by May Thingyan Hein on Monday, 28 January 2013 at 06:48 ·
မေသင်္ကြန်ဟိန်(မြစ်မခ)
အပိုင်း(၃)
ကျနော်လုပ်ချင်တဲ့ အစိုးရ ဆရာဝန်လည်း မလုပ်လိုက်ရပါဘူး။ ကျုံဒိုးမှာ ဆေးခန်းလေး ဖွင့်နေရင်းနဲ့ပဲ ၈၈ အရေးအခင်းကြုံပြီး တောထဲရောက်သွားတယ်လို့ ပြောရမှာပဲဗျ။
အမှန်အတိုင်းပြောရရင်တော့ ဆေးကျောင်းတက်နေတုန်းကလည်း နိုင်ငံရေးနဲ့ပတ်သက်ပြီး ယူဂျီလှုပ်ရှားမှုတွေ ဘာတွေလည်း မရှိပါဘူး။ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို သာမန်လူတယောက်အနေနဲ့ကိုယ့်ဘ၀နဲ့ နှိုင်းယှဉ်ပြီးတော့ မကျေနပ်စိတ်နဲ့ လူငယ်သူပုန်စိတ်လေး ရှိနေရုံလောက်ပါပဲ။
ဒါပေမဲ့ ကျနော် ကျုံဒိုးရောက်တဲ့အခါမှာတော့ မွန်နဲ့ကရင်အစပ်ပေါ့၊ အဲဒီ ဟိုဘက်ကမ်းမှာ ကမ်းနီဆိုတဲ့ ရွာရှိတယ်။ အဲဒီကမ်းနီဆိုတဲ့ ရွာမှာ မကြာသေးခင်ကမှ လွတ်လာတဲ့ နိုင်ယက္ခဆိုတဲ့ လူရှိတယ် သူက အဲဒီမှာ ကျောင်းဆရာလုပ်တယ်။ သူကလည်း ကျောင်းဆရာ၊ ကျနော်ကလည်း ဆရာဝန်အနေနဲ့ ရောက်သွားတော့လူငယ်ချင်းလည်း ဖြစ်တော့ ခင်ကြတာပေါ့။ တော်လှန်ရေး စာပေတွေဘာတွေလည်း ဖတ်ရတယ်။ ပြီးတော့ နယ်စပ်က အခြေအနေတွေ ဘာတွေကိုလည်း
သိနေတယ်ပေါ့။
အဲဒီမှာ ကျနော့်သူငယ်ချင်း သန်းဋ္ဌေးဦးကို ခေါ်ပြီးတော့ ကျနော်က သူ့ကို ကမ်းနီမှာ ဆေးခန်းဖွင့်ပေးတယ်။
အဲဒီဘက်အခြမ်းတွေမှာ မှောင်ခိုစီးပွားရေး ရှိနေပေမဲ့ ဆရာဝန်ရှားပါးတယ်။ ကျနော်လည်း ကျနော်က့ သူငယ်ချင်းကို ဆေးခန်းဖွင့်ပေးတယ်ဆိုတာကလည်း ဆေးဆိုရင်လည်း ကျနော်က ဆေးဆိုင်မှာ အကြွေးယူပြီးတော့ ဖွင့်ကြတာပေါ့၊ ကျနော်ရယ်၊ ကျနော့်သူငယ်ချင်းရယ် ကိုယက္ခရယ်ပေါ့။ သူက ပန်းချီတော်တော်လေး ကောင်းတယ်၊ ကဗျာလည်း ကောင်းတယ်၊ ကျနော့် သူငယ်ချင်းကလည်း နိုင်ငံရေး စကားနဲ့ ပြောရင် လက်ဝဲဆန်တယ်ပေါ့ဗျာ။
အဲလိုနဲ့ ၈၈ တကယ်ဖြစ်တဲ့အခါကျတော့ အဲဒီခေတ်က လူငယ်စိတ်နဲ့ပဲ ငါတို့ဘ၀ အနာဂတ်ကို အပြောင်းအလဲ လုပ်ဖို့ လမ်းတခု ပွင့်လာပြီလို့ ခံစားလိုက်ရတယ်။ ငါတို့ မကျေနပ်နေတဲ့ ဒီစနစ်တခုကို ဖောက်ထွက်နိုင်ဖို့ အခွင့်အလန်းရပြီလို့ အဲလို စိတ်ထဲမှာ ထင်လိုက်တယ်။
ဒီမိုကရေစီဆိုလို့ရှိရင်လည်း အဲဒီတုန်းက ကြားရတာပေါ့ အဲဒီမတိုင်ခင်တုန်းကတော့ ဘာမှ မသိပါဘူး။ ဒီမိုကရေစီဆိုတာ အများပြည်သူပိုင်တဲ့ ဟာ…ဆိုတော့ ရင်ကိုသွားထိတယ်။ သေချာသိလှတယ်လို့လည်း မဟုတ်ဘူး။ ဒါပေမဲ့ အတိအကျသေချာတာက ငါတို့ လိုက်မျောနေရတာကနေ ပြောင်းလဲဖို့ ငါတို့ အခွင့်အရေး ရပြီ ငါတို့ အနာဂတ်ကို ငါတို့ ဖန်တီးလို့ရပြီ ဆိုတာနဲ့ ကျနော်တို့ လုပ်ကြတာပဲ။
အဲဒီအချိန်တုန်းကလည်း တခုထူးခြားတာက ၈၈မှာလည်း ကျနော်တို့ နေတဲ့ ကျုံဒိုးတို့ ဘာတို့မှာ ဘာမှ မဖြစ်သေးဘူး၊ စီးပွားရေးနယ်လို ဖြစ်နေတော့သိပ်လည်း မဖြစ်ကြပါဘူး။ ကျနော်ကလည်း ဆရာဝန်ပေါက်စ လူငယ်အုပ်စုတွေနဲ့လည်း ရင်းရင်းနှီးနှီးရှိတော့ ကျနော့်ကို ဟာ…ဆရာ သူများတွေလည်း ချကုန်ကြပြီ ကျနော်တို့လည်း လုပ်မယ်လေပေါ့။ အဲဒီမှာ သူများလည်း လုပ်ရင် ငါတို့လည်း လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ခဲ့ကြတာပါ။
ကျနော်တို့ လူငယ်တွေကလည်း လှုပ်စိလှုပ်စိလေးတွေဖြစ်နေကြတော့ တပ်ရင်းမှူး ဗမှူးလှသန်းက ခေါ်ပြီး ဆွေးနွေးတယ်။ တကယ်တော့ ဗမှူးလှသန်းက ကျနော်တို့နဲ့ ဆွေမျိုးမကင်းဘူး။ သူက စခန်းထဲခေါ်ပြီးတော့ ဘယ်လိုလဲ ၊ဘာလဲပေါ့ ၊ ဆန္ဒပြဖို့ အစီစဉ် ရှိလားပေါ့၊ ကျနော်ကလည်း ရှိတယ်ပေါ့။ သူကလည်း မလုပ်ကြဖို့ နားချတာပေါ့ ။ ဒီဘက်က ကရင်သူပုန်နဲ့လည်း နီးတယ်ပေါ့ ပြီးတော့ KUN ကလည်း ခဏခဏ၀င်ပစ်နေတဲ့ နေရာပေါ့။ ကမ်နီဆိုတာက မွန်ဘက်ခြမ်းပေါ့ ချောင်းလေးပဲ ခြားတာကိုး။
ကျနော်က ပြောပြတယ် ကျနော့်စိတ် ကျနော့်သဘောကတော့ တတိုင်းပြည်လုံးဖြစ်နေတာဆိုတော့ လုပ်သင့်တယ်လို့ ထင်တယ်။ နောက် ကျနော်ကတိ တခုတော့ ပေးမယ်လို့ ဖျက်ဆီးတဲ့ ကိစ္စကိုတော့ကျနော် မကြိုက်ဘူး။ လုပ်ဖြစ်လို့ ရှိရင်လည်း စည်းကမ်းရှိရှိနဲ့ပဲ လုပ်မယ်လို့ လုပ်ဖြစ်ရင်လို့ ပြောခဲ့တယ်။ နောက်ပြီးတော့ သူပုန်တွေနဲ့ ဆက်စပ်ပြီးတော့လည်း မလုပ်ဘူးလို့ သူ့ကို ကတိပေးခဲ့တယ်။ အဲဒါနဲ့ ကျနော့်ကို တညနဲ့ ပြန်လွှတ်လိုက်တယ်။
အဲဒီမှာ သြဂုတ်လ လလည်ပိုင်းတောင် ကျော်နေပြီ အဲဒီအချိန်မှ သပိတ်စဖြစ်တယ် ကျုံဒိုးမှာ။ ဖြစ်တော့လည်းဗျာ မျက်နှာပူစရာက ကျနော်နေတဲ့ အိမ်က ပါတီကောင်စီအိမ်။ ဆေးခန်းကဖွင့် ညဆိုရင် အဲဒီအိမ်မှာ ထမင်းစား။သပိတ်ဖြစ်တော့လည်း အဲဒီအိမ်ရှေ့ကနေ ဘယ်နေ့ဘယ်ရက်မှာ နှုတ်ထွက်ကြပါ ဘာညာ အော်ရတာပေါ့ဗျာ။ အဲဒီပါတီကောင်စီကလည်း သဘောကောင်းပါတယ် ဦးပွတဲ့။ သူကလည်း ကျနော့်ကို လာပြောတယ် ကျနော် နေ့လည်ကပဲ နှုတ်ထွက်စာ သွားတင်လိုက်ပါတယ်ပေါ့ဗျာ။ အဲလိုမျိုးတွေလည်း ဖြစ်လာတယ်။
ကျနော်က တောခိုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း တောထဲရောက်ခဲ့တာ မဟုတ်ဘူး။အဲဒီတုန်းက မြို့တွေမှာ သပိတ်ကော်မတီတွေက အစစအရာရာအကုန်ပေါ့ဗျာ၊ လုပ်ရတယ်။ လုံခြုံရေးကစ ၊ အခွန်ကိစ္စအဆုံးပေါ့ဗျာ။ အဲဒီတုန်းက ဆန်က ပြတ်သွားတယ်။ ဆန်ပြတ်သွားတော့ ကျနော်က မော်လမြိုင်မှာ ဆန်တက်ဝယ်တယ်။
ဆန်တက်ဝယ်ရင်းနဲ့ ကိုယက္ခရဲ့ အဆက်အသွယ်နဲ့ပဲ နယ်စပ်မှာ ရောက်နေတဲ့ အဖွဲ့တွေနဲ့ ရှေ့ဆက်လှမ်းဖို့ ကိစ္စတွေကို ဆွေးနွေးဖို့အတွက် လိုက်ပို့ပေးမယ် ဆိုတာနဲ့ကျနော်တို့ကလည်း စိတ်ဝင်စားတယ်ပေါ့။ နောက် စိတ်ဝင်စားတယ်ဆိုတာကလည်း နယ်စပ်မှာ တပ်တွေက ရုတ်နေပြီ စစ်ကားတွေ သွားနေပြီပေါ၊ အာဏာသိမ်းဖို့ ပြင်ဆင်နေပြီဆိုတာ မြင်နေရတယ်။ အဲတော့ အာဏာသိမ်းရင် ဘာလုပ်မယ်ဆိုတာလည်း ကျနော်တို့ မသိဘူး။
အဲတော့ တခုခုတော့ အကြံဥာဏ်ယူမယ် တိုင်ပင်မယ် ဆွေးနွေးမယ်ဆိုတဲ့ စိတ်နဲ့ ထွက်ခဲ့တာ။
မှတ်မှတ်ရရ စက်တင်ဘာလ ၆ ရက်နေ့ပေါ့၊ မြို့မှာ ဆန်တွေဘာတွေ ၀ယ်ပြီး ကားတွေနဲ့တင်ပို့ပြီးတော့မှ ထွက်တာ။ ထွက်တုန်းကတော့ ၂ ရက် ၃ ရက်ပဲကြာမယ်ပေါ့။ အဲဒီလို စက်တင်ဘာလ ၆ ရက်နေ့ကတည်းက ထွက်လိုက်တာ ဘုရားသုံးဆူကို စက်တင်ဘာလ ၂၄ ရက်နေ့မှပဲ ရောက်တော့တယ်။
ဘာကြောင့်အဲလို ကြာလဲဆိုတော့ လမ်းမှာ မွန်နဲ့ ကရင်နဲ့တိုက်ပွဲတွေဖြစ်ကြတယ်၊ ကျနော်က မွန်နဲ့သွားတာဆိုတော့ လမ်းမှာ တိုက်ပွဲတွေ ရှောင်သွားရတယ်။ အဲလို သွားနေရင်းနဲ့ပဲ လမ်းမှာပဲမြို့ပေါ်မှာ အာဏာသိမ်းပြီ ဆိုတဲ့သတင်းကြားရတယ်။ အဲလို အာဏာသိမ်းတာနဲ့ တနသာင်္ရီဘက်က ကျောင်းသားတွေလည်း အများကြီးပဲ ရောက်လာကြတယ်။ ကျနော်တို့ သပိတ်စခန်းကလည်း ဖြိုခွဲခံလိုက်ရပြီ၊ အဲဒီက ကျောင်းသားတွေလည်း တက်လာကြတယ်။ ကျနော်လည်း ပြန်လို့မရတော့ဘူး။
အဲဒီမှာ လက်တွေ့ကြုံတာက ဘာလဲဆိုတော့ တောထဲမှာလည်း အကုန်လုံး စားစရာမရှိ၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိဆိုတော့ အဲဒါတွေကို လျှောက်လုပ်ရင်းနဲ့ တောက်လျှောက် တောထဲနိုင်ငံရေးထဲ ရောက်လာခဲ့တာပေါ့၊ လက်နက်ကိုင်တော်လှန်ရေးဘက် အရမ်းပြင်းထန်လို့လည်း မဟုတ်ပါဘူး။ နိုင်ငံရေးကို အရမ်းယုံကြည်လို့ဆိုတာထက် ဘ၀နဲ့ယှဉ်သိတဲ့ နိုင်ငံရေး အသိလေးပေါ့နော် အဲဒီကနေစဖြစ်ခဲ့တာ။
တောထဲရောက်တဲ့အခါကျတော့ အားလုံးက သပိတ်စခန်းတွေ သပိတ်စခန်းတွေကနေ အုပ်စုလိုက် လာကြတာ။ ကျနော်က တယောက်တည်းပဲ။ ကျနော့ သပိတ်စခန်းက ကောင်လေးတွေက ဟိုဘက် ကရင်စခန်းရောက်သွားတာကိုး။
ဟိုမှာ တောထဲရောက်ပြီးတော့ ငှက်ဖျားဖြစ်ကြတာကိုး၊ ကျနော်က ဆရာဝန်လည်းဖြစ်တော့ စီမံခန့်ခွဲရေးအတွေ့အကြုံလည်း အနည်းအကျဉ်းရှိတယ်၊ အင်္ဂလိပ်စာလေးလည်း မတောက်တခေါက်ပြောတာလေးတွေ ရှိတော့ နယ်စပ်ရောက်တော့ နယ်ကကျောင်းသားတွေရဲ့ ကိုးစားမှု ရတာပေါ့။ အဲတော့ ကျနော်နောက်ပြီး အမြဲတမ်းပြောတာရှိတယ် ကျနော်ဥက္ကဋ္ဌ ဖြစ်လာတာ ဆေးကုပြီးတော့ဖြစ်လာတာလို့ ပြောတာပေါ့။
ဟိုရောက်တော့လည်း ကျနော်တို့က စခန်းလေး ထောင်တယ်၊ နောက် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စတွေ နောက်ပြီးတော့ စားဝတ်နေရေးကိစ္စတွေကို စီမံခန့်ခွဲပေးရတာပေါ့ဗျာ။
အဲဒီတုန်းက နယ်စပ်မှာ တောခိုတာက အများစုက နယ်တွေကလိုဖြစ်တယ်၊ သူတို့က ၇ွာလိုက်ထွက်လာကြတာ၊ မုဒုံဆို မုဒုံ၊ မော်လမြိုင်ဆို မော်လမြိုင်၊ သံဖြူဇရပ်ဆိုရင် သံဖြူဇရပ် အားလုံးက ကြည့်လိုက်လို့ရှိရင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအဲလိုတွေနဲ့ နောက်လိုက်တွေပေါ့။ နောက်နယ်တွေရဲ့ သဘောသဘာဝက အုပ်စု အားပြိုင်မှု တွေရှိကြတယ်။
ကျနော်ကတော့ တယောက်တည်းဆိုတော့ ဘယ်အုပ်စုမှလဲ မရှိတော့ကြားထဲမှာ ထိန်းရင်း ညှိုရင်းပေါ့ဗျာ။ စခန်းအုပ်ချုပ်ရေး ကိစ္စတွေ ၀င်လုပ်ပေးရင်းနဲ့ အခု သမ္မတအကြံပေးလုပ်နေတဲ့ ကိုဇော်ဦးပေါ့၊ သူနဲ့ ကျနော်တို့က စခန်းတခုတည်းကိုး အဲဒီတုန်းက သူက ဥက္ကဋ္ဌ၊ ကျနော်က ဒု ဥက္ကဋ္ဌပေါ့။
အဲဒီတုန်းက အဲလိုနည်းအမျိုးမျိုးနဲ့ ရောက်သွားကြတဲ့ ကျောင်းသားတွေက ထိုင်းနယ်စပ်ကို ရောက်တာ ရှိတယ်။ တရုတ်နယ်စပ်ဘက် ရောက်သွားတာ ရှိတယ်။ ကချင်ဘက်ရောက်သွားတာ ရှိတယ်။ ရှမ်းဘက်ရောက်သွားတာရှိတယ်၊ ရခိုင်ဘက်ရောက်သွားတာ ရှိတယ်၊ ဘင်္ဂါလားဒေ့ရှ်ဘက်ရောက်သွားတာ ရှိတယ်။ အဲတော့ အဲဒီအချိန်မှာပဲ ကျောင်းသား စခန်းက စုစုပေါင်း စခန်း ၁၉ ခုလောက်ရှိတယ်။ နယ်စပ် စခန်းလေးတွေ လုပ်နေကြတာပေါ့။
အဲဒီတုန်းကတော့ နာမည်ကြီးတွေလို့ ပြောရင်တော့ ကိုမောင်မောင်ကျော်ပေါ့၊ သူက ၈၈ မတိုင်ခင်ကတည်းက ထွက်သွားလိုက်တာဆိုတော့ ကျောင်းသားတွေက တောခိုတဲ့အခါမှာ ကိုမောင်မောင်ကျော့် နောက်ဆိုပြီးတော့ လိုက်တဲ့ သူက များတယ်။ ကျောင်းသားတွေကတော့ ကိုမောင်မောင်ကျော့်နောက်ဆိုပြီး လိုက်လာကြတာပဲ။
အဲဒီတုန်းက ကျောင်းသားအဖွဲ့တွေရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ ကရင်မှာဆိုရင်လည်း သူ့တပ်မ နယ်မြေအသီးသီး ရှိတယ်။ မွန်ဘက်မှာဆိုရင်လည်း မွန်ပေါ့ဗျာ၊ အဲဒီတုန်းက ကျနော်တို့က စဉ်းစားနေရတာက ကျနော်တို့ရဲ့ ဘုရားသုံးဆူ ဆိုတာကလည်း မွန်နဲ့ ကရင်နဲ့ အကြီးအကျယ် ချထားတဲ့ နေရာပေါ့။ ကျနော်တို့ ရောက်သွားတော့လည်း လုံးဝ မီးလောင်ပြင်၊ မိုင်းတွေလည်း ပြည့်နေတာပါ။ ရွာသားတွေလည်း မရှိဘူး။ လူတွေလည်း တော်တော်သေကြတယ်။ဘယ်သူမှ မရှိတော့ ကျနော်တို့က အဲဒီမှာ ၀င်ပြီးတော့ရွာသားတွေ စိုက်ထားတဲ့ ရွှေဖရုံသီးတို့ ကျောက်ဖရုံသီးတို့ကစပြီး စားသောက်ကြတယ်။
အဲဒီလိုပဲ မွန်ဘက်ကိုလည်း ကျောင်းသား ရောက်တယ် ကရင်ဘက်ကိုလည်း ကျောင်းသားတွေ ရောက်ကြတယ်။
ရှေ့ဆက်ဖော်ပြပေးပါမည်။

No comments:
Post a Comment