မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ရွှေတိဂုံစေတီသို့ စကေဘာ ယူဆောင်လာသူကို အရေးယူ
ရန်ကုန်၊ သြဂုတ် ၁၂
နိုင်ငံခြား ခရီးသွားဧည့်သည် အများအပြား လာရောက်သည့် ရန်ကုန်မြို့တော်၏
အထင်ကရနေရာ တစ်ခုဖြစ်သော ရွှေတိဂုံစေတီတော် ၏ တောင်ဘက် စောင်းတန်း အလယ်
ပစ္စယာတွင် သြဂုတ် ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဘုရားဖူးလာသူ လူငယ်
တစ်ဦးထံမှ စကေဘာ တွေ့ရှိသဖြင့် အမှုဖွင့် အရေးယူထားကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ဘုရားဖူးလာသူသည် ဒလမြို့နယ် ရဲချောင်းဝ ကျေးရွာနေသူ အသက် ၁၉ နှစ်
အရွယ်ရှိ ကိုအောင်ကျော်သိန်းဖြစ်ပြီး အလယ် ပစ္စယာတွင် တာဝန်ကျ
လုံခြုံရေးများက စစ်ဆေးရာတွင် အရိုးအသွား ၁၁ လက်မခန့်ရှိ သုံးမြှောင်ပုံ
ထိပ်ဦးချွန် စကေဘာ တစ်ချောင်းကို တွေ့ရှိ ခဲ့ရာမှ စေတီတော် ဂေါပကအဖွဲ့မှ
တစ်ဆင့် ရဲစခန်းသို့ အကြောင်းကြား ခဲ့ကြောင်း ရွှေတိဂုံ ဂေါပက အဖွဲ့မှ
အဖွဲ့ဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။
“ဘုရားဖူးလာသူတွေနဲ့ အများပြည်သူ လုံခြံရေးအတွက် ပုံမှန် စစ်ဆေးမှုတွေ
လုပ်နေပါတယ်။ အရင်လည်း ဒါမျိုးတွေ တွေ့ရှိထားတော့ အိတ်ကို သူ့တို့
ကိုယ်တိုင် ဖွင့်ခိုင်းပြီး မသင်္ကာစရာ ပစ္စည်း တွေ့ရင် သတိထား စစ်ဆေးပါတယ်”
ဟု ၎င်းက ထပ်မံ ပြောကြားသည်။
အဆိုပါ စကေဘာ တွေ့ရှိမှုနှင့် ပတ်သက်၍
ကိုင်ဆောင်သူကို ရမန်ယူကာ စစ်ဆေးလျက် ရှိပြီး ၎င်းင်း၏ ကိုယ်ရေး ရာဇဝင်များကို
တိုက်ဆိုင်ကာ စစ်ဆေးလျက် ရှိကြောင်း ယင်းအမှုကို (ပ)၁၇၉/၁၃၊ လက်နက်
ပုဒ်မ-၁၉ (င) ဖြင့် အမှု ဖွင့်ထားကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ
သိရှိရသည်။
အလားတူ ဇူလိုင်လ ၁၂ရက်နေ့က ရွှေတိဂုံ စေတီတော်၏ တောင်
ဘက်စောင်းတန်းတွင် မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် နေထိုင်သူ
ဦးကျော်ဦးထံမှ ဓာတ်ခဲ အကြီး သုံးလုံး၊ ဝိုင်ယာကြိုး တစ်ချောင်း၊ မီး
အဖွင့်အပိတ် ခလုတ် တစ်ခုနှင့် အရိုးအသွား ခုနှစ်လက်မခန့်ရှိ ဓားဦးချွန်
တစ်ချောင်း၊ ၈/၁၀ အရွယ်ရှိ ခွတစ်ချောင်း၊ ကိုးရီးယားငွေ ဝမ် တစ်ထောင်နှင့်
ဗီယက်နမ်ငွေ ဒေါင်တစ်သောင်းတို့ကို တွေ့ရှိခဲ့ရာ ဒဂုံမြို့နယ် ရဲစခန်းတွင်
အမှုဖွင့် အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ
စုံစမ်း သိရှိရသည်။
No comments:
Post a Comment