မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်မြောက် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
မကဒတ (ကျောင်းသားတပ်မတော်)
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်မြောက် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ
၁။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကား ၂၅နှစ်ပြည့်မြောက်ခဲ့လေပြီ။
အရေးတော်ပုံကြီးအတွင်း ကျဆုံးခဲ့ ရသည့်
အာဇာနည်သူရဲကောင်းအပေါင်းအားလည်းကောင်း၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင်
တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့ကြသည့် လူမျိုးစုံ
ပြည်သူလူထုကြီးအားလည်းကောင်း၊ မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်) က
ဦးညွတ်အလေးပြုအပ်ပါသည်။
၂။ အရေးတော်ပုံဟု ဆိုရာတွင် -
တနိုင်ငံလုံး လက္ခဏာဆောင်ခြင်း၊ လူထုလူတန်းစားအားလုံးကို ကိုယ်စားပြုခြင်း၊
တိုင်းပြည်၏ နိုင်ငံရေးလိုအပ်ချက်ကို အခိုင်အမာ မီးမောင်းထိုးပြခြင်း
(သို့မဟုတ်) နိုင်ငံရေးစနစ်သစ်တစ်ခုအတွက် စနစ်ဟောင်းတစ်ခုအား
တော်လှန်တိုက်ပွဲဝင် ဖြိုဖျက်ခြင်းဟု ယေဘူယျ အဓိပ္ပာယ်ကောက်ယူလေ့ရှိသည်။
မြန်မာနိုင်ငံ၏ လွတ်မြောက်ရေးတိုက်ပွဲသမိုင်းတွင် ၁၃၀၀ ပြည့်
အရေးတော်ပုံနှင့် (၁၃၅၀ ပြည့်) ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံဟူသော
အရေးတော်ပုံကြီး နှစ် ခုရှိခဲ့သည်။
၁၃၀၀ပြည့် အရေးတော်ပုံကြီးက
လုံးဝ လွတ်လပ်ရေးကို လမ်းညွန်ပေးခဲ့သကဲ့သို့ ရှစ်လေးလုံး ဒီမိုကရေစီ
အရေးတော်ပုံကြီးကလည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးကို အနာဂတ် နိုင်ငံရေးစံအဖြစ် အုတ်မြစ်ချနိုင်ခဲ့သည်။
၃။ မိမိတို့အနေဖြင့် ယနေ့ ပကတိနိုင်ငံရေးအခြေနေကို ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်ရာတွင် -
မဆလ၊ နဝတ၊ နအဖ စစ်အစိုးရများနေရာတွင်၂၀၀၈
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကျောရိုး ပေါ်မှ သမ္မတ
ဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရနှင့် ပါလီမန်များ ပေါ်ထွက်လာခြင်း၊
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အချို့သော
တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့်အတူ
လွှတ်တော်တွင်းနိုင်ငံရေးအပါအဝင် အစိုးရနှင့် လက်တွဲ လုပ်ဆောင်လာခြင်း၊
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ၏
နိုင်ငံရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများကို လူထုကြားတွင်
အကန့်အသတ်ဖြင့် လုပ်ကိုင်ခွင့်ရရှိလာခြင်း၊
နိုင်ငံရေးအကျဉ်သားများလွတ်မြောက်ရေးကို တရားဝင်ပြောဆို လုပ်ကိုင်လာခြင်း၊
အချို့သော ပြည်ပနိုင်ငံရေးခေါင်းဆောင်များ၊
နိုင်ငံရေးအင်အားစုများကို အကန့်အသတ်ဖြင့် မြန်မာ့နိုင်ငံရေးတွင်
ပါဝင်ဆောင်ရွက်ခွင့်ရလာခြင်း၊
မြန်မာနိုင်ငံ အရေးကိစ္စများတွင်
နိုင်ငံတကာအစိုးရများ၊ အဖွဲ.စည်းများနှင့် ပိုမိုထိတွေ့ဆက်ဆံ လာခြင်း စသည့်
အခြေအနေများကို တွေ့ မြင်နေရပေသည်။
၎။
ဤနိုင်ငံရေးဖြစ်ထွန်းမှုများကို မိမိတို့အနေဖြင့် အပြုသဘောဆောင်သည့်
အခြေအနေသစ် တခုအဖြစ် သတိပြု ကြိုဆိုခဲ့သလို ယနေ့ ဖြစ်ပေါ်နေသော
နိုင်ငံရေးဖြစ်စဉ်များသည် အားလုံး ယုံကြည် လက်ခံပြီး သဘောတူ
လိုက်ပါနိုင်သည့် နိုင်ငံရေးဖြစ်စဉ်တခု မဟုတ်သေးကြောင်းကိုလည်း လက်ခံ
ထားရန်လိုသည်။
၅။ နိုင်ငံရေးအင်အားစုများ (လက်နက်ကိုင်
တော်လှန်ရေးအင်အားစုများအပါအ၀င်) အားလုံးအနေဖြင့် လက်ရှိ အာဏာရအစိုးရနှင့်
ထိတွေ့ဆက်ဆံမှုများရှိနေသော်လည်း နိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို
ဆွေးနွေးအဖြေရှာနိုင် သည့် အခြေအနေ မရှိသေးပါ။
ယနေ့ မြန်မာ့နိုင်ငံရေး ပဋိပက္ခများ၏ အရင်းခံ အကြောင်းတရား နှစ်ရပ်မှာ-
· ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း နှင့်
· အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကင်းမဲ့ခြင်း(ဖက်ဒရယ်စနစ်မဖော်ထုတ်နိုင်ခြင်း)ဖြစ်သည်။
၆။ ထို့ကြောင့် အထက်ပါ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် -
(က) လက်ရှိ ၂၀၀၈ ဖွဲ.စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ဒီမိုကရေစီရေး၊
လူ့အခွင့်ရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို
အာမခံချက်ရှိသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတခုဖြင့် အစားထိုးရေး။
(ခ) ပြည်တွင်းငြိမ်းချမ်းရေးနှင့်
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိဆောင်ရွက်နေသော၊ ဆောင်
ရွက်ထားပြီးကြသော အစိုးရနှင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကြား
ပဏာမ အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်များနှင့်အတူ
နိုင်ငံရေးဆွေးနွေးပွဲများအား တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိဖြင့် ဆောင်ရွက်
သွားရေး၊
(ဂ) သက်ဆိုင်ရာ အင်အားစုများအားလုံး (အစိုးရ၊
စစ်တပ်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ)
လက်ခံနိုင်သည့် ‘ပင်လုံ’ကဲ့သို့သော နိုင်ငံရေးဆွေးနွေးပွဲများ
ဖြစ်မြောက်ရေးတို့မှာ ယနေ့ မြန်မာနိုင်ငံရေးတွင် လိုအပ်နေသော
နိုင်ငံရေးဆိုင်ရာ လုပ်ငန်းကြီး ၃ ရပ် အဖြစ် မှတ်ယူနိုင်သည်။
၇။
ယနေ့ မိမိတို့ ဖြတ်သန်းနေရသော ဒီမိုကရေစီရေးတိုက်ပွဲသည်
ဤရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီး၏ သမိုင်းဆက်ဖြစ်သည်။ လတ်တလော
ဖြစ်ပွားနေသော
လူထုဆန္ဒသဘောထားမပါသည့် စီမံကိန်းများ ရပ်တန့်ရေး လှုပ်ရှားမှုများ။
အလုပ်သမားအခွင့်အရေး၊
လယ်ယာမြေပိုင်ဆိုင်ခွင့်အပါအ၀င် လယ်သမားအခွင့်အရေးလှုပ်ရှားမှုများ၊
တကသ၊ ဗကသ ဖွဲ့ စည်းဆိုင်ရာ လှုပ်ရှားမှုများ၊
ငြိမ်းချမ်းရေးဆိုင်ရာလှုပ်ရှားမှုများအား အကြမ်းဖက် အင်အားသုံး ဖြေရှင်းခြင်းဖြင့် ရပ်တန့်သွား လိမ့်မည် မဟုတ်ပေ။
၈။ ဤ ၂၅ နှစ်တာ ခရီးကား မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးပေါင်းစုံ
ပြည်သူလူထုကြီး၏ အသက်၊ သွေး၊ ချွေး၊ ဘ၀များပေးဆပ်ရင်း စစ်အာဏာရှင်စနစ်ကို
အခိုင်အမာ တိုက်ပွဲဝင်ခဲ့သည့် သမိုင်း ဖြစ်သည်။ ဤသမိုင်းသည် မြန်မာနိုင်ငံ
ရဟန်းရှင်လူပြည်သူလူထု၏ သမိုင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုသည်။
၉။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး၏ တောင်းဆိုချက်များ
မပြည့်ဝသေးသည်ကို အခိုင်အမာ သဘော ပေါက်ပါသည်။ သို့သော် ရှေ့ဆက်ရမည့်
ခရီးအတွက် ရွေးချယ်ရမည့် အခြေအနေမှာလည်း များများစားစားမရှိပါ။
အထက်တွင်တင်ပြခဲ့သည့် နိုင်ငံရေးဆိုင်ရာလုပ်ငန်းကြီး ၃ ရပ်
ပေါ်ထွန်းရေးအတွက် မကဒတ (ကျောင်းသား တပ်မတော်) အနေဖြင့် ပြည်သူလူထု
တစ်ရပ်လုံးနှင့် အတူ အခိုင်အမာလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးထား
တင်ပြလိုက်ပါသည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံစိတ်ဓာတ် အဓွန့်ရှည် ရှင်သန်ကြီးထွားရမည်။
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။
ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
(ကျောင်းသားတပ်မတော်)
ရက်စွဲ ။ ၂၀၁၃ခုနှစ် သြဂုတ်လ (၈)ရက်
No comments:
Post a Comment