Saturday, January 19, 2013

"သံသာလေ ကမ်းတိုင် (အစစ်)"


posted Jan 16, 2013, 4:23 PM by Theravada Taiwan

'ဘုရားဆုပန်တယ်’ စကားလုံးကို ဗုဒ္ဓဘာသာဝင် တော်တော် များများ ကြားဖူးနားဝ ရှိကြပါတယ်။ အဓိပ္ပာယ်ကိုတော့ နားလည်ကြသူ လည်းရှိသလို သိပ်နားမလည်ဘဲ လုံးထွေး ယောင်ဝါး  ဖြစ်နေကြပြီး’ဘုရားဆု ပန်တယ်’ဆိုတာ “ဘုရားဆု ကို တောင်းတာပဲ”လို့ ထင်ကြသူလည်း ရှိပါတယ်။

“သုမေဓာရှင်ရသေ့ ဘုရားဆုပန်တယ်” ဆိုတာကို အသေအချာ လေ့လာကြည့်မယ်ဆိုရင်… ဟို…မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောပြီးလို့ တာဝတိံသာကပြန်မြန်း ဆင်းသက်လာစဉ်တုန်းက ဘုရားရှင်ရဲ့ ဘုန်းတန်ခိုး အာနုဘော်တွေ ကို မျက်ဝါး ထင်ထင် မြင်တွေ့ကြရတဲ့ ဗိုလ်ပါပရိသတ်တွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ “ဘုရား ဖြစ်ချင်လိုက်တာ”ဆိုတဲ့ တောင့်တမှု၊ တောင်းခံမှုမျိုး မဟုတ်ပါဘူး။

သဗ္ဗညုတဘုရားရှင် တစ်ဆူဖြစ်တဲ့ ဒီပင်္ကရာ မြတ်စွာဘုရားရှင်က တစ်ကိုယ်တော် နိဗ္ဗာန်ကို အခုချက်ချင်း မျက်မှောက်ပြုနိုင်ခွင့်နဲ့ သတ္တ၀ါတို့ရဲ့ဒုက္ခကို ကယ်မနိုင်တဲ့ သဗ္ဗညုတ ဘုရားတစ်ဆူ ဖြစ်နိုင်ခွင့်ဆိုတဲ့ အခွင့်အရေး နှစ်ခုရှိတယ်။ ကြိုက်ရာကို ရွေးနိုင်တယ်ဆိုတဲ့ နှုတ်မြွက်စကားကို ကြားနာရလို့ “ဘုရားဖြစ်ဖို့ ပါရမီတော်တို့ကို မဆုတ်မနစ် ဖြည့်ဆည်း အားထုတ်ပါမယ်” ဆိုပြီးလက်ခံ ပန်ဆင်လိုက်တာပါ။ “မတန်ရာကို တောင့်တတာ မဟုတ်ပါဘူး၊ ထိုက်တန်စွာပေးအပ်တဲ့ အတွက် လက်ခံပန်ဆင်လိုက်တာ”လို့ အဓိပ္ပာယ် ရပါတယ်။

ဒီပင်္ကရာဘုရားရှင်က နှုတ်မြွက် ပြောဆိုရတာကလည်း အကြောင်းမဲ့သက်သက် မဟုတ်ပါဘူး။
(၁) လူသားစင်စစ်ဖြစ်ခြင်း၊
(၂) ယောင်္ကျား စင်စစ်ဖြစ်ခြင်း၊
(၃) လိုအပ်လျှင် အဲဒီဘ၀မှာပဲ အရဟတ္တဖိုလ်အထိ ရောက်ရှိပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း(ဒီနေ့ ငါးပါးသီလတောင် အစင်အကြယ် မမြဲကြဘဲ ဘုရားဆုပန်ဆိုပြီး ဖြီးဖြန်းညာဝါး လုပ်နေကြသူတို့ကို အကဲဖတ်မိစရာ အင်္ဂါရပ်ပါပဲ)
(၄) သက်တော်ထင်ရှား မြတ်စွာဘုရားကို ဒိဋ္ဌမျက်မှောက်ဖူးမြင်ရခြင်း၊
(၅) ကမ္မ၀ါဒီ (ကံနဲ့ ကံရဲ့ အကျိုးကို ယုံကြည်သူ) ရှင်ရသေ့ဖြစ်ခြင်း၊
(၆) ဈာန်သမာပတ်ရှစ်ပါး၊ အဘိညာဉ်ငါးပါးနဲ့ ပြည့်စုံသူဖြစ်ခြင်း၊
(၇) အဓိကာရ (အရပ်စကားအခေါ်’အထိကရ’ ကုသိုလ်ထူးနဲ့ ပြည့်စုံခြင်း၊
(၈) မီးပင်လယ်ကြီးပဲ ဆီးဆီး၊ ဓားသွား၊ လှံသွား၊ ရှားမီးခဲ တံတား တွေပဲ ခြားခြား၊ မဆုတ်မနစ် ကူးခတ်သွားပြီး ဘုရားမဖြစ်သမျှ မလျှော့ဘဲ ဘုရားဖြစ်လိုတဲ့ ဆန္ဒ ပြင်းပြခြင်းဆိုတဲ့ အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံလို့ မိန့်ကြားတာပါ။

ဒီအင်္ဂါရှစ်ပါးထဲမှာ နံပါတ်(၇)ဖြစ်တဲ့ အဓိကာရ ကုသိုလ်ဆိုတာ အသက်ကိုပင် ငဲ့ကွက် ထောက်ထားခြင်း မရှိဘဲ ပြုလုပ်ရဲတဲ့ ကုသိုလ်မျိုးကို ဆိုလိုတာပါ။ သုမေဓာရှင်ရသေ့ဟာ မိမိတာဝန်ယူထားတဲ့ ရွှံဗွက်ကြီး ဖို့လို့မပြီးခင်မှာပဲ ဒီပင်္ကရာဘုရားရှင်နဲ့ နောက်ပါ ရဟန်းတော် လေးသိန်းတို့ ကြွလာတာကိုတွေ့ရပြီး ဘုရားရှင်ရဲ့ လက္ခဏာတော် ကြီးငယ်တို့ကို ဖူးမြင်ရတဲ့အခါ “မြတ်စွာဘုရားရှင်ကြီးတစ်ပါး ဖြစ်ပါလျက် ဒီလိုညွန်ပျောင်းပေါ်မှာ နင်းပြီး ဆင်းရဲစွာမကြွ မြန်းစေသင့်ဘူး၊
ဒီနေ့ ငါဟာ မြတ်စွာဘုရားရှင်ထံမှာ အသက်ကို စွန့်သင့်တယ်လို့ သုံးသပ်ပြီး တော့မှ ဒီပင်္ကရာဘုရားရှင်နဲ့ ရဟန္တာလေးသိန်းတို့ ငါရဲ့ ကျောက်ကုန်း(ကျောပြင်)ကို နင်းပြီး ကြွတော်မူကြပါစေသတည်းလို့ ဆုံးဖြတ်ပြီး ကိုယ်ကို အလျားစင်း တံတားခင်းလိုက်တာပါ။ အဲဒီလို ကုသိုလ်မျိုးကို အဓိကာရ (အလွန်အကဲ)ကုသိုလ်၊(တုနှိုင်းမရတဲ့ အထိကရ ကုသိုလ်)လို့ ခေါ်တာပါ။

ဒီပင်္ကရာဘုရားရှင်က သုမေဓာရှင်ရသေ့ရဲ့ အရည်အချင်း အင်္ဂါရပ်ရှစ်ပါးနဲ့ ပြည့်စုံပုံကိုသာမက သုမိတ္တာ အမျိုးသမီးလေးရဲ့ အရည်အချင်း ဂုဏ်အင်္ဂါတွေကိုပါ သိမြင်တော်မူတဲ့ အတွက်--

