- Category: မြန်မာ့ပညာရေးသတင်း
- Published on Tuesday, 29 May 2012 08:20
- Written by စိမ်းခက်စိုး
စစ်ဘေးရှောင် မိသားစုများ ခိုလှုံရာစခန်း အမှတ်(၁)
ခိုလှုံသူဦးရေ ၅၀၄ဦး၊
၂၁၊ ၁၂၊ ၂၀၁၁
တရုတ်-ကချင်နယ်စပ်တနေရာ။
“မေမေ ဒီနှစ်ခရစ္စမတ်က အကြာကြီးဘဲ…အိမ်မပြန်သေးဘူးလား။ သားအိမ်ပြန်ချင်တယ်။”
ဒီစကားကိုပြောလာတာက ကချင်တိုင်းရင်းသား ကလေးငယ်လေးက သူ့အမေကို ဂျီတိုက်နေတဲ့ စကားလေးပါ။ သူ့အထင်က ကလေးသဘာဝဆိုတော့ သူတို့အရင်နှစ်တွေကလို ခရစ္စမတ်ပွဲကို တခြားရွာတစ်ရွာမှာလာပြီး ပျော်ရွှင်စွာ ဆင်နွှဲနေတာထင်နေပြီး ရက်ကြာလာတော့ အိမ်ပြန်ချင်လို့ မိခင်ကို ပူဆာတဲ့စကားပါ။
ဘယ်လောက် ဝမ်းနည်းစရာကောင်းတဲ့ စကားလေးလဲဗျာ။ ဒီစကားကို မိတ်ဆွေဖြစ်သူက စခန်းလေးရဲ့ ဧည့်ခံ ဝါးစားပွဲလေးမှာ ထိုင်ပြီး စကားလက်ဆုံကြရင်း ဆော့နေတဲ့ မောင်နှမနှစ်ယောက်ကို လက်ညှိုးထိုးပြပြီး ပြောတဲ့စကားလေးပါ။
သူ့အမေ ကလေးကို ဘာပြန်ပြောပြီး နှစ်သိမ့်လိုက်လဲဆိုတာတော့ အလိုက်တသိနဲ့ဘဲ ကျွန်တော့် မိတ်ဆွေကို ပြန်မမေးလိုက်တော့ဘူး။ သူလည်း အဲဒါပြောပြီး အသံတိတ်သွားတယ်။
………………………
မြို့အပြင်စပ် တောလမ်း ကုန်းမြင့်လေးအတိုင်း ၁၀မိနစ်လောက်သွားအပြီးမှာတော့ ကျွန်တော့်ဖာသာ စိတ်ထဲကနေ နာမည်ပေးထားလိုက် စစ်ဘေးရှောင် မိသားစုများ ခိုလှုံရာစခန်း အမှတ်(၁) စခန်းလေးရဲ့ အဝကိုရောက် သွားပါတယ်။ အရှေ့မှာ အပျော်တမ်း ဘောလုံးကွင်း တစ်ဝက်စာကျယ်ကျယ်လောက်ရှိတဲ့ မြေညီကွင်းပြင်မှာ ဝါးနဲ့လုပ်ထားတဲ့ ထိုင်ခုံ၊ စားပွဲတန်းလျားလေး သုံးခုနဲ့ ခြံဝန်းမရှိပေမယ် ခြံအစပ်မှာကွယ်နေတဲ့ ခြုံတွေပေါ်နဲ့ မြေ တလင်းတချို့ပေါ်မှာ လှမ်းထားတဲ့ စောင်၊ အနွေးထည်၊ ကလေးလူကြီးဝတ် အဝတ်အထည်မျိုးစုံက ကျွန်တော်တို့ကို စကြိုနေပါတယ်။
အဲဒီကွင်းလေးရဲ့တဖက်မှာတော့ လေးထောင့်စပ်စပ် အခန်းတွဲစက်ရုံဟောင်းကြီးတစ်ခုထဲက မျက်လုံးပေါင်းများစွာက ကျွန်တော်တို့ကို လှမ်းကြည့်နေပါတယ်။ အဲဒီထဲကနေ ခပ်သွက်သွက် နဲ့ထွက်လာပြီး နှုတ်ဆက်လာတာကတော့ ကျွန်တော့်မိတ်ဆွေ စခန်းတာဝန်ခံ မညိုပါ။ မဲရီးခရစ္စမတ်နှုတ်ဆက်ပြီးးပြီးချင်း ပြောမနာဆိုမနာ သူငယ် ချင်းကြိုဆိုပုံ နင်ကင်မရာ ဟိုစားပွဲပေါ်သွားတင်ထား ဒီစခန်းမှာ ဘယ်သူ့ကိုမှ ဓာတ်ပုံရိုက်ခွင့်၊ အင်တာဗျူးခွင့်မရှိ ဘူးဆိုပြီး သူ့စခန်းလေးရဲ့တင်းကြပ်သော ဥပဒေနဲ့ ကျွန်တော့်ကို စတင်ကြိုဆိုပါတယ်။
ကျွန်တော်လည်း တာဝန်ခံတစ်ယောက်နဲ့ ရင်းနှီးလို့လုပ်ချင်ရာလုပ်သွားနိုင်ပေမယ့် သူ့ရဲ့တောင်းဆိုမှုအတွက် စိတ်အနှောင့်အယှက်မရှိ သူညွှန်ပြရာစာပွဲပေါ်ကျွန်တော့်ကင်မရာရော၊ တလမ်းလုံးအားမနာလျာ မကျိုး ကျွန်တော့် ကျောပေါ် လိုက်လာတဲ့ကျွန်တော့် ကျောပိုး အိတ်လေးကိုရောသွားတင် ထားလိုက်ပါတယ်။ ဝန်းထဲမှာ လူကြီးနဲ့ မိခင်တစ်ချို့ နေစာလှုံနေသလို၊ တချို့က ချက်ပြုတ်နေပါတယ်။
ခပ်ငယ်ငယ် ကလေးတချို့ကတော့ ပြေးလွှား ဆော့ကစားနေပေမယ့် အများစုကတော့ လူစုစု စုစုလေးတွေလုပ်ပြီး ထိုင်စကားပြော နေကြပါတယ်။ ကွင်းရဲ့ထောင့်တဖက်မှာတော့ အဝတ်အစား ခပ်သန့်သန့်နဲ့ အမျိုးသမီး ၅ ဦးဟာ ဝါးနဲ့လုပ်ထားတဲ့စားပွဲဝိုင်းမှာ ဝိုင်းထိုင် စကားပြောနေပါတယ်။ အထူးသတိထားမိတာက စခန်းထဲမှာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေများပြီး သန်မာတဲ့ ယောင်္ကျား မရှိသလောက်ပါပဲ။
ဒီစခန်းမှာ ခိုလှုံသူ ၅၀၄ ဦးရှိပြီး ကျေးရွာ ၅ ရွာကျော်က လာရောက်ခိုလှုံနေသူ တွေများပါတယ်။ တာဝန်ခံ ကျွန် တော့်မိတ်ဆွေရယ်၊ သူ့လက်ထောက် ညီမငယ်တစ်ယောက်ရယ်၊ မြန်မာစစ်တပ် အရာရှိဟောင်းတစ်ဦး(ကချင်အမျိုးသမီးနဲ့ အိမ်ထောင်ကျလို့ တပ်ကထွက် ထားရတဲ့သူ) ရယ်နဲ့ စေတနာ့ဝန်ထမ်း ၄ ဦးရယ်က အဓိက စီမံခန့်ခွဲနေပေမယ့် ခရစ္စမတ်ပွဲတော်ရက်မို့ လုပ်အားပေးလူငယ်တွေက အိမ်ပြန်သွားကြလို့ သူတို့သုံးဦးဘဲရှိသေးပြီး၊ ကျွန်တော်တို့ရောက်သွားချိန် ၁၀း၃၀ နာရီအထိ သူတို့မနက်စာ မစားရသေးကြောင်း မိတ်ဆွေရဲ့လက်ထောက် ကချင်ညီမငယ်လေးက ကျွန်တော့်နားကို ကပ်ပြီး ပြောပါတယ်။ ကျွန်တော်က အကိုတို့ကို အားမနာနဲ့ သွားစားလေလို့ ပြောတော့ ဘာမှကိုမချက်ရသေးဘူးတဲ့။ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။
အဲဒီလိုပြောနေစဉ်ဘဲ တရုတ်နံပါတ်တပ် ကားနှစ်စီး စခန်းထဲကိုမောင်းဝင်လာပြီး တရုတ်-ကချင်နွယ်မိသား စု တစ်စု ဆင်းလာတာတွေ့လို့ သူတို့ ၃ ယောက်ကိုလှမ်းခေါ်ကာ ဆန် ၅ အိတ်နဲ့ ပန်းဂေါ်ဖီ၊ ကြက်သွန်နီတွေလာ လှူတာတွေ့ရတယ်။ လာလှူတဲ့အဖွဲ့မှာလည်း ယောင်္ကျားသားဆိုလို့ ကားမောင်းလာသူ နှစ်ဦးဘဲပါလို့ ဆန်အိတ်ထမ်းဖို့ အားမနာလျာမကျိုးဘဲ ကျွန်တော့်ရဲ့ ပိန်လျော်လျော် ခန္ဓာကိုယ်ကြီးကို မိတ်ဆွေက အားကိုးတကြီး လှမ်းခေါ်လို့ ဆန်အိတ်တွေထမ်းချ၊ ဟင်းသီးဟင်းရွက်အိတ်တွေ ဝိုင်းသယ်ရင်း စခန်းရဲ့အတွင်းဘက်ကို ပိုဝင်ရောက်သွားတယ်။
အစားအသောက် စတိုခန်းကို တရုတ်စာတွေကပ်ထားတဲ့ သံတံခါးကြီးကြီးနှစ်ချပ် နောက်က သစ်ဟောင်းဝါး ဟောင်းတွေနဲ့ အောက်က ခံခင်းထားတဲ့ ပေအစိပ်၊ ပေခြောက်ဆယ်လောက်ကျယ်တဲ့ အခန်းတစ်ခုထဲမှာ လုပ် ထားပါတယ်။ ခုနလာလှူတဲ့ ဆန်အိတ်အပါအဝင် ဆန်အိတ်၂၀ ဆယ်၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီ ၃ တောင်း၊ ဆေးရွက်ကြီးခြောက် ၃ ထုပ်၊ ဆီ ၂ ပုံးကို သေသေချာချာ စီထားတယ်။ ဆေးရွက်ကြီးခြောက်တွေက လာခိုလှုံတဲ့သူ တွေထဲက ကျွန်တော်တို့ကွမ်းစားသလိုဘဲ ကချင်လူကြီးတွေက ဆေးရွက်ကြီး ခြောက်ကို ဝါးလေးရှိလို့ နယ်ခံတွေက လာလှူထားတာ ဖြစ်ပါတယ်။
ခုချိန်ထိ နယ်မြေခံကက်သလစ်အသင်းတော်နဲ့ နယ်မြေခံပြည်သူလူထုက လာလှူ ထားတာတွေပဲ ရှိသေးပြီး ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ် မရသေးဘူးလို့ မိတ်ဆွေက ပစ္စည်းတွေ သေချာသပ်သပ်ရပ်ရပ်ဖြစ်အောင် စီနေရာကနေ ပြောပြပါတယ်။
စတိုခန်းထဲကပြန်ထွက်လာတော့ ခုနက အဝတ်အစားခပ်သန့်သန့်ဝတ်ထားတဲ့ အမျိုးသမီးတစ်စုက ကျွန်တော့် မျက်လုံးထဲပြန်ဝင် လာလို့ မိတ်ဆွေကိုမေးတော့ သူတို့က ဒီနယ်ခံအစိုးရဝန်ထမ်းတွေဖြစ်ပြီး စခန်းရဲ့လူ ဝင်လူထွက်အတွက် အစိုးရကလာချပေးထား တာတဲ့ တော်ကြာနေပြန်တော့မှာ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ အဖွဲ့လာမှာမို့လို့ ဒီအချိန်လောက်ထိ နင်တွေ့ရတာတဲ့..။ ကျွန်တော်က သူတို့ကို ကူဖို့လာပို့ထားတာ ခင်ဗျားခေါ်ခိုင်းလေဆိုတော့ မိတ်ဆွေက ပါးစပ်ထဲက အငွေ့ထွက်အောင် ရယ်ပြတယ်။ ကျွန်တော်ကလည်း သူ့အရယ်ကို သဘောပေါက်စွာဘဲ ပါးစပ်ထဲက အငွေ့ထွက်အောင် ပြန်ရယ်လိုက်တယ်။
ဒီစခန်းလေးက နောက်သွားမယ့် စခန်း ၂ ကနေခွဲလာတာ ၁ လခွဲလောက်ဘဲရှိဦးမယ်လို့ သူငယ်ချင်းက ပြောပါတယ်။ နောက်သွားမယ့် စခန်းအမှတ် ၂ ဖြစ်တဲ့ ဘုရားကျောင်းဝန်းလေးမှာက လူဦးရေ ၅၀၂ ဦးရှိပြီး အရမ်းကျပ်တည်းနေလို့ ဒီနေရာစက်ရုံဟောင်းကို နယ်မြေခံ အစိုးရဆီက အကူအညီတောင်းပြီး ရွေ့လာရတာတဲ့။
ခုနက ကျွန်တော်ပြောခဲ့တဲ့ ဒီစခန်းမှာ ယောင်္ကျားသားတွေ မရှိရတဲ့အကြောင်းအရင်းက အိမ်ထောင်သည်တွေ အတူတူထားရင် တခြားလူမှုရေး ပြဿနာတွေရယ်၊ ပေါ်တာလို(နှစ်ဘက်လုံးက) ကိစ္စတွေရယ်ဖြစ်လာနိုင်တဲ့အတွက် ယောင်္ကျားမှန်သမျှကို တရုတ်ပြည်ဘက်က စခန်းတွေမှာသာ ခွဲထားတယ်ဆိုတာကို တရုတ်ပြည်ဘက်က စခန်းတွေရောက်မှ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။
ပြန်လာပြီး ကူလုပ်ပေးဖို့ ဖိတ်ခေါ်နေတဲ့ မိတ်ဆွေမညိုကို ဂုဏ်ယူစွာနုတ်ဆက်ရင်း တခြားစခန်းတစ်ခုဆီကို ကျွန်တော်တို့အဖွဲ့ ဦးတည်လိုက်ပါတယ်။
စိမ်းခက်စိုး
ဇန်နဝါရီ ၁၊ ၂၀၁၂
ည - ၁၀း၀၀ နာရီ
မှတ်ချက်။
စခန်းတာဝန်ခံနဲ့ ခိုလှုံသူတွေရဲ့ လုံခြုံတည်ငြိမ်ရေးအခြေအနေအရ နာမည်၊ နေရာများကို ချန်လှပ်ထားပါသည်။
No comments:
Post a Comment