ဦးဖိုးသာအောင်--၁၉-၁ -၂၀၁၃
ဦးပိုင် ထူးပိုင်၊ ဘာကုမ္မဏီပိုင် ညာကုမ္မဏီပိုင် စသည်ဖြင့် ခရိုနီခရိုနက် တို့၏ အမည်နာမအမျိုးမျိုး တို့ကို အစိုးရမီဒီယာများမှ အကဲပြောင်ပြောင် အတိအလင်း ကြေငြာပြီး တကယ့်တရားဝင်လုပ်ငန်းကြီးများအဖြစ် ကဗျည်းမော်ကွန်း စိုက်ထူနေကြသည်ကို
ရူပဗေဒသဘောတရားမှာ စိုက်ထုတ်ရသည့်အားနှင့် အချိန်တို့၏ ပေါင်းစပ်မှုအရ ဖြစ်ပေါ် လာသည့် သက်ရောက်မှုအရွေ့(သို့မဟုတ်)ပြောင်းလဲမှုကို ရလဒ်ဟုယူဆပါသည်၊ ရလဒ်ဆိုသည် မှာလည်း အကျိုးရလဒ် (သို့မဟုတ်)အဆိုးရလဒ်ပင်ဖြစ်သည်၊
ထိုနည်းတူ ယနေ့မြန်မာ့နိုင်ငံရေးသည် ရှစ်ဆယ့်ရှစ်အရေးတော်ပုံမှ ယနေ့တိုင်စိုက်ထုတ် ရင်းနှီးခဲ့ကြရသည့် ပြည်သူတို့၏အားကြောင့် နိုင်ငံရေးအရွေ့နှင့် အပြောင်းအလဲရလဒ်တို့ ဖြစ်ထွန်းလာပြီဟု ဆိုနေကြပါသည်၊ ဟုတ်ပါသည် အပြောင်းအလဲဆိုတာကိုတော့ ငြင်းလို့မရပါ၊ သို့သော် အဲဒီအပြောင်းအလဲ၏ အကျိုးရလဒ်ကို မည်သူက စံစားရပြီး အဆိုးရလဒ်နှင့် ထူမခြား နား ရလဒ်မျိုးကိုတော့ မည်သူတွေက ခံစားကြရမည်လဲဆိုတာကိုတော့ သတိကြီးစွာရှုမြင်နိုင်ရပါ မည်၊
နိုင်ငံရေးသည် သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ ကြေနပ်မှုနှင့်တိုက်ရိုက်ပတ်သက်ပြီး စားဝတ် နေရေးအပါအ၀င် လူမှုလုံခြုံစိတ်ချရရေးပင်ဖြစ်သည်၊ ယနေ့ မြန်မာလူထုအဖို့ ဘာမျှသက်ရောက်မှု့ မရှိသေးသည့်အတွက် ပြောဆိုနေကြသည့် အပြောင်းအလဲ၏ အကျိုးရလဒ်များသည် မည်သူ့ အတွက် ဖြစ်နေသနည်းဆိုသည်ကို မေးခွန်းထုတ်ကြရပါတော့မည်၊
မြန်မာလူထုကြီးသည် သူတို့၏ စားနေ၀တ် အရေးသုံးပါလည်း ဒုံရင်းအတိုင်းထက်နိမ့်ကျနေ ပြီး လူမှုဘ၀လုံခြုံရေးလည်း စိတ်မချရသည့်ပြင် အုပ်ချုပ်ခံနေရသည့် ဥပဒေ ဥပဒက်တွေ၏ မတရားမှုများကို ခံနေကြရသဖြင့် အစိုးရဆိုသူများအပေါ်တွင် စိုးစဉ်းမျှ ကျေနပ်မှုမရှိကြပါ၊ ဒါကြောင့် ပြည်သူလူထုဘက်ကကြည့်လျှင် ယနေ့အပြောင်းအလဲဖြစ်နေခြင်းသည် အဆိုးဘက်သို့ ပင် ရွေ့လျှားပြောင်းလဲနေသည်ဟုပင် ဆိုရပါမည်၊
အုပ်ချုပ်ခံလူထုတရပ်လုံးအတွက် အပြောင်းအလဲသည် အဆိုးဘက်သို့ ရောက်နေသည်နှင့် တပြိုင်နက် အုပ်ချုပ်ခွင့်ရနေသူများအတွက်ကတော့ အပြောင်းအလဲသည် အကောင်းဘက်သို့သာ ရောက်နေပါတော့သည်၊ ဤသို့ဖြစ်ရသည်မှာ အများဆန္ဒနှင့်အညီ ရေးဆွဲပြဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသည့် နိုင်ငံများမှာ ဖြစ်လေ့ဖြစ်ထရှိသလို အာဏာရှင်နိုင်ငံမှ ဒီမိုကရေစီ စနစ်ဆီသို့ ကူးပြောင်းရန်ကြိုးပန်းနေသည့် နိုင်ငံများမှာလည်း ဖြစ်လေ့ဖြစ်ထရှိကြပါသည်၊
၁၉၆၂ ခုနှစ် မတ်လမှာ စစ်အာဏာရှင် ဗိုလ်နေ၀င်းက ကွန်မြူနစ်ကိုဆန့်ကျင်မည့် အခြေခံ သဘောထားကြောင့် အနောက်အုပ်စု အားပေးမှုဖြင့် ဒီမိုကရေစီမြန်မာနိုင်ငံမှာ အာဏာသိမ်းခံရပြီး စစ်ကျွန်ဘ၀ကိုရောက်ခဲ့ကြရပါသည်၊ ၀ါဒပြိုင်စစ်အေးတိုက်ပွဲကာလသည် ပြီးဆုံးမည်ဟု မထင်မှတ် ခဲ့ကြပါ၊ ဒါကြောင့်လည်း စစ်အာဏာရှင်နှင့် လက်ဝဲ၊လက်ယာ အာဏာရှင်အစိုးရများသည်လည်း သူတို့ကိုယ်သူတို့ ထာဝရတည်တံ့ခိုင်မြဲနေမည်ဟု ယူဆထားကြပါသည်၊ ဒါကြောင့် သူတို့ အုပ်ချုပ်သည့် တိုင်းပြည်နှင့်လူထုကို တစ်ချက်တည်း အသေရိုက်သတ်သည့် ဖိနှိပ်ဂုတ်သွေးစုပ် တာမျိုးမလုပ်ကြဘဲ ရေရှည်ဂုတ်သွေးစုပ်နိုင်ရန် စီမံကိန်းများ ချမှတ်လုပ်ဆောင်ခဲ့ကြပါသည်၊ ဗိုလ်နေ၀င်း လက်ထက်က နှစ်နှစ်ဆယ် စီးပွားရေး စီမံကိန်းမျိုးဖြစ်ပါသည်၊ မြန်မာလူထုကြီးသည် လည်း တဖြည်းဖြည်း ဆင်းရဲတွင်းနက်လာပါတော့သည်၊ သို့သော် လုကုန်ကူးခံရခြင်း၊ လိင်ကျွန် အဖြစ် တိုင်းတပါးမှာ အသက်မွေးရခြင်း၊ ကလေးများ ရောင်းစားခံနေကြရခြင်း စသော အဖြစ်ဆိုး ကြီး များကတော့ မပြောပလောက်သေးပါ၊
ဘာလင်တံတိုင်းကြီး ပြိုကြမှုနှင့်အတူ စစ်အေးခေတ်လည်းကုန်ဆုံးတဲ့အခါမှာ အနောက် အုပ်စု၏ အားပေးအားမြှောက်လုပ်ဆောင်မှုများလည်း ရပ်ဆိုင်းလာသည်နှင့်အတူ စစ်အာဏာရှင် ဗိုလ်နေ၀င်းအစိုးရသည်လည်း နိုင်ငံရေးခြေလှမ်းကို ပြောင်းလဲရပါတော့သည်၊ ပါတီစုံကိုကြိုက် သလား၊ တစ်ပါတီစနစ်ကိုပဲ ကြိုက်သလားဆိုပြီး ဂယောင်ဂတမ်းတွေ ပြောလာပါသည်၊
မည်သို့ ဆိုစေ အာဏာရပြီးသား အစိုးရလုပ်စားသူများသည် အပြောင်းအလဲဆိုသည်ကို သူတို့စိတ်ကြိုက် ဖြစ်စေရန် လုပ်ဆောင်ရာ၌ အထက်စီး အသာစီးကပဲ လုပ်နိုင်ကြပါသည်၊ ဆရာကြီးမောင်စူစမ်း (ဦးချမ်းအေး)က ဒီမိုကရေစီဆိုတာ အထက်ကပဲ လာသည်ဟု ဆောင်းပါးကြီးရေးပြီး မှတ်ချက်ချ ဘူးပါသည်၊ ထိုစဉ်က စာရေးသူက ဒီမိုကရေစီသည် ဒီမိုကရေစီရှိသည့် ၀န်းကျင်ကြီးများမှ စီးဆင်း ပါသည်ဆိုသည့် တုံ့ပြန်ဆောင်းပါး ရေးခဲ့ဘူးပါသည်၊ သို့သော် မည်သည့်အယူအဆက မှန်သည်ဆို တာကို အတတ်မပြောနိုင်သေးပါ၊ အချိန်ကသာ အဆုံးအဖြတ်ပေးပါလိမ့်မည်၊
ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေကို ပြောင်းလဲစ ပြုနေပါပြီ၊ နောက်ကြောင်းမပြန်တော့ပါ ဟု ပြောဆိုနေကြခြင်းသည် မှန်ပါသည်၊ သို့သော် သမိုင်း၏ လိုအပ်ချက်အရွေ့အတိုင်း လိုက်ပါရွေ့လျှား နေခြင်းပင်ဖြစ်သည်၊ ဤအရွေ့ပေါ်တွင် မည်သူတွေ တိုးပွားကြပြီး မည်သူတွေ ဆိုးဝါးကုန်မည်ဆို တာကိုတော့ လှမ်းမျှော်ကြည့်ရှုတတ်ဖို့လိုအပ်ပါသည်၊
အင်အယ်ဒီက လွှတ်တော်ဝင် မီဒီယာက ယခင်က ရာနှုန်းပြည့်ပိတ်ပင်ခံထားမှုမှ ယခု ငါးဆယ်ရာနှုန်းလောက် ပြန်လွတ်လာ်၊ အစိုးရက ဘာမျှထည့်မတွက်လောက်တဲ့ ပြည်ပထွက် ပရီပိုဇယ်စား သူခိုးအဖွဲ့လေးတွေကို ခွင့်လွှတ်ဟန်ဆောင်ပြီး ပြည်ဝင်ခွင့်ပြန်ပေး၊ ဘလက်လစ်တွေ ၀ှိုက်လစ်တွေ လုပ်ပြ၊ ခွင့်ပြုမိန့်နဲ့ဆန္ဒဖေါ်ထုတ်ခွင့်ပေး၊ ၂၀၀၈ မတရားအခြေခံဥပဒေနဲ့၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပပေးအုံးမယ်၊ သူတို့တိုက်ခြင်တဲ့ ကချင်စစ်ပွဲမှာတော့ သမ္မတနဲ့ကာလုံတို့ သဘောထားမတူသလိုလိုပြော၊ ဒါတွေဟာ မြန်မာ့နိုင်ငံရေး အရွေ့ဆိုတာငြင်းလို့မရပါဘူး၊ အမေရိကန် ဂျပန်မှအစ ဥရောပနဲ့ အာရှနိုင်ငံများမှ ဘဏ်လုပ်ငန်းကြီးများနှင့် အခြားစီးပွားရေး ဆိုင်ရာ ရင်းနှီးမြှုတ်နှံမှုတွေလည်း လှိမ့်ဝင်လာကြပါတယ်၊
အဲဒီအရွေ့တွေကြောင့် မြန်မာပြည်သူလူထုကြီး ဘယ်၍ဘယ်မျှ တိုးတက်ပြောင်းလဲလာ နေပြီလဲ၊ ဒါ လူထုအသိဆုံးပါ၊ နောက် ဘယ်အချိန်ဘယ်အခါမှ တိုးတက်ပြောင်းလဲလာမှာလဲ၊ ဒါကို လူထုကြီး မခန့်မှန်းနိုင်သလို မမျှော်လင့်နိုင်ပါ၊ ဘာကြောင့်လဲဆိုရင် လက်ရှိမြင်ကွင်းအရ တိုးတက် ပြောင်းလဲနေသူများမှာ ယခင်က စစ်အာဏာရှင်အသိုင်းအ၀ိုင်းနှင့် ခရိုနီအမျိုးမျိုးတို့ပင် ဖြစ်နေပါ သည်၊
ကောင်းစားနေသူများကို အုပ်စုခွဲလိုက်လျှင် စစ်အာဏာရှင်အဟောင်း အသစ်နှင့် သူတို့ အသုံးချခံ အကျိုးတူပူးပေါင်းခဲ့ကြသည့် စီးပွားရေးသမားများ၊ သူပုန်လိုလို ပြည်သူစစ်ခေါင်းဆောင် လိုလို မူးရစ်ရာဇာများကတစ်အုပ်စု၊ ပြည်ပထွက်ပြီး ပြေးရင်းလွှားရင်း ချီးပုံဟပ်မိသလိုပုံစံ အမျိုးမျိုးနှင့် အင်ဂျီအိုအမျိုးမျိုးမှ ပေးကမ်းသည့် ပရီပိုဇယ်အမျိုးမျိုးကို ရယူခံစားနေသူများ ကတစ်အုပ်စု၊ အပစ်ရပ်ငြိမ်းချမ်းရေးလုပ်ပြီး အပြောတစ်မျိုး အလုပ်တစ်မျိုးနှင့်စီးပွားရေး လုပ်ကွက် ရနေသည့် သူပုန်ခေါင်းဆောင်များက တစ်အုပ်စု၊ အဲဒီသုံးအုပ်စုကတော့ အမှန်တကယ် တိုးတက် ပြောင်းလဲနေ ပါသည်၊
ဤသို့ဆိုသော် ပြည်တွင်းမှာ ငြိမ်းချမ်းရေးတွေရရှိလာခြင်း၊ မီဒီယာတွေ လွတ်လပ်မှုရှိလာ ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများ ရှိလာခြင်းတို့ကို လက်ညှိုးထိုးပြီး မြန်မာနိုင်ငံကြီး တိုးတက် ပြောင်းလဲစပြုနေပါပြီဟု အော်နေသည့် အစိုးရမီဒီယာများနှင့် ခရိုနီသုံးအုပ်စုတို့၏ အသံများကို လူထုက အသိအမှတ်ပြု လက်ခံကြရတော့မည်လား၊ မေးခွန်းထုတ်ရပါတော့မည်၊
စစ်အာဏာရှင် ဗိုလ်နေ၀င်း၏ မ.ဆ.လ အစိုးရခေတ်မှာ အစိုးရလုပ်စားသူများသည် ပြည်သူနှင့်တိုင်းပြည်၏ ပိုင်ဆိုင်မှုအားလုံးကို တဖြည်းဖြည်းချင်း သိမ်းပိုက်ခဲ့ကြသည်၊ ဒါကြောင့် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်ခဲ့ရပါသည်၊ ကမ္ဘာ့စစ်အေးတိုက်ပွဲကြီး ပြီးဆုံးတော့မည်၊ ကမ္ဘာ့သမိုင်းရေစီးကြောင်း ပြောင်းလဲလာသည့်အခါမှာတော့ ခေတ်နှောင်း စစ်အာဏာရှင်တစ်စုတို့သည် မြန်မာပြည်မှာရှိသော စီးပွားရေးလုပ်ကွက်အားလုံးနှင့် တိုင်းပြည်ပိုင် မြေ ရေ လေ မီး အားလုံးကို အလျှင်အမြန်သိမ်းပိုက်လိုက်ကြပါတော့သည်၊ တိုင်းပြည်လူဦးရေ၏ ၇၀ရာနှုန်းရှိသော တောင်သူလယ်သမားတို့၏ လယ်ယာမြေများကိုပါ မရှောင်ကျဉ်ကြတော့ပါ၊
သူတို့အကျိုးအမြတ်ရှိမည့်နေရာမှန်သမျှ အားလုံးကို သိမ်းယူဝါးမြိုထားလိုက်ပါတော့သည်၊ ဒါကြောင့် ယနေ့ စစ်တစ်ပိုင်း ပါလီမံအမည်ခံ ဦးသိန်းစိန်အစိုးရအဖို့ သူတို့မတရားသိမ်းပိုက်ထား သည့် တိုင်းပြည်၏စီးပွားရေးလုပ်ကွက်များကို ဗိုလ်နေ၀င်း မ.ဆ.လ လက်ထက်က သိမ်းပိုက် ခဲ့သည့်အဆင့်လောက် ပြန်ရောက်အောင် လျှော့ချရန်မဖြစ်နိုင်တော့ပါ၊
လျှော့ချရန်လည်း စိတ်ကူးမရှိကြပါ၊ ရှေ့ဆက်ပြီး သူတို့ရယူသိမ်းပိုက်ထားသမျှ မြန်မာ့သယံဇာတ လုပ်ကွက်များနှင့် စီးပွားရေးလုပ်ငန်းအားလုံးကို ခေတ်သစ်ဒီမိုကရေစီအတုဖြင့် တရားဝင်ဖြစ်အောင် ကြိုးပမ်းနေကြပါ တော့သည်၊ ဤကြိုးပမ်းချက်များထဲမှ အင်ဒယ်ဒီကို လွှတ်တော်ဝင်ဖြစ်အောင် ဟပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ယခင်ကလို နိုင်ငံခြားသားနှင့်လက်ထပ်ထားသူအဖြစ် ထည့် မပြောတော့ဘဲ ခွင့်ပြုလိုက်ခြင်း၊ မီဒီယာကိုအထိုက်အလျှောက်ဖွင့်ပေးခြင်း၊ အမေရိကန်နှင့် အနောက်အုပ်စုကို စီးပွားရေးရင်းနှီးမြှုတ်နှံမှုများ ပေးလိုက်ခြင်းနှင့်အတူ နေတိုးအဖွဲ့နှင့်ပလဲနံပါတ် သင့်အောင်လုပ်ပြနေခြင်းတို့သည် တိုင်းပြည်အပေါ်ချစ်လို့မဟုတ်ပါ၊ သူတို့ ခိုးရာပါ တိုက်ရာပါ ပစ္စည်းများကို တည်မြဲစေပြီး၊ ထပ်မံရင်းနှီးမြှုတ်နှံမှုပြုပြီး ထာဝရသန်းကြွယ်သူဌေးကြီးများအဖြစ် ခံယူလိုခြင်းတို့ကြောင့်ပင် ဖြစ်နေပါသည်၊
စစ်အေးခေတ်နှောင်းပိုင်း မြန်မာစစ်အာဏာရှင်တို့သည် ခေတ်ပြောင်းမည်ကိုသိကြသည့် အလျှောက် ရှေ့နှစ်လှမ်းတက် နောက်တစ်လှမ်းဆုတ် ပေါ်လစီကို သုံးကြမည်ဖြစ်သည်၊ ပထမ မတရားသိမ်းပိုက်သည့် ငါးဆယ်ရာနှုန်းသော တိုင်းပြည်စီးပွားရေးလုပ်ငန်းများအပြင် ဒုတိယံပိ ငါးဆယ်ရာနှုန်းသော တိုင်းပြည်စီးပွားရေးလုပ်ငန်းများကို အလုအယက် တက်သုတ်ရိုက်ပြီး သိမ်းလိုက်ပြန်ပါသည်၊ နောက်မှသိမ်းသည့် ငါးဆယ်ရာနှုန်းသော တိုင်းပြည်စီးပွားရေး ကဏ္ဍများကို အခြေအနေအရ မင်္ဂလာယူပြီး ပြန်ပေးကောင်းပေးနိုင်ပါသည်၊ သို့သော်ရာနှုန်းပြည့် အပိုင်သိမ်းပိုက် ထားနိုင်ဖို့ရန် နောက်မှပေါင်းသည့် နိုင်ငံခြားဝိသမလောဘအုပ်စုကြီးများနှင့် အပေးအယူလုပ်ပြီး ပြေလည်စေရန် ကြိုးပမ်းဆဲကာလဖြစ်နေပါသည်၊
သို့ကြိုးပမ်းနေသည်နှင့်အမျှ အောင်မြင်မှုများလည်း ရရှိနေကြပါသည်၊ ယခင်ကလည်းမရှိခဲ့ သော ဗိုလ်နေ၀င်းလက်ထက်မှာလည်း မကြားဘူးခဲ့သည့် မြန်မာ့ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း များနှင့် နိုင်ငံတော်ပိုင်ဆိပ်ကမ်းကြီးများအပါအ၀င် သယံဇာတထုတ်လုပ်သည့် လုပ်ငန်းကြီးများနှင့် ဘဏ်လုပ်ငန်းကြီးများကို ဦးပိုင် ထူးပိုင်၊ ဘာကုမ္မဏီပိုင် ညာကုမ္မဏီပိုင် စသည်ဖြင့် ခရိုနီခရိုနက် တို့၏ အမည်နာမအမျိုးမျိုး တို့ကို အစိုးရမီဒီယာများမှ အကဲပြောင်ပြောင် အတိအလင်း ကြေငြာပြီး တကယ့်တရားဝင်လုပ်ငန်းကြီးများအဖြစ် ကဗျည်းမော်ကွန်း စိုက်ထူနေကြသည်ကို ကြည့်လျှင် စစ်တစ်ပိုင်းအစိုး၏ ပိုင်နိုင်မှုကို မြင်တွေ့ရပါတော့သည်၊ ဒါကြောင့်မြန်မာနိုင်ငံ၏ အပြောင်းအလဲ သည် လက်ဝါးကြီးအုပ် စစ်အာဏာရှင်စနစ်မှသည် လက်ဝါးကြီးအုပ် စစ်တစ်ပိုင်းအရင်းရှင် စနစ်ဆီ သို့ သာ ဦးတည်ရွေ့လျှားနေပါသည်၊
ဤအရွေ့အတိုင်းဆိုလျှင် မြန်မာပြည်သူတွေ မည်သို့မည်ပုံ ဖြစ်ကြတော့မည်နည်း၊ သေချာ သည်ကတော့ ပြည်တွင်းက စစ်အာဏာရှင် အဟောင်းအသစ်နှင့် သူတို့၏ ခရိုနီ ခရိုနက်များအပြင် ပြည်ပက ရင်းနှီးမြှုတ်နှံသူများ၏ စက်ရုံအလုပ်ရုံကြီးငယ်များနှင့် လုပ်ငန်းပေါင်းစုံထဲတွင် လုံးလည် ချပ်ပြား လုပ်သားများဘ၀သို့ မုချသက်ရောက်ကြရတော့မည်သာဖြစ်ပါသည်၊ ဤသို့ဆိုသော် ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း နိုင်ငံသားအများစုမှာ အလုပ်သမားများပင် မဟုတ်ပါလားဟု မေးစရာရှိပါသည်၊ မှန်ပါသည် သို့သော် အလုပ်သမားများက ကြေကြေနပ်နပ်တင်မြှောက် ထားသည့် ဒီမိုကရေစီစနစ်ကို ပီပြင်စွာကျင့်သုံးသည့် အစိုးရ၏ စီမံခန့်ခွဲမှုအောက်က အလုပ်သမား များမှာ လူဖြစ်ရကျိုးနပ်ပြီး ချမ်းမြေ့စရာဖြစ်သော်လည်း ဒီမိုကရေစီစနစ်ကိုဘမ်းပြပြီး အကျင့်ပျက် လာဘ်စားနေသည့် အစိုးရမျိုးများ၏ အောက်မှ အလုပ်သမားထုကြီးကတော့ “သေသော်မှတည့် သြော်ကောင်း၏”ဆိုတာမျိုးပင် ဖြစ်နေပါသည်၊ ယနေ့ မြန်မာလူထုကြီး၏ အခြေအနေမှာ “သေသော်မှတည့်သြော် ကောင်း၏” ဘက်သို့ ဦးတည်နေပြီဖြစ်ပါသည်၊
လက်ဝါးကြီးအုပ် စစ်အာဏာရှင်စနစ်မှ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်သို့ပြောင်းလဲရန် ကြိုးပန်းနေသည့် စစ်အာဏာရှင်နှင့် ခရိုနီခရိုနက်တို့သည် သူတို့ရည်မှန်းချက် အထမြောက် အောင်မြင်ရန် တက်သုတ်ရိုက် ကြိုးပန်းမှုများထဲတွင် အောင်မိုးဝင်းစကားဖြင့် ပြောရလျှင် ပြည်ပရောက် ပရီပိုဇယ်စား ခရိုနီလေးများကိုလည်း စည်းရုံးသိမ်းသွင်းပြီး လူထုနှင့်နိုင်ငံတကာကို အသုံးတော်ခံပြသမည့် မျက်လှည့်ပွဲတွင် ကားလိတ်တင် ကားလိတ်ချအဖြစ် အသုံးချနေပါပြီ၊
ပရီပိုဇယ်စား ပြည်ပရောက် ခရိုနီလေးများကလည်း ယုံကြည်ချက်နှင့်ခံယူချက်ဆိုတာ ဝေလာဝေးလို့ စားမြဲပရီပိုဇယ်ဂွင်ကို ပြည်တွင်းသို့ ပြောင်းရွေ့မည့် အကြံယုတ်ဖြင့် ဟန်လုပ်ကာ ဦးသိန်းစိန်အစိုးရ၏ အသုံးချ ဟပေးဂွင်ထဲသို့ ဂျွမ်းပစ်ပြီး ၀င်သူဝင်၊ စမ်းကြည့်သူက ကြည့်နှင့် နှစ်ဆယ့်တစ်ရာစုနိုင်ငံရေး အကျိုးပေးသန်သူများအဖြစ် သမိုင်းရေးကြပါတော့မည်၊ ထိုသူတို့ သည်လည်း မြန်မာလူထုကြီးအတွက် စစ်အာဏာရှင်နီးပါး အန္တရာယ်ကြီးသူများ ပင်ဖြစ်ပါသည်၊
ယနေ့ ပြည်ပမှ အင်ဂျီအိုနှင့်ပရီပိုဇယ်ရောဂါဆိုးသည် ပြည်တွင်းမှ ပါတီများနှင့်ရှစ်ဆယ့် ရှစ်တို့ကို ကူးစက်စပြုနေသည်မှာလည်း ကြောက်စရာကောင်းလှပါသည်၊ ပြည်ပရောက်တို့ အတွက်မှာတော့ အေအိုင်ဒီအက်စ်အဆင့်ကို ရောက်ကုန်သဖြင့် ကုရာနတ္ထိများဖြစ်ကုန်ပါသည်၊ ယနေ့ ခေတ်သစ်နိုင်ငံရေးမှာ နည်းပညာနှင့်ငွေလိုအပ်သည်ကို မငြင်းနိုင်ပါ၊ သို့သော် ယူတတ်လျှင် တိုင်းပြည်လူထုအတွက် ဆေးဖြစ်ပြီး မယူတတ်လျှင် ဘေးဖြစ်မည်မှာ သေချာပါသည်၊
ဆိုချင်သည်မှာ ပရီပိုဇယ်စားပြည်ပက ချီးလူးကြွက်များနှင့် ပြည်တွင်းက အင်အားစုတို့ ထိတွေ့ ပူးကပ်ပြီဆိုလျှင် ချီးပေမည်မှာ သေချာပါသည်၊ ဒီကနေ့ နိုင်ငံပေါင်းစုံက အင်ဂျီအိုများ ဒိုနာ အဖွဲ့များသည် သူ့ရည်ရွယ်ချက်နှင့်သူ ပြည်ပမှပြည်တွင်းသို့ ၀င်လာကြပါပြီ၊ ပြည်တွင်းက အတိုက်အခံအဖွဲ့တွေကို ချဉ်းကပ်ပါလိမ့်မည်၊ ပေးကမ်းထောက်ပံ့ကြပါအုံးမည် ပြည်တွင်းအဖွဲ့များ အနေနှင့် လူမှုရေးအမည်ခံပဲဖြစ်ဖြစ် နိုင်ငံရေးအမည်ခံပဲဖြစ်ဖြစ် ထောက်ပံကြေးငွေ ရယူသုံးစွဲရန် လိုအပ်ပါသည်၊ သို့သော်ပြည်ပက ပရီပိုဇယ်ကို လက်ခံရယူသည်နှင့်အမျှ ထောက်ပံ့သူအင်ဂျီအို၏ အလိုကျလိုက်ပါလုပ်ဆောင်ပေးရတာမျိုးမဟုတ်ဘဲ မြန်မာပြည်သူတရပ်လုံးအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းရန် လူမှုရေးရော နိုင်ငံရေးအတွက်ပါ တိုးတက်အောင်လုပ်ဆောင်နိုင်မှသာ ပရီပိုဇယ်နိုင်ငံရေးက အကျိုးရှိမည်ဖြစ်ကြောင်း သတိချပ်သင့်ပါသည်၊
အင်အယ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၀၈ စစ်ဦးစီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်မည် ဆိုသည့် ကြွေးကြော် ချက်ကြောင့် ပြည်သူများ၏တခဲနက် အားပေး ထောက်ခံမှုဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်ခမန်းအနိုင်ရပြီး လွှတ်တော်ဝင်အဖွဲ့ဖြစ်လာပါသည်၊ သို့သော် ယနေ့ထက်တိုင် ၂၀၀၈ ဖွဲ့စည်းပုံပါ အခြေခံဥပဒေပါအချက်များထဲမှ မည်သည့် အချက်တို့ကို ပြင်နိုင်ပါပြီလဲ၊ ၂၀၁၅ ရွေးကောက်ပွဲကိုစောင့်ပြီး အင်အယ်ဒီက မဲအများစုဖြင့် လွှတ်တော်ကိုစီးနိုင်မည်ကို မျှော်လင့်နေပါသလား၊ ၂၀၁၅ မတိုင်မီမှာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှ အဓိကကျသည့် စစ်ဦးစီးမူဘောင်များကို မပြုပြင်နိုင်သ၍ မြန်မာပြည်မှာ ဒီမိုကရေစီရရှိမည်ဟု မည်သို့ ယုံကြည်ကြရပါတော့မည်နည်း၊
ဒေါ်စုနှင့်အင်အယ်ဒီသည် ၂၀၀၈ ဖွဲ့စည်းပုံကို မတို့မထိ မပြုမပြင်နိုင်သေးသော်လည်း ဦးသိန်းစိန်၏ စစ်ဦးစီးအစိုးရကတော့ ပြည်သူမပါသော အာမခံချက်မရှိသော မရေရာသော အပစ်ရပ်ငြိမ်းချမ်းရေးဆိုတာတွေကို တိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့များနှင့် နားလည်မှုများ ရရှိနေပါသည် တစ်ချိန်တည်းမှာ သမတနှင့်ကာချုပ်တို့ ဘယ်သူက အဓိကအာဏာရှင်မှန်း မသိရဘဲ ကချင်သူပုန်တစ်စုနှင့် စစ်တိုက်နေကြပြန်ပါသည်၊ လုပ်စားစီးပွားရေး စစ်ဖြစ်နေသဖြင့် လည်း ဝေစုတည့်လျှင် ပြီးနိုင်ပြီး ဝေစုမတည့်လျှင် ကြာဦးမည်သာ ဖြစ်နေပြန်ပါသည်၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တစ်ပိုင်းဦးသိန်းစိန်အစိုးရနှင့် စစ်အာဏာရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ပြီး ရေရှည်လုပ်စားဂွင်များကို အာမခံပေးထားခြင်းကိုသိလျှက်နှင့် နောက်ကျသည့်ခြေထောက် သစ္စာဖောက်ဟုယူဆပြီး နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကလည်း အလု အယက်ဝင်နေကြပါပြီ၊ ဤသည်တို့မှာ လက်တွေ့ကျကျ တွေ့ရှိသိမြင်နေရသည့် မြန်မာ့နိုင်ငံရေးပင် ဖြစ်ပါသည်၊
အစိုးရရော အတိုက်အခံဆိုသူများ၏ ယနေ့သွားနေသည့် အသွင်သဏ္ဍန်ကို အဆိုးမြင်လွန်း သည့်ရှုဒေါင့်မှ ဝေဘန်သုံးသတ်နေခြင်းမဟုတ်ပါ၊ စစ်အစိုးရနှင့်အတိုက်အခံတို့ နိုင်ငံရေးကစားကွင်း ကို အနောက်ကွင်းကိုပြောင်းပြီး ကစားလာကြသည်ကို ကြိုဆိုပါသည်၊ ၂၀၁၀ကြားဖြတ် ရွေးကောက်ပွဲကို ဒေါ်စုတို့ဝင်ရောက်မယှဉ်ပြိုင်မီနှင့် အင်အယ်ဒီအသစ်အဖြစ် ပြန်လည်ဖွဲ့စည်းမှု မပြုလုပ်မီက ပြည်တွင်းရော ပြည်ပကပါ အရှေ့မျှော် အနောက်မုန်းသည့် အတိုက်အခံအင်အား စုများ ဘုန်းဘုန်းလဲ ကျဆုံးသွားခြင်းကိုလည်း ကြိုဆိုလိုလားပါသည်၊
အမေရိကန်သမတကြီး အိုဗားမားနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်တို့ မြန်မာ့မြေပေါ် သို့လာရောက်ခဲ့ခြင်းကိုလည်း လိုလားပါသည်၊ မြန်မာ့စစ်ဝန်ထမ်းအချို့ အမေရိကန်မှာ သင်တန်း တက်ရတာ၊ လေ့လာခွင့်ရကြတာကိုလည်း လိုလားပါသည်၊ ဆက်သွယ်ရေး၊ မီဒီယာနှင့် အင်တာနက်များ အထိုက်အလျှောက်ပွင့်လာတာကိုလည်း ကြိုဆိုပါသည်၊
သို့သော် ဆရာကျော်ဝင်း စကားနှင့်ပြောရလျှင် အမေရိကန်ဘက်မှ မျက်စိကျနေသည့် အချိန်တွင် အတိုက်အခံတို့ဘက်မှ နိုင်ငံရေး ကစားရာမှာ အမျှော်အမြင်ရှိဖို့နှင့် လိမ္မာပါးနပ်ဖို့ပင်ဖြစ် ပါသည်၊ သို့မဟုတ်ပါက ယနေ့မြန်မာနိုင်ငံရေး အရွေ့အတိုင်းသာ ဆက်ပြီးသွားနေမယ်ဆိုလျှင် စစ်တစ်ပိုင်း သိန်းစိန်အစိုးဘက်မှ ဦးစွာပန်းဝင်မည်သာ ဖြစ်ကြောင်းပါဗျာ။ ။
ဆောင်းပါးရှင်
ဦးဖိုးသာအောင်
ဟစ်တိုင်မှ(ကူးယူဖေါ်ပြသည်)

No comments:
Post a Comment