- Created on Friday, 02 August 2013 01:06
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးမြအေး ရှင်းလင်းနေစဉ်
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားနှင့် ပတ်သက်ပြီး ထွက်ပေါ်နေသော ဝေဖန်မှုများကို အခမ်းအနား ကျင်းပရေး ကော်မတီက သြဂုတ် ၁ ရက်နေ့တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံး၌ သတင်းထောက်များနှင့် တွေ့ဆုံကာ ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။
သြဂုတ် ၆ ရက်မှ ၈ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားသို့ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည် ဆိုသော သတင်းများ၊ အခမ်းအနား ပြုလုပ်မည့် သုံးရက်တာ ကာလအတွင်း လူဦးရေ ၅၀၀၀ ကျော်ကို ခရိုနီ ကုမ္ပဏီ တစ်ခုဖြစ်သော ရွှေသံလွင် ကုမ္ပဏီက သုံးရက်ဆက်တိုက် ထမင်းကျွေးမည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။
ထိုသတင်းများနှင့်အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် (ဗကသ) အနေဖြင့် ယခင် တပ်မတော် အစိုးရ လက်ထက်က ခေါင်းဆောင်များကို ဖိတ်ကြားပြီး ရန်ကုန်မြို့တွင် ပြုလုပ်မည့် ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ တက်ရောက်မည် မဟုတ်ဘဲ အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို ဖိတ်ကြားထားခြင်း မရှိသော မန္တလေးမြို့တွင် ကျင်းပမည့် ငွေရတု အခမ်းအနားသို့သာ တက်ရောက်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်း၊ ၈၈ ကို ဖြတ်သန်းခဲ့ပြီး နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်ပြီး ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပရေး ကော်မတီကို သတိပေး ရေးသားခဲ့ခြင်း၊ ရန်ကုန်၊ မန္တလေးမြို့ အပါအ၀င် အခြားဒေသများမှ နိုင်ငံရေး အင်အားစုများ၏ ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရှင်းလင်းရာတွင် ငွေရတု အခမ်းအနား ကျင်းပရေးကော်မတီ ကိုယ်စား ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမြအေးက ရှင်းလင်းခဲ့သည်။
''ရှစ်လေးလုံးပွဲမှာတော့ဖြင့် ဘယ်သူကတော့ဖြင့် မိန့်ခွန်းတက်ပေးမယ်။ ဘယ်သူကတော့ ဘယ်လိုလုပ်မယ် ဆိုတဲ့ဟာတွေ ကြားပါတယ်။ တကယ်တမ်း ပြောမယ်ဆိုလို့ရှိရင် ၈ ရက်အတွက် အစီအစဉ်ကို အခုထက်ထိ အတည်ပြုချက် အကြမ်းပဲ ရှိပါသေးတယ်။ ဒါပေမဲ့ မူတွေရှိပါတယ်။ မူတွေအောက်မှာ ဆွဲရတာ ဖြစ်ပါတယ်။ အခုကြားနေသလိုမျိုး ဘယ်သူကတော့ ပြောမယ်။ မဟုတ်ပါဘူး။ ဧည့်သည်တော်တွေ အနေနဲ့ မိန့်ခွန်း တက်ပြောခွင့်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ကလွဲရင် ကျန်တဲ့သူများကို အခုထက်ထိ ခွင့်ပြုထားတာ မရှိသလို ခွင့်ပြုမှာလည်း မဟုတ်ပါဘူး။ ဒါကိုတော့ ကျွန်တော် အတိအလင်း ပြောချင်ပါတယ်'' ဟု ဦးမြအေးက ပြောကြားသည်။
''ကျွန်တော်တို့ စလုပ်ကတည်းက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းက လုပ်တာမဟုတ်ဘူး။ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက လုပ်တာမဟုတ်ဘူး။ ကိုမင်းကိုနိုင်တောင်မှ ဆွေးနွေးပွဲတွေ အမြဲတက်တာမှ မဟုတ်ဘဲ။ အခုတောင် ကျွန်တော်ခေါ်လို့ သူလာတာပါ။ အဲဒီလိုပဲ နိုင်ကျဉ်းတို့၊ နိုင်ချုပ်တို့ကကော ဘယ်သူကတက်ပြီး ကိုယ်တစ်ယောက်တည်း လုပ်နေတဲ့ ပုံရှိလို့လဲ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောတာက ကျွန်တော်တို့ အားနည်းချက်လဲ ရှိရင်ရှိမှာပေါ့။ ဒါပေမဲ့ ပြောခွင့်ရှိပါတယ်။ ဝေဖန်ခွင့်ရှိပါတယ်'' ဟု ဦးမြအေးက The Daily Eleven သတင်းစာ၏ မေးခွန်းကို ဖြေကြားခဲ့သည်။
''ကျွန်တော်တို့ သွားတာက National Reconciliation အမျိုးသား ပြန်လည်သင့်မြတ်ရေး မူကိုသွားတာ။ ဥပမာဗျာ အိမ်တစ်အိမ်မှာ ပွဲလုပ်နေတယ်ပဲ ထားပါတော့။ ကိုယ်နဲ့ မခေါ်တဲ့လူက လှူဒါန်းမယ်ဆိုရင် လူမှုရေးအရ လက်ခံရမှာပဲ မဟုတ်ဘူးလား။ လူမှုရေးက လူမှုရေးပါ။ နိုင်ငံရေးက နိုင်ငံရေးပါ။ အဓိက, ကတော့ မိမိရပ်တည်ချက်က ပိုအရေးကြီးပါတယ်။ မနှစ်ကလှူတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောတာဆိုတာတွေလည်း ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ကျွန်တော်တို့ ထဲကပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဘက်အုပ်စု ထဲကပဲဖြစ်ဖြစ်၊ အစိုးရဘက်ကပဲ ဖြစ်ဖြစ် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သေးသိမ်အောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့ လက်မခံပါဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် လက်မခံပါဘူး။ အဲဒါ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ပါပဲ'' ဟု ဦးမြအေးက ပြောကြားသည်။
ထို့အပြင် ငွေရတု အခမ်းအနား ကျင်းပနေချိန်တွင် တစ်ဦးတစ်ယောက်က စင်ပေါ်သို့တက်၍ အလှူငွေ လှူဒါန်းခြင်း၊ ဂုဏ်ပြုလွှာ ပေးအပ်ခြင်း အစရှိသည်တို့ကို မည်သူ တစ်ဦးတစ်ယောက်ကိုမျှ လုပ်ဆောင်ခွင့် ပြုမည်မဟုတ်ဘဲ သ၀ဏ်လွှာ ပေးပို့လာသည် ဆိုပါက မူနှင့်ကိုက်ညီမှ လက်ခံမည်ဟု ဦးမြအေးက ပြောကြားသည်။
သြဂုတ် ၁ ရက်အထိ ရရှိသော စာရင်းများအရ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားအတွက် လှူဒါန်းငွေ ၈၃၂ သိန်းကျော် လက်ခံရရှိထားပြီး သုံးစွဲငွေ သိန်း ၂၄၀ ကျော် ရှိပြီဖြစ်ကြောင်း၊ ငွေလှူဒါန်းသူများ၏ အမည်စာရင်း၊ ငွေပမာဏများနှင့် အသုံးစရိတ်များကို ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။
ရှစ်လေးလုံး ဒီမိုကရေစီ ငွေရတု အခမ်းအနားသို့ အစိုးရ၀န်ကြီးများ တက်ရောက်ပြီး မိန့်ခွန်းပြောကြား မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ထိုသို့ ထွက်ပေါ်ခဲ့ပြီးနောက် ဝေဖန်ခဲ့သည်များအနက် အချို့ကို ဖော်ပြလိုက်ပါသည်။
ဗကသကတော့ ရန်ကုန်မြို့မှာ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတု အခမ်းအနားကို တက်ရောက်မှာ မဟုတ်ပါဘူး။ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီကနေလည်း နုတ်ထွက်လိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရ တာဝန်ရှိသူတွေနဲ့အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ကို တက်ရောက်ဖို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဖိတ်ကြားခဲ့တယ်လို့ သိရလို့ပါပဲ။
- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၏ ဗဟိုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ကိုကျော်ကိုကို
ရန်ကုန်က ငွေရတုပွဲကိုတော့ တက်ဖြစ်မှာ မဟုတ်ဘူး။ တော်တော် စောစောထဲကပါ ။ ဒီမှာက လူစုံတယ်လေ။ ဟိုမှာက နယ်ဆိုတော့လေ။ ပြီးတော့ ဟိုမှာက လုပ်ဖော်ကိုင်ဖက် ဟောင်းတွေလည်း ရှိတယ်လေ။ ဒီမှာကတော့ သူဋ္ဌေးအလှူပေါ့လေ။ ဟိုမှာကတော့ ဆင်းရဲသား အလှူပေါ့။
-၁၉၆၂ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း ဦးလှရွှေ
ရှစ်လေးလုံး အရေးတော်ပုံမှာ ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်ခဲ့တယ်။ ဒီအတွက် လုပ်တဲ့ ငွေရတုပွဲကို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်းအတွက် မောင်ပိုင်စီးဖို့ လုပ်တယ်ဆိုရင် အဲဒါကို လက်မခံဘူး။ အားလုံးပါဝင် ဆင်နွှဲနိုင်ရမယ်။ ဒါပေမဲ့ နိုင်ငံရေးအရ အသုံးချရမယ့် စင်မြင့်တော့ မဟုတ်ပါဘူး။
- ကိုဇော်သက်ထွေး (နိုင်ငံရေး အကျဉ်းသားဟောင်း)
ရန်ကုန်မှာလုပ်တဲ့ ရှစ်လေးလုံး ငွေရတု အခမ်းအနားရဲ့ ကြွေးကြော်သံက ''အမျိုးသား ပြန်လည်သင့်မြတ်ရေး'' ဆိုတဲ့ အလံအောက်က ဖြစ်တယ်။ မန္တလေးမှာ လုပ်တာက ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ၀ိညာဉ်ကို ဆက်လက် သယ်ဆောင်ပြီး တိုက်ပွဲဝင် စိတ်ဓာတ်ကို ဖော်ဆောင်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာပါ။ နှစ်ပိုင်းကွဲ နေတာပေါ့။ ရန်ကုန်ပွဲကို မန္တလေးက ကိုယ်စားလှယ်နှစ်ဦး တက်မှာဖြစ်ပြီး ယေဘုယျ သဘောထားကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အလံအောက်မှာ ဖြစ်တာမို့ ဘယ်သူမဆို တက်ခွင့်ပြုသင့်တယ်လို့ မြင်တယ်။ မိန့်ခွန်းပြောမယ် ဆိုတာတော့ စိစစ်သင့်တယ်လို့ ထင်တယ်။ မန္တလေးမှာ အဲလိုအစီအစဉ် မရှိဘူး။ ရှစ်လေးလုံးရဲ့ ၂၅ နှစ် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို သုံးသပ်ပြီး ရှေ့ကို တိုက်ပွဲဝင်စိတ်ဓာတ် ဘယ်လိုသယ်ဆောင်မလဲ ဆိုတာဖြစ်တဲ့အတွက် ဒီလိုလူတွေနဲ့ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။ အဲဒီတော့ မန္တလေး သဘောထားမှာတော့ ဖိတ်လည်းဖိတ်မှာ မဟုတ်ဘူး။ မိန့်ခွန်းလည်း ပြောခိုင်းမှာ မဟုတ်ဘူး။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို အစိုးရက တကယ် လက်ခံနေပြီလား။ သတိချပ်ဖို့ လိုမယ်ထင်တယ်။ တကယ်ပဲ ရိုးရိုးသားသားနဲ့ အသိအမှတ်ပြုတာ၊ ရှစ်လေးလုံး လူထုတိုက်ပွဲကြီးဟာ သူတို့ပြောသလို တကယ့်ကို အိပ်မက်ဆိုး မင်းမဲ့စရိုက်ဆိုးကြီး မဟုတ်ဘဲနဲ့ ပြည်သူလူထုရဲ့ ဒီမိုကရေစီ တိုက်ပွဲကြီးပါလို့ အသိအမှတ်ပြုပြီး ဖိတ်မယ်ဆိုရင်တော့ လက်ခံသင့်တယ်။ သို့သော် အဲဒီလို တက်လာချိန်မှာ ဒီအရေးတော်ပုံဟာ လက်ဝဲလက်ယာ ပြည်တွင်းပြည်ပ အဖျက်သမားတွေရဲ့ တိုင်းပျက် ပြည်ပျက် ကြီးလို့ဆိုတဲ့ အယူအဆနဲ့ ဆိုရင်တော့ လက်မခံနိုင်ဘူး။ အဲဒီလိုမဟုတ်ဘဲ လူထုတိုက်ပွဲကြီးပါ။ ဒီမိုကရေစီ ဖော်ဆောင်ရေး တိုက်ပွဲမို့ လာခဲ့ပါတယ်လို့ လက်ခံတယ်ဆိုရင် တက်ခွင့်ပြုသင့်ပါတယ်။
- ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေနှင့် မန္တလေး ရှစ်လေးလုံး ငွေရတုပွဲ ကျင်းပရေး ကော်မတီ)
'သူတို့ပူးပေါင်း လာတဲ့အပေါ် ပုဂ္ဂိုလ်ရေး ပြဿနာ ဆိုတာထက်ကို ရှစ်လေးလုံးဟာ စစ်အာဏာရှင် စနစ်ကို ဘုံရန်သူအဖြစ် ထားပြီးတော့ တိုင်းရင်းသား ပြည်သူအားလုံး ဒီအရေးအခင်းမှာ တိုက်ပွဲဝင်ခဲ့ကြတာ။ တစ်ပါတီ အာဏရှင်စနစ် ပြုတ်ကျပြီးတော့ ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားဖို့ အတွက်ကို တိုက်ပွဲဝင်ခဲ့ကြတာ။ အဲဒီတုန်းက ရန်သူတွေဟာ ယနေ့ ရှစ်လေးလုံးမှာ မင်္ဂလာလာယူတဲ့ကိစ္စ။ အဲဒီတုန်းက တောင်းဆိုချက်တွေကို ပေးပြီးတော့မှ ပူးပေါင်းလို့ ရှိရင်တော့ လက်ခံနိုင်မှာပေါ့။ အဲဒီတုန်းက တောင်းဆိုချက်တွေ ဘာမှမပေးဘဲနဲ့ ပူးပေါင်းတယ် ဆိုတာကတော့ နိုင်ငံတကာ အမြင်ကောင်းအောင်၊ ပြည်သူတွေေ၀၀ါးသွားအောင် လုပ်တဲ့ကိစ္စလို့ မြင်တယ်။
- မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးတင်အေးကြူ
သူတို့တွေက Mind-set မပြောင်းဘူး။ သူတို့သာ တကယ်ပြောင်းတယ်ဆိုရင် တိုင်းပြည်ကို ၀န်ချတောင်းပန် ရမှာပေါ့။ ၀န်ချတောင်းပန်တာမျိုး မလုပ်ဘဲနဲ့တော့ မိန့်ခွန်းပြောတာကို လက်မခံဘူး။
- ကိုသက်ဦး (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)
No comments:
Post a Comment