“အို.. သုမေဓာရသေ့မြတ်၊ ဒီ-သုမိတ္တာ အမျိုးသမီးဟာ ဘုရားဖြစ်ဖို့ အားထုတ်တဲ့ သင့်အတွက် စိတ်တူ ကံတူ အညီအမျှ ပြုလုပ်သူ၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံး ချစ်ခင်အပ်သူ (ပါရမီဖြည့်ဖက်) ဖြစ်ပေလိမ့်မယ်။ နောက်ဆုံး ပစ္ဆိမဘ၀မှာ သင့်ရဲ့ လောကုတ္တရာ အမွေကို အရဟတ္တဖိုလ်ပေါက် ခံယူပြီး တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့ သာဝိကာမ ဖြစ်လိမ့်မယ်”အစရှိတဲ့ ဗျာဒိတ် စကားကို မိန့်ကြားတော်မူခဲ့ပါတယ်။

သုမေဓာရှင်ရသေ့က ဘုရားအလောင်း အာဇာနည်ယောင်္ကျားကောင်းအဖြစ် နိယတဗျာ ဒိတ်ကို ခံယူသလို သုမိတ္တာ အမျိုးသမီးကောင်းကလေးလည်း ပါရမီဖြည့်ဖက်အဖြစ် နိယတ ဗျာဒိတ်ရရှိတယ်လို့ပဲ ဆိုရမှာပါ။

ဒီနေရာမှာ ဒီနေ့ခေတ်မီတယ်၊ ၀ိဘဇ္ဇ၀ါဒကို လက်ကိုင် ထားတယ်ဆိုတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ အူကြောင်ကြောင် စဉ်းစားဝေဖန်တွေးခေါ် ခေတ်မီကြပုံကလေးကို နည်းနည်း ပြောပြချင်ပါတယ်။ သူတို့ပြောတဲ့စကားကို အရင်နားဆင်ကြည့်ပါဦး-

“ဘုရားအလောင်းတော်ဟာ ဝေဿန္တရာမင်းကြီးဘ၀မှာ ပါရမီဖြည့်ဖို့ဆိုပြီး မဒ္ဒီဒေ၀ီကိုလည်း လှုပစ်တယ်၊ သားငယ် သမီးငယ်တို့ကိုလည်း လှုပစ်တယ်ဆိုတော့ ဒီကိစ္စဟာ ဒီနေ့ကမ္ဘာ့ အလယ်မှာ ချပြလို့ (ပြောပြလို့)ဖြစ်ကို မဖြစ်နိုင်လောက်တဲ့ ကိစ္စဖြစ်နေပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒါဟာ အမျိုးသမီးများကို ကျွန်နိုင်ထက် စီးနင်းပြုရာ ကျနေပါတယ်။ ကလေးငယ် များကို ကျွန်အဖြစ်ခိုင်းစေဖို့ ပေးလှူတယ် ဆိုတာဟာလည်း ဒီနေ့ ကလေးသူငယ် လူမှောင်ခို ကိစ္စတွေနဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံး လက်ခံထားတဲ့ မိခင်နဲ့ ကလေးသူငယ် စောင့်ရှောက် ရေး ဆိုင်ရာ ဥပဒေများနဲ့ ငြိနေလို့ ကမ္ဘာက လက်မခံနိုင်ပါဘူး”တဲ့။

ဒီလို ပုဂ္ဂိုလ်တွေနဲ့ ခဏခဏဆိုသလို တွေ့ရဖူးပါတယ်၊ ဒါကြောင့် လောကမှာ မိခင်နဲ့ကလေးတွေဟာ ဘာမှ ပြဿနာမတက်တတ်ဘူး။ လောက ကြီးကို ပြဿနာတွေ ရှုတ်ထွေးအောင် လုပ်နေတာ၊ ရုံးပြင်ကနားမှာ အမှုတွေ စုပုံနေတာ၊ လက်ရှိကြုံတွေ့နေရတဲ့ ဒုက္ခအထွေထွေတို့ရဲ့ အဓိက လက်သည်ဟာ မိခင်နဲ့ကလေးများ မဟုတ်ကြဘူး၊ ဖခင်နဲ့ လူကြီးတွေသာဖြစ်လို့ လောကကြီး ငြိမ်းချမ်းသာယာဖို့အတွက်ဆိုရင် “ဖခင်နဲ့ လူကြီးများ စောင့်ရှောက်ရေး” အသင်းကြီးကမှ တကယ်လိုအပ်နေတာ လို့တောင် စဉ်းစားမိခဲ့တာ အတော်ကြာနေပြီ။

အခုလည်း တကယ့်ပါရမီရှင် အာဇာနည်ယောင်္ကျားမြတ်တို့ရဲ့ လုပ်ငန်းကို ခုကာလ ခေတ်မီ ဥပဒေတွေနဲ့ ငြိစွန်းတယ်တဲ့ဗျာ။ သူတို့ပြောပုံ အရဆိုရင် အလောင်းတော်သူမြတ် ဖြည့် ကျင့်ခဲ့တဲ့ ပါရမီတွေထဲက ဒါနပါရမီန ပတ်သက်လို့ အထွတ်အထိပ်ဖြစ်တဲ့ ‘စွန့်ခြင်းကြီး ငါးပါး’ဆိုတာ ကိုတောင် “သားမယားကိုစွန့်ခြင်း”ဆိုတာကို နှုတ်ပယ်ပြီး စွန့်ခြင်းကြီးလေးပါးကို သာ ပြုလုပ်ခဲ့ပါတယ်လို့ လိမ်ညာရတော့မယ့်ပုံမျိုး ဆိုက်နေတယ်။

သူတို့တစ်တွေရဲ့ ပြောပုံ ပြောပေါက် အရဆိုရင် ဒါဟာ ဒီနေ့ ကမ္ဘာမှာ တကယ်ပဲ ကြုံတွေ့နေ ရတဲ့ ပြဿနာကြီးတစ်ခုလို အလေးအနက် ပြောနေကြတာပါ။ ဒါပေမယ့် တကယ့်လက်တွေ့ ကမ္ဘာကို သာသနာပြုတော်မူခဲ့တဲ့ ဆရာတော် အရှင်သေဋ္ဌိလရဲ့ ပြောပြချက်များ အရဆိုရင် ကမ္ဘာကြီးဟာ အခုလို သူမြတ်လမ်းစဉ်တွေအပေါ်မှာ ပြဿနာရှာပြီး စွမ်စွဲလောက်အောင် အထိ အောက်ကျ နောက်ကျဖြစ်တဲ့ ပုဂ္ဂိုလ်မျိုး အလွန်ရှားပါတယ်တဲ့။ ဆရာတော်ကြီးက-

“လောကမှာ သေသေချာချာ လေ့လာ အကဲခတ်ကြည့်၊ အကျိုးကိုလိုလားတဲ့ ပုဂ္ဂိုလ်တွေက အကျိုးကိုကြည့်ပြီး အကျိုးကိုရှာကြတာ၊ အပြစ်ကို လိုလားတဲ့ ပုဂ္ဂိုလ်တွေက အပြစ်ကိုကြည့်ပြီး အပြစ်ရှာ၊ အပြစ်တင်လုပ်ကြတာပဲ၊ နောက်ဆုံးတော့ အကျိုးရှာသူတွေက အကျိုးကို တွေ့မြင်ပြီး အကျိုးရကြတယ်။ အပြစ်ရှာသူတွေကတော့ အပြစ်တွေမြင်ပြီး အပြစ်ရနေကြတာပေါ့။

သူတို့အနောက်နိုင်ငံတွေမှာ နားမလည်နိုင်တဲ့ ကိစ္စတစ်ရပါအပေါ်မှာ သူတို့ရဲ့ သဘောထားကိုက အလွန်အထက်တန်းကျတဲ့ ခံယူချက်ရှိတယ်။ ဥပမာ-‘ဗုဒ္ဓဘာသာအရ အမြင့်ဆုံးပန်းဆိုင်ဟာဘာလဲ’လို့ မေးလာတဲ့အတွက် “နိဗ္ဗာန်”နဲ့ နိဗ္ဗာန် ရောက်ကြောင်း မဂ္ဂင်ရှစ် ပါးကို ရှင်းပြတဲ့အခါ အသေအချာ စူးစူးစိုက်စိုက်ကို နားထောင်တယ်၊ ပြီးတော့ ဘာပြောလဲဆိုတော့ ‘ကျွန်တော်တို့ ဉာဏ်သိပ်မမီသေးဘူး၊ သိပ်ပြီးလေးနက် လွန်းတယ်’ တဲ့။ ဒါဟာ အလွန်အဆင့်မီတဲ့ မှတ်ချက်ပဲ။ သူ့အတွက် နိဗ္ဗာန်တံခါး ဘယ်တော့မှ မပိတ်ဘူး။
တို့ဒီမှာ ခောတ်မီသလိုလို၊ ခေတ်ပညာတတ်လိုလို ကောင်လေးတွေ တစ်ခါတစ်ခါ လာမေးလို့ ပြောပြကြည့်တယ်၊ သူတို့ သဘောမပေါက် နားမလည်တဲ့ ကိစ္စမျိုးဆိုရင်” ဟာ.. ဒါတော့ လုံးလကို မဖြစ်နိုင်ပါဘူး”တဲ့၊ မှတ်ချက်ချ ပုံချင်း ဘယ်လောက် အဆင့်အတန်းကွာသလဲ၊ သွားပြီ.. သူ့အတွက် ဘာမှ မျှော်လင့်ချက်မရှိတော့ဘူး၊ သူ့ဟာသူ အားလုံးကို တံခါးပိတ်ပစ် လိုကပြီလေ။ ‘မဖြစ်နိုင်ပါဘူး’ ဆိုမှတော့ ဒီကစ္စကို သူဘယ်လိုလုပ် လေ့လာတော့မှာလဲ၊ ဒါဟာ အထက်တန်း ရောက်မယ့်သူနဲ့ အောက်တန်းကျမယ့် သူတို့ရဲ့ သဘောထား ကွာခြားချက်ပဲ”လို့ ရှင်းပြဖူးပါဘူး။

အခုလည်း ဝေဿန္တရာမင်းကြီးကို မိခင်နဲ့ ကလေးသူငယ်စောင့်ရှောက်ရေး ဥပဒေအရ အပြစ်မရှိဆိုပြီး ပြဿနာရှာလာတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ရ တော့ ဆရာတော်ကြီးပြောတဲ့ အထက်တန်းစား စိတ်ထားနဲ့ အောက်တန်းကျတဲ့ စိတ်ထားဆိုတာကို ပြေးပြီး သတိရမိတယ်။ သူတို့ကိုတော့ အထွေအထူး မပြောလိုက်ပါဘူး။ “ ဒီကိစ္စက ယသောဓရာထေရီမကြီး အသိဆုံးပါ။ သူ့ကို မေးလျှောက်ကြည့်သင့်တယ်” လို့ပဲ ပြောလိုက်ပါတယ်။

ယသောဓရာ ရဟန္တာထေရီမကြီးအဖြစ် ရောက်တဲ့အခါမမှာတော့ ဘုရားရှင်ထက် ၂-နှစ် စောပြီး သက်တော် ၇၈-နှစ်အရွယ်မှာ ပရိနိဗ္ဗာန်ပြုပါ တယ်။ ပရိနိဗ္ဗာန်ပြုခါနီးမှာ အခြံအရံ ဘိက္ခုနီမများနဲ့အတူ မြတ်စွာဘုရားထံ ၀င်ရောက်ပြီး အတိက်ဘ၀ တစ်စိတ်စ်ပိုင်းတို့ကိုလည်း ပြန်ပြောင်း လျှောက်ထားတယ်။ ပြီးတော့ အဲဒီလို ပါရမီဖြည့်ဖက်အဖြစ် ဘ၀ကို အရှင့်အတွက် သက်သက် စွန့်လွှတ် ဖြည့်ကျင့်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ချွတ်ယွင်းချက်များ ရှိရင်လည်း ခွင့် လွှင့်ဖို့ လျှောက်ထားတာပါ။ အဲဒီထဲမှာ ထေရီမကြီးက ဘယ်လောက်အထိ ပွင့်လင်းသလဲ ဆိုရင်-

“ဒီပင်္ကရာမြတ်စွာဘုရားကို ပူဇော်ဖို့ ကြာပန်းရှစ်ခို်င်ကိုယူပြီးအလာ ပရိသတ်ဗိုလ်ပုံအလယ်မှာ ထင်ရှားတဲ့ သုမေဓာရှင်ရသေ့ကို ဖူးမြင် လိုက်ရတယ်။

ကာလချိန်ကြာ ချစ်ကြင်နာခဲ့ရသူ၊ စိတ်နှစ်လုံးကို သိမ်းကျုံးဆွဲဆောင်နိုင်စွမ်းရှိတဲ့ ရှင်ရသေ့ကို ဖူးမြင်လိုက်ရတာနဲ့ တစ်ပြိုင်နက် ‘ငါဟာ အသက်ရှင်ရကျိုးနပ်ပြီ’လို့ ခံစားလိုက်ရ ပါတယ်။ (ထေရီအပဒါန် ၃၆၅-၆)

ဒီစကားအရ သုမေဓာနဲ့ သုမိတ္တာတို့ ဘ၀မတိုင်မီကတည်းက စိတ်တူကိုယ်တူ ကုသိုလ်ပြု ဖက် ချစ်ကြင်နာဖက်များ ဖြစ်ကြသလို သုမိတ္တာဘ၀မှာ သုမေဓာ ရှင်ရသေ့လကို တွေ့ရတော့ လည်း သူကပဲ မြင်မြင်ချင်း မေတ္တာပေမစိတ်ဖြစ်ခဲ့ပြီး ပါရမီဖြည့်ဖက်အဖြစ် ခံယူခဲ့တယ်ဆိုတာ ကိုလည်း ပွင့်ပွင့်လင်းလင်း ၀န်ခံတယ်။

ဒီလို ပါရမီဖြည့်ဖက်ဖြစ်ဖို့ ဘုရားအဆူဆူနဲ့ ပစ္စေကဗုဒ္ဓါတွေ ရဟန္တာအရှင်မြတ်တွေထဲမှာ လည်း ဆုတောင်းခဲ့ဖူးတယ် ဆိုတာကို ထောက်ဆရင် ပါရမီဖြည့်ဖက် တစ်ယောက်ရဲ့ လှုဘွယ်ဝတ္ထုတစ်ခု မခြားနားတဲ့ ဘ၀ကိုလည်း နားလည်ပြီး ဖြစ်သလို ဒီလို သဘောထားပြီး စိတ်တူကိုယ်မျှ ပါရမီဖြည့်ရတဲ့ အစွန့် အလှူခံဘ၀ကိုလည်း ကိုယ်တိုင်ကျကျနန သိပြီးမှ ကျေကျေ နပ်နပ် ခံယူခဲ့တယ်ဆိုတဲ့ သဘောကိုလည်း ပြေနေပါတယ်။

ဒါကြောင့်လည်း အခြားတစ်နေရာမှာ--

“ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား… ဘ၀ပေါင်း ကုဋေအထောင်မက မယားပြုဖို့ အတွက်ကော၊ အစားအစာ ပြုဖို့အတွက်ပါ အကျွန်ုပ်ကို သူတစ်ပါးအား ပေးလှူခဲ့ ပေမယ့် အရှင်ဘုရား (သဗ္ဗညုတဉာဏ် ရရှိနိုင်ရေးကို ရှေးရှုပြီး) စိတ်ဖောက်ပြန် ငြိုင်ငြင်ခြင်း လုံးဝ မဖြစ်ခဲ့ပါ။

 အရှင်ဘုရား၏ သဗ္ဗညုတဉာဏ်ရနိုင်ရေးကို ရှေးရှုပြီး တပည့်တော်ရဲ့ ကိုယ်အင်္ဂါတွေ၊ အ၀တ်တန်ဆာတွေ၊ အမျိုးသမီးတို့ရဲ့ တန်ဆာတွေကို ဘာမျှမလျှို့ဝှက်ခဲ့ပါ။

အရှင်ဘုရားအကျိုးအတွက် ချမ်းသာခြင်းနဲ့ကြုံရတဲ့အခါ ၀မ်းမြာက်ခဲ့သလို ဆင်းရဲမှုနဲ့ ကြုံရတဲ့အခါမှာလည်း စိတ်မချမ်းမသာ မဖြစ်ခဲ့ပါ။ ချမ်းသာနဲ့ ဆင်းရဲနှစ်မျိုးလုံးမှာ ချိန်ခွင်လျှာ ပမာ ညီမျှခဲ့ပါတယ်။”(ထေရီအပါဒါန်) စတဲ့ ဂါထာပေါင်းများစွာနဲ့ လျှောက်ထားပြီးတော့မှ-

ပါရမီဖြည့်စဉ် သံသရာခရီးတစ်လျှာက် ချွတ်ချော် မှားယွင်းမှုများ ရှိခဲ့ရင်လည်း အပြစ်ကို သည်းခံတော်မူပါ”လို့ လျှောက်ထားပါတယ်။

မြတ်စွာဘုရားရှင်ကတော့-

“ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲဖြစ်တဲ့ သင့်ကို ဘာများ အထူးပြောစရာ ရှိပါတော့မလဲ ချစ်သမီး..”လို့ မိန့်ကြားတော်မူလိုက်ပါတယ်။

မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့တဲ့အတိုင်းပါပဲ၊ “ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲ ရောက်နေခါမှ အတိတ်က ဖြစ်ကြောင်းတွေ ဘာလို့များ ပြန်ပြောင်း လျှောက်ထား နေရပါလိမ့်”လို့ ထင်ခဲ့မိ ပါတယ်။

အခုကာလေပါ် ခေတ်မီပုဂ္ဂိုလ်များရဲ့ စိန့်စွဲချက်ကို ကြားရတော့မှ သြော်… ထေရီမကြီးဟာ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို ကြိုမြင်လိမ့်မယ်၊ ဒါကြောင့် “ဒီလို အစွန့်အလှူခံဘ၀”ကို ဘုရား အလောင်းက တိုက်တွန်းပြီး အသုံးချခံတာ မဟုတ်ဘူး၊ သူကိုယ်တိုင်က ကိုယ့်သဘောဆန္ဒနဲ့ ကိုယ်ရယူခဲ့တာ ဖြစ်တယ်ဆိုတာ ထင်ရှားအောင် လျှောက်ထား နေတာပဲလို့ သဘောပေါက် လိုက်မိတယ်။

တစ်နည်းပြောရမယ်ဆိုရင်တော့ ဘုရားရှင်အတွက် ပါရမီဖြည့်စဉ် ဘ၀တွေမှာသာ လိုလေသေး မရှိအောင် ဆောင်ရွက် ဖြည့်ဆည်းခဲ့တာ မဟုတ်ဘူး၊ အခု ပရိနိဗ္ဗာန်စံဝင်ခါနီးဆဲ ဆဲမှာပင် နောင် အနာဂတ်မှာ ဘုရားရှင်အပေါ် စွပ်စွဲကဲ့ရဲ့ အပြစ်တင်ကြမယ့် အဖြစ်တွေ မကြုံရ အောင် “အရာရာဟာ သူ့ဆန္ဒအတိုင်းသာဖြစ်တယ်”ဆိုတာကို အများတကာ ကြားသိခွင့် ရအောင် လျှောက်ထားသွားလေသလားလို့တောင် အောက်မေ့ကြည်ညိုလေးစားမိပါတယ်။

တကယ့် သံသာလေကမ်းတိုင် အစစ်ပါတကား

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

No comments: