Wednesday, May 2, 2012

ပြည်သူ့အားကို အများကြီးလိုသည် (How to make a democratic country)

Written by ဒေါက်တာခင်မောင်ညို   

''လူထုအားကိုအများကြီးလို သည်။ ဗိုလ်ချုပ်အစိုးရအချိုးကျကူညီ'' ဟူသည့်သီချင်းကို လွတ်လပ်ရေးမရမီက သီဆိုခဲ့သည့် ရေပန်းစားသော သီချင်းတစ်ပုဒ်ပါ။ ဗိုလ်ချုပ်ဟူသည်မှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ လွတ်လပ်ရေးရပြီးတဲ့နောက် ဗိုလ်ချုပ် အစိုးရဆိုသောနေရာမှာ ပြည်ထောင်စုအစိုးရဟု ပြောင်းလဲသီဆိုခဲ့သည်။

ကျွန်တော်တို့ နိုင်ငံတော်သစ်ကို တည်ဆောက်နေပါပြီ။ ထို့ကြောင့် ပြည်သူ့အားကို အများကြီး လိုပါသည်။ သမ္မတကြီးသည် အစောဦးပိုင်းကတည်းက ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရ (Good Governance and Clean Government) ဖြစ်စေရေးကို ဦးတည်ပြောခဲ့ဖူးသည်။ အင်မတန်ကောင်းပါသည်။ သို့သော် ကျွန်တော်စဉ်းစားကြည့်ပါသည်။ မိတ်ဆွေတွေနှင့်လည်း ဆွေးနွေးကြသည်။''နိုင်ငံတစ်ခု တိုးတက်အောင်မြင်စေဖို့ အဲဒီ (Good Governance and Clean Government) လိုအပ်တာ မှန်ပါတယ်။ တစ်ချိန်ထဲမှာ ကောင်းမွန်သော ပြည်သူများ(Good Citizens) လည်း လိုအပ်ပါတယ်'' ဟု တစ်ယောက်က ပြောသည်။ 

ဒါက ပြည်သူ့ဘက်ကို ပြောတာပါ။ ပြည်သူ့ဘက်ကို ကျွန်တော် ကြည့်မိသည်။

''ဉာဏ်ပညာပြည့်စုံတဲ့ သူတွေပေါ့လေ။ ပညာရှင်တွေလည်း လိုအပ်တယ်။ တစ်ခုတော့ရှိတယ်။ ပညာရှင်တွေကတော့ သူတို့ကိုမမေး ဘူးဆိုရင် ပြောတော့မပြောကြဘူး။ သူတို့ဟာ နိုင်ငံရေးမှာအားနည်း တယ်။ ကျွန်တော်သိသလောက်တော့ ပညာရှင်အများခုဟာ လူမှုရေးမှာလည်း အားနည်းကြတယ်။ သူတို့ဟာ သူတို့ယုံကြည်ချက်နဲ့ ပညာရပ်တိုးတက်ရေးကို အဓိကထား သုတေသန ပြုနေကြတာပဲ။ ဥပမာကွယ်လွန်သွားတဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းပေါ့။ သူက သမိုင်းကို အင်မတန် ချစ်တယ်။ ပုဂံဘုရားတွေကို ရှေးရိုးအတိုင်း ပြင်ဆင်ဖို့လိုတာကို သူသိတယ်။ သူပြောတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အတိုက်အခံလုပ်ပြီး ကျယ်ကျယ်လောင်လောင်တော့ မပြောဘူး။ တာဝန်ရှိသူတွေက အထက်အမိန့်ဆိုပြီး လုပ်ကြတယ်။

အဲဒီခေတ်ကို ခင်ဗျားတို့လည်း ကြုံဖူးတယ်မဟုတ်လား'' သူတို့ ပြောကြပါသည်။
ကျွန်တော်တို့သည် နိုင်ငံတော်သစ်ကို တည်ဆောက်ပါမည်။ ပြည်သူတွေလည်း ပါဝင်လာမည်ဟု ကျွန်တော်ယုံကြည်သည်။ ပါဝင်လာသည်ကိုလည်း တွေ့မြင်နေရသည်။ ကျွန်တော်တို့သည် အစိုးရအဖွဲ့ ဘယ်လို ကောင်းကောင်းသူတို့ မှားယွင်းစွာ လုပ်နေတာကို စေတနာအရ သူမှားတာပဲဟု 'လွှတ်'ထားပေး သင့် မသင့် စဉ်းစားရန်လိုသည်။
ဥပမာလယ်/ဆည်ဝန်ကြီးဌာန က ပုလဲရွှေလီ-ဆင်းရွှေလီမျိုးစပ် စပါးမျိုးကို စိုက်ပျိုးစေသည်။ ထို စပါးသည် တစ်ဧကတင်း ၂၀၀ ကျော် ထွက်ပါသည်။ 
အင်မတန်ကောင်းပါသည်။

သူ့အတွက် ပိုးသတ်ဆေးလိုက်ရသည်။ ပေါင်းသင်မှု(ပေါင်းသတ် ဆေးမသုံးရပါ)ပြုရသည်။ တိကျသော ဓာတ်မြေသြဇာထည့်ရသည်။

မြန်မာလူမျိုးတွေအတွက် ဒီလိုစည်းကမ်းရှိရှိ တိတိကျကျ လိုက်နာလုပ်ဆောင်ရသည်မှာ အလေ့အကျင့်တွေ ဖြစ်စေ၍ တန်ဖိုးရှိပါသည်။

သို့သော် ထိုပုလဲရွှေလီဆိုသော မျိုးစပ်စပါးကို မျိုးအနေနဲ့ ထွက်လာသောစပါးကို မျိုးယူကာ ထပ်စိုက်၍ မရပါ။ မျိုးကိုနှစ်စဉ် တရုတ်ပြည်က ထပ်ဝယ်ရသည်။ ထိုသို့ မျိုးကန်းသော သီးနှံများသည် Hybrid သို့မဟုတ် Genetically Modified (GM)သီးနှံများသာ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ပြောင်းမျိုးအများစုကို ဒီ GM နည်းဖြင့် စိုက်သည်။ စိုက်သော ပမာဏမှာ ဧကသန်း ၇၄၀ ကျော်သည်။ အထွက်တိုးသည်။ သို့သော်ပြဿနာက GM သီးနှံများကို စားသုံးရန် သင့် မသင့် ဆုံးဖြတ်ဆဲ ဖြစ်သည်။ 

တစ်ဖက်က ကမ္ဘာကြီးတွင် လူဦးရေတိုးလာသောကြောင့် အထွက် တိုးသီးနှံသည် အင်မတန်အရေးပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် လယ်သမား ၇၀ ရာခိုင်နှုန်း ရှိပါသည်။ သူတို့ အကျိုးဖြစ်ထွန်းဖို့ လိုသည်။ တစ်ဧကတင်း ၁၀၀ အောက်ထွက်သည့် လယ်သမားများ အရင်းသာရ၍ တင်း ၅၀ အောက်သာထွက်သည့်အခါ အကြွေးပါတင်သည် ...
ထိုမျိုးစေ့များကို ထုတ်လုပ် သော ကုမ္ပဏီမှာ Monsanto ကုမ္ပဏီ ဖြစ်သည်။ ထို GM အစားအသောက်များကို Frankenfood ဟုလည်း ခေါ်သည်။ သရဲတစ္ဆေတွေ စားသောအစားအသောက်ဟု ဆိုလိုသည်။
တစ်ဖက်က ကမ္ဘာကြီးတွင် လူ ဦးရေ တိုးလာသောကြောင့် အထွက်တိုးသီးနှံသည် အင်မတန်အရေးပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် လယ်သမား ၇၀ ရာခိုင်နှုန်းရှိပါသည်။ သူတို့ အကျိုးဖြစ်ထွန်းဖို့ လိုသည်။ တစ်ဧကတင်း ၁၀၀ အောက်ထွက်သည့် လယ်သမားများ အရင်းသာရ၍ တင်း ၅၀ အောက်သာထွက်သည့်အခါ အကြွေးပါတင်သည်။ 

သို့သော် လယ်/ဆည်ဝန်ကြီးဌာန၏ ဖြေရှင်းမှုသည် အမှန်တကယ်  လိုအပ်ချက်လား။ ကျွန်တော်တို့ လယ်သမားတွေကို မေးကြည့်တော့ ပုလဲ ရွှေလီစိုက်ပျိုးသည့်အခါ ''ကုန်ကျစရိတ်တွေ ပိတယ်။ ဒါ့အပြင် ဈေးမရဘူး''ဟု ပြောကြပါသည်။ သူတို့ အားလုံးကိုတော့ အတိအကျ စာရင်းယူသင့်ပါသည်။ 
ကျွန်တော်က လယ်/ဆည်ကို ဥပမာတစ်ခုအနေဖြင့်သာ တင်ပြခြင်းဖြစ်သည်။ အပြစ်တင်သည် မဟုတ်ပါ။ ကျွန်တော်တို့ နောက်တစ်ခေတ်မှာ ဒီလိုဆွေးနွေး ပြောဆို ဝေဖန်မှုတွေများစွာကို မြင်တွေ့ရပေမည်။ ထိုဝေဖန်မှုများကို လက်ခံနားထောင်ဖို့ အစိုးရတွင် တာဝန်ရှိသည်။ အခြားလို အပ်ချက်တွေ အများကြီး ရှိပါသေးသည်။ အဓိကအကြောင်းက ယနေ့ ကျွန်တော်စာရေးနေသည့်အချိန်တွင် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် မြန်မာပြည်ကို လာရောက်သောကိစ္စနှင့် ပတ်သက်နေသည်။ ဗြိတိသျှဝန်ကြီးချုပ် ကင်မရွန်လာခြင်းသည် ကောင်းပါသည်။ နှစ် ၅၀ ခန့် အစိုးရအဖွဲ့ချင်း တစ်ယောက်နှင့်တစ်ယောက် တရားဝင် စကားပြောဆိုဆက်ဆံခြင်း မရှိသော နိုင်ငံက လာရောက်သည်မှာ ကောင်းပါသည်။
ဗြိတိန်ကို ကျွန်တော်တို့နိုင်ငံကို နှစ်တစ်ရာကျော် ကျွန်ပြုထားသည့် နိုင်ငံအနေဖြင့်လည်း မေ့ထားနိုင်ကောင်းပါသည်။ သို့သော် ဒေးဗစ်ကင်မရွန်နှင့်အတူ နောက်က လူ ၂၆ ဦးတို့ ပါလာသည်။ ထိုပုဂ္ဂိုလ်အများစုမှာ စီးပွားရေးသမားများ ဖြစ်သည်။ သူတို့သည် လမ်းခရီးတွင် ၀င်ရောက်သော အင်ဒိုနီးရှားကို လက်နက်ရောင်းခဲ့သည်။ မလေးရှားကို ကာကွယ်ရေးစနစ် စစ်သုံးပစ္စည်းတွေ ရောင်းချဖို့ သဘောတူခဲ့သည်။
မြန်မာနိုင်ငံ သည် နှစ် ၅၀ ကျော် ကမ္ဘာနှင့် အဆက်ပြတ်နေသော Virgin Land ဖြစ်သည်။ စီးပွားရေး ပိတ်ဆို့မှုကလည်း ရုပ်သိမ်းမှာ အသေအချာဖြစ်သည်။ လက်ရှိယာယီရုပ် သိမ်းပေးသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေးပူးတွဲ ဆောင်ရွက်လိုသော နိုင်ငံတကာမှ အစိုးရများ ရောက်လာပေမည်။

စီးပွားရေးပိတ်ဆို့ထားမှုကို ရုပ်သိမ်းလိုက်သည်နှင့် တဖွဲဖွဲဝင်လာ ပေမည်။ ဘာတွေလုပ်ကိုင်ဖို့ ၀င်လာမှာလဲ။ သယံဇာတကို အခြေခံသော လုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံ လာမည်။ ဥပမာ စက်ရုံတွေ ဆောက်မည်။ ဓာတ်သတ္တု တူးဖော်မည်။ သယံဇာတတွေကို ထုတ်မည်။ စိုက် ပျိုးရေးတွေကိုလုပ်မည်။

ဒုတိယက ၀န်ဆောင်မှု Service အတွက် လုပ်ငန်းတွေကို တွေ့မြင်လာရသည်။ မြန်မာပြည်၏ အလုပ်သမားစရိတ် သက်သာမှုကို အသုံးချသော လုပ်ငန်းများဖြစ်သည့် အီလက်ထရွန်းနစ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း စသည်တို့ကို တိုးချဲ့လာနိုင်ပါသည်။

နိုင်ငံတော်က ဒီအကျိုးအမြတ်တွေကို ခံစားရပေမည်။ ကျွန်တော်တို့နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်လာမည်။ ဒါက အသေအချာဖြစ်လာမည့် ခန့်မှန်းချက်ပါ။ ဒီထက်တော့ ပိုချင် ပိုပါမည်။

ကျွန်တော်တို့သည် တံခါးဖွင့်ထားသည်။ ဈေးကွက်နှင့်ဆိုင်သော Globalization ကို မြင်ရမည်။ ၀င်ရောက်မည့်သူတို့ကို တားဆီး၍မရပါ။ တားဆီးဖို့လည်း မဖြစ်နိုင်ပါ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ အဓိကကတော့ သဘာဝပတ်ဝန်းကျင် မထိခိုက် မပျက်စီးရေးပါပဲ၊ တိုးတက်မှုအတွက် ပေးဆပ်ရတာတွေ အများကြီးရှိပါသည်။ 
ထိုကိစ္စများကို စဉ်းစားချင့် ချိန်ရပေမည်။ သက်ဆိုင်ရာနယ်ပယ် အသီးသီးက ပညာရှင်များကို တိုင်ပင်ကြဖို့ အစိုးရကို တိုက်တွန်းရမည်။

ထိုသို့ တိုင်ပင်ရာတွင်လည်း ပညာရှင်များ၏ အကြံဉာဏ်များကို လေးစားရပေမည်။

လူထု၏အသံကိုလည်း နားထောင်ရမည်။ ရွာများရွှေ့ခြင်း၊ နယ်မြေရွှေ့ပြောင်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ အာဏာသုံးမည့် အစားညှိနှိုင်းရမည်။ အစိုးရသည် ကိုယ်ကျိုးစီးပွားအတွက် မဟုတ်။ ပြည်သူအများ မနစ်နာအောင် ဆောင်ရွက်သည်ဟူသော ယုံကြည်ချက်ကို ရယူဖို့လိုသည်။

ဒါကိုတော့ ပြောနေရုံနဲ့တော့ မရပါ။ လုပ်ပြရပေမည်။

အစိုးရကိုယ်တိုင် တာဝန်ယူမှ ပြည်သူကလည်း တာဝန်ယူတတ်သောသူများ ဖြစ်လာပေမည်။ ဘယ်လိုဖြစ်ဖြစ် လူထုအားကို အများကြီး လိုပါသည်။

No comments: