မေသင်္ကြန်ဟိန်(မြစ်မခ)
by Myit Makha Mediagroup on 24 Jan, 2013
by Myit Makha Mediagroup on 24 Jan, 2013
၂၀၁၃
၊ ဇန်န၀ါရီလ ဒုတိယပတ်လောက်မှာ ဒေါက်တာနိုင်အောင် ရန်ကုန်ရောက်နေတယ်ဆိုတဲ့
သတင်းကို ကျမရဲ့ facebook က message မှာ Min Tharr ဆိုတဲ့အကောင့်က
သေချာလာပြီး သတင်းပေးခဲ့တယ်။ အဲဒီအကောင့်က ဘယ်သူမှန်းမသိသလို၊
ဘာရည်ရွယ်ချက်နဲ့ လာသတင်းပေးခဲ့သလဲဆိုတာလည်း ကျမ မသိပါဘူး။
အဲဒါနဲ့ ဒေါက်တာနိုင်အောင်ရဲ့ ဖုန်းနံပတ်ရနိုင်တဲ့ နေရာတွေကနေ ဆက်သွယ်မေးမြန်းကြည့်ပြီး
ဒေါက်တာနိုင်အောင်ဆီကို ဖုန်းနဲ့ဆက်ပြီးအင်တာဗျူး တောင်းခဲ့ပါတယ်။ဒေါက်တာ
နိုင်အောင်က ကျမရဲ့ အင်တာဗျူးကို လက်ခံခဲ့ပါတယ်။
ဒေါက်တာ နိုင်အောင်ကတော့ ABSDF တောင်ပိုင်းမှာ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
မြောက်ပိုင်း ပါဂျောင်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သတ်ဖြတ်မှုကို တာဝန်ယူကြောင်း လက်မှတ်ရေးထိုးပေးခဲ့သူ အဖြစ်လည်း နာမည်ကြီးပါတယ်။
၂၀၁၂
စက်တင်ဘာလ ဒေါက်တာနိုင်အောင် မြန်မာပြည်ကို ပြန်ဝင်ခွင့်ရချိန်မှာ
ပထမဆုံးအကြိမ် တွေ့ဖူးမြင်ဖူးခြင်းဖြစ်ပြီး အင်တာဗျူးခွင့် ရခဲ့ပါတယ်။
အဲဒီအင်တာဗျူးရေးပြီး နောက်ပိုင်းမှာတော့ ကျမကို ငွေကြေး ယူပြီး
ရေးသလိုလိုမျိုးနဲ့ Facebook မှာ အပုတ်ချခြင်း ခံခဲ့ရပါတယ်။
ကျမအနေနဲ့
ယနေ့အချိန်အထိ မည်သူ တဦးတယောက်ထံကမှလည်း ငွေကြေး(သော်လည်းကောင်း)
တံစိုးလက်ဆောင် ယူပြီး သတင်းရေး သားခြင်း၊ အင်တာဗျူးရေးသားပေးခြင်း
မရှိခဲ့ပါဘူး။ မည်သူ့ကိုမဆို အင်တာဗျူးရာမှာလည်း လိုက်နာရမဲ့ သတင်းသမားကျင့်ဝတ်နှင့် အညီ စောင့်ထိန်းပြီး မေးမြန်းရေးသားခဲ့ပါတယ်။
ယခုမေးမြန်းခွင့်ရခဲ့တဲက ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးကို ပြန်လည် ရေးသား ဖော်ပြ ရာမှလည်း ဒေါက်တာနိုင်အောင် ပြောတဲ့ အတိုင်းသာ တိတိကျကျ ဖော်ပြသွားပါမယ်။
ဒါ့အပြင် ယခုခရီးစဉ်တွေမှာ ကျမရဲ့ အမြင်နဲ့ ယူဆချက် ၊ သုံးသပ်ချက်၊ သဘောထား လုံးဝမပါဝင်ဘဲ ဒေါက်တာနိုင်အောင် ပြောသမျှကိုသာ ပြန်လည် ဖော်ပြခြင်းဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။
အပိုင်း(၁)
ကျနော့်
ငယ်ဘ၀ကလည်း သိတ်ထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး။ အဖေက ဆရာဝန်၊ အမေကတော့
အဖေနဲ့ လက်ထပ်ပြီးကတည်းက အိမ်မှုကိစ္စပဲ လုပ်တဲ့ အိမ်ရှင်မပါ။
မိဘနှစ်ပါးစလုံးက
ကျောက်ပန်းတောင်း၊ ရေနံချောင်းကပါပဲ။ ဒါပေမဲ့ အဖေတို့က ရန်ကုန်မှာ စုံတယ်
အိမ်ထောင်ကျတယ်၊ ကျနော့်ကို မွေးတာကတော့ ရန်ကုန်မှာပဲ မွေးပါတယ်။ ၁၉၆၂
ခုနှစ်မှာ မွေးပါတယ်။ ပြောမယ်ဆိုရင်တော့ ကျနော်က ရန်ကုန်သားပေါ့၊ မိဘ
နှစ်ပါးနဲ့ ဆိုရင်တော့ အညာဆက်ပေါ့။ ကျနော်က သားအကြီးဆုံးပါ။
ကျနော့်အဖေက ဆရာဝန်ဆိုတော့ နယ်အပြောင်းအရွေ့များတယ်။ ကျနော် သူငယ်တန်းကနေ ၈
တန်းထိ ပုသိမ်မှာ ကျောင်းတက်ခဲ့ရတယ်။ ၉ တန်း ၁၀ တန်းကတော့ ရန်ကုန်
စိန်ဂျွန်းမှာ တက်ပါတယ်။ နောက် ရီဂျင်နယ်ကောလိပ်ကိုတော့ အာစီတူးမှာ
တက်ခဲ့ပါတယ်။
အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျနော်က ငယ်ကတည်းကနေ ၁၀ တန်းလောက်ထိက ဘာမှ
သိပ်သိတာလည်း မဟုတ်ဘူး။ ငယ်ကတည်းက စာတော်အောင် လုပ်ရမယ်ဆိုတဲ့ မိဘရဲ့
သွန်သင်မှုကလည်း ရှိတယ်၊ နောက် ကိုယ်ကိုယ်တိုင်ကလည်း စာကို
စိတ်ဝင်စားခဲ့တယ်။ ၁၀တန်းလောက်ထိကတော့ ကျောင်းနဲ့ စာနဲ့ပဲ ပြီးခဲ့တာပါ။
ဆယ်တန်းအောင်တော့ ကျနော်တို့ခေတ်က ရီဂျင်နယ်ဆိုတာကြီးကကိုးလို့
ကန့်လန့်ကြီး ၀င်လာတာ။ ရီ၈ျင်နယ် တက်နေတဲ့ အချိန်ကြမှ ကျနော်က
ပေါင်းသင်းဆက်ဆံရေး ပိုကျယ်လာတယ်။ လူငယ်သဘာဝအတိုင်း အပျော်အပါးလည်း
ရှိတာပေါ့ဗျာ။ အာစီတူးမှာ တက်ပြီးတော့ ဆေးကျောင်းဝင်ခဲ့တယ်။
အဲဒီမှာ
တခုပြောစရာရှိတာက ကျနော့် သဘောအတိုင်းသာဆိုရင် ဆယ်တန်းအောင်တော့ ကျနော်က
ဆရာဝန်ဖြစ်ရမဲ့ လိုင်းကိုမသွားချင်ဘူး၊ ကျနော်က သချာင်္တို့ ရူပ ဗေဒတို့
ဝါသနာပါတော့ ဆရာဝန်မလုပ်ချင်ဘူး အဲဒီတုန်းက အင်ဂျင်နီယာပဲ လုပ်ချင်နေတာ။
ဒါပေမဲ့ အဖေက သူကလည်း ဆရာဝန် ဆိုတော့ ကျနော့်ကို ဆရာဝန်ပဲ လုပ်စေချင်တယ်။
အဲဒီခေတ်ကာလတုန်းကလည်း သဘောင်္သားရယ်၊ ဆရာဝန်ရယ်၊ အင်ဂျင်နီယာရယ်…ဒါမှ
မဟုတ်ရင်လည်း စစ်ထဲဝင် ဆိုတဲ့ ခေတ်ကာလမျိုး ဖြစ်နေတဲ့ အချိန်ဆိုတော့
ဆရာဝန်ဖြစ်မှပဲ ဆိုတဲ့ အမြင်မျိုးလည်း မိဘတွေဆီမှာ ရှိနေတယ်။
ဘယ်လောက်ထိတောင်ဖြစ်ခဲ့လဲ
ဆိုတော့ကျနော်က သချာင်္ကို ခိုးလျှောက်တာဗျ။ အဖေက သိသွားတော့ ဆူတယ်၊ နောက်
ရန်တွေဘာတွေဖြစ်ပြီးတော့မှ အဲဒီတုန်းက မှတ်မှတ်ရရ ကျနော့်အနေနဲ့ ပထမဆုံး အကြိမ် အိမ်ပေါ်ကနေ ဆင်းခဲ့တယ်။
ဒါပေမဲ့
အမေက ကျနော့်ကို တော်တော်ချစ်တယ်၊ ကျနော်ကလည်း သားတယောက်တည်း
အကြီးဆုံးလည်းဖြစ်တယ်ဆိုတော့ အမေက လိုက်ပြီး ဖြောင့်ဖျတယ်။
မိဘစိတ်ချမ်းသာအောင်ဆိုပြီး အဲဒါနဲ့ ဆေးကျောင်းတက်ဖြစ်ခဲ့တာပါပဲ။
အဲဒီတုန်းကလည်း အိမ်က မင်း ဆရာဝန်ဖြစ်လို့ရှိရင်
မင်းလုပ်ချင်ရာလုပ်ဆိုပြီး အမြဲတန်းပြောခဲ့တယ်လေ။ အဲဒါကြောင့်
ဆရာဝန်ဖြစ်ပြီး တောခိုသွားတာလည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ အမြဲတမ်း
အမှတ်တရလေးတော့ ပြောဖြစ်နေတာပေါ့ဗျာ။
စိတ်ထဲမှာတော့
ဆေးကျောင်းကိုတော့ ဒီလိုပဲ ဖြစ်အောင်ဖြတ်သွားမယ်ဆိုတဲ့ သဘောမျိုးနဲ့ပဲ
ဆေးကျောင်းရောက်သွားတယ် ။ ဆေးကျောင်းဝင်တော့ပထမ ၃ လ ၄ လလောက်က ရန်ကုန်
ဆေးတက္ကသိုလ် ၁ မှာ တက်သေးတယ်။ အဲဒီအချိန်မှာ အဖေက မန္တလေးကို တာဝန်ကျပြီး
ပြောင်းရတယ်။ အဲဒါနဲ့ ကျနော်က မန္တလေးက ဆေးကျောင်းမှာ တက်ခဲ့ရတယ်။ အဲဒီကနေ
တောက်လျှောက်ပဲ မန္တလေးဆေးကျောင်းမှာ တက်ရတယ်။ အဲဒီကနေ ဘွဲ့ရခဲ့ပြီး
မန္တလေးမှာပဲ အလုပ်သင် ဆရာဝန်ဖြစ်ခဲ့တယ်။
အဲဒီအချိန်မှာပဲ
အဖေက မော်လမြိုင်ကို ပြောင်းရပြန်ရော၊ အဲဒီတော့ ညီမတွေက
ကျောင်းတက်နေတုန်းဖြစ်နေတော့ အမေက ကျနော့်ကို အဖေနဲ့ အတူတူ
သွားနေရမယ်ဆိုတော့ ကျနော်က အဖေနဲ့အတူ မော်လမြိုင်ကို လိုက်ပြောင်းခဲ့တယ်။
မော်လမြိုင်ရောက်သွားတော့လည်း
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အဖေနဲ့ အတူတူ မနေချင်တာနဲ့ ကျနော်က
ကျုံဒုံးမှာ သွားပြီး ဆေးခန်းဖွင့်ခဲ့တယ်။ အဲဒီအချိန်မှာ ၈၈ အရေးအခင်းနဲ့
ကြုံရတာပါပဲ။
ပြောရရင်တော့ ကျုံတုံးဆိုတာလည်း သူပုန်တွေရှိတဲ့ နယ်စပ်ဆိုတော့
ကျနော်နဲ့လည်း နည်းနည်းပါးပါး အဆက်အစပ်ရှိလာတာပေါ့ဗျာ။
နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ထဲမှာ နဂိုအခံလေးကလည်း ရှိနေတော့ ၈၈ နဲ့
ကြုံတော့ တောထဲ ရောက်သွားတာပေါ့ဗျာ။
အဲဒါတွေ
မတိုင်ခင်မှာ ဘ၀မှာ ထူးခြားတာ ဘာလဲဆိုတော့ ကျနော် မန္တလေးရောက်သွားတော့
ရန်ကုန်မှာ တွေ့ရတဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းနဲ့ မတူတဲ့
သူငယ်ချင်းအသိုင်းအ၀ိုင်းကို တွေ့ရတယ်။ ရန်ကုန်မှာ နေတဲ့
သူငယ်ချင်းအသိုင်းအ၀ိုင်းရဲ့ မိဘတွေက ငွေကြေးတတ်နိုင်တဲ့ သူတွေ
များတယ်ဆိုတော့ ကိုယ့်မိဘကလည်း အရမ်းကြီး အဆင်မပြောတာမျိုးတွေ မဟုတ်တော့
ကျနော်လည်း ပေါ့ပေါ့နေ ပေါ့ပေါ့စားပေါ့လေ။
မန္တလေးရောက်တော့
သူငယ်ချင်း အသိုင်းအ၀ိုင်းက ပြောင်းသွားတယ်။ ပြောရရင် ကျနော်လည်း ဂစ်တာ
တီးတာတွေဘာတွေ ၀ါသနာပါတယ်။ ဂစ်တာတီး သီချင်းဆို ၀ါသနာပါတဲ့ သူတွေနဲ့
ကြုံတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့
အဲဒီတုန်းက ကျနော်က ဆေးတွေ ဘာတွေလည်း ချတယ်။ နောက် အဆောင်ရှေ့မှာ ဂစ်တာ
တီးတယ်။ ဘာညာပေါ့လေ အဲလို လူငယ်ဘ၀နဲ့ နေတယ်။ အဲလိုနေတဲ့အချိန်မှာ
ကျနော်ခင်တဲ့ သူငယ်ချင်းတွေထဲမှာ ဆရာဝန် သားသမီးတွေလည့း်ပါသလို သာမန်
ဝန်ထမ်းသားသမီးတွေလည်း ပါတယ်။
ပြောချင်တာကတော့ဗျာ
ဆေးကျောင်းစတက်တဲ့ အချိန်တုန်းက ဆေးကျောင်းတက်ရင်း ဆေးချလိုက်၊
ဂစ်တာတီးလိုက် လုပ်နေရင်းနဲ့ စာမေးပွဲလည်း ခဏခဏကျတယ်။ ပြောချင်တာက
ပထမအစောပိုင်း နှစ်တွေမှာ ကျနော့်အနေနဲ့ ဆေးပညာကို သိပ်ပြီး အလေးအနက်
မရှိလှဘူး။အဲလို နေရင်းနဲ့ ကျနော့်သူငယ်ချင်းတယောက်ရှိတယ်၊ သူက ကျနော်နဲ့
အရမ်းခင်တယ်။သူကဗျာ ဆေးကျောင်းမှာ ဒရ၀မ် လုပ်ပြီးတော့ ဆေးကျောင်းတက်ရတာ။
အဲတော့ တခါတလေကျတော့ဗျာ ကျနော်တို့ကသာ ဘ၀ကို ပေါ့တီးပေါ့ဆနဲ့ ဖြတ်နေပေမယ့်
အချို့တွေကျတော့ ဘ၀ကို တော်တော်လေးကို ပေးဆပ်ပြီး ဖြတ်ရတာတွေ ရှိတယ်။
ကျနော့်သူငယ်ချင်းက
သူ့မိဘက ဆင်းရဲလွန်းတော့ ကျောင်းကို မထားနိုင်တဲ့ ကြားထဲကနေ ဆယ်တန်းကို
ကြိုးစားပမ်းစားနဲ့ အောင်အောင် လုပ်ခဲ့ရတယ်၊ ဆေးကျောင်းတက်ချင်လွန်းလို့
ဆေးကျောင်းမှာ ဒရ၀မ်လုပ်ပြီး ကျောင်းတက်ရတယ်။ အဲလိုအခြေအနေမှာပဲ
ကိုယ်နဲ့အတူတူ နေရင်း ဆေးလိပ်လေး လက်ဖက်ရည်လေး မျှတိုက်ရင်းနဲ့ပဲ ဘဝ
ဆိုတာကိုမြင်လာတယ်။ သူက ဆေးကျောင်းမှာဆိုရင်လည်း နေစရာလည်း မရှိဘူးပေါ့။
ညစောင့်ဆိုတော့ ကြမ်းပြင်မှာ အိပ်ရတာတို့ မြေကြီးပေါ် အိပ်ရတာတို့ကို
စသိလာရတယ်။
ငါတို့အတွက် ဘာမှ ဟုတ်တယ်လို့ မထင်ရပေမဲ့ တချို့လူတွေ အတွက်ကတော့ တော်တော် ပေးဆပ်ရပါလားဆိုတာကို စမြင်လာခဲ့တယ်။
နောက် တတိယနှစ်လောက်ရောက်လာတော့ လူနာတွေနဲ့ စပြီး ထိတွေ့လာရတယ်။
နောက်ဆင်းရဲတဲ့ သူငယ်ချင်းဆီကနေ ကြားရတဲ့ တွေ့ရတဲ့ မမျှတမှုတွေရယ်၊
လူနာတွေဆီမှာ တွေ့မြင်လာရတဲ့ မမျှတမှုတွေ မတရားမှုတွေကို စပြီး ခံစားလာရတယ်။
ပြောချင်တာက ဘာလဲဆိုတော့အဲဒီတုန်းက ဆိုရှယ်လစ်ခေတ်ဆိုတော့ ပါတီဝင်မဖြစ်ရင်
ရာထူးမတိုးဘူးဆိုတာတွေ ရှိတယ်။ တိုင်းတွေ မြို့တွေမှာ မဆလ ပါတီက
တော်တော်ကြီးစိုးနိုင်တယ်။ ပါတီကောင်စီက မကြိုက်ရင် ၀န်ထမ်းတွေရဲ့
အရွေ့အပြောင်းတွေက သူတို့ပေါ်မှာပဲ မူတည်နေတဲ့ ခေတ်ကိုး။ အဲဒီမှာ အဖေက
တရားသူကြီးတွေဘာတွေ ၀င်လုပ်ရတာတွေ ရှိတယ်။ အဲဒါကို အဲဒီတုန်းကလည်း
နားမလည်ဘူးပေါ့၊ အဖေနဲ့ ဘာဆိုင်လို့လဲပေါ့။
နောက်
အဲဒီတုန်းက ဆေးကျောင်းရောက်တယ် ဆရာဝန်ဖြစ်တယ်ဆိုရင် လူသားတွေကို
ကူညီရတဲ့ကိစ္စပေါ့၊ ကိုယ့် ကိုယ်ကျိုးစီးပွား မပါဘဲနဲ့ မွန်မြတ်တဲ့
အလုပ်မျိုးပေါ့အဲလို နားလည်ထားတာ၊ တကယ်တမ်းတော့ ဆေးရုံရောက်တော့
ဆေးရုံမှာလည်း အဆင့်အတန်း ကွာခြားတဲ့ အနေအထားက စပြီးတော့မြင်လာရတယ်။
ဘယ်လိုလဲဆိုတော့
ပိုက်ဆံရှိတဲ့လူ၊ ရာထူး အာဏာရှိတဲ့ လူဆိုရင် ဆေးရုံက အလကားပေးတဲ့
ဆေးတွေကို သူတို့ကို ဦးစားပေးပြီး ကုပေးရတယ်။ ဆင်းရဲနွမ်းပါးတဲ့
လူနာတွေကြတော့ အဲလို အခွင့်အရေးတွေ မရဘူး။ အပြင်မှာ ဆေးဝယ်ရတယ်။ ကုတင်ရယ်၊ ဆရာဝန်ရယ်၊ သူနာပြုရယ်ပဲ အလကားရတယ်။ ကျန်တာ ၀ယ်ရတယ်။အဲဒီစနစ်ကလည်း အဲဒီခေတ်ကတည်းက စတာပဲ။
ရှေ့ဆက်ဖော်ပြပေးပါမည်။
No comments:
Post a Comment