Monday, May 7, 2012

"အသက်တစ်ဝက်နှင့်လူ"


by Kyaw Gyi AB on Sunday, 6 May 2012 at 06:36 ·
ရင်နာတာလား၊ နာကျည်းတာလား မခွဲခြားတတ်ဘူး ၊ ခံစားရတာတော့အမှန်ပဲ
သွားတုန်းကတော့ မျှော်လင့်ချက်နဲ့

ပြန်လာတဲ့အချိန် ရင်နာစရာနဲ့ ကြုံရတယ်၊ မျက်နှာငယ်ခဲ့ရတယ်

အခုချိန်ထိ ဒီအဖွဲ့အစည်းဟာ ဒီလိုဖြစ်ရတယ်လို့ ယူကြုံးမရဖြစ်ရတယ်။

အဲဒီတုန်းက ကျွန်တော်(၁၅)နှစ် ၊ ၁၀ တန်းတက်မဲ့အချိန်

ကျွန်တော်တို့(၉)ယောက် ရွှေလီကတဆင့်သွားခဲ့တယ်၊ ကျောင်းသားတွေချည်းပါပဲ။ ရွယ်တူတွေ

အပတ်စဉ်(၇)  ရင်း(၅)မှာ စစ်သင်တန်းတက်ရတယ်၊

ပုံမှန်သင်တန်းမဟုတ်တဲ့ ရှေ့တန်းကို ပို့ပြီးသင်တန်းပေးခံခဲ့ရတယ်

တိုက်ရင်းသင်၊သင်ရင်းတိုက်တဲ့။

စိုးမင်းအောင်နဲ့ သင်တန်းအတူတူပါ လူ(၄၀)ဝန်းကျင်ရှိပါတယ်

သင်တန်းစပြီး (၁) လလောက်မှာ စစ်ကြောင်းထိုးတယ်

အဲဒီကာလမှာတင် ကျွန်တော်တို့(၉)ယောက်ထဲက (၃)ယောက်သေတယ်


နောက်ပိုင်းမှာထောက်လှမ်းရေးဆိုပြီး အဖမ်းခံခဲ့ရတာက(၄)ယောက်

မြင့်နိုင်နှင့် ထွန်းထွန်းလင်း(ရှောက်ခါး)နှစ်ယောက်ပဲလွတ်တယ်

ကျွန်တော်ကိုဖမ်းတော့ လူ(၂၀)လောက်ဖမ်းပြီးနေပြီ

ကျွန်တော် ကျိန်ဆဲမိတယ် ကျွန်တော် မိုင်းသင်တန်းတက်စအချိန်။

ခံပြင်းမိတယ်ဗျာ သူခိုးဂျပိုးလို့ပဲ

သူတို့ရိုက်နှက်ထုမဲ့အချိန် ကွက်တိလေးဖြစ်ဖို့ အံကျိတ်ခံခဲ့ရတယ်၊ မရှောင်ရဲပါဘူး၊

လည်ပင်း၊ရင်ဘတ်၊ မျက်ခွက် အနင်းခံခဲ့ရတယ်

မီးတွေလည်းဝင်းလို့....


မေးတာကတော့ ဥက္ကဌ ထောက်လှမ်းရေးလားတဲ့၊ ကိုထွန်းအောင်ကျော် ဘာလဲတဲ့

ဘယ်ဥက္ကဌတုန်း၊ ဘယ်ထွန်းအောင်ကျော်တုန်းဆိုတော့

ဝိုင်းရီကြတယ်……………။

ရေရေရာရာ ဘာမှန်းမသိရတဲ့ ကိစ္စကြီး

တစ်ရက်မှာ ကိုညီညီကျော်၊ ကိုရဲလင်းတို့နှင်တွေ့ပေးတယ် သူတို့ကအခြေအနေကိုသိပုံရတယ်။

ကျွန်တော်ကတော့ စကားမပြင်ရဲပါဘူး၊ ဟုတ်ပါတယ်

ကျွန်တော်တို့ အဖွဲ့ ရွှေလီရောက်တုန်း ကိုညီညီကျော် လာကြိုလို့ သူ့ကိုရင်းနှီးတယ်

နောက်တခါတွေ့ရင်တော့မဟုတ်ဘူးလို့ပြောမလို့

သူကျွန်တော်တို့ ဖမ်းထားတဲ့ အထဲလဲရောက်လာရော ငိုချင်လိုက်တာဗျာ၊ မျှော်လင့်ချက်မရှိသလိုပဲ

သူကအိမ်သာထွက်ရင် အလုပ်ထွက်ရင် လမ်းဘေးက သစ်ရွက်လေးတွေကောက်လာပြီး

ထမင်းစားရင်း အလစ်မှာ သူများကိုလှမ်းပစ်ပေးတတ်တယ်

ကျွန်တော်လည်းသူ့ကိုကျွေးချင်လို့အလုပ်ထွက်တုန်းစိန်နဘော်တွေချိုးပြီးဘောင်းဘီအိတ်ထဲဝှက်ထားတယ်

တစ်ရက်မှာ စစ်ကျောရေးထွက်ရင်း ပြန်မလာတော့ဘူး၊

ဘောင်းဘီအိပ်ထဲက စိန်နဘော် တွေညှိုးတဲ့ထိရှိနေသေးတယ်၊ နောက်တော့ကြားရတယ် သေပြီတဲ့


နောက် မျက်နှာမှာ အဖူးအဖူးတွေ ပေါက်တယ် ၊ အလုပ်နားရတယ်

အဲဒီအချိန် ကိုကြီး နဲ့  ထိပ်တုံးအတူကျတယ်

အခု ဖြစ်ပျက်နေတာ ဘာကိုအခြေခံပြီး ဖြစ်ပျက်နေတာတုန်း မေးမိတယ်

မသိချင်ပါနဲ့ ။မင်အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ပြန်ပြောတယ်

ဒေါက်တာနိုင်အောင်တို့၊ ကိုအောင်နိုင်တို့လာချိန် အလံတိုင်ကွင်းမှာတန်းစီရတယ်၊ ပုံစံမကျရင်ကြိမ်းတယ်၊

အရိုက်ခံရတယ် …………………..။

ကိုအောင်နိုင်ဘာကြောင့် သင်းကွဲငှက်ဖြစ်သွားတာ နားမလည်ဘူး

နောက်ပိုင်းမျိုးဝင်းလေသံပေါက်ပြီး ကြမ်းလာတယ်

ဖြစ်သမျှ သူတာဝန်ယူတယ်တဲ့


ပြန်လာခါစ တစ်နှစ်၊ နှစ် နှစ်တော့ကျန်းမာရေးက ကောင်းပါတယ် ငယ်သေးလို့ဖြစ်မယ်

နောက်တော့ တစ်ကိုယ်လုံးယောင်ကိုင်းပြီး ဒုတ်ကောက်နဲ့သွားခဲ့ရတယ်၊ လမ်းမလျှောက်နိုင်ဘူး

အခု ခြေထောက်နဲနဲသိမ်သွားတယ် ၊နာနေတယ်

သံခြေကျင်း ဒဏ်ပေါ့ ၊ ဆေးကတော့ ရပ်ကွက်ဆရာဝန်ပေါ့

မျိုးဝင်းဟာမသေသင့်သေးပါဘူး၊ ဒီလိုသေသွားတာဟာ မတန်ဘူး

ကျော်ထွေးအမေကတော့ ငါ့သားတစ်နေ့ ပြန်လာမှာပဲ မျှော်နေတုန်း

ကျွန်တော်တော့ နောက်ထပ် ဘယ်သူ့ကိုမှ ဒီအကြောင်း မပြောရဲဘူး


အကြောင်းတရားကို တစ်လကို နှစ်ကြိမ်လောက် တွေးမိတယ်

ယူကြုံးမရဘူး၊ မေ့ပျောက်လို့မရဘူး

ပြေးတဲ့အချိန် သံခြေကျင်းဖြုတ်လိုက်တော့ခြေထောက်ကြီးမြောက်သွားတယ်

စိတ်ပိုင်းဆိုင်ရာလွတ်ပြီ၊ သေချင်လည်းသေပလေ့စေ ဆိုတဲ့စိတ်နဲ့ ပြန်လာတာ

တော်ရုံတန်ရုံမမှုပါဘူး၊ ကြေနပ်ပါပြီ၊ ဒီလောက်ထိနေရတာ

ပြန်လာကထဲ က အသက်တစ်ဝက်ပါ……….။

                                                                                          မြင့်ဇော်(မုံရွာ)
Source : Kyaw Gyi AB facebook

No comments: