အမြင်မတူတာတွေကိုညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
"ကျွန်မတို့ လွှတ်တော်ထဲ ရောက်ပြီးသား ဖြစ်နေတဲ့ ပါတီအဖွဲ့အစည်း
တော်တော်များများက ကိုယ်စားလှယ်တွေက လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုကြပါတယ်။ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပြီးတော့ အားလုံး ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြကြပါတယ်။ အဲဒါကတော့ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ ကောင်းတဲ့ အလားအလာလို့ ကျွန်မ ထင်ပါတယ်။"
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်တွင်း အမြင်မတူတာတွေကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှာ
ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
လွတ်တော်တွင်း ပါတီအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ ကြည့်မြင်တိုင်မြို့နယ်၊ အထက် ကြည့်မြင်တိုင်ရပ်ကွက်၊
ဘောဂလမ်းက NLD ရုံးခန်း ဖွင့်ပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်မှာ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
ဒီကနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး လူထုကို
ပြောကြားခဲ့ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားပေးဖို့ အရေးကြီးကြောင်း၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး အဓိက လိုအပ်ချက်ဟာ အလုပ်အကိုင် ဖန်တီးပေးဖို့ ဖြစ်ကြောင်း၊ ဒီကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်နဲ့
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်တို့ တက်ရောက်ခဲ့ကြ
ပါတယ်။
ဒီကနေ့ ရုံးခန်းဖွင့်ပွဲကို ပရိသတ် သောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

RFA-Burmese
ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၂ ရက်နေ့တွင် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြကြောင်းလည်း သိရသည်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါဇယား ၄ ၏ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သည့်စာသားများအတိုင်းသာ ကျိန်ဆိုသွားခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . . ဧပြီလ ၃၀ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တက်ရေးမတက်ရေးနှင့် ပတ်သက်၍ ''အဖြေရပြီဆိုတော့ ဒါကိုမြန်မြန်ပဲ ပြောလိုက်ပါမယ်။ မနေ့က ဒေါက်တာအေးမောင် လာတွေ့ပါတယ်။ တိုတိုပြောရရင် ကျွန်မတို့ကို လွှတ်တော်အတွင်းက တိုင်းရင်းသားပါတီတွေနဲ့၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီတွေတင် မကဘူး။ တစညလည်း ပါတယ်။ နောက်ပြီးတော့ တခြားပါတီတွေလည်း ပါတယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ပါတယ်။ အားလုံးကနေ စုပေါင်းပြီးတော့ ကျွန်မတို့ကို လွှတ်တော်ထဲကို တက်စေချင်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ထဲမှာမှ ပြောင်းလဲစေသင့်တာတွေ ပြောင်းလဲ စေချင်ပါတယ်ဆိုပြီးတော့ မေတ္တာရပ်ခံပါတယ်။ အင်မတန်မှ မဟာမိတ် သဘောတရား ဆောင်တယ်ပေါ့နော်။ အားလုံးက ပူးပေါင်းဆောင်ရွက် ချင်တဲ့ အခြေအနေကို တင်ပြထားတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပေးတဲ့စာကလည်း တိုင်းရင်းသားပါတီတွေနဲ့ တခြားတစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အားလုံးပေါင်း လက်မှတ်ထိုးထားတာက လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပြောင်းလဲချင်တဲ့ကိစ္စတွေ ပြောင်းဖို့၊ အထူးသဖြင့် ကျွန်မတို့ လိုချင်နေတဲ့ ကျမ်းကျိန်တဲ့စာရဲ့ စာသားတွေကို ပြောင်းဖို့ကို ၀ိုင်းဝန်းပြီးတော့ မေတ္တာရပ်ခံတာကိုလည်း ပါတယ်။ ကျွန်မတို့အနေနဲ့လည်း ဒီဟာတွေ အားလုံးကို သဘောထားကြီးကြီးနဲ့ လိုက်လျောသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ လွှတ်တော်အတွင်း ကနေပြီးတော့ တခြားအဖွဲ့အစည်းတွေ၊ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ချင်တဲ့ ဆန္ဒအများကြီး ရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့အနေနဲ့ လိုက်လျောမယ်။ ဒီလွှတ်တော်တက်တဲ့ ကိစ္စကို အမြန်ဆုံး လုပ်လိုက်မယ်။ တချို့က မေးမှာပေါ့။ အစတုန်းကတော့ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ စကားလုံးကို လက်မခံဘူး။ အခုကျတော့ ဘာလို့ လက်ခံလဲဆိုပြီးတော့၊ ဒါလက်ခံရတဲ့ အကြောင်းက ကျွန်မက အကြမ်းဖျင်းအားဖြင့် ပြောရင် နံပါတ်တစ်ကတော့ ပြည်သူလူထုရဲ့ ဆန္ဒအရပါ။ ကျွန်မတို့ကို မဲဆန္ဒရှင်များက၊ ကျွန်မတို့ကို မဲပေးခဲ့တဲ့ ပြည်သူလူထုက ကျွန်မတို့ကို လွှတ်တော်ထဲကို ရောက်သွားတာ အင်မတန်မှ မြင်ချင် ကြတယ်။ ကျွန်မတို့ကလည်း တစ်ချိန်လုံး ပြည်သူလူထု အသံကို နားထောင်နေပါတယ်။ နားထောင်နေတဲ့အခါမှာ အင်မတန်မှ ကျွန်မတို့ကို လွှတ်တော်ထဲကို ၀င်စေချင်ကြတယ်။ နောက်ပြီးတော့ မဟာမိတ်တွေဖြစ် တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း အင်မတန်မှ လိုလိုလားလားနဲ့ လွှတ်တော်ထဲကနေပြီးတော့ အတူတကွ ပြောင်းလဲဖို့ လုပ်ဆောင်ချင်ပါတယ်လို့ ပြောထားတဲ့ မေတ္တာရပ်ခံချက်ကို ကျွန်မတို့အနေနဲ့ အင်မတန်မှ တန်ဖိုးထားပါတယ်။ အလေးထားပါတယ်။ အဲဒါကြောင့်မို့ပါ''ဟု ပြောကြားခဲ့သည်။ ထို့အပြင် ပါတီမှတ်ပုံတင် ဥပဒေနှင့်ရွေးကောက်ပွဲ ဥပဒေပါ စာသားများကို ပြင်ဆင်ရန် ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမည့် စာသားများကိစ္စကို တစ်ချိန်တည်း မဆောင်ရွက်နိုင်သည့်ကိစ္စနှင့် ပတ်သက်၍ သူမ၏ လစ်ဟင်းမှုသာဖြစ်ကြောင်းနှင့် တာဝန်ယူကြောင်း ဒေါ် အောင်ဆန်းစုကြည်က ၀န်ခံခဲ့သည်။ သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တစ်ခုနှင့်တစ်ခု မဆီလျော်သည့် စကားလုံးများနှင့် ပတ်သက်၍လည်း ထောက်ပြခဲ့ပြီး စကားလုံး အငြင်းပွားမှု ပြဿနာသည် နိုင်ငံရေးပြဿနာဖြစ်အောင် လုပ်ခြင်းမဟုတ်ဘဲ ဥပဒေကိစ္စရပ်တစ်ခုအနေနှင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ရွေးကောက်ပွဲဥပဒေနှင့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေများကို ပြင်ဆင်ပေးမှုအတွက် သမ္မတကြီး၏ လိုက်လျောမှုကို မမေ့ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ''အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူ လုပ်ရမယ်ဆိုတဲ့မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ |
ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဘန်ကီမွန်းသည် ဧပြီလ ၃၀ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ''ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကြီးမှာ မိန့်ခွန်းပြောခွင့်ရသော ပထမဆုံး ဧည့်သည်ဖြစ်ရတဲ့အတွက် အထူးပင် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်ကို အဆွေတော်ရဲ့ အမျှော်အမြင် ရှိခြင်း၊ သတ္တိရှိခြင်းတို့ကို ချီးမွမ်းလိုပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ခြင်းဖြင့် နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တခြားပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ကျွန်တော် ဂုဏ်ပြုလိုပါတယ်။ မြန်မာနိုင်ငံဟာ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးမှုတို့ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဆွေတော်တို့ရဲ့ စိတ်ဓာတ်ခိုင်မာခြင်းနှင့် တူညီစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတိ့ လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းဟာ သိမ်မွေ့ပြီး ရေရာခြင်း မရှိပါ။ ဤလမ်းကြောင်းဟာ ကျဉ်းမြောင်းသည့်အတွက် ပြန်လည်နောက် ဆုတ်နိုင်ခြင်းမရှိပါ။ မတူကွဲပြားမှုတွေ ကြုံကြိုက်တဲ့အခါမှာ ထားရှိရန် လိုအပ်တဲ့ အပြုသဘောရှိသော ဆန္ဒဖြစ်ပါတယ်။ အဖွဲ့အစည်းများအကြားမှာ မတူကွဲပြားမှုများ ရှိကြမည်ဆိုတာ ထူးဆန်းသည့် ကိစ္စမဟုတ်ပါ။ အဲဒီလို မတူကွဲပြားမှုများဟာ ကြီးမားနိုင်သလို အသေးအမွှားလည်း ဖြစ်နိုင်ပါတယ်။ အခု ကျမ်းသစ္စာကျိန်ဆိုမှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေသလိုပါပဲ။ အဲဒီကိစ္စတွေကိုလည်း ပြည်သူ့အကျိုး အလေးထားပြီး လူကြီးမင်းတို့ ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဤလွှတ်တော်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်းရဲ့ ဗဟိုချက်ဖြစ်ပါတယ်။ ဒီနေရာမှာ ပါတီပေါင်းစုံတို့က လက်တွဲပြီး ပြောင်း လဲမှုအတွက် အားလုံးပါဝင်တဲ့ အမျိုးသားလုပ်ငန်းစဉ် ရေးဆွဲကြရမှာ ဖြစ်ပါတယ်။ ၂၀၁၄ တွင် မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ဥက္ကဋ္ဌနေရာယူခြင်းနှင့်အတူ ဒေသတွင်း ခေါင်းဆောင်မှုနှင့်ပါလာသော ၀တ္တရားများအပေါ် မျှော်လင့်ချက်များ ရှိလာပါတယ်။၂၀၁၅ မှာ ရွေးကောက်ပွဲ ထပ်မံကျင်းပဦးမှာ ဖြစ်ပါတယ်။ ဤအရေးပါတဲ့ အချိန်တွေမှာ မြန်မာနိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းတို့ အလုပ်တွဲလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီကနေ ကျွန်တော်က အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းကို ပိတ်ဆို့မှုအပေါင်းကို ဖယ်ရှားခြင်း၊ လျော့ပေါ့ ဆိုင်းငံ့ခြင်းတို့ကို ပိုမိုဆောင်ရွက်ကြပါရန် တောင်းဆိုလိုပါတယ်''ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ဘန်ကီမွန်က ''နောက်တစ်ချက်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အပြည့်အ၀ ဖော်ဆောင်ရန်ဖြစ်ပါတယ်။ ဒီခက်ခဲတဲ့ကိစ္စတချို့မှာ တိုးတက်မှု လိုနေပါတယ်။ ဥပမာ ရွှေ့ပြောင်းခံရသော လူထုများ၊ တိုင်းရင်းသားလူမျိုးစုနှင့် နိုင်ငံရေးအဖွဲ့များအတွက် လုံခြုံရေး အာမခံခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးတို့ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေမှာ အပစ်အခတ်ရပ်စဲရေးနှင့် ကွာဟလျက်ရှိပါတယ်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်စေမယ့် အပစ်အခတ်ရပ်စဲမှုနဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက် အခွင့်အလမ်းကို ကချင်လူမျိုးတွေက မဆုံးရှုံးသင့်ပါ။ လူသားချင်းဆိုင်ရာ အကူအညီများ ပေးနိုင်ဖို့အတွက် ကချင်ပြည်နယ်ကို ၀င်ရောက်သွားလာခွင့်ပေးခြင်းကို ကျွန်တော်တို့ အသိအမှတ်ပြု လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုမှာ အရေးပါ အရာရောက်စေမည့် သဘောရှိပြီး နှစ် ၃၀ အတွင်း ပထမဦးဆုံးသော သန်းခေါင်စာရင်း ကောက်ခံမှု တွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂလုပ်ငန်းများသည် အမြဲအသင့်ရှိနေဖို့ ကျွန်တော် ဆောင်ရွက်ပါမယ်။ ဤခေတ်အခါရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ မြန်မာရဲ့ ပါဝင်မှု လိုနေပါတယ်။ ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းဖို့ အဆွေတော်တို့ လက်ထဲမှာ ရှိနေပါတယ်''ဟု ပြည်ထောင်စု လွှတ်တော်သို့ ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ၎င်းသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ အုတ်ဂူသို့ သွားရောက် ဂါရ၀ပြုခဲ့သည်။ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ဘန်ကီမွန်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်အောင် မြင်နေမှုများကို အားပေးလို၍ လာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပိုမိုထိတွေ့ဆက်ဆံနိုင်ရန် အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် နံနက် ၁၀ နာရီခွဲခန့်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်းကောင်း၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်းကောင်း အသီးသီး တွေ့ဆုံခဲ့ပြီး လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်မှ ရှမ်းပြည်နယ် ဟဲဟိုးမြို့သို့ သွားရောက်ခဲ့ပြီး ဟိုပုံးမြို့နယ် ကျောက်ကချားကျေးရွာရှိ UNODC နှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ခဲ့သည်။ ဘန်ကီမွန်သည် မေလ ၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့သည်။ မေလ ၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ White Rice စားသောက်ဆိုင်တွင် မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါရှင်းလင်းပွဲတွင် မစ္စတာဘန်ကီမွန်က ''ကျွန်တော်ကတော့ အကောင်းမြင်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း မြန်မာအစိုးရကို ယုံကြည်မှုတွေ ပြနေပါတယ်။ မြန်မာနိုင်ငံဟာ စစ်အစိုးရ အုပ်ချုပ်ရေးကာလနဲ့ အချိန်နှစ် ၄၀ တောင်ဖြုန်းပြီးပါပြီ အချိန်ထပ် ဖြုန်းစရာ မကျန်တော့ပါဘူး။ ပါတီတွေအားလုံးရော၊ လူမှုအဖွဲ့အစည်းတွေ အားလုံးရော၊ အစိုးရခေါင်းဆောင်တွေပါ စည်းလုံးသင့်ပါတယ်။ အခုက မြန်မာနိုင်ငံရဲ့ အနာဂတ် အတွက် အရမ်းအရေးကြီးတဲ့ အချိန်ပါ။ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပါ။ ဒါက ကျွန်တော်ပေးချင်တဲ့ Message ပါပဲ''ဟု ပြောကြားခဲ့သည်။ ဘန်ကီမွန်နှင့် အဖွဲ့ဝင်များသည် မေလ ၁ ရက်နေ့ ညနေတွင် ပြန်လည်ထွက်ခွာခဲ့သည်။ သတင်းအယ်ဒီတာအဖွဲ့ |
ကျနော်ဒီအတိုင်းပဲ ဆက်သဘောကျတယ် (ဌေးဦး)
By featured, အောင်သက်ဝိုင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက
ဖွဲ့စည်း ပုံအခြေခံဥပေဒသည် သက်တမ်းနုနယ်သေးသည့်အတွက် ပြုပြင် စရာမလိုသေး ဘဲ
ပြည် သူများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးကို
စိတ်မ၀င်စားသောကြောင့် ပြင်ရန်လည်း မလိုကြောင်း ပြော ဆိုလိုက် သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို
ကျင့်သုံးတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ သက်တမ်း သိပ်ငယ်သေးတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူတွေအများစု
မမေးကြဘူး။ ပြည်သူတွေက အဲဒီ ဥစ္စာကို စိတ်မ၀င်စားဘူး။ ပြည်သူတွေနဲ့
ကျနော်တို့ ထိတွေ့နေတာပဲ။ ပြည်သူတွေက စားဝတ်နေရေး ဘယ် လိုအဆင်ပြေမလဲ၊
စီးပွားရေးတွေ အဆင်ပြေမလဲ။ ဒါပဲစိတ်ဝင်စားကြပါတယ်” ဟု ဦးဌေးဦးက ပြော
သည်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD
လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ယနေ့ ကျမ်းကျိန်ပြီး ပြည် သူ့လွှတ်တော်
အစည်းအဝေးသို့ ပထမဆုံး တက်ရောက်ကြသည်။
တပ်မတော်သား
ကိုယ်စားလှယ်များ လွှတ်တော်တွင်ပါဝင်ခြင်းသည် မည်သူ့ကိုမျှ အနှောင့်အယှက်
မပြု သည့်အတွက် ယင်းအချက်ကိုလည်း ပြင်ဆင်ရန် မလိုအပ်ကြောင်း ဦးဌေးဦးက
ဆိုသည်။
“တပ်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းသည်
လွှတ်တော်ထဲမှာ မရှိသင့်တဲ့အနေအထား ရှိနေသလားလို့ ခင်ဗျား တို့ပဲ
ကျနော်ပြန်မေးရမှာပဲ။ မဟုတ်ဘူးလား။ ဘာများ အနှောင့်အယှက်တွေ ဖြစ်နေလဲ။
သူတို့လည်း လုပ်သင့်လုပ်ထိုက်တာ လုပ်နေကြတယ်လို့ မြင်တယ်။ လတ်တလောအားဖြင့်
ဒီအတိုင်းက ဘာမှမဖြစ် တဲ့အတွက် ဘာမှ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့
ဆိုးကျိုးတစုံတရာ မရှိတဲ့အတွက် ကျနော်ဒီအတိုင်းပဲ ဆက်သဘောကျတယ်” ဟု
ဦးဌေးဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော
ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်
ခဲ့ပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၉၇၄
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်ပြီးနောက် ၂၀၀၈ ခုနှစ်ရောက်မှသာ
ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ထပ်မံပေါ်ပေါက်ခြင်းဖြစ်ပြီး လွယ်လွယ်နှင့်
ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ဦးဌေးဦးက ဆိုသည်။
“၄၇
နဲ့ ၇၄ ဆိုရင်လည်း တော်တော်ကွာတယ်။ ၇၄ နဲ့ ၂၀၀၈ ဆိုလည်း တော်တော်ကွာတယ်။
ဒါကြောင့် လက်တွေ့ကျင့်သုံးပြီးတဲ့အချိန်မှာ မသင့်တော်ရင် လုပ်ရမယ်။
ဖြစ်လာတဲ့အပေါ် မူတည်ပြီးတော့ လက်ရှိ အနေအထားပေါ်မူတည်ပြီး ကျနော်တို့
ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆက်ပြီးတော့ အကောင် အထည် ဖော်နေတယ်” ဟု
ဦးဌေးဦးက ပြောသည်။
NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးအုန်းကြိုင်ကမူ NLD လွှတ်တော် ကိုယ်စားလှယ်များ သည် ပြည် သူကို
ကတိပေးထားသည့်အတိုင်း လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်ပါက ဖွဲ့စည်း
ပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဧရာဝတီသို့
ပြောသည်။
“ရွေးကောက်ပွဲ မတိုင်မီကတည်းက ပြည်သူတွေကို ပြောထားတဲ့ကတိတွေ အကောင်အထည်ဖော်မှာပါ” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင်
မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသော NLD က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ပြင်ဆင်ရေး၊တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
SOURCE : IRRAWADDY
ဖတ်မိတဲ့ကွန်မင့်တခု
သတင်းထောက်များမှ ဒေါ်အောင်ဆန်းစုကြည်အား
''လွှတ်တော်တက်ရောက်ပြီးနောက် လွှတ်တော်ကို ဘာပြောချင်ပါသလဲ''ဟု
မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''စောစောစီးစီးပြီးသွားလို့
ဝမ်းသာပါတယ်'' ဟု လည်းကောင်း၊ ''မဲဆန္ဒရှင် ပြည်သူတွေကို
ဘာပြောချင်ပါသေးလဲ'' ဟုမေးရာ ''မဲပေးလိုက်တဲ့ မဲဆန္ဒရှင်တွေရဲ့ အကျိုးအတွက်
ဆောင်ရွက်ဖို့ဆိုတာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်တယ်ဆိုတာ ကျွန်မတို့
လေးလေးစားစားနဲ့ လက်ခံပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ ''အခု လွှတ်တော်တက်လာပြီဆိုတော့ NLD ရဲ့ ရှေ့ဆက်လုပ်မယ့် ရည်မှန်းချက်က ဘာပါလဲ” ဟုမေးမြန်းရာ ‘NLD ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအတွက် ကျွန်မတို့ လွှတ်တော်ကို တက်လာတာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ရည်မှန်းချက်တွေအတွက် လာတက်တာပါ။ အဓိက ပြောရမယ်ဆိုရင် ပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်ဖို့အတွက် ကြိုးစားသွားမှာပါ” ဟု လည်းကောင်း၊ “ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်တွေနဲ့ ဘာပြောဖြစ်ပါသေးလဲ” ဟု မေးမြန်းရာ “ကျွန်မဘေးမှာထိုင်တဲ့ ကိုယ်စားလှယ်နှစ်ဦးစလုံးက ပြည် ခိုင်ဖြိုး ပါတီကပါပဲ” ဟု လည်းကောင်း၊ ''တပ်မတော်သား ကိုယ်စားလှယ်တွေကိုရော ဘယ်လိုစည်းရုံးမှာပါလဲ” ဟု မေးရာ ''တပ်မတော်သား ကိုယ်စားလှယ်တွေကို ကျွန်မ ထမင်းစား ဖိတ်ရင် ကောင်းမလားမသိဘူး” ဟု ဖြေကြားခဲ့သည်။
သတင်းထောက်တွေ မကြိုးစားဘူးမဟုတ်ပါဘူး။ အပြစ်ပြောချင်တာလဲ မဟုတ်ပါဘူး။ သတင်းထောက်တွေရဲ့ လစာအနေအထားကအစ သတင်းလိုက်ရတဲ့အပေါ် Supporting ပိုင်းမှာ အားနည်းတာ စသဖြင့် အားလုံး နားလည်ပေးနိုင် ပါတယ်။
တစ်ခုတော့ရှိပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ အနေအထားအရ ရပိုင်ခွင့်နဲ့ လစာဆိုတာ ဒီနှုန်းထားအတိုင်း သွားနေကြတာဖြစ်ပါတယ်။
ဒါပေမယ့် သတင်းထောက်တွေ(ဝန်ထမ်း) ဘက်ကနေ အားမရတာက ကြိုတင်ပြင်ဆင်မှု အားနည်းလွန်းတယ်လို့တော့ သုံးသပ်ပါတယ်။
ဘယ်နေရာမှာ ဘာမေးခွန်း ဘယ်သူနဲ့တွေ့လျှင် ဘာမေးရမယ်ဆိုတဲ့ တဆင့်ချင်းရဲ့ မေးခွန်းတွေဟာ ကိုယ့် Pro အလုပ်ဖြစ်နေတဲ့ အပေါ်မှာ မေးသင့်တဲ့ မေးခွန်းနဲ့ မမေးသင့်တဲ့ မေးခွန်းဆိုပြီး ခွဲခြားသိထားရပါမယ်။ ကိုယ်ပိုင် ဆင်ခြင်ဥာဏ်နဲ့ ဘယ်မေးခွန်းဟာဖြင့် လူကြားသူကြားထဲ မေးလို့ ဖြေနိုင်မယ့် မေးခွန်းမျိုး ဟုတ်သလား၊ မဟုတ်သလားဆိုတာ ကြိုပြီး ပြင်ဆင်တွေးတောထားစေချင်တာပါ။ ဒီလိုမှ သာလျှင် မိမိအရည်အသွေးက အများအလည်မှာ လူလက်ခံနိုင်မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ တပ်မတော်သားတွေကို ဘယ်လိုစည်းရုံးမလဲဆိုတဲ့ မေးခွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေဟာလည်းဘဲ အိမ်ကိုထမင်းဖိတ်ကျွေးရင် ကောင်းမလားဆိုတဲ့ အဖြေမျိုးပဲ အမြဲလိုလို ရလာဖို့ပဲရှိနေပါမယ်။
သတင်းမေးတယ်ဆိုတာမျိုးက တွေ့ရခက်ခဲ့တဲ့ တွေ့ချင်တိုင်း တွေ့ခွင့်မရနိုင်တဲ့ သူမျိုးနဲ့ တွေ့ဆုံတဲ့အခါမှာ ကိုယ်မေးတဲံ့မေးခွန်းက အများအတွက် ကျေနပ်လောက်တဲ့ မေးခွန်းမျိုးဖြစ်ဖို့၊ အမေးခံရသူမှာလည်း ၎င်း၏ လုပ်ဆောင်မှုရှိတဲ့ အဖြေရှိတဲ့ မေးခွန်းမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။
ဒီလို အမေးအဖြေ ထပ်တူကျနေဖို့ဆိုတာက သတင်းသမားရဲ့ အတွေ့အကြုံ၊ အရည်အသွေးနဲ့သာ ဆိုင်တဲ့အတွက်ကြောင့် အတွေ့အကြုံနည်းရခြင်း အပေါ် အချိန်ဆိုတာလည်း စကားပြောတယ် ဆိုလို့ရပေမယ့် ဒီလိုနေရာ၊ ဒီလိုလူနဲ့၊ ဒီလိုအချိန်မျိုးမှာ အခုလို အများအမြင်မှာ ကိုယ့်မေးခွန်းက ဆိုးဆိုးဝါးဝါးဖြစ်နေတာမျိုး မဖြစ်သင့်တဲ့ ကိစ္စလို့ပဲမြင်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ follow လေးလိုက်ပြီး အရင်ခေတ်ကာလ flow အတိုင်း မျှောနေလို့မရပါဘူး။ မိမိအလုပ်ပေါ် အများကြီး အားထည့်ကြိုးစားစေချင်ပါတယ်။ သတင်းသမားမှာမှ မဟုတ်ပါဘူး။ ဒါဟာ တစ်ဦးချင်းစီမှာ ရှိသင့်တဲ့အချက်ပါ။
တပ်မတော်သားကို ဘယ်လိုစည်းရုံးမလဲ ဆိုတဲ့ မေးခွန်းအပေါ် ဝေဖန်ရခြင်းမှာလည်း Eleven Media သတင်းသမားများရဲ့ မေးမြန်းခြင်းဖြစ်တယ်လို့ မဆိုလိုပါဘူး။
ကိုယ်အားပေးနေကျ eleven ရဲ့ သတင်းမှာ ဖတ်ရလို့သာ ဒီနေရာ ရေးသားရခြင်းဖြစ်ပါတယ်။
အခုလို ဝေဖန်ရခြင်းရဲ့ ဆန္ဒကိုလည်း နားလည်နိုင်မယ်လို့ ထင်ပါတယ်။

SOURCE : ELEVEN
(ဒေါ်စုနဲ့ NLD လွှတ်တော်ထဲ ရောက်သွားတဲ့ အပေါ် ရခိုင် ခေါင်းဆောင်တွေက ဒီလို မြင်ပါတယ်)
ကျမ်းကျိန်စာသားကို လေးစားလိုက်နာပါမယ်လို့ ပြင်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပြန်မပြင် ပေးခဲ့တာကြောင့် မူလ
" ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ပါမည်" ဆိုတဲ့ စာသား အတိုင်း ကျမ်းကျိန်ပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်တွေဟာ
လွှတ်တော်ထဲကို ၀င်ရောက် သွားခဲ့ပါပြီ။ ဒီလို လွှတ်တော်ထဲကို ရောက်ရှိသွားတဲ့
အပေါ် အမြင်မတူညီမူတွေနဲ့ အတူ သဘောထား ကွဲမူတွေလည်း အများအပြား
ထွက်ပေါ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲက နိုင်ငံရေး အရ လူပ်ရှား
တက်ကြွဆုံး ပြည်နယ် တစ်ခု ဖြစ်တဲ့ ရခိုင်ပြည်နယ်က ခေါင်းဆောင်တွေကို
နိရဉ္စရာရဲ့ သတင်းထောက် မောင်ရမ္မာက လက်လှမ်းမှီသလောက် ဆက်သွယ်
မေးမြန်းကြည့်တဲ့ အခါ သူတို့ဘက်က အမြင်တွေကို ခုလို ပြောကြားပါတယ်။
( ဦးအေးသာအောင် - ၀ါရင့်နိုင်ငံရေးသမား၊ အထွေထွေအတွင်းရေးမှူး ( ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်)
ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်ထဲကို ၀င်ရောက်သွားပေမယ့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို မပြုပြင်ဘဲနဲ့ တော့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူလို့ ပထမဆုံး ပြောချင်ပါတယ်။
အစောကြီးကတည်းက ပါတီ မှတ်ပုံတင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ဖို့ဆွေးနွေးကြတဲ့ အခါမှာ အဓိကက မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့က အဓိက အရေးကြီး ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားများနဲ့ စည်းလုံး ညီညွတ်မှုကို မရနိုင်ဘူး။ ပြည်တွင်းစစ်ကို မရပ်စဲနိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ဆိုတာလည်း မဖြစ်နိုင် ဘူး။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ဖို့က အဓိက ဖြစ်တယ်လို့ အားလုံးက မြင်ကြတယ်။
လွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးကို ပြန်သုံးသပ်တဲ့ အခါ အခက်အခဲ အဟန့်အတားများ ကြုံတွေ့နိုင်တယ်။ ဒါကြောင့် ဖွံ့စည်းပုံကို ပြင်မယ် ဆိုရင် လွှတ်တော် ပြင်ပ အင်အားစုများနဲ့ ပြည်သူများရဲ့ ကြိုးပမ်းမူနဲ့သာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင် ဆင်နိုင်မယ်လို့ သုံးသပ် ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ကိစ္စကိုထားပါအုံး။ ကျမ်းကျိန်တဲ့ စာသားလေး (ဒါလေးကိုတောင်) မပြင်နိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ဟာ အတော့ကို အခက်အခဲ အဟန့်အတား အနှောင့်အယှက်တွေ ကြုံနိုင်တယ်လို့ ကျွန်တော်တို့ အနေနဲ့ သုံးသပ်တယ်။ အဲဒါကြောင့် လွှတ်တော်ထဲကို ရောက်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်တို့က ၄၀ ကျော်၊ ကြံ့ခိုင်ရေးပါတီက အင်နဲ့အား နဲ့၊ တပ်မတော်ကိုယ်စားလှယ်ကလည်း ၂၅ ရာခိုင်နှုန်းဆိုတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ကိစ္စဟာ မလွယ် နိုင်၊ အခက်အခဲ အဟန့်အတား၊ အကျပ်အတည်းတွေ ကြုံရနိုင်တယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ ထက် လွှတ်တော်ပြင်ပ အင်အားစုတွေနဲ့ ပြည်သူတွေရဲ့ ကြိုးပမ်းမှု တွေနဲ့သာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မယ်လို့ ကျွန်တော် အနေနဲ့ ဒီလိုဘဲ သုံးသပ်ပါတယ်။”
ဒေါက်တာ အေးမောင် - ဥက္ကဌ ( ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ)
မြန်မာ့နိုင်ငံရေးကတော့ ပြောင်းလဲသွားမှာပါ။ ပြောင်းလဲအောင်လည်း ကျွန်တော်တို့က ဖန်တီး လုပ်ကိုင် နိုင်ရပါမယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အခါမှာ ကျွန်တော်တို့ကလည်း ပြောပါတယ်။ ကျွန်တော် တို့မှာ အင်အားတွေ ပိုပြည့်လာတယ်။ ကျွန်တော်တို့ ပိုပြီးတော့ နွေးနွေး ထွေးထွေး ရှိသလို ကျွန်တော်တို့ ခံစားရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကြိုဆိုပါတယ်။ ဗမာ ပြည်ရဲ့ ရှေ့အလားအလာကို ကြည့်တဲ့ အခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၁၉၈၈ ခုနှစ်ကပင် ယခု ကာလထိ ရုန်းကန်မှုတွေ အားလုံးကို ပြန် လို့ သုံးသပ်ကြည့်ဖို့ လိုပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး တို့အတွက် အင်အားတခု အဖြစ် ကျွန် တော်တို့ လက်ခံထားပါတယ်။
နောက်တစ်ခုက ဇယား ၄ ကို ပြင်ဆင်ဖို့ ခက်ခဲတယ်ဆိုတာကို ကမ္ဘာကရော ပြည်သူကရော သဘောပေါက်လို့ ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်သွားဖို့ဆိုတဲ့ အပိုင်း ကတော့ခါ အဟန့်အတား အခက်အခဲတွေ တစုံတခု အတိုင်းအတာထိ ရှိကိုရှိမှာပါ။ သို့သော်လည်း ၂၀၁၅ ဆိုတဲ့ ကာလ ကို မှန်းပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုကတည်းက ခြေလှမ်း စလှမ်းတယ်လို့ ကျွန်တော် နားလည်ပါ တယ်။ ပြုပြင်မှုဆိုတာက အချိန် ကာလအတိုင်းအတာ တစ်ခုထိ လိုသလို အဲဒီ အချိန်ကာလ အတွင်းမှာလည်း ပြုပြင်ပြောင်း လဲလိုတဲ့ လူတွေ အများကြီး ပေါ်လာ ပါလိမ့်မယ်။ လူထု တောင်းဆိုမှုတွေနဲ့ အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ တစ်ခုချင်းကို ပြန် သုံးသပ်ဖို့အတွက်လည်း တစ်နှစ် (သို့) နှစ်နှစ်၊ ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းပြီးတဲ့ ကာလမှာ အဆင် ပြေသွားဖို့လို့ ကျွန်တော် ယူဆတယ်။ ပြုပြင်ပြောင်းလဲလိုတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီး ရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကိုယ်နှစ်ကိုယ်က ဒီလို သဘောထားမျိုး ရှိပါတယ်။
ဒေါက်တာခင်မောင် - ဥက္ကဌ (ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ)
" အခု ဒေါ်စုက ပါလီမန်မှာ ရောက်လာတယ်ဆိုရင် ဘာဘဲဖြစ်ဖြစ် အတိုက်အခံ အုပ်စုတွေ အတွက် အားတခု တော့ ဖြစ်တယ်။ တချိန်တည်းမှာ ပြည်သူလူထု တရပ်လုံး၏ တောင်းဆိုသံတွေဟာ ပါလီမံ အတွင်းမှာ ပိုပြီး တော့ အားရှိလာတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် အခြား တဘက်မှာ ဒေါ်စုက ကတိသစ္စာ ခံယူတဲ့ အခါမှာ ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့ စာသား အစား လေးစား လိုက်နာ ပါမယ် ဆိုတဲ့ စာသားကို အစားထိုးဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ဘူး။ အဲဒီလို စာသား အသုံး အနုန်းကိုတောင် အစားထိုး အသုံးပြုလို့ မရနိုင်ဘူး ဆိုရင် အဲဒါထက် ကြီးကျယ်တဲ့ တခြား နိုင်ငံရေး ဥပဒေ ပုဒ်မတွေကို ပြုပြင်ပြောင်းလဲရေးဟာ သိပ်ပြီးတော့ အခက်အခဲ ရှိနိုင်ပါတယ်။ နောက်ပြီးတော့ ပါလီမန်ထဲမှာ ကြည့်လိုက်ပြန် တော့ ၂၅ ရခိုင်နှုန်း ကိုယ်စားလှယ်က စစ်တပ်က ဖြစ်တဲ့အတွက် အဲဒီ ၂၅ ရာခိုင်နှုန်းထဲက ကိုယ့်ဘက်ပါလာဖို့ ဆိုတာကလည်း သိပ်မလွယ်ပါ။ ၇၅ ရာခိုင်နှုန်းထက် ကျော်လို့ မဲရမှသာ ပါလီမန်တွင်းက Constitution ကို ပြုပြင်နိုင်တဲ့ အခွင့်အရေး ရှိနေတဲ့အခါ ဒေါ်စုအတွက် သိပ်မလွယ်ဘူလို့ မြင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် အတိုက်အခံ အင်အားစုတွေက ဖိတ်ခေါ်တာနဲ့ ပါဝင် စေချင်တာက တစ်ကြောင်း၊ သူကိုယ်တိုင်ကလည်း ပြည်သူလူထု အတွက် လွှတ်တော်ထဲက တောင်းဆိုဖို့ ဆိုပြီးတော့ ၀င်လိုတာက တစ်ကြောင်း၊ Constitution ထဲမှာ ပြုပြင်လိုတဲ့ ဆန္ဒကြောင့် တစ်ကြောင်း၊ ဒီလို အကြောင်းအမျိုးမျိုးကြောင့် ကာကွယ် စောင့် ရှောက်ပါမယ် ဆိုတဲ့ ကတိ သစ္စာကို ဆိုပြီး ၀င်လာတာ ဖြစ်ပါတယ်။ ဒေါ်စုရဲ့ ပါလီမံတွင်း ပါဝင်လာတာဟာ အတိုက် အခံတွေအတွက်၊ ပြည်သူလူထု အတွက် မျှော်လင့်ချက် တစ်ခုလို့ တော့ ယူဆပါတယ်။"
အရှင် ဦးသီဟ ဥက္ကဌ (ရခိုင်သံဃာ့သမဂ္ဂ)
တိုးတက်ပြောင်းလဲမယ့် လမ်းစကတော့ ဘာဘဲဖြစ်ဖြစ် အခု အခြေအနေမှာ လမ်းစတော့ ပေါ်နေပါပြီ။ ဒါပေမယ့် လွယ်လွယ်နဲ့ ပြောင်းလဲလို့တော့ ရမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ၂၀၀၈ ခု ဖွဲ့စည်း အုပ် ချုပ်ပုံကို ပြုပြင်ပြောင်းလဲလိုတဲ့ သဘောထားတွေ မရှိသေးဘူ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရတဲ့ဘက်က ထိုးဖေါက် ဆောင်ရွက်သွားမယ့် အနေအထားမျိုးနဲ့ ရှိတဲ့ အတွက် တိုးတက် ပြောင်းလဲမှု တစ်ချို့တော့ ရှိနိုင်တယ်။ ရှိပင် ရှိ ငြားသော်လည်း ထင်သလောက် ခရီးပေါက်မယ်လို့ တော့ ဦးဇင်း မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲမှာ စစ်သား ကိုယ်စားလှယ်ကလည်း ၂၅ ရာ ခိုင်နှုန်း ကျိန်းသေ ရှိပီးသား ဆိုတော့ သူတို့ (ကြံ့ခိုင်ရေး) တို့ သူတို့ လမ်းစဉ်အတိုင်းဘဲ လုပ်သွားဖို့ များပါတယ်။ အဓိက အစိုးရ အနေနဲ့ လမ်းစဉ် မူဝါဒပိုင်း ဆိုင်ရာတွေကို လျော့ပေးမှာ မ ဟုတ်ဘူးလို့ မြင်တယ်။ တိုက်ယူရမယ်။ တိုက်ယူရင်လည်း လွယ်လွယ် နဲ့တော့ ရမှာမဟုတ်ဘူးလို့ ဦးဇင်းသုံးသပ်ပါတယ်။
ဒေါ်စောမြရာဇာလင်း ဥက္ကဌ (ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU)
" ဒေါ်အောင်ဆန်းစုကြည်လွတ်တော်ထဲကို ရောက်သွားတာဟာ တိုင်းရင်းသား ပါတီတွေက လွတ်တော် အမတ် တွေအတွက် အားတခု မြင်လို့ ရပါတယ်။ အားရှိဖို့ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အမတ်တွေကို စိတ်ရှည်ထားပြီးတော့ ပါလီမန်တက်ဖို့  ဆွဲခေါ်ကြတာကို တွေ့ရပါတယ်။ လွတ်တော် ထဲ မှာ အတိုက်အခံ ခေါင်းဆောင်အနေနဲ့ နေမလား။ ဦးသိန်းစိန်အစိုးရက ခန့်အပ်တဲ့ သင့်တော်တယ်လို့ ပြော တဲ့ ရာထူးကို ဒေါ်အောင်ဆန်းစုကြည် လက်ခံမလား၊ စောင့်ကြည့်ဖို့ လိုအပ်ပါသေးတယ်။ အဲဒီအချက် (၂)ခု အပေါ်မှာ ဘယ်လောက် အကျိုး ရှိမရှိ ပြောလာနိုင်မှာဖြစ်သလို နိုင်ငံရေးအပြောင်းအလဲ အတွက်လည်း ဘယ်လောက် ခေါင်းဆောင်နိုင်မလဲ ဆိုတာ ပြောနိုင်မှာ ဖြစ်ပါတယ်။"
သူမဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံလို့ ၂၀၁၀ မှာ ရွေးကောက်ပွဲ မ၀င်ခဲ့ဘူး။ အခု အဲဒီ ဖွဲ့စည်းပုံးအတိုင်း ရွေးကောက်ပွဲ ၀င်လာတာဟာ အများနဲ့ စုပြီးတော့ ပြင်ဆင်နိုင်မလားဆိုတဲ့ အမြင်ကြောင်းလို့ သုံးသပ်ပါတယ်။ အဲဒါကြောင့် NLD ကရွေးကောက်ပွဲဝင်ရေး အခြေခံ စဉ်းစားချက်တွေ ဖြစ်တယ်။ တရား ဥပဒေ စိုးမိုးရေး၊ ပြည် တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ဆိုတဲ့ အချက်တွေကို ပြည်သူ့ လိုအပ်ချက်နဲ့ အညီ ဘယ်လောက် လုပ်နိုင်မလဲဆိုတာက လက်ရှိ အနေအထားမှာ စဉ်းစားစရာ ဖြစ်နေပါသေးတယ်။ နောက်တခုက ကျမ်းသစ္စာ ကျိန်ဆိုရေးအပေါ် ကွဲလွဲခဲ့တဲ့ စကားလုံးနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ ကာကွယ်စောင့်ရှောက်ပါမည် ဆို တဲ့ စကားလုံးနဲ့ လေးစားလိုက်နာပါမည် ဆိုတဲ့စကား ထူးထူးခြားခြား ကွဲပြားတယ်လို့ မမြင်ပါ။ အဲဒီ ဖွဲ့စည်းပုံ အရ ရွေးကောက်ပွဲ ၀င်တဲ့ကတည်းကပင် ယင်းဖွဲ့စည်း အုပ်ချုပ်ပုံကို လိုက်နာလို့ ၀င်တာဖြစ်တယ်လို့ ရှင်းရှင်း လင်းလင်း မြင်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ဖို့ ဆိုတာ ဒေါ်အောင်ဆန်း စုကြည် လွတ်တော်ထဲ ရောက် ရုံနဲ့ မဖြစ်နိုင်ပါ။ သူမ တယောက်တည်းကို အားကိုးပြီး ထိုင်စောင့် နေရုံနဲ့လည်း မပြီးပါ။ သူမကို နိုင်ငံရေးအရ အကောင်းဆုံး ၀ိုင်းရံ နိုင်ဖို့ လူတွေလိုပါတယ်။ အားလုံးကလည်း ကိုယ်ပိုင်အသိနဲ့ ကြိုးစား ကြဖို့လိုပါတယ်။”

-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။ သို့သော်လည်း သတင်း ရင်းမြစ်နေရာတွင် နိရဉ္စရာ၏ အမည်ကို ရေးသား ဖေါ်ပြပေးစေလိုပါသည်။
ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်သာသိရင် ၀မ်းသာရှာမယ်
ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်သာသိရင် ၀မ်းသာရှာမယ်
မိုးမခစာဖတ်သူတဦး (မြက်ခင်းစိမ်း)။ မေ ၃၊ ၂၀၁၂
မနေ့က
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီအမတ်များ ရွေးကောက်ပွဲကိုဖြတ်ပြီး
လွှတ်တော်ထဲ ၀င်ရောက်သွားပြီ။ ၂၀၀၈ အခြေခံဥပဒေကို ပဏာမအားဖြင့် လက်ခံပြီး
လွှတ်တော်တွင်းမှာ ပြုပြင်ပြင်ဆင်ရေး၊ နိုင်ငံတော် တည်ဆောက်ရေးတွေ
ဆောင်ရွက်တော့မယ့် လမ်းကို စတင် လျှောက်လမ်းလိုက်ပြီ။ ဒီမြင်ကွင်းကို
ကြည့်ရှုရင်းနဲ့ ၂၀၁၂ နှစ်သစ်ကူးမှာ အကြွေစောခဲ့ရှာတဲ့ မြန်မာအီးဂရက်စ်
ထူထောင်သူ၊ ဒေါက်တာနေ၀င်းမောင်သာ သက်ရှိထင်ရှားသာ ရှိနေသေးရင်
သူမျှော်မှန်းခဲ့သလို အိပ်မက်မက်ခဲ့တဲ့မြင်ကွင်းကို ကြည့်ပြီး
ဝမ်းသားအားရဖြစ်ရှာမယ်လို့ တွေးနေမိတယ်ဗျာ။
အခု
မိုးမခက အမြင်ချင်း မတူသူတွေ၊ အခြားတဖက်က တွေးသူတွေ၊ ခင်ဗျားတို့တတွေ
ပြန်ကြည့်ချင်ကြည့်ဖို့ ဆိုပြီး ကိုနေ၀င်းမောင်ရဲ့ ပထမဆုံးနဲ့
နောက်ဆုံး ဟောပြောခဲ့တဲ့ စာပေဟောပြောပွဲ ရုပ်သံကို ဝေမျှ ပေးပို့လိုက်တယ်။ သူ မကွယ်လွန်ခဲ့ ရက်ပိုင်းအလို ဒီဇင်ဘာ ၁၇၊ ၂၀၁၁ တုန်းက မော်လမြိုင်၊ သံဖြူဇရပ်စာပေဟောပြောပွဲမှာ ဟောပြောခဲ့တာ ဖြစ်တယ်။ နောက် ၂ ပတ်မပြည့်ခင် ဇန်န၀ါရီ ၁ နှစ်ဆန်းမှာ သူ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တယ်။

၂၀၀၈
အခြေခံဥပဒေအကြောင်းကို လက်တမ်း ဝေဖန်ထောက်ပြသွားတယ်။ တိုင်းပြည်ကို
ဘယ်လို ပြုပြင်တည်ဆောက်ကြဖို့ ပြည်သူတွေ ဘယ်လို
ပါဝင်ပတ်သက်နိုင်မယ်ဆိုတာကို ပြောဆို ရှင်းပြသွားတယ်။ ဆရာဝန်
ကျောင်းဆရာတယောက်ဖြစ်တဲ့ ကိုနေ၀င်းမောင်ရဲ့ အီးဂရပ်စ်သင်တန်းမြင်ကွင်းနဲ့
တသွင်ထူးတဲ့ သာမန်စာဖတ်ပရိသတ်ကို ပြောသွားတာတွေကို အခု ဖြစ်စဉ်တွေနဲ့
ချိန်ထိုး စဉ်းစားကြဖို့ အခု ပြန်လည်မျှဝေပေးပါတယ်။ (သည်စာမူကို
ခင်ဗျားတို့ မတင်လည်း တခြားဆိုက်ဒ်တွေ၊ ကျနော့်ဖေ့စ်ဘွတ်မှာ
တင်မှာပါခင်ဗျာ)
ကိုနေ၀င်းမောင်
ကွယ်လွန်ချိန်မှာ ယခုငြိမ်းချမ်းရေးကော်မတီကို ဦးဆောင်နေသူ ရထားဝန်ကြီး
ဦးအောင်မင်းရဲ့ ၀မ်းနည်းစာသားလေးကို သတိရမိသေးတယ်ဗျာ။ သူက
ဘာရေးခဲ့သလဲ ဆိုတော့ …
“တိုင်းပြည်နဲ့ လူမျိုးအတွက် ဆရာတာဝန်ကျေခဲ့ပြါ့ပီ။ …. ကျန်ရစ်သူ
ကျနော်တို့ ဆက်လုပ်ရန်သာ ရှိတော့သည် …” စသည်ဖြင့် ရေးခဲ့တာကို
တွေ့မှာပါ။ဘာရေးခဲ့သလဲ ဆိုတော့ …
(http://www.facebook.com/media/set/?set=a.254533404614637.60019.252743051460339&type=3 )
ကိုနေ၀င်းမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲကို အပြည့်အ၀ထောက်ခံသူဖြစ်ပါတယ်။ အားလုံးကို လွှတ်တော်ထဲကို ရောက်စေချင်သူဖြစ်ပါတယ်။ အဲသည်တုန်းက “I Vote” ဆိုတဲ့ လိုဂိုဒီဇိုင်းနဲ့ တီရှပ်တွေ ပိုစတာလှုပ်ရှားမှုတွေ လုပ်ခဲ့တာကို ၂၀၁၀ တုန်းမှာ တွေ့ခဲ့ရပါတယ်။
အခုချိန်မှာ သူ သက်ရှိထင်ရှားရှိသေးရင် အခုနိုင်ငံရေးမြင်ကွင်းကို ကြည့်ပြီး ၀မ်းသားရှာမယ်လို့ တွေးမိတယ်။ ဘယ်လိုလဲ ဟောဒီပေးစာကို မိုးမခမှာ ထည့်ပေးနိုင်ပါ့မလားဗျာ။
(မိုးမခ၏ ဆင်ခြေ – ထည့်ပေးနိုင်ပါတယ်။ အဖြတ်အတောက်မရှိ ထည့်ပေးလိုက်ပါတယ်။ ပညာရှိများ၊ ဗေဒင်ဆရာများ မည်သို့ပင် တွက်ချက်ဟောပြောစေကာမူ
တကယ်တန်း လက်တွေ့ ၂ ဖက်သော ဦးဆောင်သူ ခေါင်းဆောင်သူနဲ့ ၀ိုင်းဝန်းဆောင်ရွက်သူ ပြည်သူနဲ့ ဒီမိုကရေစီအရေးတော်ပုံ ရဲဘော်များရဲ့ ကံ ၃ပါးနဲ့ စိုက်ထုတ် လုပ်ဆောင်မှုများကြောင့်သာ ရွေ့လာရတာဖြစ်တယ်လို့တော့ ပြန်ပြောလိုက်ချင်ပါသေးရဲ့)
ခြေတစ်လှမ်း၊ သန်း(၆၀)နှင့် လွှတ်တော်နိဒါန်း
နံနက်
၉ နာရီ ၇ မိနစ်ခန့်တွင် လွှတ်တော်တစ်ခုလုံးနှင့်မဏ္ဍိုင်ကြီး (၄)ရပ်စလုံးက
ကြိုဆိုနေသော ခရမ်းရောင်ဝတ်စုံနှင့် ပခုံးထက်တွင်ဒေါင်းမြီးပုံပါခရမ်းနှင့်
အဖြူစွက်ပိုးပ၀ါခြုံကာ ပန်းဖြူ နှစ်ပွင့်ပန်ထားသော သူမသည်
အနက်ရောင်ကားလေးနှင့် ရောက်ရှိလာသည်။ အညိုရောင် ကတ္တီပါပုံတော်
ဖိနပ်ထူထူစီးကာ ပြည်သူ့လွှတ်တော်လှေကားဆီသို့လှမ်းတက်လာသော
သူမ၏ခြေတစ်လှမ်းသည် သန်း(၆၀)သောပြည်သူများ ၏အနာဂတ်အရေးအတွက်
အရေးကြီးသောအခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေသည်မှာ နိုင်ငံတော်သမ္မတကြီးနှင့် တကွ
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်သူလူထုများနှင့်
ကမ္ဘာတစ်ဝှမ်းလုံးက လက်ခံထား သော အချက် ဖြစ်သည်။
ပြည်သူ့ဆန္ဒကို
တစ်လျှောက်လုံးအလေးထားခဲ့သော သူမသည် ပြည်သူ့အကျိုး၊ ပြည်သူ့ဆန္ဒ၊
ပြည်သူ့အရေးအတွက် ကြိုးပမ်းနေသော လွှတ်တော်တွင်းရှိ
ပြည်သူ့ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင် ရွက်ရန် နေ့ရက်များသည် ၂၀၁၂
ခုနှစ်၊မေလ(၂)ရက်နေ့တွင် စတင်ခဲ့ပြီဖြစ်သည်။
ပြည်သူ့လွှတ်တော်အတွင်းကြိုတင်နေရာယူထားသော
သူမဆီသို့ လွှတ်တော်တွင်းရောက်ရှိပြီး ပြည်သူ့ကိုယ်စားလှယ် (၄၀၀)ခန့်က
ပြုံးရွှင်သောမျက်နှာများဖြင့် ၀မ်းမြောက်ဝမ်းသာ သွားရောက်နှုတ်ဆက်
ကြိုဆိုကြပြီး တပ်မတော်သား ကိုယ်စားလှယ်များ ကလည်း အပြည့်အ၀တက်ရောက်တာ
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။
နံနက်
၁၀နာရီမထိုးခင် (၅)မိနစ်အလိုတွင် လွှတ်တော်အတွင်း ရှိကိုယ်စားလှယ်များ
နေရာယူရန် အချက်ပေး ခေါင်းလောင်း တီးလိုက်သည်။ လွှတ်တော်ကိုယ်စားလှယ်များ
၎င်းတို့၏နေရာများတွင် အသီးသီး နေရာယူကြပြီးသည်နှင့် နံနက် (၁၀)
နာရီတိတိတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းကြွရောက် လာသည်ကို
တွေ့ရသည်။
နံနက်
၁၀နာရီ ၁၀မိနစ်တွင် ကျမ်းသစ္စာကျိန်ဆိုရန်ရောက်ရှိလာသည့် ၂၀၁၂ ခုနှစ်
ကြားဖြတ်ရွေး ကောက်ပွဲတွင် အနိုင်ရလွှတ်တော် ကိုယ်စားလှယ် (၃၄)ဦးအား
ကျမ်းသစ္စာကျိန်ဆိုရန် နေရာယူစေသည်နှင့် နံနက် ၁၀ နာရီ၁၅ မိနစ်တွင်
ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ လွှတ်တော်ကြီးသည်ြုပီးပြည့်စုံပြီးသည် ထက်ပို၍
ပြည့်စုံသွားသည်။
ကျမ်းသစ္စာကျိန်ဆိုမှုအပြီးတွင်
လွှတ်တော်ဥက္ကဋ္ဌကြီးမှ ယခင် ရက်များအတိုင်း လွှတ်တော်တွင် ပုံမှန်ကျင်းပနေကြ
ခွင့်တိုင်ကြားခြင်း၊ ဥပဒေပြုခြင်း စသည့်ကိစ္စရပ်များပြုလုပ်ကာ
ပြည်သူ့လွှတ်တော်အား ဆက်လက် ကျင်းပသည်ကို တွေ့ရသည်။
ထိုကဲ့သို့
ကျင်းပနေစဉ် အတွင်း Roll လေးခုရှိသော ပြည်သူ့လွှတ်တော်၏ Roll သုံးခုမြောက်၊
လွှတ်တော်ဥက္ကဋ္ဌကြီး၏ ရှေ့မှ စတင်ရေတွက်ပါက ၈ တန်းမြောက်တွင်ရှိပြီး သူမ Roll
၏ဘေးတွင် တပ်မတော် သားကိုယ်စားလှယ်များ အပြည့်ရှိနေသည်။
သူမထိုင်ခုံအတန်းတွင်
လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးရှိပြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဖက်
ခြောက်ယောက်၏ အလယ်တည့်တည့်နေရာသော သူမသည် ဘေးနှစ်ဖက်မှ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ်များနှင့်
စကားစပ်မည်ပြောကြားနေသည်အားတွေ့ရသည်။
လွှတ်တော်စတင်ပြီး
၄၅ မိနစ်ခန့်အကြာတွင် လွှတ်တော်ဥက္ကဋ္ဌကြီးမှ လွှတ်တော်ပြီးစီးကြောင်း
ကြေညာသည်နှင့် ပွင့်လင်းမြင်သာမှု ရှိသော ဒီမိုကရေစီအစိုးရ၏ မီဒီယာ
လွတ်လပ်မှုကိုထူးခြားစွာတွေ့ ရှိရသည် ။ပြန်ကြားရေးဝန်ကြီးဌာန၏
စီစဉ်ပေးမှုဖြင့် ပြည်တွင်းပြည်ပသတင်းမီဒီယာ စုစုပေါင်းအယောက် ၁၀၀ခန့်သည်
လွှတ်တော်အတွင်းရှိ မီဒီယာသတ်မှတ်နေရာမှ ကော့မှူးမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဆီသို့
အပြေးအလွှားသွားရောက်ကြစဉ်တွင် …….။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အထွေထွေအတွင်းရေးမှူး ဟသာင်္တမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဌေးဦးက ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်ကြိုဆို နှုတ်ဆက်သည်ကို တွေ့ရသည်။
‘‘ကြိုဆိုပါတယ်၊
ကျွန်တော် မောင်ဌေးဦးပါ၊ ကျွန်တော်တို့ လွှတ်တော်ကြီးထဲမှာ
ပြည်သူ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြတာပေါ့။ လိုအပ်တာရှိရင်ပြောပါ
ဝိုင်းဝန်းကူညီကြမှာပါ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးဦးက နှုတ်ဆက်စကားဆိုသည်နှင့်
ပြုံးရွှင်နေသော
မျက်နှာဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ရှင်၊
တွေ့ရတာ ၀မ်းသာပါတယ်။” ဟု ဆိုကာ နှစ်ဦးစလုံး၏ အပြုံးသည်
ဘေးပတ်ဝန်းကျင်ရှိသူများ ကြက်သီးမွှေးညှင်းထသည် အထိ မြင်ရသည်ဟု
ဓာတ်ပုံရိုက်နေသည့် မီဒီယာသမားတစ်ဦးက သူ့ရင်တွင်း ခံစားချက်အား
ထိုနေရာတွင်ပင် ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်အား
မီဒီယာများက ထိုင်ခုံတွင် ဘေးမှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနှင့်
မည်သည့် အကြောင်းအရာများ ပြောဖြစ်ပါသလဲဟု မေးမြန်းကြရာ “ဒီနေ့ ဥက္ကဋ္ဌကြီး
ဖတ်ပြတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တာပါ။ တစ်ပိုဒ်ဆီ
ဆွေးနွေးမှာလားဆိုပြီး မေးဖြစ်တာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သတင်းထောက်တစ်ဦး၏
တပ်မတော်သားကိုယ်စားလှယ်များကို စည်းရုံးသွားမယ်လို့ပြောထားတာရှိတော့
လွှတ်တော်ထဲရောက်လာပြီ ဆိုတော့ ဟူသောမေးခွန်းနှင့် ပတ်သက်၍
“ လွှတ်တော်ကိုယ်စားလှယ်တွေ ကျွန်မ ကို ထမင်းစားဖိတ်ရင် ကောင်းမလားမသိဘူး”
ဟု ရယ်သံစွက်ကာ ပြန်ဖြေသည်။ လွှတ်တော်တက်ရသည့် အတွက် ၀မ်းသာကြောင်းနှင့်
မဲပေးကြသော မဲဆန္ဒရှင်ပြည်သူများ၏ အကျိုးအတွက် ဆောင်ရွက်ရန်တာဝန် များအား
တလေးတစားလက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင်
NLD လွှတ်တော်တက်ခြင်းသည် NLD ၏ နိုင်ငံရေးရည်မှန်းချက်အတွက် မဟုတ်ဘဲ၊
ပြည်သူများ၏ နိုင်ငံရေးရည်မှန်းချက် အတွက် အတိုချုပ် ပြောပါက ပြည်သူများ၏
ရည်မှန်းချက်များ(၁၀၀) ရာခိုင်နှုန်းပြည့်ဝ အောင် ကြိုးစားသွားမည်ဟုလည်း
ဆိုခဲ့သည်။
မြန်မာနိုင်ငံသစ်တွင်
ပြည်သူ့အကျိုး၊ ပြည်သူ့ဆန္ဒကို ဦးစားပေးပြီး နိုင်ငံတိုးတက်ရေးကိုသာ
ရှေးရှုဆောင်ရွက် သော ကမ္ဘာတစ်ဝန်းလုံး၏ ထောက်ခံအားပေးမှုအပြည့် ရရှိနေသည့်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ ပြည်သူ့အတွက် မည်သည့်
မျက်နှာမှ မထောက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
ဦးသူရရွှေမန်းခေါင်းဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက
နိုင်ငံခေါင်းဆောင်ဗိုလ်ချုပ် အောင်ဆန်း ထုံးနှလုံးမူသည့်
ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်များ၊က ပြည်သူ့ရည်မှန်းချက်အတွက် ပြည်သူ့ဆန္ဒအား အလေးထားကာ
လွှတ်တော်အတွင်းသို့ ၀င်ရောက်ခဲ့သည်။
နိုင်ငံတကာက
လေးစားအားကျသူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏
အကျိုးအတွက် လွှတ်တော်အတွင်း ၊ မည်သူနှင့် မဆို ပူးပေါင်းဆောင်ရွက်သွားမည့်
လွှတ်တော်အတွင်း အင်အားအကြီးမား ဆုံးပါတီ၏ အထွေထွေအတွင်းရေးမှူးဦးဋ္ဌေးဦး
ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာ့အနာဂတ်သည် ကမ္ဘာတွင်
ရွှေရောင်လွှမ်းတော့မည်ဟု ယုံကြည်ရင်း၊
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်
နှစ်ကြိမ်တိုင် ဖြစ်ခဲ့ဖူးသည့် မြန်မာနိုင်ငံသားဦးသန့်အား
မွေးထုတ်ပေးခဲ့သည့် နိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ဖန်ပြန်လည်၍
ဝင့်ထည်နိုင်တော့မည်လားဟု မျှော်လင့်ရင်း ............... ။
ပြည့်ပြည့်(မြစ်မခ)
Myit Makha Mediagroup
No comments:
Post a Comment