Sunday, July 14, 2013

ကျနော်တမ်းတမိသော ဗိုလ်ချုပ်၏အမှတ်တရများ

ကျနော်တမ်းတမိသော ဗိုလ်ချုပ်၏အမှတ်တရများ (၂)

 by မောင်လူဝေး

July 14, 2013

 
• အဆင်းရဲဆုံးနိုင်ငံရေးသမား သခင်အောင်ဆန်း ဗိုလ်ချုပ်သည် ငယ်စဉ်ကလေးဘ၀ကပင် သူပုန်စိတ်ထားရှိပြီး အကြံကြီးသူဖြစ်သည်။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဟူသောလူစားမျိုး ဖြစ်သည်။ လူရိုင်းစိတ်ထားရှိပြီး လူယဉ်ကျေးများနှင့်အသားမကျခဲ့။ မျက်နှာလိုမျက်နှာရနှင့် အထက်လူကြီးများအားတိုင်တော ကုန်းချော တတ်သူများကို ရွံရှာစက်ဆုပ်သူဖြစ်သည်။ ဗိုလ်ချုပ်သည် လမ်းသွားလျှင် ပတ်ဝန်းကျင်ကို ဂရုပြုလေ့မရှိသည်မှာ သူ့အကျင့်တခုဖြစ်သည်။ သူကား အစဉ်းစားကြီးသူဖြစ်သည်။ သူ၏စဉ်းစားခြင်းအလုပ်မှတပါး အခြားမည်သည့်ကိုမျှ ဂရုမစိုက်တတ်။ ဗိုလ်ချုပ်သည် အခြားသူများကဲ့သို့နေ့တွင်အလုပ်လုပ်လေ့မရှိ။ ညမှသာ တညလုံးစားပွဲတွင်ထိုင်ကာ အလုပ်လုပ်လေ့ရှိသူဖြစ်သည်။ အရေးကြီးလျှင် တညလုံးမအိပ်ပဲ အလုပ်လုပ်တတ်သည်။ စိတ်လည်း အလွန်မြန်သူဖြစ်သည်။
 
တို့ဗမာအစည်းအရုံးတွင် အဆင်းရဲအခံနိုင်ဆုံးနိုင်ငံရေးသမားကိုပြပါဆိုလျှင် ဗိုလ်ချုပ်ကို ပြရမှာဖြစ်သည်။ စားရမဲ့၊ သောက်ရမဲ့၊ ၀တ်ရမဲ့ဖြစ် နေစေကာမူ သူ့အား လစဉ်ငွေကြေး လိုသလောက်ထောက်ပံ့နိုင်သော သူ့မိခင်ကြီးကို ဒုက္ခမပေးခဲ့ပေ။ ဗိုလ်ချုပ်သည် အင်္ဂလိပ်နယ်ချဲ့အား လက်နက်ကိုင်ပြီးမတော်လှန်နိုင်လျှင် ဘယ်တော့မှမလွတ်လပ်နိုင်ဘူးဟု ယုံကြည်ခဲ့သူလည်းဖြစ်သည်။ သခင်အောင်ဆန်းသည် စားလည်း နိုင်ငံရေး၊ အိပ်လည်း နိုင်ငံရေး၊ နိုင်ငံရေးသာ အမိ၊ နိုင်ငံရေးသာ အဖဟုခံယူပြီး အားလုံးကိုလစ်လျှုရှုခဲ့သူလည်းဖြစ်သည်။ သူ့တွင် နိုင်ငံရေး ၀ိညာဉ်ကား ပြင်းထန်လှ၏။ နိုင်ငံရေးတခုတည်းသာလုပ်သောလူတဦးဖြစ်သည်။ သူသည် ရိုင်း၏ ..ကြမ်း၏ ..ကြောင်၏ ..ကိစ္စမရှိ။ သူသည်ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိလူကြီးလူကောင်းမဟုတ်။ တခုတည်းသောယုံကြည်ချက်နှင့် တခုတည်းကိုသာ လုပ်သောနိုင်ငံရေး သတ္တ၀ါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိဟု ဆရာကြီးဒဂုန်တာရာက အောင်ဆန်း ..သို့မဟုတ်..အရိုင်း ..ဟု ရုပ်ပုံလွှာတွင် ရေးခဲ့၏။
 
ဗိုလ်ချုပ်၏ ချစ်စရာအကောင်းဆုံးအင်္ဂါတခုမှာ “ လုံ့လ၀ီရိယဇွဲ” ရှိခြင်းဖြစ်သည်။ ဗိုလ်ချုပ်သည် စကားမပြောလျှင် လုံးလုံးမပြော။ပြောလျှင် လည်း အိပ်နေသူကိုပင်နှိုး၍ပြောတတ်သည်။ စားစရာမရှိလျှင် အငတ်ခံပြီး၊ စားစရာရှိလျှင် အ၀စားတတ်သူဖြစ်သည်။ တက္ကသိုလ်ကျောင်း သားဘ၀က အခြားကျောင်းသားများက အောင်ဆန်းဆိုတဲ့ငတိဟာ နည်းနည်းမှ ဆိုရှယ်မဖြစ်ဘူးဟု ပြောခြင်းခံရသည်။ သို့သော် ဗိုလ်ချုပ် သည် စာအလွန်ဖတ်သူဖြစ်သည်။
 
ဗိုလ်ချုပ်သည် ပင်နီအင်္ကျီဂုတ်ပြဲ၊ ချည်လုံချည်အဟောင်းကိုဝတ်၍ ဆံပင်စုတ်ဖွားနှင့် နိုင်ငံရေးလုပ်နိုင်ခဲ့သူဖြစ်သည်။ “မြန်မာ့သမိုင်းတွင် မြန်မာတပြည်လုံး အမျိုးသားညီညွတ်ရေးကို လက်နက်မဆောင်ပဲ ဆောင်ရွက်ခဲ့ရာ ကျန်စစ်သားနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့လောက် ဘယ် သူမှ ထမြောက်အောင်မြင်ခြင်းမရှိ” ဟု သမိုင်းဆရာများက ဆိုကြသည်။
 
• မိခင်ကြီးအမေစုနှင့် သားဗိုလ်ချုပ် အောက်ပါအကြောင်းအရာများကို သခင်လှဖေ (ဗိုလ်လင်္ကျာ) က ၀မ်းနည်းကြေကွဲစွာ ရေးသားဖော်ပြခဲ့ဘူးလေသည်။
 
သခင်အောင်ဆန်းသည် သခင်ဖြစ်ပြီးသည့်နောက်ပိုင်းတွင် မိခင်ထံသို့မပြန်သလောက်ပင်ရှိခဲ့သည်။ တခါသော် သူ့မိခင်ကြီး အမေစုသည် သူနှင့်တွေ့ရန် ရန်ကုန်သို့ဆင်းလာ၏။ ရန်ကုန်တွင် ကြည့်မြင်တိုင်ရှိ ဆွေမျိုးများထံတွင် တည်းခို၏ ။ အောင်ဆန်းသည် သူမိခင်နှင့်တွေ့ဆုံရန် အသွားတွင် ကျနော့်ကိုလည်း အဖော်ခေါ်သွားလေသည်။ မိခင်ကြီးအမေစုသည် အလွန်စိတ်ပူပန်စွာဖြင့် သူ့သားငယ်အား ကြင်နာယုယစွာ ကြည့်ရင်း မေးခွန်းပေါင်းများစွာကို တတွတ်တွတ်မေးနေတော့သည်။ သို့သော် အောင်ဆန်းသည် ခေါင်းအောက်ငုံ့ကာ မတုန်မလှုပ်ထိုင်နေပြီး တခါ တခါ မှသာ သူ့မိခင်ကြီးအား ခိုးကြောင်ခိုးဝှက် မော်ကြည့်ဖော်ရလေသည်။ သူ၏ အေးတိအေးစက်နိုင်လှသောအမူအယာကြောင့် ကျ နော်ပင်လျှင် ကြားကစိတ်တိုလာမိသည်။ သူ၏အဖြေများသည် တိုတောင်း၍ အေးစက်စက်နိုင်လှသည်။ ၁၅ မိနစ် ..မိနစ် .၂၀ ခန့်သာရှိသေး သည်တွင် ထ၍ပြန်ရန်ဟန်ပြင်တော့သည်။ ပြန်ထွက်လာတော့သည်။ မိခင်ကြီးအားလည်း နှုတ်မဆက်ခဲ့ချေ။
 
သို့သော် သူသည် လမ်းတွင်စကားတခွန်းမှမပြောပဲ သူ့အလွန်ချစ်သောအမေအတွက် စိတ်မကောင်းဖြစ်နေရှာသည်။ သူ့မိခင်ကြီးပြန်သောနေ့ တွင်လည်း ကျနော်တို့နှစ်ယောက် ဘူတာရုံသို့လိုက်ပို့ကြ၏။ ဘူတာရုံတွင် အောင်ဆန်းသည် ငြိမ်ချက်သားကောင်းနေပြန်သည်။ မီးရထား စထွက်လျှင်ထွက်ခြင်း သူသည် ရုတ်တရက်ထိုင်ချလိုက်ကာ ရထားပြတင်းပေါက်မှ ခေါင်းပြူကာ သားအားစိုက်ကြည့်နေရှာသော မိခင်ကြီး ကိုဒူးထောက်၍ ကန်တော့တော့သည်။ ကျနော်တို့ ဘူတာမှ လမ်းလျှောက်၍ပြန်လာစဉ် သူက “ကျနော်ဟာ သားအငယ်ဆုံးပဲ။ ကျနော်နိုင် ငံရေးလုပ်တာကို အမေက ဒါလောက်မကန့်ကွက်ပါဘူး။ ကျုပ်က အေးတိအေးစက်နိုင်တာ၊ စာမရေး ဘာမရေးနဲ့ စိမ်းကားတာကို အမေစိတ် မကောင်းဖြစ်နေပုံရတယ်။ အမေက သနားပါတယ်” ဟု ညည်းတွားပြောရှာသည်။ သခင်အောင်ဆန်းသည် သူ့အမေကို အခြားညီအကို မောင်နှမတွေချစ်သည်ထက် ပို၍ချစ်သလို သူ့အမေကလည်း သူ့အငယ်ဆုံးသားအပေါ်အခြားသားသမီးများထက်စာလျှင် ပိုချစ်ခဲ့ရှာသည်။ ဗိုလ်ချုပ်သည် အမေချစ်သော သားတယောက်ပင်ဖြစ်သည်။ လူသားဆန်ဆန် အမေကို မြတ်နိုးတန်ဖိုးထားသော၊ ဘာနဲ့မှမလဲနိုင်သော သားတယောက်အဖြစ် ကျနော်တို့တွေ့လိုက်ရပါတော့သည်။ သခင်အောင်ဆန်း၏ဖခင်သည် သူ ရေနံချောင်းမြို့ အမျိုးသားကျောင်း ၈ တန်းတွင်ပညာသင်ကြားနေစဉ်ကတည်းက ဆုံးခဲ့ပြီးဖြစ်သည်။ ထိုအချိန်မှာစ၍ သူ့တွင်ခင်တွယ်စရာ၊ အားထားစရာ၊ ညှာတာစရာဆို၍ မိခင်ကြီးတဦးသာကျန်ရှိပေတော့သည်။ ယခုကား အမေနဲ့လည်း အဝေးကြီးဝေးခဲ့ပြီ။ တမာပင်ရိပ်ကလေးတွေ၊ မန်ကျဉ်းပင်ရိပ်ကလေးတွေနှင့်လည်းဝေးခဲ့ပြီ။ ကံကော်ပင်၊ အင်းလျား၊ ပဲခူးဆောင်၊ တကယ် တော့ သူ့အမေလိုပင် သူ့အနွံအတာကိုခံခဲ့သော၊ သူ၏ရာဇ၀င်မြောက် ဒုတိယမိခင်သဖွယ် သူ့ကိုလှပဆင်းသစ်စေခဲ့သော ချစ်သော ယူနီဗာ စီတီ ပရ၀ုဏ်နှင့်လည်း ဝေးခဲ့ရလေပြီ။
 
