Sunday, May 27, 2012

ခေတ်သစ် တီထွင်ဖန်တီးရှင် အထက်တန်းကျောင်းသားလေး ဂျာဗီးယား




သူ့အသက်က ၁၇ နှစ်ပဲရှိသေးတယ်။ အမည်ကတော့ ဂျာဗီးယား ဖာနန်လက် ဟန် လို့ခေါ်တယ်။ သူ့ကို တီထွင်ပညာရှင်လေး၊ အကျိုးပြုပါရမီရှင်လေးအဖြစ် မ်ီဒီယာတွေက တင်စားဖော်ကျူးကြတယ်။
Forbes မဂ္ဂဇင်းကြီးကလည်း ‘‘အသက် ၃ဝ အောက် အမေရိကန်၏ အထင်ရှားဆုံး’’ စာရင်းမှာ ထည့်သွင်းထားတယ်။ Popular Science မဂ္ဂဇင်းကြီးကလည်း နိုင်ငံတော်ရဲ့ အထက်တန်းကျောင်း တီထွင်ပညာရှင်စာရင်းမှာ ထိပ်တန်းကထည့်ထားတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပဲ ဂျာဗီးယားဟာ ‘‘နယ်စည်းမခြား တီထွင် ပညာရှင်များအဖွဲ့’’ ကိုထူထောင်ခဲ့တယ်။ ကမ္ဘာ့ကျေးလက်နဲ့ ဆင်းရဲတွင်းနက်တဲ့‌ ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တီထွင်မှုများပြုလုပ်ရေးကို သူတို့လုပ်ဆောင်နေကြောင်း သိရတယ်။
ဂျာဗီးယားအကြောင်း၊ သူ့တီထွင်မှုတွေအကြောင်းကတော့ ကျောင်းတွေမှာရော၊ လုပ်ငန်းတွေမှာပါ ပြောစမှတ် ဖြစ်နေတယ်။ သူ ပထမဦးဆုံးအကြိမ် တီထွင်မှုဆုရစဉ်က အသက် ၈ နှစ်ပဲရှိသေးတယ်။ ကွန်ပျူတာ chip ကို သုံးပြီးတော့ စက်ရုပ်ကို ဈေးကွက်တင်နိုင်တဲ့အထိ တီထွင်ပြနိုင်ခဲ့လို့ ဆုရခဲ့တာပါ။ သူက အဲဒီအချိန် ကတည်းက
‘‘ကျွန်တော်တီထွင်လိုက်ရင် အသုံးဝင်ရမယ်။ အခက်အခဲတွေ ပြေလည်သွားရမယ်။ လူတွေကို အထောက် အကူ ဖြစ်စေရမယ်’’ လို့ ပြောခဲ့တယ်။
ဂျာဗီးယားဟာ သာမန် အထက်တန်းကျောင်းသားလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ ပင်ပေါင် ကစားတာကို သဘောကျတယ်။ ငယ်စဉ်ကတည်းက အင်ဂျင်နီယာအလုပ်ကို စိတ်ဝင်စားပြီး တီထွင်နေရတာကို သဘောကျတယ်။
သူ့ကို ကမ္ဘာကသိလောက်အောင် ဖြစ်စေခဲ့တာက ရေမှော်ပင်တွေနဲ့ ဘက်တီးရီးယားကို ပေါင်းစပ်ပြီးတော့ လောင်စာထုတ်ရုံမက၊ လောင်စာထုတ်ပြီး စွန့်ပစ်ပစ္စည်းကို တိရစ္ဆာန်တွေအတွက် အစာထုတ်လုပ်ဖို့ တီထွင် နိုင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် သူ့တီထွင်မှုဟာ မစင်နဲ့အညစ်အကြေးတွေကိုပါ ပြန်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စေရေးကို အထောက်အကူပေးခဲ့တဲ့အတွက် စိတ်ဝင်စားခြင်းခံရပါတယ်။
ဂျာဗီးယားဟာ သူ့ငယ်ရွယ်စဉ် ကာလတစ်လျှောက်လုံး ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းမှာပဲ အချိန်တွေ ကုန်ခဲ့ပါတယ်။ သူမြတ်နိုးတဲ့ တီထွင်မှုမှာပဲ ကလေးဘဝအချိန်တွေကို ကုန်စေခဲ့သူဖြစ်ပါတယ်။ သူက
‘‘ကျွန်တော်က တကယ့်ပြဿနာကြီးတွေကို ကိုင်တွယ်ရတာ သဘောကျတယ်။ ပြဿနာတစ်ခုကို ပုံသေ သတ်မှတ်ထားတာထက်၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံလာသည်ဖြစ်စေ ကြုံသလိုကျပန်းဖြေရှင်းရတာကို ပိုကြိုက်တယ်’’ လို့ပြောပါတယ်။
အဲဒီလို ပြောချိန်ဟာ သူက ဂျွန် အက်ဖ် ကနေဒီရဲ့ သမ္မတစာကြည့်တိုက်နဲ့ ပြတိုက်မှာ လေ့လာနေရင်း ပြောသွားတာပါ။
ဂျာဗီးယားဟာ ပညာရေးအတွက် ‘‘တီထွင်ခြင်းနှင့် ဆန်းသစ်ခြင်း’’ ဆိုတဲ့ စာတမ်းတစ်စောင်ကို လူငယ်တွေရဲ့ TEDxYOUTH@TheWoodlands ပွဲမှာ တင်သွင်းခဲ့ပါတယ်။ အဲဒီစာတမ်းဟာ ကျောင်းသင်ရိုး ညွှန်းတမ်း တစ်ခုအနေနဲ့ သတ်မှတ်ပြဋ္ဌာန်းခံရတယ်။ ဟောက်စ်တန်မြို့တစ်ဝိုက်မှာရှိတဲ့ကျောင်းတွေမှာ သင်ရိုးတစ်ခု အနေနဲ့ ပြဋ္ဌာန်းခံရအောင် သူ့စာတမ်းကို ဖခင်ဖြစ်သူက ကူညီခဲ့တယ်။
ဂျာဗီးယားက သူ့လိုပဲ ကျောင်းသား တွေအနေနဲ့ သိပ္ပံပညာကို စိတ်ဝင်စားပြီး ကိုယ်ပိုင်တီထွင်မှုတွေ လုပ်စေချင်လို့ အထောက်အကူဖြစ်နိုင်အောင် လုပ်ပေးတာလို့ ဆိုပါတယ်။
ဂျာဗီးယားရဲ့ မိဘနှစ်ပါးဖြစ်တဲ့ အီစတာ ဖာနန်လတ်နဲ့ ပီတာ ဟန်တို့ကလည်း သူ့သားတီထွင်မှုတွေဟာ ကျန်တဲ့ကလေးတွေအတွက် အထောက်အကူပြုတယ်ဆိုတာကို ဂုဏ်ယူပြီး ပီတိဖြစ်နေပါတယ်။
သူတို့မိသားစုဟာ လက်ရှိအခြေအနေမှာ အမေရိကန်နိုင်ငံသားတွေ မဖြစ်ကြသေးဘူး။ မက္ကစီကိုကနေ အမေရိကန်ကိုရောက်လာကြပြီး သူတို့သားကို တီဗွီတွေမှာ၊ မီဒီယာတွေမှာ တွေ့လိုက်ရတာကို ပီတိတွေ ဖြစ်နေကြရပါတယ်။
ဂျာဗီးယားဟာ မကြာမီ တီထွင်ခြင်းနဲ့ ကုန်ထုတ်ဒီဇိုင်းဘာသာရပ်တွေကို ကောလိပ်မှာသ င်ကြားဖို့ ပြင်ဆင်နေ ပါပြီ။
တင်ညွန့်

No comments: