ယနေ့တိုင် Boeing Defense မှ ဆက်လက်ထုတ်လုပ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းခန့် ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပထမ ဦးဆုံး ပျံသန်းမှုကို စမ်းသပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ စတင်တာဝန် ထမ်းဆောင် ခြင်း ဖြစ်ပါသည်။

အခြေခံ အချက်အလက်များ

လေသူရဲ = ၂ ဦး
ရဟတ်ယာဉ် အလျား = ၁၇.၇၃ မီတာ
ရဟတ်ယာဉ် အမြင့် = ၃.၈၇ မီတာ
အင်ဂျင် = General Electric T700-GE-701 အင်ဂျင် (၂) လုံး
အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၂၉၃ ကီလိုမီတာ
လက်နက် = ၃၀ မီလီမီတာ၊ M230 စက်အမြောက် (၁) လက်၊ (ကျည် ၁၂၀၀)၊ Hydra 70 FFAR ဒုံးကျည်များ၊ AGM-114 Hellfire ၊ AIM-92 Stinger နှင့် AIM-9 Sidewinder ဒုံးကျည်များ

ဝေဟင်ချစ်သူ

No comments: