Thursday, January 26, 2012

ဝယ်လိုအားကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်း သုံးမျိုးစလုံး ထပ်မံ တန်ဖိုးမြင့်တက်လာ

ပြည်တွင်း၏ အဓိကငွေလဲနှုန်းသုံးမျိုး တန်ဖိုးမှာ ကားတင်သွင်းမှုကို အဓိက အခြေခံ၍ ဇန်န၀ါရီလလယ်ပိုင်းမှ စခါဒုတိယအကြိမ် မြင့်တက်လာခဲ့ကြောင်း နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်မှ တာဝန်ရှိသူများက ပြောသည်။

ကား သစ်တင်သွင်းသည့် ဂယက်ကြောင့် ယမန်နှစ်စက်တင်ဘာလ နှောင်းပိုင်းမှ စ၍ အမေရိကန်ဒေါ်လာလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၀၀ ခန့်အထိ မြင့်တက်သွားခဲ့သည်။

ယမန်နှစ်ကုန်ပိုင်း အထိ ငွေလဲဈေးများမှာ တစ်ဒေါ်လာ ကျပ် ၈၀၀ အတွင်းသာ ရှိနေသည်။

ယခုတစ်ကြိမ်တွင် ဇန်န၀ါရီလ ၁၀ ရက်နေ့မှစခါ ငွေလဲနှုန်းများမှာ ကျပ် ၈၀၀ ကျော်နှင့် အထက်သို့ ရောက်ရှိ လာပြီး ဇန်န၀ါရီလ ၂၄ ရက်နေ့ ဈေး အရ ပြင်ပဈေးကွက်တွင် အမေရိကန် ဒေါ်လာဈေးမှာ ၈၁၃-၈၂၅ ကျပ် ဖြစ်ပြီး ၈၀၈- ၈၁၃ ကျပ်မှ မြင့်တက်လာခြင်း ဖြစ်သည်။

ပြည်တွင်းကားဈေးကွက်မှာ လတ်တလော အေးနေသော်လည်း အသစ်ထပ်မံတင်သွင်းမည့် သတင်းများ ကြောင့် ထိုကဲ့သို့မြင့်တက် လာခြင်း ဖြစ်သည်။

ကောင်တာဈေးအရ တန်ဖိုးတူညီ သော်လည်း ပြင်ပဈေးကွက်တွင် ဒေါ်လာထက် တန်ဖိုးနိမ့်နေခဲ့သော အက်ဖ်အီးစီဈေးမှာ ရက်သတ္တပတ် အတွင်း ၁၂ ကျပ်ဈေးမြင့်လာခဲ့ပြီး ၈၃၀ - ၈၃၈ ကျပ် ဖြစ်လာသည်။

ယခုလ ၂၀ ရက်နေ့တွင်မူ ငွေလဲနှုန်းမှာ ဈေးပိတ် ချိန် ညနေပိုင်းတွင် ကျပ် ၈၅၀ သို့ အမြင့်ဆုံး ရောက်ရှိခဲ့သည်။

အစိုးရက ပြည်သူလူထုလက်ထဲတွင် အက်ဖ်အီးစီ တဖြည်းဖြည်းပပျောက် စေလိုသော ရည်ရွယ်ချက်ဖြင့် နိုင်ငံ တော်သို့ ပေးဆောင် ရန်ရှိသည်များကို ယင်းငွေကြေးဖြင့် ပေးဆောင်စေရာမှ အက်ဖ်အီးစီဈေး ရုတ်ခြည်းမြင့်တက် လာခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"မည်သူမဆို လွတ်လပ်စွာ ကားဝယ် နိုင်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတဲ့အတွက်လည်း ဒေါ်လာတွေ ၀ယ်စုပြီး ဒေါ်လာဈေးတွေ လိုက်တက် လာတယ်"ဟု ၎င်းက ပြောသည်။

နိုင်ငံတကာ ငွေကြေးများနှင့် လဲလှယ်ရာတွင် အမေရိကန်ဒေါ်လာလဲနှုန်း ပြန်လည်မြင့်မားလာခြင်း၊ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းတို့ အပါအ၀င် မော်ဒယ်မြင့် ကားသစ်များ အရေအတွက်သောင်းနှင့် ချီတင်သွင်းရန်ရှိခြင်းကြောင့် ပြည်တွင်း ငွေလဲနှုန်းတက်လာရ ကြောင်း ၎င်းက ပြောသည်။

တရားဝင် ငွေလဲကောင်တာများတွင် အရောင်းအ၀ယ်ကန့်သတ်ချက် ပိုမို တင်းကျပ်လာခြင်းကြောင့် ၀ယ်လိုအားမှာ ပြင်ပငွေလဲဈေး ကွက်သို့သာ ရောက် ရှိသွားကြောင်း သိရသည်။

"ကောင်တာတွေမှာက စာရွက်စာ တမ်းတွေ၊ ပြေစာတွေလိုတယ်။ ပြီးတော့ သူတို့က သတ်မှတ်ချက်တွေရှိတယ်။ ဘဏ်တွေက တုံးထုလိုက်လို့ တုံးပါတဲ့ အရွက်မျိုးဆိုရင်မယူဘူး။ အဲဒါတွေက သင်္ဘောသားတွေအတွက် အဆင်မပြေတော့ အပြင်ဈေးကွက်ပဲပြန် ရောက်လာ တယ်"ဟု ကျောက်တံတားမြို့နယ်ရှိ နိုင်ငံ ခြားငွေဝယ်ရောင်းတစ်ဦးက ပြောသည်။

ပို့ကုန်ရ၀င်ငွေဈေးမှာ ၈၅၆ ကျပ်ရှိပြီး ဒေါ်လာနှင့် ၃၅ ကျပ်မှ ကျပ် ၄၀ ခန့်အထိ ဈေးကွာဟနေသည်။ "ကျောက်မျက်သမားတွေ လက်ထဲမှာ ကိုင်ထားတဲ့ ယူရိုငွေက တန်ဖိုးကျနေ တယ်။ ဒေါ်လာနဲ့ပြန်လဲပြီး ပို့ကုန်ရ ၀င်ငွေပြောင်းရတော့မယ်။ ယူရိုဈေးကျ ရင် ပို့ကုန်ရ၀င်ငွေ ဈေးနည်းနည်းထပ် တက်လာမယ်လို့ ခန့်မှန်းတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်က သွင်းကုန်၊ ပို့ကုန်အားကောင်းချိန်ကမူ ပို့ကုန်ရငွေ မှာ ဒေါ်လာ ဈေးနှင့် ကျပ် ၁၀၀ ကျော် ခန့်အထိကွာဟခဲ့ဖူးသည်။

အေးသီတာကျော် (မြန်မာ့တိုင်းမ်)

No comments: