Sunday, July 14, 2013

ပျပ်ဝပ်ရှိခိုးခြင်းနှင့် နိုင်ငံရေးအစဉ်အလာ

Saturday, July 13, 2013


(ဓာတ်ပုံ - NLD)
                    ကျွန်မတို့ မြန်မာပြည်သြူ့ပည်သားများသည် ရိုးရာယဉ်ကျေးမှု၊ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ် အတော်ပင်ကြီးမားကြပါသည်။
ရှေ့က လူကြီးသူမများက လုပ်ခဲ့သမျှ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ လက်ခံနိုင်သည်ဖြစ်စေ၊
လက်မခံနိုင်သည်ဖြစ်စေ ကိုယ့်လက်ထက်ကျမှ အစဉ်အလာလေး မပျက်စကောင်း ဆိုပြီးလည်း ထိန်းသိမ်းကြသည်။


သို့သော် ကျွန်မတို့ခေတ်ကမူ အစဉ်အလာ မရှိသည်ကို အရှိလုပ်သည်၊ နောက် လူသူလေးပါးကို ခင်းကျင်းပြသသည်၊
ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ဖြစ်မှန်းမသိ ဖြစ်လာကြတော့ ပြည်သူတွေက မျက်စိ စပါးမွှေးစူးကြသည်၊
 သို့သော် ပြောင်ပြောင်တင်းတင်းတော့ မဆိုရဲ။ ပထွေးတွေလာပြီဟု ပြောရုံမျှဖြင့် ကျွန်မ အစ်ကိုတစ်ဦးကို ဖမ်းခေါ်သွားခဲ့သည်၊ သူက တံထွေးတွေလို့ပြောတာပါ အလျှောက်ကောင်း၍ သက်သာသွားခဲ့သည့်ခေတ်ကိုး။

                  မှတ်မှတ်ရရ ဗိုလ်ချုပ်ကြီးစောမောင်လက်ထက် ... ကျွန်မတို့ ဗိုလ်ထထောင်ကောလိပ်ကို သူလာမည်။
ဧည့်ခံကြိုဆိုရေး အဖွဲ့တွင် ကျွန်မ ပါဝင်သည်။ ကျောင်းအုပ်ကြီးက ဗိုလ်ချုပ်ကြီးစောမောင်အား လက်အုပ်ချီကာ ကြိုဆိုရမည်ဟု ဆိုသည်။
ထိုနေ့အတွက် ကျွန်မ ခွင့်တင်ခဲ့ပါသည်။ ကျွန်မ အတွက် လက်အုပ်ချီ နုတ်ဆက်ခြင်းသည် ဘာမျှ ဆန်းသစ်သောအရာမဟုတ်။
ကျွန်မက ဟိန္ဒ္ဒူဘာသာဝင်မို့ ဘုရားကျောင်းတွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ လူကြီး သူမများနှင့် ဆုံတွေ့ပါက namaste ဟု နုတ်မှဆိုကာ လက်အုပ်ချီ နုတ်ဆက်မြဲပေ။
သို့သော် ကျွန်မတို့မြန်မာ့ဓလေ့တွင်တော့ တစ်ဦးနှင့်တစ်ဦးတွေ့လျှင် မင်္ဂလာပါဟု ရင်းနှီးသူချင်း မဆိုသည့်အပြင် ကျွန်မတို့တစ်ခေတ်လုံး မင်္ဂလာပါ ဆိုသော စကားသည် စာသင်ခန်းသုံးဝေါဟာရမျှ၊ အခမ်းအနားသုံးဝေါဟာရမျှသာ ဖြစ်ပါသည်။
ထိုမျှမက စာသင်ခန်းတွင်းတွင်မူ လက်ပိုက်ကာ မတ်တပ်ရပ်ကာဖြင့် မင်္ဂလာပါဆရာမ ဟုသာ ဆိုခဲ့ပါသည်။
ဝတ်ကျေတန်းကျေမျှသာ ကျွန်မအပါအ၀င် စာသင်သားများ အားလုံးက ယဉ်ကျေးမှုတစ်ရပ် အဖြစ် နုတ်ဆက်ကြပါသည်။ သို့သော် လက်အုပ်တော့ မချီရပါ။

                    ယခုခေတ်ကလေးတွေကျတော့ ပဉ္စဂုဏံတွေ ဘာတွေဆိုကာ လက်အုပ်ကလေးချီကာနုတ်ဆက်ကြသည်ကို မြင်တော့ ဆရာမတစ်ဦးပီပီ ၀မ်းမြောက်ပီတိဖြစ်ရသည်။ ဆရာဆိုသည်ကား အနန္တ္တ္တ္တ္တ္တ္တ္တ္တ္တ္တ္တဂိုဏ်းဝင်ဖြစ်သည်ဟု ဆိုသည်ကိုး။ ကျွန်မရင်ထဲတွင် ကျေနပ်ခဲ့သည်။
ကျွန်မ လုပ်သားကောလိပ်သို့ တာဝန်လွှဲပြောင်းထမ်းရစဉ် ဆရာကန်တော့ပွဲကျင်းပသောအခါ ကိုယ့်ထက်အသက်နှစ်ဆယ်မျှကြီးသော သူကလည်း ကျွန်မတို့ကို ထိုင်ကန်တော့ရှာပါသည်။
အခမ်းအနားမစမီ ထိုတပည့်အား ကျွန်မတို့ အနီးတွင် ထိုင်မကန်တော့ပါနဲ့ ခြေထောက်တွေ ယားလာလို့ပါ ဟု ပြောထားသည့်ကြားကပင် တမင်သက် ကျွန်မတို့ ရှေ့တည့်တည့်တွင် ငုတ်တုတ်ထိုင်ကာ ကန်တော့သည်။
ကျွန်မတို့ဆရာမငယ်ငယ် သုံးလေးဦးမှာ မျက်နှာဘယ်ထားရမှန်းမသိ။ သူကတော့ ကန်တော့ပြီးခေါင်းမော့ကာ ကျွန်မတို့ကို ဘာတတ်နိုင်သေးလဲ ဆိုသောမျက်နှာထားနှင့် ပြုံးဖြီးဖြီး။
ကျွန်မတို့ကလည်း မျက်စောင်းတစ်ထိုးထိုးဖြင့် ရယ်မောခဲ့ရပါသည်။ ရှိပါစေတော့။
ကျွန်မတို့ခေတ်တစ်လျှောက်လုံး သီတင်းကျွတ်ကာလဆိုလျှင် မိဘ၊ ဆရာသမား၊ ညီအစ်ကိုမောင်နှမ အချင်းချင်း ငယ်သူက ကြီးသူကို ကန်တော့ကြသည်။
ဆရာသမားများကို ကန်တော့ကြရာဝယ် ကိုယ့်အထက်လူကြီးကိုလည်း ကန်တော့ခဲ့ကြပါသည်။ ကိုယ့်ထက် အသက်ကြီးပြီး အတွေ့အကြုံရင့်ကျက်သော သူကိုး။
သူ့အဆုံးအမ သူ့လမ်းညွှန်မှုဖြင့် လုပ်ရကိုင်ရကြသည်ကိုး။ ကိုယ့်ရာထူးတက်ရေးကလည်း ရှိသေးသမို့ ကန်တော့ကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ကျေးဇူးကြီးငယ်ပြုသောသူကိုလည်း ကန်တော့ကြပါသည်။ ဤသည်ကား အဆန်းတကျယ်မဟုတ်ပါ။
ဌာနတွင်း ကန်တော့ကြသည့်ပွဲ မည်သည့် မီဒီယာကမှလည်း လာရောက်မှတ်တမ်းတင်ခြင်းမရှိပါ။
အိမ်သွားပြီး ရာထူးကိစ္စ၊ ဘာညာကိစ္စ္စ သွားပြီး ကန်တော့ကြတော့လည်း မီဒီယာမပြောနှင့်၊ သူငယ်ချင်းကိုပင် မပြောရဲ။ ကန်တော့ခံသည့်သူ၏ သိက္ခာကိုငဲ့ရသည်ကိုး။

                     နောက်ပိုင်းကာလများတွင်မတော့ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီး နိုင်ငံရပ်ခြားသို့ သွားရောက်လျှင် ထိုနိုင်ငံရှိမြန်မာသံရုံးမှ သံအမတ်ကြီးက အစပြုပြီး သံရုံးဝန်ထမ်းများပါမကျန် ကြမ်းပြင်ပေါ်ငုတ်တုတ်လေးတွေထိုင်ကာ ရှိခိုးကန်တော့ကြသည်ကိုတွေ့ရတော့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တဂိုဏ်းတွင် အုပ်ချုပ်သူလူတန်းစားပါ နေရာယူလာကြသည်ကို တွေ့ရသောအခါ စိတ်ထဲတွင် မသိုးမသန့်ခံစားရပါသည်။

သူတို့ဖာသာ ကန်တော့ကြဦးတော့ ရုပ်မြင်သံကြားတွင် ထည့်သွင်းဖော်ပြခြင်း မရှိလျှင်လည်း တစ်မျိုးတစ်ဖုံတော့ လက်ခံစရာကောင်းသလား ဟုလည်း  တွေးမိပါသည်။
ဤသို့ဤနှယ် ကန်တော့ခြင်းသည် ပုဂ္ဂ္ဂိုလ်ရေးကဏ္ဍသက်သက်ဖြစ်သည်မို့ ပြည်သူတစ်ရပ်လုံး မြင်အောင် မီဒီယာတွင် ဖော်ပြခြင်းသည်လည်း အဓိပ္ပါယ်အမျိုးမျိုးကိုဆောင်သည်မဟုတ်ပါလား။


                    ယခုလည်း ဤသို့နှင်နှင်ပင်။ လွှတ်တော်ကျင်းပပုံကို လာရောက်လေ့လာသည့် NLD ပါတီဝင် ၅၅ ဦးက ဒေါ်အောင်ဆန်းစုကြည်အား ကန်တော့နေပုံကို ဓာတ်ပုံကြီးနှင့် တကွ ဖော်ပြထားသည်ကို တွေ့ရပါသည်။
အဆောက်အအုံတစ်ခုအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က မတ်တပ်ရပ်လျက် ကျန်လူများက ကြမ်းပြင်တွင် ပျပ်ဝပ်ကာ ကန်တော့နေကြခြင်းကို ထင်သာမြင်သာစွာ ဖော်ပြထားပါသည်။
ဓာတ်ပုံတစ်ပုံက ထောင်သောင်းမကသော စကားများကိုပြောသည်။ သမိုင်းကို အထောက်အကူပြုသည်။ နောက် လူတန်းစားနှင့် စိတ်ဓါတ်ကိုပါ ဖော်ဆောင်သွားသောကြောင့် ဓာတ်ပုံတစ်ပုံ၏ တန်ဖိုးက ကြီးမားပါသည်။
ဤသည်ကို ကျွန်မတို့လို သတင်းသမားမဟုတ်သောလူများကပင် မြင်တတ်ပြီဆိုလျှင် ပြည်သူ့ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပိုမြင်၊ ပိုတွေးခေါ်ရပါမည်။


               လွှတ်တော်ကျင်းပပုံကို လာရောက်လေ့လာသော ပါတီဝင် ၅၅ ဦး သည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ချင်ဦးတော့။ သူမ၏ ရုံးခန်းတွင်၊ အိမ်တွင် ကန်တော့နိုင်ပါသည်။
သို့သော် လွှတ်တော်ကျင်းပပုံကိုလာရောက် လေ့လာခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့ခြင်းတို့သည် မည်သို့ မည်ပုံများ ဆက်စပ်နေသနည်း ဟု စဉ်းစားမိပါသည်။
 ဒေါ်အောင်ဆန်းစုကြည်ကို အသစ်တွေ များစွာ ပေးစွမ်းနိုင်မည့် နိုင်ငံရေးခေါင်းဆောင်အဖြစ် ပြည်သူတစ်ရပ်လုံးက မျှော်လင့်ထားပါသည်။ ကျွန်မတို့လည်း မျှော်လင့်ပါသည်။ သို့သော် .......................။ ကျွန်မစိတ်ထဲတွင် နှမြောတသခြင်းသာကျန်ရစ်ခဲ့ပါသည်။
ဘာကိုမှန်းမသိ။ ကျွန်မ နှမြောနေသည်က ပြည်သူလူထုကိုလား။ ခေါင်းဆောင်တွေကိုလား။ တိုင်းပြည်ကိုလား။ ကျွန်မ ရေရေရာရာ မကွဲပြားပါ။
သို့သော် နှမြောမိပါသည်ဟုသာ။

ဘာရာဒွါဂျာ (မြန်မာပြည်)


No comments: