ဓါတ်ပုံ- kachinnet.net |
ပြီးခဲ့သည့် သီတင်းပတ်၊ ဇန်န၀ါရီလ ၁၉ တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကေအိုင် အိုနှင့် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့တို့ ဆွေးနွေးခဲ့ စဉ် ဆက်လက်ညှိနှိုင်းရန် ကျန်ရှိသော ကေအိုင်အိုဘက်မှ တောင်းဆိုချက် ခုနစ်ချက်တို့နှင့်ပတ်သက်ပြီး အချို့ စကားလုံးများကို အဓိပ္ပာယ်တူစကားလုံးများဖြင့် ပြင်ဆင်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်အချို့ကို ထပ်မံ ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင် ကြမည်ဆိုပါက မြန်မာနိုင်ငံမြောက်ပိုင်းအတွက် ထာဝရငြိမ်းချမ်းရေး ရနိုင်ကြောင်း အဆိုပါဆွေးနွေး ပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူတစ်ဦးက မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။
"ကေအိုင်အိုဘက်က တောင်းဆိုထားတဲ့ အချက်တွေမှာပါဝင်တဲ့ သူတို့ ရဲ့ စကားလုံးအတိအကျတိုင်းကိုတော့ သဘောတူညီချက်ရဖို့ ခက်ခဲနိုင်ပါတယ်။ ဥပမာ 'ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်' ဆိုတဲ့ စကားလုံးမျိုးကို အဲဒီအတိုင်း သဘောတူဖို့ ခက်ပါမယ်။ နောက်ပြီး 'အမျိုးသား ရေး တန်းတူအခွင့်အရေး' တို့ ဆိုတာတွေကျတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ အတိုင်းအတာတစ်ခုအထိ ပါပြီးသားပါ။ အဲဒီပါပြီး သားတွေကို နည်းနည်းလေးထပ်ဖြည့်လိုက်ရင် နှစ်ဖက်စလုံး သဘောတူသွားနိုင်ပါတယ်"ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့ဝင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်က ဖြေကြားသည်။ အဆိုပါ ဆွေးနွေးရန် ကျန်ရှိသော တောင်းဆိုချက် ခုနစ်ချက်နှင့်ပတ်သက် ပြီး နောက်တစ်ကြိမ် ဆွေးနွေးပွဲအပြီးတွင် ပြည်သူသို့ အသိပေးပြောကြားရန် အစီအစဉ်ရှိကြောင်း၊ နောက်တစ်ကြိမ် အမြန်ဆုံးတွေ့ဆုံဆွေးနွေးနိုင်ရန် ကချင် ပြည်နယ်၏ ရပ်မိရပ်ဖ များဖြစ်သော ဦးယွပ်ဇော်ခေါင်နှင့်အဖွဲ့တို့က ကေအိုင်အိုနှင့် မြန်မာအစိုးရအကြား ယခင်က ကဲ့သို့ပင် ဆက်လက်ညှိနှိုင်းပေးလျက်ရှိ ကြောင်းနှင့် ယခုလကုန်ရက်၊ သို့မဟုတ် လာမည့် ပြည်ထောင်စုနေ့မတိုင်မီ ထပ်မံ ဆွေးနွေးနိုင်ကြမည်ဟု မျှော်မှန်းထား ကြောင်း လည်း ၎င်းက ဖြည့်စွက်ဖြေကြား ခဲ့သည်။
ထိုသို့ ထပ်မံတွေ့ဆုံကြသည့်အခါ ကေအိုင်အိုဘက်မှ သဘောထားနှင့် အလျှော့အတင်းပြုနိုင်မည့် အလားအလာများ မည်သို့ရှိနိုင် မည်နည်းဆိုသည်ကို အဆိုပါဆွေးနွေးပွဲများဖြစ် မြောက်ရေးအတွက် စဉ်ဆက်မပြတ် ကြားဝင်စေ့စပ် ညှိနှိုင်းပေးလာခဲ့ကြ သော ကချင်ပြည်နယ်၏ ရပ်မိရပ်ဖ လေးဦးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ဦးယွပ်ဇော်ခေါင်က "နိုင်ငံရေးဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် အခုအခါမှာ နိုင်ငံတော်အစိုးရဘက်ကရော၊ ကေအိုင်အိုဘက်ကပါ ပွင့်ပွင့်လင်းလင်း နဲ့ ထင်သာမြင်သာရှိလာကြပြီ။ ပြီးတော့ ပြည်သူလူထုရဲ့ အနာဂတ်အရေးလည်းဖြစ်လို့ နိုင်ငံရေးအရ ပြေလည်အောင် ညှိနှိုင်းဖို့ တာဝန်လည်း နှစ်ဖက်စလုံးမှာ ရှိပါတယ်။ "အစိုးရဘက်ကလည်း နိုင်ငံတော်ရဲ့ ပေါ်လစီက အရင်ဆိုရှယ်လစ်အစိုးရကနေ စစ်အစိုးရ၊ အဲဒီကနေ အခု နိုင်ငံတကာ ကလိုလားတဲ့ ဒီမိုကရေစီ အစိုးရဖြစ်လာပြီဆိုတော့ ဘာပဲဖြစ်ဖြစ် တောင်းဆိုမှုတွေဟာ ဒီမိုကရေစီနည်းအရ သဘောတူရမယ့် ကိစ္စတွေလည်း ဖြစ်နေတယ်။ တောင်းဆိုချက်ခုနစ်ချက်ထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကတော့ အသီးသီးရှိကြတာပေါ့။ ဒါပေမယ့် နှစ်ဖက်စလုံးမှာ ကောင်းမွန်တဲ့ စိတ်စေတနာတွေလည်း ရှိနေကြတယ်။ တစ်နိုင်ငံတည်း ပြည်ထောင်စုထဲမှာပဲ အတူနေကြသူ တွေဖြစ်လို့ သဘောတူ နိုင်စရာတွေရှိပါတယ်"ဟု မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။
ညှိနှိုင်းဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ကချင်ပြည်နယ်၏ ရပ်မိရပ်ဖများအဖြစ် ကြိုးပမ်းညှိနှိုင်းစေ့စပ်ပေးနေ ကြသူများဖြစ် သောကြောင့် ယခုပြီးခဲ့သည့် နှစ်ဖက်ဆွေးနွေးပွဲသည် ပွင့်လင်း မြင်သာသည့် ဒီမိုကရေစီလမ်းကြောင်း ပေါ်၌ ရှိနေသည်ကို တွေ့ရကြောင်း၊ လက်နက်၊ ကျည်ဆန်များဖြင့် ဖြေရှင်း ခြင်းမှာ ရေရှည်တည်ငြိမ်မှုမရနိုင်ဆိုသည်ကို နှစ်ဖက်စလုံးက လက်ခံ ယုံကြည်ကြသဖြင့် ယခုကဲ့သို့ နိုင်ငံရေး နည်းဖြင့် ဖြေရှင်းလာကြသောကြောင့် အလားအလာကောင်းများ ရှိနေကြောင်း၊ နောက် ထပ်ဆွေးနွေးကြမည့် နေ့ရက်၊ နေရာအတွက် ညှိနှိုင်းဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။
"ရွှေလီမှာ ပြုလုပ်ရတာက အခုလို နှစ်ဖက်အပြန်အလှန်ယုံကြည်မှုရရေးအတွက် ကြိုးပမ်းနေချိန်မျိုးမှာ နှစ်ဖက်စလုံးရဲ့ လက်နက်ကိုင် အဖွဲ့တွေက မ၊ တစ်ထောင်သားတွေဆိုတော့ တစ်စုံတစ်ရာ မှားယွင်းမှုတွေ ရှိလာနိုင်တယ်။ ဒီလိုမျိုးမကြုံရလေအောင် လုံခြုံရေး အရ စိတ်ချရတဲ့ နေရာကို ရွေးကြရတာပါ" ဟု လည်း ၎င်းက ဖြည့်စွက်ပြောကြား သည်။
ရွှေလီမြို့တွင် ပြုလုပ်ခဲ့သော ပြီးခဲ့သည့် ဆွေးနွေးပွဲ၌ ကေအိုင်အိုဘက်မှ တောင်းဆိုချက် ၁၁ ချက်အနက် လေးချက်ကို နှစ်ဖက် သဘောတူညီခဲ့ ကြရာ ၎င်းလေးချက်အရ နှစ်ဖက် ဖြစ်ပွားလျက်ရှိသော စစ်မက်အရှိန်တို့ လျှော့ချလိုက်သောကြောင့် စစ်ဘေး ဒုက္ခသည်များ ထပ်မံတိုးလာခြင်းမရှိ တော့ကြောင်း၊ အချို့ဒေသတွင်းရှိ ယခင်က အသွားအလာလုံးဝမရှိ သလောက် ဖြစ်ခဲ့သော လမ်းကြောင်းတို့တွင် အနည်းအပါးသွားလာနိုင်မှုများ ရရှိလာကြောင်း ဦးခက်ထိန်နန်က ပြောကြားသည်။
"ဆွေးနွေးပွဲက ပြန်လာကတည်းက နောက်ရက်တွေမှာ မိုင်းခွဲတာတို့၊ တိုက်ပွဲဖြစ်တာတို့တော့ သိပ်မကြားရ တော့ပါဘူး။ ဗန်းမော်-လိုင်ဇာလမ်းတွေ ပြန်ဖွင့်တယ်လို့ တရားဝင် မကြားရပေမယ့် သူ့ဟာနဲ့သူ ဒေသခံတွေ အထိုက်အလျောက်သွားလာနေကြပါ ပြီ။ မြစ်ကြီးနား-ဗန်းမော်လမ်းမှာလည်း အလားတူ အသွားအလာတွေရှိလာပါ ပြီ။ လုံခြုံရေးအရ ရှောင်တိမ်းလာတဲ့ ဒုက္ခသည်တွေလည်း အရင်လို နေ့စဉ် ဦးရေတိုးလာတာမျိုး မရှိတော့ပါဘူး"ဟု ၎င်းက ဆက်လက်ဖြေကြားခဲ့သည်။
ယခင်လများ၌ ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းများ တွင် နေ့စဉ်လူဦးရေ တိုးလျက်ရှိရာ လွှတ်တော်ဒုတိယ ပုံမှန် အစည်းအဝေး ပြီးဆုံးသည့် အချိန်မှ ဇန်န၀ါရီတတိယ ပတ် အဆိုပါဆွေးနွေးပွဲ မစမီအထိ သီတင်းတစ်ပတ်လျှင် ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်နှုန်းခန့် တိုးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း၌ ဒုက္ခသည် စခန်းပေါင်း အစိုးရဘက်အခြမ်းတွင် ၆၂ စခန်းရှိခဲ့ပြီး လူဦးရေ နှစ်သောင်း ကျော်ခန့်ရှိကာ ကေအိုင်အိုဘက်အခြမ်း နှင့်ပါဆိုလျှင် ဒုက္ခသည်ဦးရေ ခြောက်သောင်းခန့်ရှိကြောင်း သိရသည်။
စိုးသန်းလင်း (မြန်မာ့တိုင်းမ်)
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
No comments:
Post a Comment