• လွတ်လပ်ရေးအောင်ပန်း မြဲဆင်မြန်း စစ်ကြီးအပြီးတွင် ဖက်ဆစ်ဝါဒ လုံးဝကျဆုံးသွားခဲ့ရသလို နယ်ချဲ့လက်အောက်ရှိ ကိုလိုနီနိုင်ငံအများအပြားမှာလည်း လွတ်လပ်ရေးရခဲ့ကြ သည်။ အထူးသဖြင့် အိန္ဒိယ၊ မြန်မာ၊ တရုတ်နိုင်ငံတို့မှာ တနှစ်စီသာခြားပြီး မရှေးမနှောင်းမှာပင် လွတ်မြောက်လာကြခြင်းဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့သလို ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည်လည်း ဗြိတိသျှလက် အောက်မှလွတ်လပ်ရေးရခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်ကလည်း ကူမင်တန်အုပ်ချုပ်မှုကိုတော်လှန်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ကာ လွတ်မြောက်လာခဲ့လေသည်။ အမှန်မှာမူ မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် လန်ဒန်တွင် ဗြိတိသျှဝန်ကြီးချုပ်နှင့် အောင်ဆန်း အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးစဉ်ကပင် မြန်မာ့လွတ်လပ်ရေးသည် ရခဲ့ပြီးသားဖြစ်နေပေသည်၊။ သို့သော် နောင်တနှစ်မှပင် ရက် ကောင်းရက်မြတ်ရွေးချယ်ကာ ကြေငြာခဲ့ခြင်းဖြစ်၏။

 

 
ဗိုလ်ချုပ်၏ ထင်ရှားလူသိများလှသောဓာတ်ပုံမှာ လန်ဒန်မြို့ ဒေါင်းနင်းလမ်းဝန်ကြီးချုပ်နေအိမ်ရှေ့တွင် ဂရိတ်ကုတ်စစ်ဝတ်စုံနှင့် ခန့်ညားစွာ ရိုက်ကူးထားသောပုံပင်ဖြစ်သည်။ အဆိုပါစစ်ဝတ်စုံမှာ အိန္ဒိယနိုင်ငံဒေလီမြို့တွင်ခေတ္တရပ်နားစဉ်၊ ဂျဝါဟာလာနေရူးက လက်ဆောင်ပေးအပ် လိုက်ခြင်းပင်ဖြစ်သည်။ နေရူးက သူ့၏နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်မိတ်ဆွေကြီး အောင်ဆန်း၏ အင်္ဂလန်သွားမည့်ဝတ်စုံကိုကြည့်ရင်း လွန်စွာ စိတ်မသက်မသာလှသဖြင့်၊ စစ်ဝတ်စုံချုပ်တတ်သည့် စက်ချုပ်အဖွဲ့တဖွဲ့ကိုစည်းရုံးဆွေးနွေးပြောဆိုကာ ညတွင်းချင်း ချုပ်ပေးလိုက်ခြင်းဖြစ် သည်။ သို့ဖြင့် ဗိုလ်ချုပ်အနေဖြင့် လန်ဒန်လွတ်လပ်ရေးဆွေးနွေးပွဲတွင်နွေးထွေး တည်ငြိမ်ခန့်ညားစွာဖြင့် ဆွေးနွေးပြောဆိုနိုင်ခဲ့ခြင်းဖြစ် သည်။ ယင်းဝတ်စုံမှာ သူ့၏ဘ၀တသက်တာ ၀တ်ဆင်ဖူးသမျှတွင် တခုတည်းသော အကောင်းဆုံးဝတ်စုံပင်ဖြစ်တော့သည်။
 
• ၁၉ ဇူလိုင် မမေ့နိုင် မြန်မာနိုင်ငံ၏ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို အာဏာရူး မသမာသူလူတစုတို့က ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသလို ...အိန္ဒိယနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီးမဟတ္တမဂန္ဒီ မှာလည်း ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင်လုပ်ကြံသတ်ဖြတ်ခြင်းခံရလေသည်။ အိန္ဒိယလုပ်ကြံမှုတွင် ဂန္ဒီတဦးတည်း သေဆုံးခဲ့သော်လည်း ...မြန်မာပြည်တွင်ကြုံတွေ့ခဲ့ရသောလုပ်ကြံမှုသည်ကား ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မြန်မာအစိုးရတဖွဲ့လုံး အာဇာနည် ၉ ဦးတိတိ လုပ်ကြံခံရခြင်းဖြစ် သည်။ ထိုရက်စက်မှုကြီးကို နှစ်ပေါင်း (၆၅) နှစ်တိုင် မြန်မာပြည်သူပြည်သားမမေ့နိုင်၊ ကမ္ဘာတည်သရွေ့မေ့နိုင်ကြလိမ့်မည်မဟုတ်။
 
လွတ်လပ်ရေးရပြီးရင် ငါတော့ နိုင်ငံရေးကထွက်ပြီးရင် စာတွေရေးမယ်၊ နိုင်ငံရေးရာဇ၀င် ၊အိမ်ထောင်ပြုရေး၊ သားသမီးစောင့်ရှောက်ပြုပြင်ရေး၊ အချစ်ပြသာနာ၊ (sex) လိင်ပြသာနာနဲ့ပတ်သက်လို့ ငါ့အယူအဆသဘောထားတွေကိုပါ စာအုပ်ရေးဦးမှာပဲ” ဟု ၁၉၄၇ ခု၊ ဧပြီလက မေမြို့ တွင်အနားယူနေရင်းပြောခဲ့သောဗိုလ်ချုပ်သည် အထက်ပါသူ၏ရည်ရွယ်ချက်လေးများမပြည့်မှီ ရက်စက်ကြမ်းကြုတ်သော လူတစုလက်ချက် ဖြင့် ရေတိမ်နစ်ခဲ့ရရှာလေတော့သည်။
 
ဗမာ့လွတ်လပ်ရေးဗိသုကာ နိုင်ငံခေါင်းဆောင်ကြီးဗိုလ်ချုပ်အဖြစ် ဗမာနိုင်ငံလုံးက နှမြေတသကြသလောက်၊ သူ့ကို ဘ၀လက်တွဲဖေါ် ပါရမီ ဖြည့်ဖက်အဖြစ် ၊ ချစ်သောခင်ပွန်းသည် အဖြစ်ကောင်းကောင်းကြီးသိခဲ့သော ဒေါ်ခင်ကြည်၊ အောင်ဆန်းဦး၊ အောင်ဆန်းလင်း (ကွယ်လွန် ) နှင့် အောင်ဆန်းစုကြည်တို့၏စိတ်ဝယ် မည်သို့မည်မျှ ယူကျုံးမရဖြစ်ရှာလေမည်နည်း။
 
မှီးငြမ်းကိုးကား ၁။ ဆရာချိန် (ပဲခူး) - ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးတိုက်ပွဲသမိုင်းရုပ်ပုံလွှာ (သို့) နှစ်ယောက်မရှိသည့် တယောက်တည်းသောလူထု ခေါင်းဆောင် ၂။ တက္ကသိုလ်နေ၀င်း - ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂီတအနုပညာ ၃။ မောင်စိမ်းန် - စာရေးဆရာကိုအောင်ဆန်း ၄။ သန်းစိုးနိုင် - အောင်ဆန်း ***********************************************************************

ကျနော် တမ်းတ မိသော ဗိုလ်ချုပ်၏ အမှတ်တရများ (မောင်လူဝေး)

July 13, 2013 at 9:16pm
(ဆရာမာင်လူဝေးရဲ့ ဆောင်းပါးကို မနှစ်က ကျနော်တင်ခဲ့ပြီး ယခုနှစ် အမှတ်တရ ပြန်လည်တင်ပြလိုက်ခြင်းပါ)
 
(မင်းကျော်ခိုင်)

 


 
ကျနော် တမ်းတ မိသော ဗိုလ်ချုပ်၏ အမှတ်တရများ မောင်လူဝေး၊ ဇူလိုင် ၁၇၊ ၂၀၁၂

 ရှေ့အပတ်ထဲတွင်ပင် ကျနော်တို့ မြန်မာနိုင်ငံ၏ သွေးစွန်းခဲ့သည့် သမိုင်းဝင်နေ့ရက်ကြီးဖြစ်သော ( ၆၅ ) နှစ်မြောက် အာဇာနည်နေ့သို့ရောက်တော့မည်။ အာဏာကို ယစ်မူးတပ်မက်သော၊ အာဏာသည် သေနတ်ပြောင်းဝ တွင် ရှိသည်ဟုယုံကြည်သော မသမာသူ အာဏာရူးတို့ကြောင့် တန်ဖိုးအနဂ္ဂ ကြီးမားလွန်းလှသော တိုင်းပြည်လူထုခေါင်းဆောင် ဗိုလ်ချုပ်နှင့် အပေါင်းပါတို့ကိုဆုံးရှုံးခဲ့ရသည်။ ထိုအကြောင်းရင်းခံများကြောင့် ယနေ့ မြန်မာနိုင်ငံသည် ဆင်းရဲတွင်းနက်သော ၊ အကျင့်ပျက်ခြစားမှု့များဖြင့် ပြည့်နေသောတိုင်းပြည်အဖြစ် ကမ္ဘာ့ နိုင်ငံများအလယ်တွင် မျက်နှာငယ်စွာဖြင့် ယနေ့တိုင်အောင်ရပ်တည်နေလျှက်ရှိနေလေတော့သည်။
 
ဤသို့ ဇူလိုင်လ ရောက်လေတိုင်း ဗိုလ်ချုပ်တို့ကို အထူးအောက်မေ့မိ၏။ တမ်းတ၏။ ယနေ့လို မြန်မာနိုင်ငံ အာဏာရှင် အကျင့်ပျက် စစ်အစိုးရခေတ်တွင် ..ပို၍ပင် ဗိုလ်ချုပ်တို့ကို တမ်းတမိ၏။ အောက်မေ့မိ၏။
 
ထို့ကြောင့် ကျနော်ဖတ်ဖူးသော မှတ်ဖူးခဲ့သော စာအုပ်များမှ ဗိုလ်ချုပ်၏ သူများနှင့်မတူ ထူးသော အမူအကျင့်လေးများအား" ဗိုလ်ချုပ်၏ အမှတ်တရ" များ ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်အလွမ်းပြေ အဖြစ်တင်ပြလိုက်ပါတယ်။


 အောင်ဆန်းဦး+ အောင်ဆန်းစုကြည် တို့ အဖေ...

 ၁၉၄၆.ခု စက်တင်ဘာလ၊ ၂၉ ရက်နေ့ ဖြစ်လေသည်။ ရန်ကုန်မြို့၏ကောင်းကင်သည် မိုးရိပ်တိမ်လိပ်များကင်းစင်လျှက် ကြည်လင်တောက်ပနေလေသည်။ ဗဟန်းလမ်းအတိုင်း တိရစ္ဆာန်ရုံဘေးမှ အလံပြဘုရားလမ်းအတိုင်း တအားပြေးနေသော ဂျစ်ကားတစ်စင်း၏နောက်ပိုင်းတွင်
 
ကာကီစိမ်းရောင်စစ်ယူနီဖေါင်း ဖိုသီဖတ်သီဝတ်လျှက်၊ ခေါင်းတုံးဆံတောက်နှင့် လူရွယ်တယောက်၊ ဘေးတွင် မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့်လုံးကြီးပေါက်လှ မိန်းမတယောက်တို့ကို မြင်ရသည်။ ထိုစစ်ယူနီဖေါင်းဝတ်လူရွယ်သည် တခြားသူတော့မဟုတ်၊ ဖဆပလအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် ယမန်နေ့ကပင်ဘုရင်ခံ၏အမှုဆောင်ဝန်ကြီးအဖြစ် ရောက်ရှိသွားလျှက် ပူပူနွေးနွေး ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးအောင်ဆန်းအဖြစ် သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်နှင့်အတူ မြို့ထဲဖက်သို့ထွက်လာခြင်း ဖြစ်လေသည်။
 
တစ်လမ်းလုံး စကားတခွန်းမှ မပြောဘဲ ငေးလာခဲ့သော ဗိုလ်ချုပ်သည် အလံပြဘုရားလမ်း (အော်တိုကား ) တိုက်ရှေ့သို့ ရောက်လာသောအခါ ကျွန်ုပ်အားလှမ်း၍ အင်္ဂလိပ်လိုပြောလိုက်လေသည်။
 
“ ( I am not happy in office ) အစိုးရထဲဝင်ပြီး ရာထူးယူရတာ ငါတော့ မပျော်ဘူးကွာ။”
 
“ဘာဖြစ်လို့လဲ ဗိုလ်ချုပ် ... ”
 
ဒေါ်ခင်ကြည်က ဘာမှမပြော..။ ကျနော်က လှမ်းမေးလိုက်ခြင်းဖြစ်လေသည်။

 “ဘာကြောင့်မှန်းမသိဘူး၊ ငါတို့နိုင်ငံရေးလုပ်လာတာ ဗြုန်းကနဲ ဒီလိုအစိုးရအဖွဲ့ထဲ ရောက်လိမ့်မယ်လို့ တခါမှ စိတ်မကူးခဲ့ဘူး၊ ခုတော့မမျှော်လင့်ဘဲ အစိုးရအဖွဲ့ဝင် ရာထူးယူလိုက်
 
ရတော့  ငါ့စိတ်ထဲမှာ ဘာကြောင့်မှန်းမသိရ ၊ ပျော်ကို မပျော်ပါဘူးကွာ”
 
ကျနော်လည်းဘာမှပြန်မပြောတော့ဘဲ ကားကိုသာ ဆက်မောင်းနေတော့သည်။  အမှန်မှာ … ဘာကြောင့်မပျော်သလဲ .. ဟူသော မေးခွန်းကို ဗိုလ်ချုပ်နှင့် သူ့ဘေးတွင် ထိုင်လျှက်ရှိသောဒေါ်ခင်ကြည်သည်လည်း ၄င်းအဖြေကို စိတ်တွင်းမှ လှိုက်လှဲစွာ သိကြသည်။ ထုတ်ဖေါ်မပြောကြ၍သာ။

 ၁၉၄၆ခုနှစ်၊ စက်တင်ဘာလ၊ ၂၂ ရက်နေ့ တနင်္ဂနွေနေ့ကို အမှတ်၂၅ တာဝါလိန်းရှိ အိမ်သူအိမ်သားတွေ စိတ်ထဲမှာထာဝစဉ် သတိရနေကြပေလိမ့်မည်။ ဖ.ဆ.ပ.လ.အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၏ ချစ်ဇနီးဒေါ်ခင်ကြည်တွင် စတုတ္တမြောက် ရင်နှစ်သည်းချာ သမီးရတနာလေး
 
တစ်ဦး မီးရှုးဖွားမြင်လေသောကြောင့်တည်း။ ဖ.ဆ.ပ.လ ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသည် ၄င်း တော်သလင်းလဆုပ်( ၁၂ ) ရက် တနင်္ဂနွေနေ့က သူ့တွင်  သမီးရတနာတဦး တိုးပြန်ပြီဟူသော မင်္ဂလာသတင်းကောင်းကိုကြားရသောအခါ မည်မျှ ၀မ်းမြောက်ပီတိဖြစ်ရှာလေမည်နည်း။

 သူ၏ အကြီးဆုံးကလေးနှစ်ယောက်မှာ ယောင်္ကျားလေးချည်းဖြစ်ကြလျှက်  တတိယကလေးမှာ မိန်းကလေးဖြစ်သည်။ ပြေးလွှား ဆော့ကစားတတ်သည့်အရွယ်ဖြစ်သော သားနှစ်ယောက်ကို ကြည့်ရင်း တခါတခါ မျက်စိနောက်သော ဗိုလ်ချုပ်သည် သူ၏သမီးကလေးအပေါ် အချစ်တွေပို မိလေသည်။

 ယခုတဖန် သမီးရတနာတဦး ထွန်းကားပြန်ပြီ။ များမကြာမီ သူက ရုံးကပင်ပန်းပြီး ပြန်လာတိုင်း လှေခါးထိပ် မော်တော်ကားဆိုက်ရာသို့
 
" ဖေဖေ ပြန်လာပြီ "
 
ဟုဆိုကာ ဘ၀င်အေးစရာ အပြုံးကလေးများဖြင့်ဆီးကြိုတတ်သော သမီးကလေးနှင့်အတူ၊ အဖေါ်ရမည့် သမီးထွေးကလေးကို စိတ်ကူးယဉ်ကြည့်ရင်း ဗိုလ်ချုပ်( ၀ါ ) အောင်ဆန်းဦးတို့အဖေ၊ အောင်ဆန်းစုကြည်တို့အဖေ၊ ဦးအောင်ဆန်း၏စိတ်တွင် နှစ်သိမ့်ကြည်နူးသွားလေသည်။
 
သို့သော်.. ကံကြမ္မာက သူ၏မျှော်လင့်ချက်အဆောက်အအုံကို တစ်ဟုန်ထိုး မုန်တိုင်းဆင်၍ ချေမှုန်း ဖျက်ဆီးပစ်လိုက်လေသည်။

 စက်တင်ဘာလ ၂၆ ရက်နေ့ ( ဗိုလ်ချုပ်တို့ဝန်ကြီးအဖြစ် ကျမ်းကျိန်သောနေ့ )တွင် ဗိုလ်ချုပ်၏သမီးထွေးကလေးသည် သူ့ဖခင်၏ ဂုဏ်ရှိန်သမ္ဘာကို လူ့ပြည်တွင် ၅ ရက် မျှ ခံစားကာ အနိစ္စရောက်သွားရှာလေတော့သတည်း။ ထို သတင်းကိုကြားကြားချင်း ဗိုလ်ချုပ်တယောက် တချက်မျှ ငိုင်သွားကာ “အင်း ...အိမ်ထောင်ကျတဲ့ ၅ နှစ်ရာသီအတွင်း ကလေး လေးယောက် ရလို့ များလှတယ် ဆိုပြီး စိတ်တော့ညစ်မိပါတယ်။ ဒါပေမဲ့ ရပြီးမှတော့ ကလေးကို မသေစေချင်ဘူး။ ... သိပ်နှမြောတာပဲဗျာ" ဟု  ညည်းရှာလေသည်။
 
နိုင်ငံရေးကိစ္စ အ၀၀တွေကြောင့် အလွန်အလုပ်များလျှက် ရှိသော သူ၏ခန္ဒာကိုယ်အတွင်းရှိ နှလုံးသားထဲမှ ဖခင်တို့၏ချစ်ခြင်းမေတ္တာအဟုန်လည်းပေါက်ကွဲထွက်လာလေသည်။ ကြည့်စမ်းပါအုန်း. ... တနင်္ဂနွေနေ့ကပဲ သမီးရတနာ ရခဲ့ပြီး ကြာသပတေးနေ့ကျသောအခါ အစိုးရအဖွဲ့ထဲဝင်ပြီး ဝန်ကြီးအဖြစ် ကျမ်းကျိန်ခဲ့သည်။ ၄င်းကြာသပတေး နေ့မှာပင် ချစ်သမီးလေးဆုံးရပြန်သည့် ကံကြမ္မာက သူ့အား လှောင်ပြောင်ကာ ပျက်ရယ်ပြုခြင်းပင်မဟုတ်ပါလော။ အစိုးရအဖွဲ့ဝင်ဝန်ကြီးရာထူးက စည်းစိမ်ဥစ္စာရှိသည် ဆိုဆို ဘယ်လိုပင်မော်တော်ကား၊ ရေဒီယို၊ တယ်လီဖုန်းအစရှိသည့်
 
အဆောင်အယောင်တွေ များများ အဖိုးမဖြတ်နိုင်သည့် ရတနာ (သမီးထွေးကလေး ) ဆုံးရှုံးရသည့် ဗိုလ်ချုပ်ခမျာမှာ အဘယ်မှာလျှင်ပျော်နိုင်ရှာမည်နည်း။
 
ထို့ကြောင့်ပင် “အစိုးရအဖွဲ့ထဲဝင်ပြီး ရာထူးယူရတာ ဘာကြောင့်မှန်းမသိ၊ ငါတော့ မပျော်ဘူးကွာ "  ဟုပြောသောအကြောင်းသည် အထက်ဖေါ်ပြပါ အရေးပါသော အကြောင်းအချက် တချက်ဖြစ်ရမည်ဟု ကျွန်ုပ် တထစ်ချထင်လိုက်မိသည်။
 
ဖဆပလ အလုပ်အမှုဆောင် အစည်းအဝေး၊ တိုင်းပြုပြည်ပြုလွှတ်တော် ကော်မတီအစည်းအဝေးများ ကျင်းပစဉ် ဗိုလ်ချုပ်အား အမှတ်တမဲ့ချောင်းကြည့်ဖူးသူတို့သည် သူ၏ စိတ်အားထက်သန်စွာ ဆွေးနွေးနေသော ပြသာနာအကြောင်းအရာအပေါ်အာရုံစူးစိုက်နေပုံ ( Power of Concentration )ကို သတိမပြုဘဲ မနေနိုင်ကြချေ။  အစည်းအဝေးများဆက်၍ နေသလောက် ဆိုင်ရာပြသာနာတွေမှာ တခြားစီဖြစ်နေသည်ကို တချိန်လုံး အာရုံစူးစိုက်လျှက်၊တခုပြီးတခု ပြသာနာတွေကိုအောင်မြင်စွာဖြေရှင်းသွားနိုင်ခဲ့ခြင်းမှာ ချီးမွန်းအံ့သြဘွယ်ရာပင်တည်း။
 
ဗိုလ်ချုပ် အဲသလို အစည်းအဝေးတွေတခုပြီးတခုတက်ပြီး၊ စိတ်အာရုံ ( Concentrate ) စူးစိုက်နိုင်တာ တော်သကွာ ။ ငါတော့တခါတလေ အစည်းအဝေးလုပ်နေရင်း စိတ်ကတခြားကို လွင့်သွားတတ်လွန်းအားကြီးလို့ မနည်းကိုအားခဲပြီး အစည်းအဝေးထဲ စိတ်ရောက်အောင် ကြိုးစားရတယ်ဟု အစိုးရအဖွဲ့ထဲ ၀င်ခါက ကိုကြီးနု က ကျနော့်အားပြောဖူးလေသည်။
 
၁၉၄၅ခုနှစ် စစ်ကြီးပြီးသောအခါသမယတွင်၊ တော်လှန်ရေးမျိုးချစ်ဗမာ့တပ်မတော်ကြီး၏ သေနာပတိကြီး ဂျင်နရယ်အောင်ဆန်းဆိုသူအား နိုင်ငံခြားသတင်းစာဆရာများ၊ သတင်းထောက်များသည် အထူးစိတ်ဝင်စားလျှက်ရှိရာ၊ မကြာခဏ တာဝါလိန်း ဗိုလ်ချုပ်အိမ်သို့ လာရောက်တွေ့ဆုံ စကားပြောရင်း မဟာမိတ်စစ်ဖက်အရာရှိကြီးများရပ်ကွက်တွင် ထင်ရှားလှသော ဗိုလ်ချုပ်အောင်ဆန်းကို စုံစမ်းအကဲခတ်လေ့ရှိကြ၏။
 
“ခင်ဗျား... ရှေ့ကို စစ်တပ်ကို ဆက်လက်ဦးစီးအုန်းမလား..?  သို့မဟုတ် နိုင်ငံရေးကိုပဲ တရှိန်ထဲ လုပ်သွားမလား ..? ” ဟူသောမေးခွန်းကို ခဏခဏ မေးတတ်ကြသည်။

 “ကျုပ်တော့ ...အခုစစ်လည်းပြီးပြီမို့ စစ်တပ်ကိုဆက်လက် ဦးစီး ရှေ့ဆောင် မလုပ်တော့ပါဘူး၊ ကျုပ်ကိုယ်စား အခု ဒုတိယစစ်သေနာပတိ ဗိုလ်လင်္ကျာကပဲ ဦးစီးပါလိမ့်မယ်၊ ကျုပ်အဖို့တော့ နိုင်ငံရေးကို ထိထိရောက်ရောက် ၀င်လုပ်လိုက်အုန်းမယ်၊ ဒါလည်းဗမာပြည်လွတ်လပ်ရေးရတဲ့အထိပဲ။
 
လွပ်လပ်ရေးရပြီးရင် နိုင်ငံရေးကထွက်ပြီး အေးအေးဆေးဆေး စာအုပ်ကလေး ဘာလေး ရေးမယ်ကြံတာပဲဗျာ။ ကျုပ်ရဲ့အိမ်ထောင်( Family ) အတွက် ဂရုစိုက်ပြီး စီစဉ်စရာတွေ အများကြီးရှိသေးတယ်။ ကလေးတွေ ပြုစုစောင့်ရှောက်ရေး၊ ပညာသင်ကြားရေးကိစ္စတွေလည်း ကျုပ်ကိုယ်တိုင် ကြီးကြပ် စီမံချင်သေးတယ်။  …”
 
ဗိုလ်ချုပ် ၏ အဖြေက ဤသို့ချည်းသာတည်း ။
 
တခါတရံ ကလေးတွေ ဆော့ကစားရင်း လုကြ ငိုကြလုပ်သောအခါ သားနှစ်ယောက်အား တခါတလေ စိတ်မရှည်သော ဒေါ်ခင်ကြည်က မိခင်တို့ဘ၀ …
 
" တယ်ဆိုးတဲ့ကောင်လေးတွေပဲ " ဟု ညည်းမိရာ၊ ကုတင်ပေါ်လှဲနေရင်းစာဖတ်နေသော ဗိုလ်ချုပ်က ...
 
“ငါ့ကလေးတွေ ..ဆိုးချင်ဆိုးပါစေကွာ ... အရေးကြီးတာက ကလေးဆိုတာ (Character) စိတ်ဓါတ်ကောင်းဖို့ရယ်...(Love Truth) တည်ကြည်ဖြောင့်မတ်ခြင်း လိုလားတဲ့စိတ်ရှိဖို့ရယ်၊ ဒါပဲ အရေးကြီးတယ် ” ဟု သူ့ကိုယ်နှင့်လည်းနှိုင်းလျှက် သူ့၏စိတ်ထဲတွင်ထင်မြင်မိသော (Idea) စံပြ ယောင်္ကျားကောင်းကို မျှော်မှန်းရင်း ပြောလိုက်လေသည်။
 
ဟုတ်ပါသည်၊ သူ၏သားများကို တည်ကြည်ဖြောင့်မတ်သောစိတ်ဓါတ်ကောင်းနှင့် တိုင်းပြည်သားကောင်းရတနာများ ဖြစ်စေချင်သည့် စေတနာတွေ.မေတ္တာတွေ ဗိုလ်ချုပ်တွင် အခြားအခြားသောဖခင်နည်းတူရှိခဲ့လေသည်။
 
သားနှစ်ယောက်အနက်အကြီး (အောင်ဆန်းဦး) မှာ  သေးသေးသွယ်သွယ် အသားအနည်းငယ်ညို၏။ မှတ်ဥာဏ်ကောင်း၏။ လူကြီးများကဲ့သို့ အရွယ်နှင့်မလိုက်အောင် စကားကြီး စကားကျယ်တွေလည်း ပြောတတ်၏။ သားအငယ် (အောင်ဆန်းလင်း) မှာမူ ကိုယ်လုံးကိုယ်ပေါက် ထွားထွားကြိုင်းကြိုင်းနှင့် အသားအရေဖြူဖွေးပြီး၊ ရယ်စရာမောစရာ
 
အလွန် လုပ်တတ်ပြောတတ်၏။ ရဲဘော်တွေက သူ့ကိုတခါတခါ ( ကိုလင်း ဘတ်ဖလိုး- ကျွဲကြီး) ဟုချစ်စနိုးခေါ်တတ်၏။ သူ၏ ၀ိုင်းစက်ပြူးကျယ်သောမျက်လုံးကြီးများမှာမိခင်ထံမှ ရရှိသော အလှများတည်း။
 
တညနေ တွင် မိသားစု စုံညီစွာရှိစဉ် ဗိုလ်ချုပ်သည်သူ၏ကလေးများကို ကြည့်ရင်းပီတိဖြစ်ရာမှ သူ့စိတ်ထဲမှ ထင်မြင်ဝေဖန်ချက်များကိုထုတ်ပြောလေသည်။
 
“အကြီးကောင် ငဦး.. ကတော့ ( Very Serious ) အရွယ်နှင့်မလိုက်အောင်တည်တာရယ်၊ မှတ်ဥာဏ်ကောင်းတာရယ်ကို ထောက်တော့ သူ့အဖေလို လာမယ်ထင်တာပဲ၊  အငယ် ငလင်းကြီးကတော့ သူ့ကြည့်ရတာ ရူးပေါပေါကြီးပဲ၊ ပေါ့ပေါ့စားပေါ့ပေါ့နေရင်း ကြီးလာမဲ့အကောင်ကြီးပဲကွ။ ကြီးလာရင် တေ များ တေအုန်းမလားမသိဘူး။ ဘာပဲပြောပြော ငါ့သမီးလေး (အောင်ဆန်းစုကြည် ) ကတော့ အားလုံးထဲမှာ အလိမ္မာဆုံး၊ ချစ်စရာအကောင်းဆုံး ဖြစ်မှာပဲ..ဟု မှတ်ချက်ပေးလေသည်။

 (အညွန်း -  ..ဆရာချိန် ( ပဲခူး ) ၏ ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးတိုက်ပွဲသမိုင်းရုပ်ပုံလွှာ (သို့).နှစ်ယောက်မရှိသည့် တယောက်တည်းသောလူထုခေါင်းဆောင်)

http://www.facebook.com/notes/min-kyaw-khine

No comments: