မောင်ရစ်၊ ဇူလိုင် ၁၄၊ ၂၀၁၃
၈လေးလုံး
၂၅ နှစ် ပြည့်တော့မယ်။ အမေရိကန်ပြည်မှာ ၈လေးလုံး အရေးတော်ပုံ
ငွေရတုအကြို မြန်မာမိသားစုတွေက အလည်ရောက်နေတဲ့ ၈၈ မျိုးဆက်
ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနှုတ်ဆက်ပွဲတွေ လုပ်ကြတယ်။
မြန်မာပြည်တွင်းမှာလည်း ၈လေးလုံး ငွေရတုပွဲတော်ကြီး ၀ှဲချီးပြီး
ကျင်းပကြဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ၂၅ နှစ် နီးပါး သွေးတွေ ချွေးတွေ၊
အသက်တွေ ဘ၀တွေ စွန့်လွှတ်စွန့်စားပြီး ဖြတ်သန်းခဲ့ရတဲ့
အရေးတော်ပုံကာလကြီးနဲ့ မြေသို့ မကျသေးတဲ့ ခွပ်ဒေါင်းအလံတော်ကို
မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်နေကြဆဲ ဆိုတဲ့ အထိမ်းအမှတ်ကာလပဲ
ဖြစ်ပါတော့တယ်။
လွန်ခဲ့တဲ့
၂၅ နှစ်ကာလ၊ အသက် ၂၀ အရွယ် ကျောင်းသားဘ၀၊ ငယ်ငယ်က သူငယ်ချင်းတွေ
အချင်းချင်းတွေကြားမှာ ပြောလေ့ရှိတဲ့၊ နောက်ပြောင်စိန်ခေါ်လေ့ရှိတဲ့
စကားလေးကို သတိရမိတယ်။ “အိမ်မပိုင်ဘဲ ဂေါ်လီ မလုပ်နဲ့” ဆိုတာ။ ကောလိပ်
တက္ကသိုလ်ကျောင်းသားဘ၀၊ မိဘရဲ့ အရိပ်အောက်က ထွက်ပြီး
တက္ကသိုလ်ကောလိပ်ကျောင်း အရိပ်အာဝါသကို စတင်လျောက်လှမ်း
ခိုလှုံကြတဲ့အချိန်အစတွေမှာ ကိုယ့်ကို်ယ်ကို လူကြီးစတိုင်ဖမ်း၊
ကိုယ့်ကြမ္မာကိုယ်ဖန်တီး၊ ကိုယ့်လမ်းကိုယ်လျောက်၊ ကိုယ့်ဆုံးဖြတ်ချက်
ကိုယ်တိုင်ချပြီလို့ သူငယ်ချင်းတွေနဲ့ သွားလာ လုပ်ကိုင်ကြတဲ့အခါ၊
လူငယ်တွေအချင်းချင်း ပြောတတ်ကြတဲ့ စကားလေးပေါ့။
အဆောင်ပြန်၊
အိမ်ပြန် နောက်ကျမယ့် လမ်းကို ရွေးတဲ့အခါ၊ ညအိပ် ညနေ ခရီးယာယီတွေ
သွားဖို့ စဉ်းစားကြတဲ့အခါ၊ လူငယ်ဘာဝ ကဲကြ၊ ပျော်ကြဖို့ ပြင်ဆင်ကြတဲ့အခါ၊
အနည်းဆုံး လူကြီး၊ မိဘ၊ ဆရာသမားတွေရဲ့ မျက်မှောင်ကြုတ်ခံရမယ့် ကိစ္စတွေ
လုပ်ကြတဲ့အခါ အချင်းချင်းကို စိန်ခေါ်တဲ့ အနောက်အပြောင်စကားလေးပေါ့။
(ပိုင်မှ လုပ်နော်။ အိမ်မပိုင်ဘဲနဲ့ ဂေါ်လီ မလုပ်နဲ့ ) ဆိုတဲ့စကား။
အင်း … ကိုယ်က
ဘဲအိုကြီး ဖြစ်နေတော့ … ဒီခေတ်စကားနဲ့ ဂေါ်လီဆိုတာ ဘာလဲ ဆိုတာ
ရှင်းဦးမှပါပဲ။ ဂေါ်လီဆိုတာ ဟော့ဟော့ရမ်းရမ်း လုပ်ချင်တာ
လုပ်တဲ့သူပေါ့ဗျာ။ လမ်းသူရဲ လိုမျိုးပေါ့ဗျာ။ ဟော့ရှော့တွေ
လျောက်လုပ်နေတဲ့သူပေါ့ဗျာ။ ဂေါ်လီပေါ့။ အိမ်မပိုင်ဘဲ ဂေါ်လီလုပ်ရင်တော့
အိမ်ပြန်တဲ့အခါ အိမ်က မိဘတွေက အဲသည်ကောင်တွေ၊ ကောင်မတွေကို အပီ ကျွေးတာ
ခံရမယ်ပေါ့။ အိမ်ပိုင်ပြီး ဂေါ်လီလုပ်တဲ့သူတွေကတော့ ပွဲသွား မော့မော့၊
ပွဲပြန် ကြော့ကြော့ပေါ့။ ဟုတ်ပြီလား။
၈၈
အရေးတော်ပုံကြီးမှာ မောင်ရစ်တို့လို ကလေးသူငယ်တွေကအစ ရဲရင့်ထက်မြက်တဲ့
ပြည်သူလူထုတွေ၊ ရဟန်းသံဃာတွေ၊ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားတွေဟာ
အမှန်တရားနဲ့ တရားမျှတမှုအတွက် အကြမ်းမဖက် ငြိမ်းချမ်းတဲ့ အာဏာဖီဆန်မှု
တိုက်ပွဲနဲ့ တပါတီအာဏာရှင်တွေကို ဖြုတ်ချ တိုက်ပွဲဝင်ခဲ့ကြတာပေါ့။
တအိမ်လုံး တကျောင်းလုံး တရုံးလုံး မီးခိုးတိတ်၊ အထွေထွေ သပိတ်ကြီးနဲ့
မဆလတပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ကြတယ်။ ဒါပေမယ့်
စစ်အာဏာရှင်တွေက လက်နက်မဲ့ သပိတ်မှောက် အရေးတော်ပုံတပ်သားတွေကို
လမ်းတွေပေါ်မှာ ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ် နှိမ်နင်းခဲ့တယ်။ ၈၈ သြဂုတ်လ
အရေးတော်ပုံ မီးတောက်ကြီးကို ၈၈ စက်တင်ဘာမှာ ကျည်ဆံမိုး၊
ဗုံးမိုးတွေနဲ့ လွှမ်းမိုး ချေမှုန်းဖို့ ကြိုးစားခဲ့တယ်။
လက်ပံတောင်းတောင်က သပိတ်စခန်းတွေကို ၂၀၁၂ မှာ လက်ရှိကြံ့ဖွံ့အစိုးရက
မီးလောင်တိုက်သွင်းသလိုမျိုးပေါ့ဗျာ။ အနီးစပ်ဆုံး
စဉ်းစားကြည့်နိုင်အောင် ပြောတာပါ။
အဲသည်ကစလို့
၈၈ အရေးတော်ပုံကြီးကနေ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
တော်လှန်ရေး ခရီးရှည်ကြီး စတင်ခဲ့တာ နှစ်ပေါင်း အစိတ်ကြာခဲ့ပြီ။
ထောင်ပေါင်းများစွာသော မြန်မာပြည်သားတွေ ပေတရာလမ်းမတွေမှာ
စစ်အာဏာရှင်တွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတယ်။ ထောင်ပေါင်းများစွာသော
ပြည်သူတွေဟာ စစ်ကြောရေးစခန်းတွေ၊ အကျဉ်းစခန်းတွေမှာ ဖမ်းဆီး နှိပ်စက်
ထောင်သွင်း အကျဉ်းချခြင်း သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ ထောင်ပေါင်းများစွာသော
ပြည်သူတွေဟာ နယ်စပ်ဒေသတွေကို တိမ်းရှောင်ပြီး
တိုင်းရင်းသားအင်အားစုတွေနဲ့ လက်တွဲလို့ တော်လှန်ရေးတိုက်ပွဲတွေ
ဆင်နွှဲကြတယ်။ သိန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာ နယ်စပ်ဒေသက
ဒုက္ခသည်စခန်းတွေမှာ ရွှေ့ပြောင်းခိုလှုံခဲ့ကြရတယ်။ နှစ်ပေါင်း
အစိတ်ကြာခဲ့ပြီပေါ့။
တော်လှန်ရေးတို့၊
တိုက်ပွဲတို့၊ အရေးတော်ပုံတို့ အတွေ့အကြုံမရှိတဲ့ ကျောင်းသားတွေ
လူငယ်တွေဟာ လက်နက်အင်အား အစစအရာရာ သာလွန်တဲ့ စစ်အာဏာရှင်တွေ၊
အလိုတော်ရိတွေ၊ အပေါင်းအပါတွေကို ဆန့်ကျင်တွန်းလှန်ခဲ့ရာမှာ
အတွေ့အကြုံတွေ၊ ဆုံးရှုံးမှုတွေ၊ စွန့်လွှတ် စွန့်စားမှုတွေကနေ သင်ယူပြီး
သင်ခန်းစာတွေ ယူပြီး မျိုးဆက်အဆင့်ဆင့် လက်တွဲပြီး တိုက်ပွဲဝင်နေဆဲ
ဖြစ်တယ်လို့ မြင်မိပါတယ်။
အဲဒါနဲ့
ခုနင်က စာအစပိုင်းမှာ ရေးထားခဲ့တဲ့ အိမ်မပိုင်ဘဲ ဂေါ်လီမလုပ်နဲ့
ဆိုတာနဲ့ ဘာဆိုင်လို့တုန်းဆိုတော့ … နှစ်ပေါင်း ၂၅ နှစ်အကြာ၊
တော်လှန်ရေးရဲ့ လမ်းခုလပ်၊ ကန္တာရတောလမ်းတနေရာမှာ မောင်ရစ်တယောက်
နောက်ဆုံး လက်နက်ဖြစ်တဲ့ ကလောင်တံ လှံစွတ်သွားနဲ့ တကိုယ်ရေစာ
ကတုတ်ကျင်းလေး တူးရင်း ရန်သူ့စစ်မျက်နှာ မိုးကောင်းကင်ပေါ်က
မီးရှုးမီးပန်းတွေကို ငေးမောရင်း ရေရွတ်မိတဲ့ စကားလေး ဖြစ်နေလို့ပါ။
“အိမ်မပိုင်ပဲ ဂေါ်လီမလုပ်နဲ့ …”
စစ်အာဏာရှင်တွေက
နိုင်ငံတော်အာဏာကို သိမ်းလိုက်ချိန်မှာ အရေးတော်ပုံတပ်သားတွေဟာ
လမ်းဆုံ လမ်းခွတွေကို ဖြတ်သန်းရတယ်။ ကိုယ့်စွဲကိုင် ချီတက်မယ့်
အလံတော်ကို ရွေးချယ်ခဲ့ကြရပါတယ်။ နိုင်ငံရေးပါတီအလံ၊ သမဂ္ဂအလံ၊
လက်နက်ကိုင်တော်လှန်ရေးအလံ၊ မြေအောက်တော်လှန်ရေးအလံ စတဲ့ အဖွဲ့အစည်း
တပ်ဦးအသီးသီး၊ ခေါင်းဆောင်အသီးသီး နောက်ကို ရွေးချယ်ပြီး အဲသည်ရဲ့
လမ်းနောက်ကို ကျနော်တို့တတွေ လိုက်ခဲ့ကြတယ်။ လျောက်ခဲ့ကြတယ်။
ဒါပေမယ့်
ကျနော်တို့ ခေါင်းဆောင်တွေ ဖမ်းဆီး နှိမ်နင်းခြင်း ခံရတယ်။ အဖွဲ့အစည်းတွေ
ဖျက်ဆီး နင်းချေခြင်း ခံခဲ့ရတယ်။ တော်လှန်ရေး ခရီးကြမ်းတလျောက်မှာ
ပျောက်သောလမ်းမှာ စမ်းတ၀ါး ဖြစ်ခဲ့ကြရတဲ့ အရေးတော်ပုံရဲဘော်တွေ
အများအပြားထဲမှာ ဟောသည်က မောင်ရစ်လည်း တဦးအပါအ၀င်ဖြစ်ပါတယ်။ အိမ်မပိုင်ဘဲ
ဂေါ်လီမလုပ်နဲ့ ဆိုတာဟာ အဲသည်တုန်းက ကာလတွေကို ပြန်ပြောင်းသတိရမိလို့
ရေရွတ်မိခြင်းလို့ ဆိုနိုင်ပါတယ်။
အိမ်မပိုင်ဘဲ
ဂေါ်လီလုပ်မိတဲ့ မောင်ရစ်တယောက်ဟာ ထွက်ပြေးသူ၊ တိမ်းရှောင်သူ၊ နောက်ဆုတ်
ရှောင်ခွာသူတဦးအဖြစ် နေထိုင်ခဲ့မိတာပါပဲ။ တော်လှန်ရေး ခရီးအစမှာ မိဘတွေ
မျက်နှာ၊ ချစ်သူမျက်နှာကို ထောက်ထားပြီး အိမ်ကို လှည့်ပြန်ခဲ့တဲ့
ကာလများ၊ တော်လှန်ရေး ခရီးတ၀က်မှာ ရဲဘော်တွေ မိတ်ဆွေတွေကို ထားရစ်ပြီး
ထွက်ပြေးတိမ်းရှောင်တဲ့ရတဲ့ ကာလများ၊ တော်လှန်ရေး မတ်တပ်မှာတင်
စားဝတ်နေရေးအတွက် ထမင်းတလုပ်၊ နာမည်တလုံးအတွက် မိမိယုံကြည်ချက်တွေ၊
ရည်တည်ချက်တွေနဲ့ လဲလှယ်စားသုံးတဲ့ ကာလများ၊ ပြီးတော့ ကိုယ်တိုင်က
မိသားစုတွေ၊ အတွယ်အတာတွေ ချည်နှောင်မှုတွေ အထပ်ထပ်အောက်မှာ ရစ်နှောင်နေမိသူ
သာမန်လူတဦးဘ၀အဖြစ် တည်ဆောက်နေမိတဲ့နောက်မှာ ကာယကံရှင်ကိုယ်တိုင်ဟာ
အိမ်မပိုင်ဘဲ ဂေါ်လီလုပ်နေမိသူတဦး ဖြစ်နေပါလားလို့ တွေးနေမိပါတယ်။
နှစ်ပေါင်း
၂၀ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ကြံ့ကြံ့ခံဖြတ်သန်းပြီး
အချုပ်အနှောင်တွေက ပြန်လွတ်မြောက်လာတဲ့ ၈၈အရေးတော်ပုံတပ်သားတွေဟာ
သူတို့ဘ၀တွေ သူတို့အိမ်တွေ ပြန်လည် တည်ဆောက်ဖို့ထက် သူတို့
တိုင်းပြည်၊ သူတို့ အဖွဲ့အစည်း၊ သူတို့ရဲဘော်တွေနဲ့ တော်လှန်ရေးနဲ့
တိုက်ပွဲကို ပြန်လည် တည်ဆောက်ဖို့ ထူထောင်ဖို့ လမ်းပြန်ဖောက်ဖို့
ရပ်တည် ကြိုးစားခဲ့ကြတာ ကြိုးစားနေကြတာ မြင်ရတော့ မောင်ရစ်တယောက်
ကိုယ့်မျက်နှာကို ဓါးနဲ့ လှီးချင်မိအောက် ရှက်မိ၊ အားနာမိရပါတယ်။ အနှစ်
၂၀ လုံးလုံး ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး၊ ကိုယ့်အတ္တအရေး
(ဒို့တာဝန် အရေး ၃ ပါး) တွေနဲ့ အချိန်ကုန်နေသူ မောင်ရစ်လို
လူ့အန္ဓတယောက်အနေနဲ့ ဒီလိုမျိုး အရေးတော်ပုံကြီးမှာ မိမိအသက်တွေ၊ ဘ၀တွေ
ပေးဆပ် ရင်းနှီးမြုပ်နှံထားသူတွေကို မျက်နှာချင်းဆိုင်တွေ့ဖို့တောင်မှ
ရှက်မိပါရဲ့ဗျာ။
ကဲ
… ထားပါတော့လေ။ စာရေးတတ်တိုင်း ရေးနေတာနဲ့ မောင်ရစ်လည်း ၂ ပြားမှ မတန်တဲ့
အကောင်တကောင် ဖြစ်နေပါပေါ့လား။ ပြောချင်တဲ့ လိုရင်းက ဘယ်ရောက်
သွားမှန်းတောင် မသိတော့ပါဘူး။ ပြောချင်တာကတော့ဗျာ … သူများတွေကို
ပြောချင်တာ၊ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ပြစ်တင်ရှုတ်ချမိတာ
ပြောတာပါ။ အိမ်မပိုင်ဘဲ ဂေါ်လီလုပ်ခဲ့သူတဦးအနေနဲ့ ခဏ ခဏ ရှုံးနိမ့်သူ၊ ခဏ
ခဏ ကိုယ်လွတ်ရုန်း ရှောင်ပြေးသူတဦးအဖြစ် နေထိုင်ခဲ့ရတဲ့ ကာလတွေ
ရှိခဲ့ပါတယ်။ ခေါင်းဆောင်တွေ မရှိတဲ့ အချိန်ခဏတွေ၊ အဖွဲ့အစည်းတွေ
ဖွဲ့စည်းပုံပျက် လမ်းပျောက်ချိန်တွေမှာ မောင်ရစ်တို့လို သာမန်လူတွေဟာ
ဘယ်လိုတိုက်ပွဲမျိုးတွေ တိုက်ပြီး အရေးတော်ပုံအတွက် တော်လှန်ရေးအတွက်
ဘယ်လိုမျိုး အလုပ်အကျွေး ပြုနိုင်ကြမှာလဲ။ တဖက် ရန်သူမှာက စစ်လက်နက်
အပြည့်အစုံ၊ စစ်ခေါင်းဆောင် အဆင့်ဆင့်၊ ဖွဲ့စည်းပုံအဆင့်ဆင့်နဲ့
တောက်လျောက် ထိုးစစ်တွေချည်း ဆင်နေခဲ့ကြတာ မဟုတ်လား။
ခုချိန်မှာတော့ဖြင့်
တော်လှန်ရေး ၂၅ နှစ်တာ ကာလ အထိမ်းအမှတ်ကို ရောက်ကြတော့မှာ ဖြစ်ပါတယ်။
အကျိုးရှိတဲ့ အပြောင်းးအလဲကာလကို အမှန်တကယ် ရောက်နေပြီလို့
ယုံကြည်ကြလို့ ၀န်းယံ ကူညီ ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ဒီတခါလည်း
တဖက်ရန်သူက တော်လှန်တဲ့ အရေးတော်ပုံအင်အားတွေနဲ့ ဆွေးနွေးညှိနှိုင်း
အဖြေရှာခြင်း၊ ပြုပြင် ပြောင်းလဲခြင်းတွေ အမှန်တကယ်မလုပ်ဘဲနဲ့
ခေါင်းဆောင်တွေ၊ အင်အားတွေ၊ အလံတော်တွေကို ဖြိုခွဲ ဖျက်ဆီး ခွဲခြားတာတွေ
လုပ်မလာဘူးလို့တော့ အာမခံချက် မရှိသေးပါဘူး။ ကဲ သည်လိုအချိန်မှာလည်း
၈လေးလုံး အရေးတော်ပုံ စိတ်ဓာတ်တွေနဲ့ ထကြွ ရပ်တည်လာကြသူတွေ၊
မိတ်ဆွေဟောင်းတွေ ရဲဘော်ဟောင်းတွေကို ကိုယ်ချင်းစာစိတ်ကလေးနဲ့
မဲတင်းမိချင်တာလေးကတော့ … ၂၅ နှစ် ကြာခဲ့ပြီဆိုတဲ့ကာလမှာ အိမ်မပိုင်ဘဲ
ဂေါ်လီမလုပ်မိကြဖို့ ပါပဲ။
ရှေ့တန်းစစ်မြေပြင်မှာ
လက်နက်ကြီး လက်နက်ငယ်သံတွေ ကျယ်လောင်မြည်ဟီးလာတဲ့အချိန်၊ ရန်သူရဲ့
ကျားထိုးတက်လာသံတွေ နီးကပ်လာချိန်၊ ကိုယ့်ရဲဘော်တွေ ထိခိုက်ကျဆုံးမှုတွေ
အတုံးအရုန်းဖြစ်ချိန်မှာ အိမ်က ကလေးငိုနေလို့၊ မိဘတွေကို
လွမ်းလွန်းလို့၊ ရည်းစားနဲ့ မိန်းမက ငြူစူဆူပူနေလို့ အိမ်ခနတော့
ပြန်လိုက်ဦးမှ ဆိုကြရင်ဖြင့် အိမ်မပိုင်ဘဲနဲ့ ဂေါ်လီလုပ်မိသူတဦးလို
ဖြစ်ကုန်ကြမှာ စိုးရိမ်မိလို့ပါဗျာ။
အင်း
… မောင်ရစ်အတွက်တော့ ရှေ့တန်းစခန်းလည်း မထွက်နိုင်တဲ့ တောက်တိုမယ်ရ
ထမင်းအိုးထမ်း ဟင်းအိုးထမ်း အရေးတော်ပုံရဲ့ ချွေးတပ်သားတဦး သာသာ
ဖြစ်တာမို့ နောက်တန်းစခမ်း လမ်းခုလပ်တနေရာမှာ မိုးမခအလံတော်လေးကိုသာ
လွှင့်ထူရင်း ကလောင်တံကို လှံစွပ်သွားအဖြစ် ကတုတ်ကျင်းတူးလို့ ခံစစ်ကြောင်းလေးထဲကနေ
စာရေးလိုက်ပါတယ်။ ၈လေးလုံး အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်ပဲလား၊
ဘယ်သူတွေရဲ့ အောင်ပွဲခံ လက္ခဏာတွေပဲလား၊ ဟိုဖက်ကမ်း အမှောင်ထုအောက်က
မီးရှုးမီးပန်းတွေကို ငေးမောရင်းနဲ့ တွေးနေမိပါရဲ့။
၂၅ နှစ် တာ ကြာခဲ့ပြီ။ အိမ်မပိုင်လည်း ငါတို့ကတော့ ဂေါ်လီတွေ ပါပဲ လို့ …
(ဇော်ဝင်းထွဋ်ဆို၊ ၀င်းမင်းထွေးရေး၊ ဂျစ်ပစီမိုးတိမ်သီချင်း နောက်ခံဖြင့် ဖတ်ရန်)
http://moemaka.com/archives/36400
No comments:
Post a Comment